အဆိပ်ပုလဲကို ရရှိပြီးနောက် ချန်လော့နှင့် ကျောက်မန်တို့သည် အဆိပ်မြူစိမ့်မြေတွင် နောက်ထပ် သုံးရက်ခန့် နေခဲ့ကြသည်။
ပြီးခဲ့သော သုံးရက်အတွင်း ကျောက်မန်သည် အဆိပ်ပုလဲကို သန့်စင်နေခဲ့သည်။
ထိုအချိန်အတောအတွင်း အဆိပ်တောင်ထွတ်မှ တပည့်များကလည်း ချန်လော့ထံမှ ဝယ်ယူထားသော အဆိပ်များကြောင့် အတော်အတန် အကျိုးအမြတ်များ ရရှိခဲ့ကြသည်။
အချို့က ဒုတိယအဆင့် အဆိပ်ဆရာအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြပြီး၊ အချို့မှာ ဒုတိယအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားကြသည်။ ထိုးဖောက်မဝင်ရောက်နိုင်သေးသော တပည့်များ ရှိကြသော်လည်း ၊ သို့သော် အဆင့်တက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
လူတိုင်းက ချန်လော့ကို အလွန် ကျေးဇူးတင်နေကြသည်။ သူတို့သည် ဤအရာများကို ဝိညာဉ်ကျောက်တုံးဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း သူ့ကို ကျွေးမွေးဧည့်ခံရန် တာဝန်ရှိသည်ဟု ခံယူထားဆဲ ဖြစ်သည်။
သေချာသည်မှာ ၎င်းတို့အုပ်စုတွင် ချန်လော့၏ နှင်ထုတ်ခြင်း ခံရသော ထိုတပည့်တော့ မပါဝင်ချေ ။
"ဝှစ်..."
တင်ပျဉ်ခွေ ထိုင်နေသော ကျောက်မန်ထံမှ ပြင်းထန်သော အဆိပ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအချိန်တွင် အနီး၌ အေးဆေးစွာ သစ်သီးစားနေသော ချန်လော့သည် စပ်စုလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။
"အဆိပ်တစ်သောင်းခန္ဓာကိုယ် ဆိုတဲ့အတိုင်းပဲ.."
ပတ်ဝန်းကျင်ရှိ အဆိပ်တောင်ထွတ်မှ တပည့်များ၏ မျက်လုံးများထဲတွင် မနာလိုမှုနှင့် အားကျမှုများ ပြည့်နှက်လျက် ရှိသည်။
အဆိပ်တောင်ထွတ်မှ တပည့်များဖြစ်ပြီး အဆိပ်ပညာရပ်ကို ကျင့်ကြံသူများသာလျှင် ၊ ကျောက်မန်၏ အဆိပ်တစ်သောင်းခန္ဓာနှင့် ပတ်သတ်သော စွမ်းအားကို အမှန်တကယ် နားလည်နိုင်ကြသည်။
မိနစ်အနည်းငယ် အကြာတွင် ၊ ကျောက်မန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။
"သန့်စင်လို့ ပြီးသွားပြီလား..." ချန်လော့က သစ်သီးတစ်လုံးကို ဝါးစားရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကျောက်မန်သည် ခေါင်းညိတ်လိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ အစိမ်းရင့်ရင့် ပုလဲတစ်လုံးက သူမ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာသည်။
ထိုပုလဲမှာအခြားမဟုတ်ဘဲ အဆိပ်မြူစိမ့်မြေမှ သူ ယူဆောင်လာခဲ့သော အဆိပ်ပုလဲပင် ဖြစ်သည်။ သို့သော် အကဲဖြတ်ကြည့်ရသလောက် ၎င်း၏ စွမ်းအင်သည် သိသိသာသာ အားနည်းသွားသည်ကို တွေ့လိုက်ရသည်။
"မင်းနောက်တစ်ဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီလား..." ချန်လော့က မေးလိုက်သည်။
အဆိပ်ပုလဲ၏ စွမ်းအင်ကို အာရုံခံရင်း ချန်လော့သည် ကျောက်မန်၏ စွမ်းအင်ကိုပါ အာရုံခံမိခဲ့ရာ၊ သူမ၏ စွမ်းအားသည် များစွာ ပိုမို အားကောင်းလာသည်ကို တွေ့လိုက်ရသည်။
"ချီသန့်စင်ခြင်း နဝမအဆင့်ကို ရောက်သွားပြီ..."
ချန်လော့မှာ အနည်းငယ် မနာလိုဖြစ်သွားသည်။
ဤသည်က အဆိပ်တစ်သောင်းခန္ဓာ၏ အစွမ်းသတ္တိပင်လော။ အဆိပ်ပုလဲ တစ်လုံးတည်းကို စုပ်ယူလိုက်ရုံဖြင့် ၊ သူမကို ချီသန့်စင်ခြင်း သတ္တမအဆင့်မှ နဝမအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားစေသည်။
သုံးရက်အတွင်း အဆင့်ငယ်နှစ်ဆင့် တက်သွားခြင်းသည် သူ၏ ကျင့်ကြံမှု အဆတစ်ရာ တိုးပွားခြင်း အရှိန်နှင့် နီးပါး တူညီနေ၏။
သို့သော်လည်း ကျောက်မန်က ဆက်ပြောသည်။
"ဒီအဆိပ်ပုလဲက အပြည့်အဝ မရင့်ကျက်သေးတာ နှမြောစရာပဲ... မဟုတ်ရင် အဆိပ်ပုလဲရဲ့ စွမ်းအားနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တိုက်ရိုက် ရောက်နိုင်လောက်တယ်..."
"တိုက်ဆိုင်စွာနဲ့ပဲ အဆိပ်ဆရာအဆင့်ကိုလည်း တစ်ဟုန်ထိုး ဒုတိယအဆင့်အထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်..."
ချန်လော့သည် ကျောက်မန်ကို အထက်အောက် ကြည့်လိုက်ပြီး ၊ သူမ၏ အဆိပ်တစ်သောင်းခန္ဓာကို ခိုးယူရန် နည်းလမ်းရှာသင့်မသင့် စဉ်းစားလိုက်မိသည်။
သို့သော် သေချာ စဉ်းစားပြီးနောက် ချန်လော့သည် လက်လျှော့လိုက်သည်။
ထားလိုက်ပါတော့... ဖြောင့်မတ်တာအို ဂိုဏ်းက လူတွေကိုတောင် ဒေါသထွက်အောင် လုပ်ထားပြီးပြီ... မိစ္ဆာဂိုဏ်းကိုပါ ထပ်ပြီး ဒေါသထွက်အောင် လုပ်မိရင် နတ်ပြည်မှာ ငါ့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး…
ဤသည်ကို တွေးမိပြီး၊ ချန်လော့သည် ကျောက်မန်ကို တစ်ချက် ကြည့်လိုက်သည်။
"အခု မင်း အဆိပ်ပုလဲကို သန့်စင်လို့ ပြီးပြီဆိုတော့ ငါတို့ သွားသင့်ပြီ..."
သူသည် ပြောပြောဆိုဆိုနှင့် ကျောက်မန်ကို လှမ်းကြည့်လိုက်၏။
ကျောက်မန်သည် ချန်လော့၏ ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်သော်လည်း ၊ အဆိပ်တောင်ထွတ်မှ တပည့်များအားလုံး ရှိနေခြင်းကြောင့်လား မသိ၊ အတန်ငယ် ရှက်ရွံ့နေမိသည်။
"ငါတို့ အရင်ဆုံး လမ်းနည်းနည်း လျှောက်သွားကြမလား..."
ကျောက်မန်သည် ထိုသို့ မေးလိုက်ရင်း အဆိပ်တောင်ထွတ်မှ တပည့်များထံသို့ မျက်စပစ်ပြကာ ချန်လော့ကို အချက်ပြလိုက်သည်။
သို့သော် ချန်လော့သည် လုံးဝ ဂရုမစိုက်ပေ။ "မြန်မြန်လုပ်....အချိန်ဆွဲမနေနဲ့..."
ကျောက်မန်မှာ ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်ကာ ဘူးသီးခြောက် ကို ဆင့်ခေါ်၍ အပေါ်သို့ တက်ရပ်လိုက်ရသည်။
ထို့နောက် ပတ်ဝန်းကျင်ရှိ အဆိပ်တောင်ထွတ်မှ တပည့်များ၏ စိုက်ကြည့်မှုများကို လုံးဝ လျစ်လျူရှုကာ ချန်လော့သည် ကျောက်မန်၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
ချန်လော့ ခုန်တက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်မန်သည် ဘူးသီးခြောက်ကို ချက်ချင်း အသက်သွင်းကာ လေအဟုန်ဖြင့် ထွက်ပြေးလေတော့သည်။
ထိုမြင်ကွင်းကို မြင်ပြီး ၊ အဆိပ်တောင်ထွတ်မှ တပည့်များမှာ ဆွံ့အသွားကြသည်။
သူတို့ရဲ့ ဆက်ဆံရေးက ဒီအဆင့်အထိ တိုးတက်သွားပြီလား…
သို့သော် သေချာ ပြန်တွေးကြည့်ပါက ဤသည်မှာ ပုံမှန်ဖြစ်ပုံရသည်။ မည်သို့ပင်ဆိုစေကာမူ ချန်လော့သည် ကျောက်မန်အတွက် အဆိပ်ပုလဲ ယူပေးရန် အဆိပ်မြူစိမ့်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းအထိ ဝင်ရောက်သွားခဲ့သည် မဟုတ်လော။
သေသည်အထိ ခိုင်မြဲသော အချစ်မျိုး မဟုတ်ပါက၊ ဤမျှ ကြီးကျယ်ခမ်းနားသော လုပ်ရပ်မျိုးကို သူတို့ မည်သို့ ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။
ထိုအချိန်တွင် အဆိပ်တောင်ထွတ်မှ တပည့်များသည် ချန်လော့နှင့် ကျောက်မန်တို့ကြားရှိ ဝိညာဉ်ကျောက်တုံး ၁၂၀၀ တန် အရောင်းအဝယ်ကို မသိရှိကြပေ။အကယ်၍ သူတို့သာ သိခဲ့လျှင်ဖြင့် တစ်မျိုးတစ်ဖုံ ပြောကြပေလိမ့်မည်။
"ဝိုး.... မင်းရဲ့ ကျင့်ကြံမှု တိုးတက်လာတာ တကယ်ကောင်းတာပဲ... အခု မင်းရဲ့ ပျံသန်းတဲ့ အရှိန်က အများကြီး ပိုမြန်လာတယ်..."
ချန်လော့က တအံ့တဩ ပြောဆိုလိုက်သည်။
လက်ရှိအရှိန်သည် ယခင်ကထက် အနည်းဆုံး သုံးဆခန့် ပိုမြန်သည်။
ကျောက်မန်သည် အဆိပ်တောင်ထွတ်မှ တပည့်များ၏ အမြင်အာရုံမှ လွတ်ကင်းသွားသည်အထိ ချန်လော့၏ စကားကို ပြန်မတုံ့ပြန်ခဲ့ပေ။ ထိုအချိန်မှသာ သူမ၏ မူလအရှိန်သို့ ပြန်လည် ရောက်ရှိသွားသည်။
"အခု ငါတို့ ဘယ်ကိုသွားကြမလဲ..." ကျောက်မန်က ခံစားချက်မဲ့စွာဖြင့် မေးလိုက်သည်။
"ကျောက်စိမ်းသစ်ပင်ဆီ သွားကြမယ်..." ချန်လော့က ပြောလိုက်သည်။
ထိုနေရာသည် စမ်းသပ်လေ့ကျင့်ရေးကွင်း ခရီးစဉ်အတွင်း ချန်လော့ အသွားချင်ဆုံး နေရာဖြစ်သည်။
လောချင်းယွီ၏ အဆိုအရ ကျောက်စိမ်းရောင် သစ်ပင်ပေါ်တွင် သီးသော အသီးများက ကျင့်ကြံသူများ၏ ပါရမီကို မြှင့်တင်ပေးနိုင်သည့် အံ့ဖွယ်အာနိသင် ရှိသည်။
ဤသည်က ချန်လော့အတွက် သေချာပေါက် ကောင်းသောအရာပင် ဖြစ်သည်။
သူသည် ကျင့်ကြံမှုကို အဆတစ်ရာ တိုးပွားစေနိုင်သည့် စနစ်ကို ပိုင်ဆိုင်ထားသော်လည်း ၊ အဆတစ်ရာ တိုးပွားခြင်းဖြင့်ပင် သူ၏ ပါရမီသည် အမှိုက်ဖြစ်နေသေးပါက၊ တိုးပွားခြင်း အကျိုးသက်ရောက်မှုသည် ပိုကောင်းလာနိုင်မည် မထင်။
မင်းက ပေါက်စီဆိုင် ဖွင့်ထားပြီး ပေါက်စီတစ်လုံး ရောင်းရတိုင်း တစ်ယွမ် မြတ်တယ်ဆိုပါစို့... အဲ့တာဆို အဆတစ်ရာ တိုးပွားခြင်းက ယွမ်တစ်ရာပဲ ဖြစ်လိမ့်မယ်…
မင်းရဲ့ ပေါက်စီတွေက အလွန်ကောင်းမွန်ပြီး တစ်လုံးကို ယွမ်ဆယ်ကျပ် မြတ်နိုင်တယ်ဆိုရင် အဆတစ်ရာ တိုးပွားပြီးနောက် ယွမ်တစ်ထောင် အပြည့် ဖြစ်သွားမယ်လေ…
အရည်အသွေး ကွာခြားချက်သည် အတော်လေး သိသာထင်ရှားပေသည်။
…
တစ်ရက်တာ ပျံသန်းပြီးနောက် ချန်လော့နှင့် ကျောက်မန်တို့သည် ကျောက်စိမ်းသစ်ပင် ရှိရာနေရာသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် မီတာတစ်ရာနီးပါး မြင့်သော သစ်ပင်ကြီးတစ်ပင် ရှိနေပြီး ဧရာမ သစ်ရွက်ကြီးများက ပတ်ဝန်းကျင် တစ်ခုလုံးကို အရိပ်အဖြစ် အုပ်မိုးထားသည်။
ကျောက်စိမ်းသစ်ပင်၏ ပင်စည်မှာ အလွန်ပင် ကြီးမားထွားကျိုင်းလှသည်။ ချန်လော့ ခန့်မှန်းကြည့်ရသလောက် ၎င်းကို ဝန်းရံရန် လူဒါဇင်ပေါင်းများစွာ လိုအပ်ပေလိမ့်မည်။
အဆိပ်မြူစိမ့်မြေတွင် တွေ့ခဲ့ရသော သစ်ပင်မိစ္ဆာများပင်လျှင် ကျောက်စိမ်းသစ်ပင်၏ ဆယ်ပုံတစ်ပုံမျှပင် မကြီးမားကြချေ။
သို့သော် ကျောက်စိမ်းသစ်ပင်ထံသို့ ပျံသန်းရောက်ရှိလာချိန်တွင် သူတို့နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားကြသည်။
သစ်ပင်အောက်တွင် မည်သူမျှ မရှိချေ။ အတိအကျ ဆိုရလျှင်ဖြင့် သက်ရှိထင်ရှား လူတစ်ယောက်မျှ မရှိပေ။
ကျောက်စိမ်း သစ်ပင်၏ ကြီးမားသော ပင်စည်အောက်ခြေတွင် လူသေအလောင်း ဒါဇင်များစွာ စုပုံလျက်ရှိသည်။ အချို့မှာ လွန်ခဲ့သော နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်ကတည်းက သေဆုံးသွားခဲ့ပုံရသော မံမီ အလောင်းများဖြစ်ကြပြီး ၊ အချို့မှာ မကြာသေးမီကမှ သေဆုံးသွားဟန်ရှိသည့် အလောင်းများပင် ဖြစ်သည်။
ချန်လော့သည် အောက်သို့ ခုန်ဆင်းလိုက်ပြီး သစ်ပင်ကို မော့ကြည့်လိုက်သည်။
သစ်ပင်စည်ပေါ်တွင် နက်ရှိုင်းစွာ ထွင်းထုထားသည့် ခြေရာများနှင့် လက်နက်ဒဏ်ရာ ခြစ်ရာအချို့ကို တွေ့ရသည်။ ထိုအမှတ်အသားများထဲတွင် ဟောင်းနွမ်းနေပြီဖြစ်သော အစင်းကြောင်းများရှိသလို လတ်လတ်ဆတ်ဆတ် ထင်ကျန်နေသည့် အရာများလည်း ရှိနေခဲ့သည်။
"ကျွန်မတို့ နောက်ကျသွားပြီ ထင်တယ်... အသီးတွေကို ယူသွားကြပြီ..."
ချန်လော့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"အဲဒါဆို ကျွန်မတို့..."
ကျောက်မန်သည် နောက်တစ်နေရာသို့ သွားသင့်မသင့် မေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ချန်လော့သည် အလောင်းတစ်လောင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ မွှေနှောက် ရှာဖွေနေသည်ကို တွေ့လိုက်ရသည်။
"ရှင်က သေသွားတဲ့သူတွေဆီက ပစ္စည်းတွေကို ယူနေတာပဲ... ဝဋ်လည်မှာကို မကြောက်ဘူးလား..." ကျောက်မန်က မနေနိုင်ဘဲ ပြောလိုက်သည်။
သို့သော် ချန်လော့သည် ထိုစကားကို ကြားသောအခါ လှောင်ပြုံး ပြုံးလိုက်သည်။
" အယူမသီးစမ်းပါနဲ့”
“ ပြီးတော့ ငါတို့ မိစ္ဆာလမ်းစဉ်က လူတွေက မီးရှို့၊ သတ်ဖြတ်၊ လုယက်တာတွေ အပါအဝင် ရက်စက်ယုတ်မာမှု မျိုးစုံကို ကျူးလွန်ခဲ့ကြတာပဲ... အလောင်းဖော်တာက ဘာမှားနေလို့လဲ..."
"ငါက အလောင်းကိုပဲ ဖော်ခဲ့တာ... ဒါက မိစ္ဆာလမ်းစဉ်မှာ လူကောင်းလေးလို့တောင် မှတ်ယူလို့ ရနေပြီ..."
ကျောက်မန်မှာ ချန်လော့၏ အပြုအမူများကြောင့် စကားတစ်ခွန်းမျှ မဟနိုင်တော့ဘဲ မြေပြင်ပေါ်ရှိ အလောင်းများကို လှည့်ကြည့်လိုက်သည်။
သူတို့၏ သေဆုံးမှုများက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ကြည့်ရက်စရာပင် မရှိချေ။
ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် သူတို့သည် အခြားအရာများကြောင့် မဟုတ်ဘဲ ချွန်ထက်သော လက်နက်များကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ပေမည်။
တစ်နည်းအားဖြင့် သူတို့သည် မိမိတို့ဂိုဏ်းတူ ညီအစ်ကိုများ၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရနိုင်ခြေ များသည်။
အကြောင်းရင်းနှင့် ပတ်သက်၍ ဤကျောက်စိမ်းသစ်ပင်၏ အသီးအတွက် ယှဉ်ပြိုင်ကြခြင်း ဖြစ်လိမ့်မည်။
ဤသည်က မိစ္ဆာဂိုဏ်းပင်လော။
ဤသည်ကို တွေးမိသည်မှင့် ကျောက်မန်မှာ မျက်မှောင်ကြုတ်မိလေသည်။
သို့သော် ထိုအချိန်မှာပင် ချန်လော့၏ ဟိန်းဟောက်သံက သူမအား လက်တွေ့ဘဝသို့ ပြန်လည် ဆွဲခေါ်သွား၏။
"တိရစ္ဆာန်ကောင်... ဘယ်တိရစ္ဆာန်က ဒီအလောင်းတွေဆီက ပိုက်ဆံအိတ်တွေ အကုန်လုံးကို ယူသွားတာလဲ..."
" သေသွားတဲ့သူတွေဆီက ပစ္စည်းတွေကိုတောင် ယူရက်တယ်ပေါ့... ဝဋ်လည်မှာကို မကြောက်ဘူးလား..."
"မင်းနဲ့ ငါ မတွေ့စေနဲ့... မဟုတ်ရင် ငါ သေသွားပြီးတဲ့နောက်မှာတောင် မင်းကို သင်္ချိုင်းထဲကနေ ပြန်တူးဖော်ပြမယ်..."
ကျောက်မန် : "..."
***