"ချန်လော့..."
ကျောက်မန်သည် သူမ၏မျက်နှာပေါ်မှ ရွှံ့များကို ဖယ်ရှားလိုက်ပြီး ချန်လော့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
သူမ၏ မျက်လုံးများထဲတွင် ချန်လော့ကို ပွဲချင်းပြီး သတ်ပစ်ချင်သည့်အလား နက်ရှိုင်းသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
ချန်လော့မှာ အနည်းငယ် ရှက်ရွံ့သွားဟန်ရှိပြီး ကျောက်မန် ဒေါသမထွက်စေရန် လက်ကာပြလိုက်သည်။
"အဲဒါက မတော်တဆ ဖြစ်သွားတာပါ... ပြီးတော့..."
ချန်လော့က ရုတ်တရက် စကားရပ်လိုက်၏။
"ပြီးတော့ ဘာဖြစ်လဲ..." ကျောက်မန်က ပြန်မေးလိုက်သည်။
"ပြီးတော့ မင်း ငါ့ကို မနိုင်ဘူးလေ...”
ကျောက်မန်မှာ ထိုနေရာတွင်ပင် သွေးအန်မတတ် ဖြစ်သွားရ၏။
သူမသည် အံကြိတ်၍ ချန်လော့ကို လက်ညှိုးထိုးလိုက်သော်လည်း နောက်ဆုံးတွင် စကားအနည်းငယ်သာ ညှစ်ထုတ်နိုင်ခဲ့သည်။
"ရှင် နိုင်တယ်..."
သူမ ဘာမှမတတ်နိုင်ပေ။ ချန်လော့ ပြောသည်မှာ အမှန်ပင် ဖြစ်ပြီး သူမအနေဖြင့် ချန်လော့ကို မယှဉ်နိုင်ချေ။
ချန်လော့သည် နွယ်ပင်များကို တဖြည်းဖြည်း စုစည်းလိုက်ပြီး အဆိပ်ပုလဲကို ကျောက်မန်ထံသို့ ပစ်ပေးလိုက်၏။
"အဆိပ်ပုလဲ... မင်းဘာသာ ယူလိုက်တော့..."
ဤစကားကို ကြားလိုက်ရသော အဆိပ်တောင်ထွတ်မှ အတွင်းဂိုဏ်းသားများသည် စပ်စုလိုသော မျက်လုံးများဖြင့် လည်ပင်းဆန့်၍ ကြည့်လိုက်ကြသည်။
ကျောက်မန်သည် နွယ်ပင်ကို ကောက်ယူကြည့်လိုက်ရာ၊ အဖျားထိပ်တွင် ရှိနေသော အစိမ်းရင့်ရင့် အဆိပ်ပုလဲကို တွေ့လိုက်ရသည်။
"ဒါ တကယ်ပဲ အဆိပ်ပုလဲပဲ..."
ကျောက်မန်၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာများ ဖြတ်ပြေးသွားသည်။
အဆိပ်တောင်ထွတ်မှ တပည့်များမှာ မနာလိုစွာဖြင့် ကြည့်နေလေ၏။
ဤသည်မှာ အဆိပ်ပုလဲ ဖြစ်သည်။ အခြားမည်သည့် အဆိပ်ထက်မဆို များစွာ ပိုမို အဖိုးတန်သည့် အဆိပ်မြူစိမ့်မြေ၏ အဆီအနှစ်ပင် ဖြစ်သည်။
ထိုအဆိပ်ပုလဲကို ကြည့်ရင်း အဆိပ်တောင်ထွတ်မှ တပည့်တစ်ဦးက ဒေါသတကြီး ဆိုလိုက်သည်။
"မင်းသာ စမ်းသပ်လေ့ကျင့်ရေးကွင်းကို အချိန်မတိုင်ခင် ဖွင့်ဖို့ အတင်းအကျပ် မလုပ်ခဲ့ဘူးဆိုရင် ငါတို့တွေ အဆိပ်ပုလဲကို အစောကြီးကတည်းက ရနေလောက်ပြီ..."
၎င်းသည် ချန်လော့အား ဒေါသတကြီး စိုက်ကြည့်နေလေ၏။
သူသည် လောချင်းယွီကို ပြဿနာမရှာဝံ့သလို ထိုသို့လုပ်ရန် အခွင့်အရေးလည်း မရှိပေ။
ထို့ကြောင့် သူ၏ ဒေါသများကို ချန်လော့ထံသို့ ပုံချရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။
ချန်လော့သည် ထိုတပည့်ကို အရူးတစ်ယောက်အား ကြည့်သကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး ၊ ထို့နောက် လျစ်လျူရှုကာ ကျောက်မန်၏ ဘေးသို့ လျှောက်သွားလိုက်သည်။
"ကျောက်မန်... ငါ ခုနက အထဲကနေ အဆိပ်ပင်တွေ အများကြီး ခူးလာတယ်... မင်းတို့ အဆိပ်တောင်ထွတ်က လူတွေ ကြိုက်မယ်ထင်လား... ဒါတွေက ဈေးကောင်းရလောက်တယ်..."
သူသည် ပြောပြောဆိုဆိုနှင့်ပင် သူ၏ သိုလှောင်အိတ်ထဲမှ အဆိပ်ပင်တစ်ပင်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
စောနက ချန်လော့ကို လက်ညှိုးထိုး ဆဲရေးနေခဲ့သော ထိုတပည့်မှာ အစပိုင်းတွင် အံ့အားသင့်သွားပြီး၊ ထို့နောက် မျက်နှာတစ်ခုလုံး ရဲတက်သွားသည်။
ထိုအဆိပ်ပင်မှာ အရည်အသွေး အလွန်ကောင်းမွန်ပုံရပြီး ၊ သူ့ကို ဒုတိယအဆင့် အဆိပ်ဆရာ ဖြစ်လာနိုင်ရန် ကူညီပေးနိုင်လောက်သည်။
သူသည် ချန်လော့နှင့် စကားစမြည်ပြောရန် မည်သို့ စတင်ရမည်ကို ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ၊ သူ၏ ဂိုဏ်းတူညီအစ်ကိုများက ချန်လော့ထံသို့ အပြေးအလွှား ဝိုင်းအုံကြလေသည်။
"အစ်ကိုကြီး ချန်... အစ်ကို အဲဒီအဆိပ်ပင်တွေ ဘယ်လောက်များများ ခူးလာသလဲ... ကျွန်တော့်ကို တစ်ပင်လောက် ရောင်းပေးလို့ရမလား..."
"ကျွန်တော်လည်း တစ်ပင်လိုချင်တယ် အစ်ကိုကြီး ချန်... ဈေးသာပြောလိုက်... ကျွန်တော် အခုချက်ချင်း ဝိညာဉ်ကျောက်တုံးနဲ့ ပေးဝယ်မယ်..."
"အစ်ကိုကြီး ချန်... ကျွန်တော် ဒီတစ်ကြိမ် ဝိညာဉ်ကျောက်တုံး သိပ်အများကြီး မယူလာခဲ့ဘူး... အကြွေးဝယ်လို့ ရနိုင်မလား... ပြန်ရောက်ရင် ဆပ်ပါ့မယ်…”
သူ၏ ဂိုဏ်းတူညီအစ်ကိုများသည် အရှက်မရှိ ပြေးကပ်နေကြသည်ကို မြင်ပြီး ၊ ထိုတပည့်၏ စိတ်ထဲတွင် ဒေါသလည်းဖြစ် ကိုယ့်ကိုယ့်ကိုယ်လည်း သနားမိပြန်သည်။
စက္ကန့်အနည်းငယ် အကြာတွင် သူလည်း ပါဝင်လိုက်ရပြီး ၊ ဒုတိယအဆင့် အဆိပ်ဆရာအဖြစ် အဆင့်တက်လှမ်းနိုင်ရန် လိုအပ်သည့် အဆိပ်ပင်တစ်ပင်ကို ဝယ်ယူရန်အတွက် ဝိညာဉ်ကျောက်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရှာသည်။
သို့သော် ချန်လော့သည် သူ့မျက်နှာကို မြင်သည်နှင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် ချန်လော့ မှတ်မိလိုက်သည်။ ဤသူသည် စောနက သူ့ကို စော်ကားခဲ့သူ ဖြစ်သည်။
ချန်လော့သည် အမြဲတမ်း လက်တုံ့ပြန်တတ်သူ ဖြစ်ပြီး ၊ ထိုတပည့်ကို မြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"ငါ မင်းကို မရောင်းဘူး.. ဒီနေရာကနေ ထွက်သွားစမ်း..."
ထိုတပည့်မှာ မျက်နှာနီရဲသွားသော်လည်း ၊ ၎င်းသည် မျက်နှာပြောင်တိုက်စွာဖြင့် လှည့်ထွက်သွားမည့်အစား ထိုနေရာတွင်ပင် ရပ်ကာ ချန်လော့နှင့် ငြင်းခုံလိုက်သည်။
"ဂိုဏ်းတူအစ်ကို... ကျွန်တော်တို့ အားလုံးက ဂိုဏ်းတစ်ခုတည်းကပဲလေ... အမြဲတမ်း တွေ့နေရတာဆိုတော့ နောင်ကျရင် တစ်ယောက်ကို တစ်ယောက် ကူညီဖို့ လိုလာနိုင်တယ်လေ..."
"ကျွန်တော် စကားနည်းနည်း ပြောမိတာ မှန်ပေမယ့် တိုက်ရိုက်တပည့် တစ်ယောက်အနေနဲ့ အစ်ကို့ရဲ့ စိတ်ထားက ဒီလောက်ထိ သေးသိမ်မနေသင့်ဘူး..."
သူ၏ စကားများသည် ချန်လော့၏ ဒေါသကို အတန်ငယ် ပြေကျသွားလိမ့်မည်ဟု တွေးလိုက်မိသည်။
သို့သော် ချန်လော့က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"ငါက အတော်လေး သေးသိမ်တာ.... အသေးအမွှား နစ်နာမှုကိုတောင် ငါ က သည်းမခံနိုင်ဘူး..."
"မင်း သဘောမကျရင် မဝယ်နဲ့..."
"မင်း လက်လျှော့မယ်ဆိုရင် ထွက်သွားတော့..."
ထိုတပည့်မှာ အံ့အားသင့်သွားသည်။ ချန်လော့ကဲ့သို့ ခေါင်းမာသူမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။
သူသည် ချန်လော့ကို ထပ်မံ ဖျောင်းဖျရန် ကြိုးစားချင်သော်လည်း ၊ ချန်လော့သည် သူ့ကို အခွင့်အရေး လုံးဝ မပေးဘဲ အခြားသော အဆိပ်တောင်ထွတ်မှ တပည့်များကို ကြည့်ကာပြောလိုက်သည်။
"သူ ဒီလိုမျိုး ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် ငါ ဘယ်သူ့ကိုမှ မရောင်းတော့ဘူး..."
ထိုစကားကို ကြားသည်နှင့် လူတိုင်း ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြသည်။
သူတို့သည် ထိုတပည့်၏ လက်မောင်းကို အလျင်အမြန် ဆွဲကိုင်ကာ အပြင်သို့ ဆွဲထုတ်သွားကြသည်။
"ဂိုဏ်းတူညီလေး... မင်း အသိဉာဏ်ရှိဖို့ လိုတယ်... အစ်ကိုကြီး ချန်က မရောင်းချင်ဘူးဆိုတာကို အတင်းအကျပ် လုပ်နေတာက ဒါ ဘယ်လို အပြုအမူမျိုးလဲ..."
"ဟုတ်တယ်... ပစ္စည်းတွေက အစ်ကိုကြီး ချန်နဲ့ သက်ဆိုင်တယ်... သူ ဘယ်လိုရောင်းချင်လဲဆိုတာ မင်းနဲ့ မဆိုင်ဘူး..."
"သူက မင်းကို မရောင်းချင်ဘူးဆိုမှတော့ ဆက်ပြီး မနှောင့်ယှက်နဲ့... ဘဝမှာ အရေးအကြီးဆုံးက ပွင့်လင်းတဲ့ စိတ်ထား ရှိဖို့ပဲ..."
ထိုတပည့်မှာ သွေးအန်မတတ် ဖြစ်ခဲ့ရသည်။
ပွင့်လင်းတဲ့ စိတ်ထား ဟုတ်လား... ခင်ဗျားတို့က တကယ်ပဲ ဒီလောက်တောင် ပွင့်လင်းတယ်ဆိုရင် ကျုပ်ကို ဒီလို အခြေအနေမျိုး ရောက်အောင် မလုပ်နဲ့လေ... ဒီကောင်နဲ့ နောက်ထပ် အကြိမ်သုံးရာလောက် ထပ်ငြင်းခွင့် ပေးလိုက်စမ်းပါ…
သို့သော် အဆိပ်တောင်ထွတ်မှ တပည့်များသည် သူ့ကို လုံးဝ အခွင့်အရေး မပေးဘဲ သေးငယ်သော အင်းဆက်တစ်ကောင်ကို ထုတ်ယူကာ သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကြသည်။
သူ့ခမျာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုအင်းဆက်ကို မြိုချမိသွားသည်။
ထို့နောက် သူသည် မည်သည့်အသံမှ မထွက်နိုင်တော့ဘဲ "အင်း..." ဟူသော အသံများကိုသာ ဆက်တိုက် ပြုလုပ်နေတော့သည်။
ချန်လော့သည် ထိုနေရာမှ အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး ထိုတပည့်မှာ အင်းဆက်ငယ်တစ်ကောင် စားပြီးနောက် စကားမပြောနိုင်တော့သည်ကို မြင်ပြီး သိချင်စိတ် ပြင်းပြသွားသည်။
"မင်းတို့ ခုနက သူ့ကို ဘာကျွေးလိုက်တာလဲ..."
အဆိပ်တောင်ထွတ်မှ တပည့်က ပြုံးလိုက်သည်။
"အစ်ကိုကြီး ချန်... အဲဒါက ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတဲ့ သီးသန့်အဆိပ်ပါ... အသံစုပ်အင်းဆက်လို့ ခေါ်တယ်..."
"ဒီအဆိပ်ကို သောက်သုံးပြီးတာနဲ့ အဲဒီလူက ဆွံ့အသွားလိမ့်မယ်..."
အသံတိတ်သွားစေရန် အဆိပ်ခတ်ခြင်း။
ထိုစကားကို ကြားပြီး ချန်လော့မှာ အတော်လေး အံ့ဩသွားသည်။
သူ့စိတ်ထဲကနေ တိတ်တဆိတ် တွေးလိုက်မိသည်။
အဆိပ်တောင်ထွတ်က ကောင်တွေက ရက်စက်လိုက်တာ... ဂိုဏ်းတစ်ခုတည်းက ဂိုဏ်းတူညီအစ်ကိုတွေ ဖြစ်နေတာတောင် ဘာစကားမှမပြောဘဲ အဆိပ်ခတ်ပြီး အသံတိတ်သွားအောင် လုပ်ပစ်ကြတယ်…
"ဒါပေမဲ့ စိတ်မပူနဲ့ အစ်ကို... ဒီအသံတိတ်အင်းဆက်က အချိန်ကန့်သတ်ချက် ရှိတယ်... အများဆုံး တစ်နာရီပေါ့... အဲဒီအချိန် ကျော်သွားရင် အဆိပ်က ပြယ်သွားပါလိမ့်မယ်..."
ချန်လော့သည် ခေါင်းညိတ်လိုက်သော်လည်း ၊ သူ၏ အမူအရာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်အချို့ကို မြင်တွေ့နေရသည်။
ထို့နောက် အဆိပ်တောင်ထွတ်မှ တပည့်များက ချန်လော့ထံမှ အဆိပ်များကို စတင် ဝယ်ယူကြတော့သည်။
အချို့က ဝိညာဉ်ကျောက်တုံးဖြင့် တိုက်ရိုက် ပေးချေကြသည်။ တစ်ပင်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ဖြင့် မည့်သည့်လှည့်ကွက်မှ မသုံးဘဲ ဝယ်ယူကြသည်။
အချို့က အကြွေးဝယ်ယူကြပြီး ချန်လော့ထံသို့ အကြွေးစာချုပ်များ ရေးပေးကြသည်။
ချန်လော့သည် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိသည် ။ လောချင်းယွီ၏ တိုက်ရိုက်တပည့် တစ်ယောက်အနေဖြင့် ၊ မည်သူမျှ သူ့အပေါ်တွင် အကြွေးတင်ရဲကြမည် မဟုတ်။ သို့မဟုတ်ပါက အကြွေးတောင်းရန် သူသည် ဆရာဖြစ်သူကို ခေါ်ချလာမည် ဖြစ်သည်။
အခြားသူများက သူတို့ ဖော်စပ်ထားသော ရှားပါးအဆိပ်အမျိုးမျိုးဖြင့် လဲလှယ်ရန် ကမ်းလှမ်းကြသည်။
၎င်းတို့သည် အသံတိတ်အင်းဆက်ကဲ့သို့ သက်တမ်း ကန့်သတ်ချက် ရှိသော်လည်း ၊ မည်သို့ပင်ဖြစ်စေ အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
အလုပ်မရှိချိန် ကျောက်မန်ကို နှစ်ကောင်လောက် ကျွေးရမယ်...ဒါမှ ညည်းညူနေတဲ့ သူမရဲ့ ပါးစပ်ပေါက်ကို ပိတ်နိုင်မှာ....
ထို့အပြင် သတ်ဖြတ်ခြင်း၊ စိတ်ညို့ခြင်း၊ ကာမဆန္ဒကြွစေခြင်း စသည့် အခြားသော အဆိပ်အမျိုးမျိုးလည်း ရှိသေးသည်။
သေချာသည်မှာ ဤရှားပါးအဆိပ်များသည် ကောင်းမွန်ပုံရသော်လည်း ဝိညာဉ်ကျောက်တုံး ၁၀၀ နှင့် ညီမျှသော တန်ဖိုးတော့ မရှိချေ။
ထို့ကြောင့် ချန်လော့သည် သူတို့ကို လျှော့ဈေး အနည်းငယ် ချပေးခဲ့သည်။ ၉.၉ ရာခိုင်နှုန်းဆိုသော ပမာဏမှာ သူတို့အတွက် လုံလောက်သည်ထက်ပင် ပိုလျှံနေပြီပင်။
***