တီးတိုးပြောဆိုသံများမှာ စံအိမ်တော် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စံအိမ်တော် အပြင်ဘက်တွင် ရပ်နေသော ထိုလူအုပ်ကြီးမှာ ပုကျဲ့ပြောခဲ့သည့် ရောက်ရှိနေပြီဖြစ်သော အဖွဲ့အစည်းများဖြစ်မည်ဟု ယန်ချင်းက ခန့်မှန်းမိလိုက်သည်။
သူတို့အကြားတွင် ပုကျဲ့၏ အရှိန်အဝါနှင့်အတူ အခြားအမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ အရှိန်အဝါများကိုပါ အာရုံခံမိလိုက်ပြီး၊ ထိုသူများမှာ ပုကျဲ့၏အဖွဲ့ဝင်များ ဖြစ်မည်ဟု ယန်ချင်းတွေးလိုက်သည်။
…
စက္ကန့်အနည်းငယ် အကြာတွင်၊ ပုကျဲ့၏ အရှိန်အဝါက လူအုပ်ကြီးထဲမှ ခွဲထွက်လာပြီး ယန်ချင်းရှိရာသို့ ဦးတည်လာလေသည်။
“သခင်လေးယန်ချင်း... အဖွဲ့အစည်းတွေ ရောက်နေကြပါပြီ... အချိန်မရွေး သူတို့ကို ကျွန်တော် လွှတ်ပေးလိုက်လို့ ရပါတယ်...”
“သူတို့ ဝင်လာတဲ့ အချိန်ကျရင် တော်ဝင်ကိုယ်ရံတော်တွေက စည်းကမ်းတကျဖြစ်အောင် သေချာထိန်းသိမ်းပေးပါလိမ့်မယ်...”
ခန်းမဆောင်ထဲသို့ ဝင်လာချိန်တွင် ပုကျဲ့က ပြောလိုက်သည်။
“သိပ်ပြီးအလုပ်မရှုပ်ဘူး ဆိုရင်တော့ သူတို့အားလုံးကို စံအိမ်တော် ခြံဝင်းထဲအထိ ဝင်ခွင့်ပြုလိုက်ပါ...”
“စံအိမ်တော်ခြံဝင်းထဲ ရောက်မှပဲ သူတို့ကို တန်းစီခိုင်းလိုက်ပါ...”
ယန်ချင်းက ပြန်ဖြေလိုက်သည်။
“အမိန့်အတိုင်းပါပဲ...”ဟုပုကျဲ့က ပြန်ဖြေကာ အလျင်အမြန် ထွက်ခွာသွားလေသည်။
“တပ်မှူး... ကိစ္စတွေ ပိုမြန်သွားအောင် ကျွန်တော်ပါ လိုက်ကူညီပေးပါ့မယ်...”
မင်းသားကျားဝမ်ယန်က ရုတ်တရက် ပြောလိုက်ပြီး၊ ယန်ချင်းအား ခွင့်တောင်းပြီး ပုကျဲ့နောက်သို့ လိုက်ပါသွားလေသည်။
ယန်ချင်းက စာလိပ်အခုနှစ်ရာ၊ အခြေတည်သလင်းကျောက်နှင့် နှလုံးသားကျောက်စာတိုင်တို့ကို ထုတ်ယူလိုက်ရင်း တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ လူအုပ်ကြီးကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
“အင်း... အဲဒါက...”
ယန်ချင်း၏ မျက်မှောင်များ ကြုတ်သွားပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင် တစ်ချက်လက်သွားသည်။
“ဒီကို ရောက်လာမှတော့ ပြန်ထွက်သွားဖို့ကို မေ့ထားလိုက်တော့...”
သူ၏ အကြည့်များ ပုံမှန်အတိုင်း ပြန်ဖြစ်သွားချိန်တွင် ယန်ချင်းက အေးစက်စွာ တီးတိုးရေရွတ်လိုက်သည်။
လူနှစ်ရာကျော်ပါဝင်သော လူအုပ်ကြီးကို စံအိမ်တော် ခြံဝင်းအတွင်း စည်းကမ်းတကျ နေရာချထားရန် သုံးမိနစ်ခန့်သာ အချိန်ယူလိုက်ရသည်။
ထိုလူအုပ်ကြီးထဲမှ လူတစ်ရာခန့်သာ အကဲဖြတ်မှု ခံယူရမည် ဖြစ်ပြီး၊ ကျန်သူများမှာမူ မုရုံမျိုးနွယ်စုမှ မုရုံယန် အကဲဖြတ်မှုခံယူစဉ်က သူမ၏အကြီးအကဲများ လိုက်ပါလာသကဲ့သို့ အဖော်အဖြစ် လိုက်ပါလာသူများသာ ဖြစ်ကြသည်။
အရာအားလုံး နေရာတကျ ဖြစ်သွားချိန်တွင်၊ အိမ်ရှေ့စံမင်းသားနှင့် ပုကျဲ့တို့နှစ်ဦးစလုံး ခန်းမထဲသို့ ပြန်လည်ဝင်ရောက်လာကြသည်။
မင်းသားက ယန်ချင်း၏ဘေးရှိ သူ၏နေရာတွင် ဝင်ထိုင်လိုက်ပြီး၊ ပုကျဲ့ကမူ တံခါးဝတွင် စောင့်ကြပ်နေလေသည်။
သူသည် အပြင်ဘက်ရှိ လူများကို အထဲသို့ ခေါ်သွင်းရန် ယန်ချင်း၏ အမိန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
“ကျွန်တော့်နာမည်က ယန်ချင်းပါ... အဖွဲ့အစည်းရဲ့ အဆင့်မြင့်ပင်မတရားရုံးက တရားသူကြီးတစ်ဦးပါ...”
“ဒီနေ့ ခင်ဗျားတို့ရဲ့ အကဲဖြတ်မှုတွေကို လုပ်ဆောင်ဖို့ တာဝန်ယူထားပါတယ်... တန်းစီတဲ့နေရာမှာ နွေဦးလွင်ပြင်တိုင်းပြည်က ကိုယ်ရံတော်တွေရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း လိုက်နာပေးကြပါ...”
“အဆင့်တိုးမြှင့်ဖို့ လျှောက်ထားတုန်းက ခင်ဗျားတို့ကို ကြိုပြောထားပြီးသား ဖြစ်မှာပါ...”
“ ဒီအကဲဖြတ်မှုတွေကို သဘောတူလိုက်တာနဲ့ တစ်ပြိုင်နက် ခင်ဗျားတို့ဟာ အဆင့်သတ်မှတ်ချက်များနဲ့ အကဲဖြတ်မှုများဆိုင်ရာ စည်းမျဉ်းစည်းကမ်း အပိုဒ် ၃၄ ရဲ့ လက်အောက်ကို ရောက်ရှိသွားပြီ ဆိုတာကိုပါပဲ...”
“ချိုးဖောက်တာ တွေ့ရှိခဲ့ရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ခံယူရပါလိမ့်မယ်...”
“စိတ်ပြောင်းသွားတဲ့ သူတွေ ရှိရင် အခုချိန်ထွက်သွားလို့ ရသေးတယ်... အသက်ဆယ်ရှိုက်စာပြီးတဲ့အထိ ခင်ဗျားတို့ အားလုံး ဒီမှာ ရှိနေသေးတယ် ဆိုရင်တော့၊ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လက်ခံတယ်လို့ မှတ်ယူပါ့မယ်...”
ယန်ချင်းက သူ၏ အသံကိုထိန်းချုပ်လိုက်ပြီး စံအိမ်တော်ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားစေသည်။
သူ၏အသံမှာ အရပ်မျက်နှာအားလုံးမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပြီး၊ ခြံဝင်းအတွင်းရှိ လူများမှာ ထိုအသံ၏ အလယ်ဗဟိုတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ကြရသည်။
ယန်ချင်းကစကားကို ခေတ္တရပ်လိုက်ပြီး၊ သူ၏စကားများကို စဥ်းစားနိုင်ရန် လူအုပ်ကြီးကို အသက်ဆယ်ရှိုက်စာ အချိန်အတိအကျအတိအကျ ပေးလိုက်သည်။
ထိုအသက် ဆယ်ရှိုက်ချိန်အတွင်း မည်သူမျှ ထွက်မသွားခဲ့ကြပေ။
သို့သော် သူတို့ ရောက်လာစက ရှိနေခဲ့သော စိတ်လှုပ်ရှားမှုများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော တင်းမာသည့် လေထုတစ်ခုက ထိုနေရာတွင် ရှိနေသူများ အားလုံးထံမှ ထွက်ပေါ်လာလေသည်။
“ကောင်းပြီလေ... ဘယ်သူမှ ထွက်မသွားဘူး ဆိုတော့ ခင်ဗျားတို့ အားလုံး အခုကစပြီး စည်းမျဉ်းစည်းကမ်းတွေရဲ့ အောက်ကို ရောက်သွားပြီလို့ မှတ်ယူလိုက်မယ်...”
“အကဲဖြတ်မှုမှာ အဆင့်နှစ်ဆင့် ပါဝင်မယ်... ပထမအဆင့်က အကဲဖြတ်ခံရမယ့်သူက အခြေတည်သလင်းကျောက်ထဲကို သူ့ရဲ့ ချီစွမ်းအင် ထည့်သွင်းရမယ်...”
“သလင်းကျောက်က တုံ့ပြန်မှုတစ်ခုခု ပြလာပြီဆိုရင် အခြေတည်အဆင့်ကျင့်ကြံခြင်း ရှိတယ်ဆိုတာ သက်သေပြလိုက်တာပဲ...”
“အဲဒီနောက်မှာ အတည်ပြုခြင်း လုပ်ငန်းစဉ်ရဲ့ နောက်ဆုံး အဆင့်အနေနဲ့ နှလုံးသားကျောက်စာတိုင် ပေါ်ကို သွေးအဆီအနှစ်တစ်စက် ချပေးရမယ်...”
“အရာအားလုံး မှန်ကန်တယ်ဆိုရင်၊ အဆင့် ၅ အဖွဲ့အစည်းအဖြစ် ရာထူးတိုးမြှင့်ကြောင်း အသိအမှတ်ပြု လက်မှတ်တစ်စောင်ကို ကျွန်တော် ထုတ်ပေးမယ်...”
“အဲဒီအဆင့်အတွက် ပေးအပ်ထားတဲ့ အခွင့်အရေး အားလုံးက ကျွန်တော်ကြေညာလိုက်တဲ့ အချိန်ကစပြီး အသက်ဝင်လာလိမ့်မယ်...”
“အခုစတင်လို့ ရပါပြီ...”
ကြေညာချက်၏ နောက်ဆုံးအပိုင်းကို ပြောလိုက်ချိန်တွင် ယန်ချင်း၏ အသံမှာ ခြံဝင်းအတွင်း မိုးခြိမ်းသံတစ်ခုကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
“တပ်မှူးပုကျဲ့... ကျေးဇူးပြုပြီး အထဲကိုခေါ်သွင်းပေးပါ...”
ယန်ချင်းက ယဉ်ကျေးသော အပြုံးဖြင့် ညင်သာစွာ ပြောလိုက်သည်။
သူ၏အမူအရာ ပြောင်းလဲမှု မြန်ဆန်လွန်းလှသဖြင့် ခန်းမထဲရှိ ပုကျဲ့၊ အိမ်ရှေ့စံမင်းသားနှင့် အစေခံအချို့မှာ ဆွံ့အမှင်တက်သွားကြသည်။
စက္ကန့်ပိုင်းလေး အလိုကတင် သူထုတ်လွှတ်လိုက်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါနှင့် ဖိအားများကြောင့် ထိုဖိအားအောက် ရောက်သွားသူတိုင်း အသက်ရှူရပင် ခက်ခဲသွားခဲ့ရသည်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ၊ သူသည် အလွန်သဘောကောင်းပြီး ပေါင်းသင်းရလွယ်ကူသဖြင့် မည်သူမဆို ချဉ်းကပ်ချင်လာမည့် ဖော်ရွေသော လူငယ်လေးတစ်ဦး အဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားလေသည်။
လူတစ်ယောက်က ဒီလောက်တောင် ဆန့်ကျင်ဘက် ဖြစ်နေတဲ့ စရိုက်နှစ်မျိုးကို ပိုင်ဆိုင်ထားနိုင်သလား... ဒါမှမဟုတ် တစ်ခုက မျက်နှာဖုံးတစ်ခုများလား... အဲဒီလိုဆိုရင် နှစ်ခုထဲက ဘယ်ဟာက သူ့ရဲ့အစစ်အမှန် စရိုက်လဲ...
အိမ်ရှေ့စံမင်းသားမှာ ဤအခြေအနေကြောင့် အထိခိုက်ဆုံး ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ဆက်ဆံရေးကို ပိုမိုရင်းနှီးလာစေရန် ယန်ချင်းကို အစ်ကိုယန်ချင်းဟုပင် ခေါ်ဆိုနေခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယန်ချင်း၏ လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားကို ခံစားလိုက်ရပြီးနောက်၊ သူ၏မသိစိတ်က လက်အောက်ငယ်သားတစ်ဦးကဲ့သို့ သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။
ရှုပ်ထွေးသော စိတ်ခံစားချက်များ လွှမ်းမိုးနေသည့် ထိုအချိန်တိုလေးမှာ များကြာကြာ မခံလိုက်ပေ။
ပုကျဲ့က အကဲဖြတ်မှုခံယူမည့် ပထမဆုံးအဖွဲ့အစည်းကို ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့လေသည်။
ပထမဆုံး အဖွဲ့အစည်းတွင် လူသုံးဦး ပါဝင်သည်။ အဘိုးအိုနှစ်ဦးနှင့် ကလေးငယ်တစ်ဦး ဖြစ်သည်။
အဘိုးအိုနှစ်ဦးလုံးက အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး၊ သူတို့၏ ဝတ်ရုံများပေါ်တွင် ထိပ်ပိုင်း ပြတ်တောက်နေသော တောင်တန်းတစ်ခု၏ ပုံစံကို ချည်ထိုးထားသည်။
ထိုအဘိုးအိုနှစ်ဦးကို မြင်လိုက်ရချိန်တွင် ယန်ချင်း၏ မျက်လုံးများက စိတ်ဝင်တစား လင်းလက်သွားသည်။
သူတို့တွင် တစ်ပုံစံတည်း တူညီသောမျက်နှာ အသွင်အပြင်များ ရှိပြီး၊ ဝတ်စားဆင်ယင်ပုံ၊ ဆံပင်ကို ထက်ဝက်ခန့် စည်းနှောင်ထားပုံမှအစ လမ်းလျှောက်ပုံအဆုံး အရာအားလုံးက ထပ်တူကျနေလေသည်။
သူတို့ နှစ်ဦးကို ကွဲပြားစေသည့် တစ်ခုတည်းသော အရာမှာ မျက်လုံးအရောင်သာ ဖြစ်သည်။
တစ်ဦးက ငွေရောင်မျက်လုံးများ ရှိပြီး ကျန်တစ်ဦးတွင်မူ ရွှေရောင်ရင့်ရင့်မျက်လုံးများ ရှိလေသည်။
သူတို့၏ ဆင်တူလွန်းလှသော ရုပ်ရည်သွင်ပြင်များအရ သူတို့မှာ အမြွှာများ ဖြစ်ကြသည်။ သူတို့နှင့်အတူ လိုက်ပါလာသော ကလေးငယ်မှာ အသက်ရှစ်နှစ်ခန့်သာ ရှိပုံရလေသည်။
အမြွှာအဘိုးအိုများနှင့် ကလေးငယ်ကြားတွင် အသက်အရွယ် ကွာဟမှု ကြီးမားနေသော်လည်း၊ သူတို့ သုံးဦးစလုံး ကြားတွင် ဆွေမျိုးသားချင်း တူညီမှုတစ်ခု ရှိနေကြောင်းကိုတော့ သေချာပေါက် မြင်တွေ့နိုင်လေသည်။
ထိုကလေးငယ်က အခန်းထဲရှိ တင်းမာနေသော လေထုကို လုံးဝသတိမထားမိဘဲ ကလေးပီပီစူးစမ်းချင်စိတ်များဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို လိုက်လံ ငေးကြည့်နေလေသည်။
“ကျိုးပဲ့တောင်ထွတ်ဂိုဏ်းက အဖွဲ့အစည်းရဲ့ အကဲဖြတ်မှုကိုခံယူဖို့ အသင့်ပါပဲ...”
ညီအစ်ကိုနှစ်ဦးလုံးက လက်သီးဆုပ်ကာ တာအိုအရိုအသေပေးရင်း တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ကျွန်တော့် နာမည်က ဖုန်းကျောင်းပါ၊ ကျိုးပဲ့တောင်ထွတ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပါတယ်... ပြီးတော့ ဒါက ကျွန်တော့်ရဲ့ ညီ ဖုန်းလဲ့ပါ”
“ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ပါ... ကျွန်တော်တို့ အနောက်က ကလေးကတော့ ကျွန်တော်တို့ရဲ့ မြေးဖုန်းယွီဖြစ်ပါတယ်... ယွီအာ... နှုတ်ဆက်လိုက်လေ...”
ဖုန်းကျောင်းက ပြောရင်း ၈ နှစ်အရွယ် ကလေးငယ်ကို ရှေ့သို့ တွန်းပို့လိုက်သည်။
“မင်္ဂလာပါ သခင်ကြီး...”
သူ၏ မြေးဖြစ်သူမှာ ယန်ချင်း၏နာမည်ကို မှတ်မိရန် အခက်တွေ့နေသည်ကို မြင်လိုက်ရသဖြင့်၊ ဖုန်းကျောင်းက ရှက်ရွံ့စွာဖြင့် “ယန်ချင်းလေ...” ဟု တီးတိုးသတိပေးလိုက်သည်။
“မင်္ဂလာပါ သခင်ကြီးယန်ချင်း...”
ဖုန်းယွီက အူကြောင်ကြောင်မျက်နှာပေးဖြင့် ပြုံးပြရင်း တာအိုအရိုအသေကို ကမန်းကတန်း ပေးလိုက်သည်။
ထိုအဖြစ်အပျက်လေးကို ကြည့်ရင်း ယန်ချင်းက ခပ်ဖွဖွ ရယ်မောလိုက်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
***