“လာစတို... ဖောက်သည်အသစ် မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးပဲနော်”
ဝါဂွမ်းဖတ်များ ထွက်နေသည့် ဝက်ဝံရုပ်လေးက ငြိမ်းသွားပြီဖြစ်သော ဖယောင်းတိုင်များကြားမှ လျှောက်လာရင်း ပြောဆိုလိုက်သည်။
လာစတိုကမူ သူ၏ သံဘူးထဲမှ အရည်ကို တစ်ငုံသောက်လိုက်ရင်း “စကားအပိုတွေ ရပ်ပြီး မြန်မြန်ပဲ လုပ်ပေးစမ်းပါ” ဟု စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် အဘွားအို၏ လွှဲကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီ ဖြစ်သည်။
ဝက်ဝံရုပ်လေးက ချားလ်စ်ဘက်သို့ လှည့်ကာ “လူငယ်လေး... ခဏလောက် ထိုင်ပေးမလား... မင်းက ငါ့ထက် အများကြီး အရပ်ရှည်နေတော့ တိုင်းရတာ ခက်နေလို့ပါ” ဟု ပြောသည်။
အရုပ်လေးတစ်ရုပ်၏ အတိုင်းအတာ တိုင်းတာခြင်းကို ခံရမည်ဟု ချားလ်စ် တစ်ခါမှ မတွေးဖူးပေ။ အဂ္ဂိရတ်ပညာရှင်များက သူတို့၏ ပညာရပ်ကို ဤသို့ အသုံးပြုလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
လာစတို ပြောခဲ့သလိုပင် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် ကျွန်းပေါ်ကနေ မထွက်ဘဲ လက်တုတစ်ခုကို မည်သို့ ဖန်တီးပေးနိုင်သနည်းဆိုသည်ကို သူ ယခုမှ နားလည်သွားပြီ ဖြစ်သည်။
ဝက်ဝံရုပ်လေးသည် ၎င်း၏ ဗိုက်ထဲမှ ကတ်ကြေးတစ်လက်ကို ထုတ်ယူကာ ချားလ်စ်၏ ဘယ်ဘက် လက်အင်္ကျီစကို ဖြတ်တောက်လိုက်၏။ ထို့နောက် ပေကြိုးကို ထုတ်ယူကာ အတိုင်းအတာများ စတင်တိုင်းတာတော့သည်။
“လာစတိုကို မင်းရဲ့ သင်္ဘောပေါ် ရောက်အောင် ဘယ်လို စည်းရုံးလိုက်တာလဲ... သူက သူ့နေရာကနေ အလွယ်တကူ ထွက်မယ့်သူ မဟုတ်ဘူးလေ”
ဝက်ဝံရုပ်လေးက တိုင်းတာရင်း စကားစမြည် ပြောဆိုနေ၏။
“ခင်ဗျားတို့က သိကျွမ်းကြတာလား”
ချားလ်စ်က မေးမြန်းလိုက်သည်။
“သိတာပေါ့... သူ့မျက်နှာပေါ်က အမာရွတ်တွေကို မြင်လား... အဲဒါ ငါ့လက်ရာတွေလေ... သူ့အကြောင်း သိချင်တာရှိရင် ငါ့ကိုမေး... ငါ အကုန်သိတယ်” ဟု ဝက်ဝံရုပ်လေးက ဆိုသည်။
ထိုစဉ် လာစတိုက ကုလားထိုင်ပေါ်မှနေ၍ ချောင်းဟန့်လိုက်သဖြင့် ချားလ်စ်သည် စကားကို ဆက်မပြောတော့ဘဲ နေလိုက်ပြီ ဖြစ်သည်။
မိနစ်အနည်းငယ် ကြာသောအခါ အတိုင်းအတာ တိုင်းတာခြင်း ပြီးဆုံးသွားသည်။ ဝက်ဝံရုပ်လေးက ချားလ်စ်ကို ကြည့်ကာ “မင်းက စူးစမ်းရှာဖွေရေး သင်္ဘောတစ်စင်းရဲ့ ကပ္ပတိန်ဆိုတော့ မင်းရဲ့ လက်တုမှာ လက်နက်တွေရော တပ်ဆင်ချင်သေးလား” ဟု မေးသည်။
ထိုစကားက လာစတိုရဲ့ လက်တုတွင် ခွဲစိတ်ကိရိယာများ တပ်ဆင်ထားသည်ကို ချားလ်စ်အား သတိရသွားစေ၏။
“လက်ရဲ့ သွက်လက်မှုကို မထိခိုက်စေဘဲ ဘာတွေ ထပ်ထည့်လို့ ရမလဲ”
“အများကြီးပဲလေ... သေနတ်တွေ၊ အဆိပ်ငွေ့တွေ ဒါမှမဟုတ် သော့ဖွင့်တဲ့ ကိရိယာတွေပေါ့... မင်း လိုချင်တာ ပြော... ငါ့မှာ အကုန်ရှိတယ်... ဒါပေမဲ့ ထပ်တိုးတပ်ဆင်ရင်တော့ အပိုကြေး ပေးရမယ်နော်... မင်းမှာ အက်ကိုး လုံလောက်ဖို့ပဲ လိုတယ်”
ဝက်ဝံရုပ်လေးက ရှင်းပြသည်။
ကုန်ကျစရိတ်များကို နားလည်ပြီးနောက် ချားလ်စ်သည် လွှစက်တစ်ခုနှင့် ချိတ်ကြိုးတစ်ခုကိုသာ တပ်ဆင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့သည် သာမန်ပစ္စည်းများ ဖြစ်သော်လည်း သူ၏ လက်ရှိလိုအပ်ချက်နှင့် အကိုက်ညီဆုံးပင် ဖြစ်သည်။
အခြား ပစ္စည်းများကိုလည်း သူ စိတ်ဝင်စားသော်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် လက်လျှော့လိုက်ရခြင်း ဖြစ်သည်။ လက်တု သက်သက်ကိုပင် အက်ကိုး သုံးသန်း ကုန်ကျနေသဖြင့် သူ စုဆောင်းထားသော ငါးသန်းမှာ နည်းပါးသွားပြီ ဖြစ်သည်။
ဝက်ဝံရုပ်လေးသည် ချားလ်စ်ပေးသော ချက်လက်မှတ်ကို ယူကာ သုညအရေအတွက်ကို အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ၎င်း၏ ဗိုက်ထဲသို့ ထည့်လိုက်သည်။
“ကောင်းပြီ... မင်းရဲ့ လက်တုက မကြာခင် ရောက်လာလိမ့်မယ်”
“ဘယ်လောက် ကြာမလဲ”
ချားလ်စ်က မေးလိုက်၏။
“ငါ့မှာ လက်ဝဲဘက် လက်တု အပိုတစ်ခု ရှိနေတယ်... မင်းရဲ့ အတိုင်းအတာနဲ့ ကိုက်အောင် နည်းနည်း ပြင်ဆင်ပြီးတာနဲ့ ချက်ချင်း ပို့ပေးမယ်... လာစတိုက မင်းအကြောင်း ငါ့ကို ပြောပြထားတယ်... မင်းက သူ့သူငယ်ချင်းဆိုတော့ ငါ့သူငယ်ချင်းလည်း ဖြစ်တယ်လေ... သူငယ်ချင်းအတွက်တော့ အကောင်းဆုံး လုပ်ပေးရမှာပေါ့” ဟုဆိုကာ ဝက်ဝံရုပ်လေးသည် ကြမ်းပြင်ပေါ်တွင် လဲကျသွားပြီး ငြိမ်သက်သွားပြီ ဖြစ်သည်။
အဘွားအိုက ထိုအရုပ်လေးကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကြမ်းပြင်ပေါ်က မှော်အစီအရင်ကို ကြမ်းတိုက်ပုဆိုးဖြင့် အမြန် ပွတ်တိုက် ဖျက်ဆီးလိုက်၏။
ထို့နောက် သူမသည် ပိုမို ရှုပ်ထွေးပြီး ကြီးမားသော အစီအရင်သစ်တစ်ခုကို ထပ်မံ ရေးဆွဲလိုက်သည်။ အစီအရင်၏ အလယ်တွင် သေးငယ်သော သေတ္တာတစ်လုံးကို ချထားလိုက်ပြီ ဖြစ်သည်။
ချားလ်စ်သည် လက်တု မည်သို့ ရောက်ရှိလာမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေ၏။ အခန်းထဲတွင် ထူးဆန်းသော ရွတ်ဆိုသံများ ပဲ့တင်ထပ်လာပြီး မှော်အစီအရင်မှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
အဘွားအိုက ရွတ်ဆိုခြင်း ပြီးဆုံးသွားသောအခါ သေတ္တာကို ဖွင့်လိုက်ရာ ငွေရောင် တောက်ပနေသော လက်တုတစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။
ချားလ်စ်သည် ထိုလက်တုကို မြင်မြင်ချင်းပင် သဘောကျသွား၏။ ၎င်းသည် လာစတိုရဲ့ လက်တုနှင့် မတူဘဲ စက်သွားများနှင့် ပစ္စတင်များမှာ အပြင်သို့ ထွက်နေပြီး စတီးပုံစံ အလှတရားတစ်ခု ပေးစွမ်းနေပေသည်။
“လက်ကို ဆန့်ထားလေ... ဘာလို့ အူကြောင်ကြောင် ရပ်နေတာလဲ... ဒီပစ္စည်းက လေးတယ်နော်”
အဘွားအိုက ဆူပူလိုက်သည်။
“သည်းခံလိုက်စမ်းပါ”
လာစတိုက လွှဲကုလားထိုင်ပေါ်မှ လှမ်းပြောလိုက်၏။ ချားလ်စ်သည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ လက်ပြတ်ကို လက်တုနှင့် ထိကပ်လိုက်သည်။ ချက်ချင်းပင် လက်တုမှ သံချွန်များက သူ၏ အသားထဲသို့ အလိုအလျောက် ထိုးစိုက်ဝင်သွားသဖြင့် ပြင်းထန်သော နာကျင်မှုကြောင့် သူ တုန်လှုပ်သွားပြီ ဖြစ်သည်။
လက်တု တပ်ဆင်ခြင်း ပြီးဆုံးသွားသောအခါ ချားလ်စ်သည် လက်ကို လှုပ်ရှားရန် ကြိုးစားသော်လည်း လက်က ငြိမ်သက်နေဆဲ ဖြစ်သည်။ “လူငယ်လေး... ဘာတွေ အလောတကြီး ဖြစ်နေတာလဲ... တစ်ခု လိုသေးတယ်လေ” ဟု ဆိုကာ အဘွားအိုက သူမ၏ အိတ်ထဲမှ ဖန်အိုးနှစ်လုံးကို ထုတ်လိုက်၏။ ၎င်းအတွင်းတွင် ပြာလဲ့လဲ့ မီးခိုးငွေ့များ ရှိနေပေသည်။
“ဒါက လူသားရဲ့ ဝိညာဉ်ပဲ... မင်းရဲ့ ဝိညာဉ်နဲ့ ဒီလက်တုကို ချိတ်ဆက်ပေးဖို့ သုံးရတာ”
အဘွားအိုက ဆိုကာ ဖန်အိုးကို ဖွင့်လိုက်သည်။ ပြာလဲ့လဲ့ မြူခိုးများက လက်တုထဲသို့ စီးဝင်သွားပြီး စက်သွားများ စတင် လည်ပတ်လာ၏။ ခရမ်းရောင် အလင်းတန်းများ မှိန်ပျသွားချိန်တွင် ချားလ်စ်သည် သူ၏ ဘယ်ဘက်လက်တွင် ခံစားမှုကို ပြန်လည် ရရှိလိုက်ပြီ ဖြစ်သည်။
သူသည် လက်ကို ဆုပ်ကြည့်၊ ဖြန့်ကြည့် လုပ်လိုက်ရာ လက်တုက သူ၏ စိတ်ကူးအတိုင်း လိုက်ပါ လှုပ်ရှားနေသည်။ အဘွားအိုက လက်စွဲစာအုပ်လေးကို ချားလ်စ်အား ပေးလိုက်ရင်း “ဒါက အသုံးပြုပုံ စာအုပ်ပဲ... ဝေလငါးဆီနဲ့ အမြဲ ချောဆီထည့်ဖို့ မမေ့နဲ့ဦး... တစ်ခုခု ဖြစ်ရင် ငါ့ဆီ ပြန်လာခဲ့... ငါ ပြင်ပေးမယ်” ဟု ဖော်ရွေစွာ ပြောဆိုလိုက်၏။
ချားလ်စ်သည် စာအုပ်ကို ယူကာ အဘွားအို၏ လက်ထဲက အိုးအလွတ်ကို တစ်ချက် ကြည့်လိုက်သည်။ ကျေးဇူးတင်ခြင်းနှင့် စိုးရိမ်ခြင်းတို့ ရောပြွမ်းနေသော ခံစားချက်ဖြင့် သူနှင့် လာစတိုတို့သည် အပြင်သို့ ထွက်လာကြပြီ ဖြစ်သည်။
ဆိပ်ကမ်းလမ်းမပေါ်တွင် ချားလ်စ်သည် သူ၏ လက်သစ်ကို စမ်းသပ်ကြည့်လိုက်၏။ သူ စိတ်ထဲက တွေးလိုက်ရုံနှင့် လက်ကောက်ဝတ်မှ လွှသွား ထွက်ပေါ်လာပြီး အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ ၎င်း၏ ဖြတ်တောက်နိုင်စွမ်းမှာ ဓားနက်ထက်ပင် သာလွန်နိုင်သည်ဟု သူ ခံစားလိုက်ရ၏။
ထို့နောက် သူက ထပ်မံ တွေးတောလိုက်ရာ လက်ဖဝါး ပွင့်သွားပြီး ချိတ်ကြိုးက လမ်းတစ်ဖက်က အဆောက်အဦး၏ မီးခိုးခေါင်းတိုင်ဆီသို့ ပြေးဝင် ငြိတွယ်သွားသည်။ စက်သွားများ လည်ပတ်လိုက်သည်နှင့် ချားလ်စ်၏ ခန္ဓာကိုယ်မှာ အမိုးပေါ်သို့ မြှောက်တက်သွားပြီ ဖြစ်သည်။
ဤကဲ့သို့ ကိရိယာမျိုးဖြင့်ဆိုပါက သူသည် မည်သည့် နေရာတွင်မဆို လွယ်ကူစွာ လှုပ်ရှားနိုင်တော့မည် ဖြစ်သည်။
သို့သော် ချားလ်စ်ကို အံ့သြစေသည့် အချက်မှာ လက်တု၏ သွက်လက်မှုပင် ဖြစ်သည်။ သူ၏ စက်ရုပ်လက်ချောင်းများကြားတွင် ဓားနက်ကို ကစားကြည့်ရာ မူလလက်ထက်ပင် ပိုမို မြန်ဆန်နေသည်ကို တွေ့ရှိလိုက်ရပြီ ဖြစ်သည်။
***