နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ယန်ချင်းက မေးလိုက်သည်။
“ဒါဆို ခင်ဗျားတို့ နှစ်ယောက်ထဲက ဘယ်သူအကဲဖြတ်မှု ခံယူမှာလဲ...”
အမြွှာအဘိုးအိုနှစ်ဦးကို ကြည့်နေစဉ် သူ၏ မျက်လုံးများက စိတ်ဝင်တစား လင်းလက်နေသည်။
ဖုန်းကျောင်းနှင့် ဖုန်းလဲ့နှစ်ဦးလုံး အစပိုင်းတွင် အနည်းငယ် တွန့်ဆုတ်နေပြီး၊ စက္ကန့်အနည်းငယ် ကြာပြီးမှသာ သူတို့ကိုယ်သူတို့ စိတ်ကို တင်းကာ ပြန်လည် ဖြေကြားလိုက်ကြသည်။
“တရားသူကြီးယန်ချင်း... ကျွန်တော်တို့ နှစ်ယောက်လုံးကို အကဲဖြတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်... ဒါပေမဲ့ ခွင့်မပြုဘူး ဆိုရင်တော့ ကျွန်တော်တစ်ယောက်တည်းပဲ အကဲဖြတ်မှုခံယူပါ့မယ်...”
ဂိုဏ်းချုပ်ဖြစ်သူ ငွေရောင်မျက်လုံးနှင့် အစ်ကိုဖုန်းကျောင်က ပြန်ဖြေလိုက်သည်။
အပြင်ပန်းတွင် တည်ငြိမ်နေဟန် ပြသရန် ကြိုးစားနေသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ အလွန်အမင်းစိုးရိမ်နေခဲ့သည်။
တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်များနှင့် နဖူးပေါ်တွင် ပေါ်လာသော ချွေးသီးချွေးပေါက်လေးများက ထိုအချက်ကို ဖော်ပြနေလေသည်။
ယန်ချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“အင်း... ခင်ဗျားတို့ နှစ်ယောက်စလုံး အကဲဖြတ်မှုခံယူတာက စည်းမျဉ်းတွေနဲ့ မဆန့်ကျင်ပါဘူး...”
ထိုစကားက ညီအစ်ကိုနှစ်ဦးလုံးကို စိတ်သက်သာရာ ရသွားစေသည်။
ညီအစ်ကိုနှစ်ဦးကို ယန်ချင်းပထမဆုံး စိတ်ဝင်စားသွားရသည့် အကြောင်းရင်းမှာ သူတို့ နှစ်ဦးလုံးတွင် တူညီသော ကျင့်ကြံခြင်းအဆင့်များ ရှိနေသောကြောင့် ဖြစ်သည်။
သူတို့ နှစ်ဦးလုံးသည် အခြေတည်ပထမအဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြသည်။
သူတို့ ထုတ်လွှတ်နေသော ချီအတက်အကျများမှာ တစ်ဦးနှင့်တစ်ဦး အလွန်အမင်းတူညီလွန်းနေသဖြင့်၊ တစ်ဦးက အခြားတစ်ဦး၏ ကိုယ်ပွားကျင့်စဉ် တစ်ခုဟုပင် ထင်မှတ်မှားသွားနိုင်လောက်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့၏ မျက်လုံးအရောင်များသာ ဖြစ်သည်။
“တစ်ချိန်တည်းမှာ အတူတူအဆင့်တက်နိုင်အောင် သူတို့ ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ကြံနေကြတာလဲ... ဒါမှမဟုတ် သူတို့ရဲ့ သွေးမျိုးဆက်နဲ့ တစ်ခုခုပတ်သက်နေတာလား...”
ယန်ချင်း၏ စိတ်ထဲမှ တွေးတောနေမိသည်။
ဖုန်းယွီအတွက်မူ၊ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ ကြေးဝါအဆင့်တွင်သာ ရှိသေးသည်။
အပြင်ပန်းအားဖြင့် သူ့ထံတွင် ထူးခြားထင်ရှားနေသော အရာတစ်ခုမျှ ယန်ချင်းမတွေ့ရပေ။
…
ယန်ချင်းက သူတို့ နှစ်ဦးလုံး အကဲဖြတ်မှုခံယူရန် သဘောတူလိုက်သဖြင့်၊ ကျိုးပဲ့တောင်ထွတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖုန်းကျောင်းက ပထမဆုံး ရှေ့သို့ ထွက်လာခဲ့သည်။
ယန်ချင်း စောစောက အကြံပြုထားသည့် အတိုင်းပင် သူ၏ ချီစွမ်းအင်ကို အခြေတည်သလင်းကျောက်ထဲသို့ ထည့်သွင်းလိုက်သည်။
သူ၏ ချီစွမ်းအင်က သလင်းကျောက်နှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက်၊ သလင်းကျောက်၏ အဖြူရောင်က စတင်ချာချာလည်လာလေသည်။
ထိုသို့ လည်ပတ်သွားခြင်းကပင် သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သက်သေပြနေပြီ ဖြစ်သည်။
သိရန် ကျန်နေသေးသည်မှာ သူတို့၏မဏ္ဍိုင်အဆင့် သာဖြစ်သည်။
မုရုံမျိုးနွယ်စုတွင် ဖြစ်ခဲ့သကဲ့သို့ပင်၊ အခြေတည်သလင်းကျောက်၏ အရောင်မှာ လည်ပတ်မှု တစ်ခုစီတိုင်းနှင့်အတူ စတင်ပြောင်းလဲလာသည်။
အဖြူရောင်မှနေ၍ မတူညီသော အနီရောင်များဆီသို့၊ ထိုမှတစ်ဆင့် လိမ္မော်ရောင်ဆီသို့ ပြောင်းလဲသွားသည်။
လိမ္မော်ရောင်သို့ ပြောင်းလဲသွားပြီးနောက်တွင် လည်ပတ်မှုက နှေးကွေးသွားလေသည်။
အနီရောင်တုန်းကကဲ့သို့ပင် အရောင်များမှာ ပိုမိုရင့်လာသည်။ လိမ္မော်ရောင်အနုမှနေ၍ အရောင်ပိုမို ရင့်လာလေသည်။
လည်ပတ်မှု ရပ်တန့်သွားချိန်တွင်၊ နေဝင်ဆည်းဆာအချိန်က နေမင်းကြီး၏ လိမ္မော်ရောင်နှင့် ဆင်တူနေလေပြီ။
သို့သော် ၎င်းမှာ လိမ္မော်ရောင်သီးသန့် မဟုတ်ဘဲ အပြာရောင်အစက်အပြောက် အနည်းငယ်ရောနှောပါဝင်နေလေသည်။
ယန်ချင်း မျက်ခုံးပင့်သွားမိသည်။ သူ၏ ဘေးတွင် ထိုင်နေသော မင်းသားမှာလည်း တူညီသောတုံ့ပြန်မှုမျိုး ရှိနေပြီး၊ သူ မြင်တွေ့လိုက်ရသည်မှာ အစစ်အမှန် ဟုတ်မဟုတ် သေချာစေရန် သလင်းကျောက်ကို အနီးကပ်ကြည့်ရှုရန် ရှေ့သို့ ကိုင်းညွတ်သွားလေသည်။
ယန်ချင်းကို ဒေါသထွက်စေမည်ကို မကြောက်လျှင်၊ သလင်းကျောက်ကို အနီးကပ်စစ်ဆေးရန် သူဆွဲယူလိုက်မိမည်မှာ သေချာသည်။
ကျိုးပဲ့တောင်ထွတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သလင်းကျောက်ကြားတွင် သူ၏ အကြည့်များ လူးလာခေါက်တုံ့ ဖြစ်နေစဉ် သူ၏ မျက်လုံးများထဲ၌ အံ့သြတုန်လှုပ်မှုနှင့် ရှုပ်ထွေးနေသော အမူအရာများ ပေါ်လာလေသည်။
တံခါးဝတွင် စောင့်ကြပ်နေသော ပုကျဲ့မှာလည်း ရလဒ်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာပေါ်၌ မျက်မှောင်ကြုတ်မှုအနည်းငယ် ပေါ်လာခဲ့သည်။
အခြေတည်သလင်းကျောက်သည် ထိပ်တန်းကောင်းကင်အဆင့် ရတနာတစ်ခု ဖြစ်သော်လည်း၊ သူတို့ တိုင်းပြည်တွင် ၎င်းတို့ကို အနည်းငယ် ပိုင်ဆိုင်ထားပြီး တိုင်းပြည်အတွင်းရှိ ပါရမီရှင်များကို ရှာဖွေရာတွင် အသုံးပြုလေ့ ရှိကြသည်။
ထို့ကြောင့်ပင် ထိုကဲ့သို့သော အရောင်ရှိနေခြင်းက မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူသိနေခြင်း ဖြစ်သည်။
ဖုန်းကျောင်တွင် အပြာရောင်အဆင့်မဏ္ဍိုင်တစ်ခု ဖြစ်လာမည့် လက္ခဏာများကို ပြသနေသော အဆင့်မြင့် လိမ္မော်ရောင်အဆင့် မဏ္ဍိုင်တစ်ခု ရှိနေသည်။
သူတို့ တိုင်းပြည်အတွင်း ထိုကဲ့သို့သော အဆင့်ရှိသည့် မဏ္ဍိုင်များသည် တော်ဝင်မိသားစု၏ အထူးအာရုံစိုက်မှုကို ခံရလောက်အောင် တန်ဖိုးရှိလှသည်။
ထိုကဲ့သို့သော အရည်အချင်းရှိသူတစ်ဦးကို စုဆောင်းနိုင်ရန်အတွက် တိုင်းပြည်အနေဖြင့် ကုန်ကျစရိတ်ကို ပမာမထားဘဲ ကြိုးပမ်းမည်မှာ သေချာသည်။
သူ အခြေတည်အဆင့်တွင် ရှိစဉ်ကလည်း သူ့ထံတွင် ထိပ်တန်းလိမ္မော်ရောင်အဆင့် မဏ္ဍိုင်တစ်ခု ရှိခဲ့သည်။
သို့သော် သူ၏မဏ္ဍိုင်များတွင် အပြာရောင်အစက်အပြောက်များ မပါဝင်ခဲ့သဖြင့် ဖုန်းကျောင်းနှင့် ယှဉ်လျှင်တော့ သူ၏အဆင့်က အနည်းငယ် နိမ့်ကျနေဆဲ ဖြစ်သည်။
လုံလောက်သော ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် အချိန်သာ ရရှိမည်ဆိုလျှင်၊ ဖုန်းကျောင်းသည် အနည်းဆုံး သူ့၏အဆင့်အထိ ရောက်ရှိလာမည်ဖြစ်ပြီး၊ သူ့ကို ကျော်လွန်သွားနိုင်ခြေမှာလည်း မနည်းလှပေ။
“သူတို့ အနောက်မှာ ကျောထောက်နောက်ခံ တစ်ခုခုများ ရှိနေမလားပဲ...”
တပ်မှူးပုကျဲ့က စိတ်ထဲမှ တွေးတောလိုက်သည်။
မင်းသားနှင့် တပ်မှူးပုကျဲ့တို့၏ တုံ့ပြန်မှုကို ယန်ချင်း သတိပြုမိလိုက်သည်။ သူတို့၏ ထိုတုံ့ပြန်မှုများကြောင့်ပင် အကဲဖြတ်ရန် နေရာရွေးချယ်ရာတွင် သူ သတိထားခဲ့ရခြင်း ဖြစ်သည်။
နွေဦးလွင်ပြင်တိုင်းပြည်သည် အခြားသူများနှင့် ဆက်ဆံရေးကောင်းမွန်သည့် ဂုဏ်သတင်း ရှိပြီး၊ အခြားအဖွဲ့အစည်းများအပေါ် အာဏာရှင်ဆန်ဆန် အနိုင်ကျင့်တတ်သည့် ဂုဏ်သတင်းဆိုးမျိုး မရှိပေ။
ဤအဖွဲ့အစည်းများအနေဖြင့် သူတို့၏ ပါရမီများကြောင့် ပစ်မှတ်ထားခံရနိုင်ခြေမှာ ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်း၏ ပိုင်နက်အတွင်းရှိ အခြားမည်သည့်နေရာများထက်မဆို နွေဦးလွင်ပြင်တိုင်းပြည် အတွင်း၌ ပိုမိုနည်းပါးလိမ့်မည် ဖြစ်သည်။
ပြီးတော့ သူတို့တစ်ခုခု ဖြစ်သွားခဲ့လျှင်ပင်၊ သံသယရှိခံရမည့် စာရင်းမှာ နည်းပါးလှသည်။
ဘုရင်၏ စိတ်နေစိတ်ထားအရ၊ ရလဒ်များမည်သို့ပင် ရှိစေကာမူ မကောင်းသည့်လုပ်ရပ်တစ်ခုခုကို လုပ်ဆောင်လာနိုင်ခြေ အလွန်နည်းပါးသည်။
ထိုသို့ လုပ်ဆောင်ခြင်းက အဖွဲ့အစည်း၏ အမြင်မကြည်မှုကို ခံရမည် ဖြစ်သောကြောင့်ပင်။
အချိတ်အဆက် ဆက်ဆံရေးများကို အရာအားလုံးထက် တန်ဖိုးထားတတ်သော သူတစ်ယောက် အနေဖြင့်၊ ထိုအရာများကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်မျိုးကို ကျူးလွန်လိမ့်မည် မဟုတ်ပေ။
ဤပါရမီရှင်များအကြောင်းကို တိုင်းပြည်မှ တိုက်ရိုက်သိရှိခွင့် ရသွားခြင်းကို ယန်ချင်းက အကဲဖြတ်မှုများ စီစဉ်ရာတွင် ကူညီပေးခဲ့သည့်အတွက် သူတို့အပေါ် ကျေးဇူးဆပ်လိုက်ခြင်းဟု သတ်မှတ်နိုင်ပေသည်။
….
“နောက်ထပ်မြင်တွေ့ရမယ့် အရာမှန်သမျှ ဒီနေရာမှာပဲ ကျန်ခဲ့ရမယ်... စကားတစ်ခွန်းမှ ဒီနေရာကနေ အပြင်ကို မထွက်သွားစေနဲ့...”
ယန်ချင်း၏အသံက မင်းသားနှင့် တပ်မှူးပုကျဲ့တို့ နှစ်ဦးလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
သူတို့၏ စိတ်ထဲတွင် ယန်ချင်း၏အသံ ပေါ်လာသည်ကို ကြားလိုက်ရချိန်တွင် သူတို့ နှစ်ဦးလုံး အံ့သြတကြီးမော့ကြည့်လိုက်ကြသည်။
သူတို့၏ တုန်လှုပ်မှုက တစ်စုံတစ်ယောက် အနေဖြင့် အခြားတစ်ယောက်၏ စိတ်ထဲသို့ မိမိ၏အတွေးများကို လွယ်ကူစွာ တိုက်ရိုက်ပေးပို့နိုင်ခြင်း ဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်ကြောင်း သူတို့ သိနေသည်ကို ထင်ရှားစွာ ဖော်ပြနေသည်။
ဤသည်မှာ နန်းတော်အဆင့်နှင့် အထက်ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သော နည်းလမ်း တစ်ခု ဖြစ်သည်။
နန်းတော်အဆင့်အောက်ရှိ ကျွမ်းကျင်သူများတွင်လည်း ထိုအရာနှင့် ဆင်တူသော အရာကို ရရှိနိုင်သည့် နည်းလမ်းများ ရှိကြပြီး၊ ၎င်းမှာ အသံမဲ့ဆက်သွယ်ရေးကျင့်စဉ်များဟု အများစု ခေါ်ဆိုကြသော ကျင့်စဉ်များကို အသုံးပြုခြင်း ဖြစ်သည်။
၎င်းမှာ လူစည်ကားသော နေရာတစ်ခုတွင် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်စွာ သတင်းစကားပေးပို့သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး ဆက်သွယ်ရေးအဆောင်များ ကဲ့သို့ပင် အလုပ်လုပ်လေသည်။
သို့သော် ယန်ချင်းလုပ်ဆောင်နေသည့် အရာနှင့် မည်မျှပင် ဆင်တူနေပါစေ၊ အခြေခံအားဖြင့် အလွန်ကွာခြားလှသည်။
ယန်ချင်းက သူ၏ အတွေးများကို သူတို့၏ စိတ်ဝိညာဥ်ပင်လယ်ထဲသို့ တိုက်ရိုက်ပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ အသံမဲ့ဆက်သွယ်ရေး ဆိုသည်မှာ အခြေခံအားဖြင့် ပါးစပ်နှင့် နားတို့ ပါဝင်သည့် သီးသန့် စကားဝိုင်း တစ်ခုသာ ဖြစ်သည်။
သူတို့ နှစ်ဦးလုံး လေးနက်စွာ ခေါင်းညိတ်လိုက်ကြစဉ် ယန်ချင်းကို ကြည့်သည့်အကြည့်များမှာ ပြောင်းလဲသွားခဲ့သည်။
ယန်ချင်းတစ်ယောက် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခြင်းက သူတို့ကို အံ့အားသင့်သွားစေသည်။
အကြောင်းမှာ အဖွဲ့အစည်းမှ အဆင့် ၅ အကဲဖြတ်မှုများနှင့် ရာထူးတိုးမြှင့်မှုများကို ပြုလုပ်သူများ အားလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိကြသောကြောင့် ဖြစ်သည်။
နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးက အကဲဖြတ်မှု လာရောက် ပြုလုပ်သည်ကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ပေ။
“ခမည်းတော်ရော သိပါ့မလား...”
ယန်ချင်း၏ ဘေးတွင် ထိုင်နေရသည်မှာ ပို၍ပင် ကျဥ်းကြုတ်လာသလို ခံစားရရင်း မင်းသားကျားဝမ်ယန်က စိတ်ထဲမှ တွေးလိုက်သည်။
***