ချန်လော့သည် ဆဲရေးတိုင်းထွာရင်းနှင့် အလောင်းတစ်လောင်းချင်းစီကို စမ်းသပ်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ၏ ဗလာဖြစ်နေသော လက်များကို ကြည့်ရင်း ဝမ်းနည်းပူဆွေးနေလေ၏။
"တိရစ္ဆာန်ကောင်တွေ... မိစ္ဆာဂိုဏ်းက ကောင်တွေ အားလုံး တိရစ္ဆာန်တွေပဲ..."
ဘေးတွင် ရပ်နေသော ကျောက်မန်မှာ ဆွံ့အစွာဖြင့် ချန်လော့ကို ကြည့်နေသည်။
တခြားသူတွေကို တိရစ္ဆာန်လို့ ခေါ်ရဲသေးတယ်ပေါ့... ရှင်ကိုယ်တိုင်က အကြီးမားဆုံး တိရစ္ဆာန်ပဲ…
"သွားကြမယ်... အဖြူရောင် မြအိုင်ဆီ သွားကြတာပေါ့..." ချန်လော့သည် ဝမ်းနည်းပူဆွေးနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
ကျောက်မန်သည် ဘူးသီးခြောက် ပေါ်သို့ တက်လိုက်ပြီး ချန်လော့ကလည်း ၎င်းပေါ်သို့ ခုန်တက်လိုက်သည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် ချန်လော့သည် အမြဲမပျက် ညည်းတွားနေခဲ့ပြီး ၊ ရှင်သန်လိုသည့် မျှော်လင့်ချက် တစ်စက်ကလေးမှ မကျန်တော့သည့် သေလူတစ်ယောက်လိုပင်။
"ဟူး..." ချန်လော့သည် နောက်ထပ် သက်ပြင်း တစ်ချက် ချလိုက်ပြန်သည်။
"သက်ပြင်းချတာလေး ရပ်ပေးလို့ ရမလား... ကျွန်မ ကြားရတာ နားပူနေပြီ..."
ချန်လော့ ဘာမှ ထပ်မပြောတော့ပေ။
အတန်ကြာသောအခါ သူသည် သစ်သီးတစ်လုံး ထုတ်ယူ၍ ကျောက်မန်ထံသို့ ကမ်းပေးလိုက်၏။
ကျောက်မန်သည် ချန်လော့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သော်လည်း ၊ သူ၏ ဝမ်းနည်းပူဆွေးနေသည့် အမူအရာကိုသာ တွေ့လိုက်ရသည်။
"မင်း ပြောတာ မှန်ပါတယ်... အတိတ်က ဝမ်းနည်းစရာတွေ အပေါ်မှာ ငါ သိပ်ပြီး အချိန်ကုန်မခံသင့်ဘူး..."
ချန်လော့၏ အမူအရာကို မြင်ပြီး ကျောက်မန်သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ သစ်သီးကို ယူ၍ တစ်ကိုက် ကိုက်စားလိုက်သည်။
ကျောက်မန် မမြင်လိုက်သည်မှာ သစ်သီးကို ယူလိုက်ကတည်းက ချန်လော့သည် သူမကို အကဲခတ်နေခဲ့ခြင်းပင် ဖြစ်သည်။
ကျောက်မန်သည် သစ်သီးတစ်လုံးကို စားပြီးနောက် အစေ့ကို လွှင့်ပစ်လိုက်သည်အထိ မည်သည့် ရောဂါလက္ခဏာမျှ မပြသည်ကို မြင်မှသာ ချန်လော့သည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ ဖြင့် သက်ပြင်းချလိုက်သည်။
"အဆိပ်မရှိဘူး... တော်သေးတာပေါ့..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်သည် ချန်လော့ထံသို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။
"ဘာအဓိပ္ပာယ်လဲ... ရှင် ဒီအသီးကို အဆိပ်မြူစိမ့်မြေကနေ ခူးလာတာလား..."
သူမသည် ချန်လော့နှင့် အချိန်တိုင်း အတူရှိနေခဲ့ပြီး ချန်လော့ သစ်သီးခူးခဲ့သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ချန်လော့သည် သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည့် တစ်ခုတည်းသော အချိန်မှာ အဆိပ်မြူစိမ့်မြေ အတွင်းသို့ ဝင်ရောက်သွားချိန်သာ ဖြစ်သည်။
သို့သော် ချန်လော့က ချက်ချင်း ခေါင်းခါပြလိုက်၏။
"မဟုတ်ဘူး... အဆိပ်မြူစိမ့်မြေကနေ ခူးလာတဲ့ ဘယ်အရာကိုမှ ငါ မစားရဲဘူး..."
"အဲဒါဆို ဘာလို့ ဒီအသီးမှာ အဆိပ်ရှိတယ်လို့ ထင်နေရတာလဲ..." ကျောက်မန်က မေးလိုက်သည်။
"ဒီအသီးတွေကို အဆိပ်တောင်ထွတ်က ကောင်တွေက ငါ့ကို ပေးခဲ့တာ... တစ်ယောက်ယောက်က ငါ့အပေါ်မှာ အကြံအစည် ရှိနေမှာကို စိုးရိမ်လို့ မင်းကို အရင် စားခိုင်းကြည့်တာ..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်မှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
"ရှင် ဒီလောက်တောင် သတိထားဖို့ လိုလို့လား..."
"ဒါ့အပြင် ရှင်က အဆိပ်တောင်ထွတ်က တပည့်တွေနဲ့ ဘာမနှစ်မြို့စရာမှ ဖြစ်ခဲ့ပုံလည်း မရပါဘူး..."
သို့သော် ချန်လော့က ဤသည်ကို ကြားပြီးနောက် ခေါင်းခါပြလိုက်၏။
"ဒီတစ်ကြိမ် သူတို့ကို အဆိပ်တစ်ပင် ဝိညာဉ်ကျောက်တုံး ၁၀၀ နဲ့ ရောင်းခဲ့တယ်... စုစုပေါင်း အပင် ၂၀ ကျော် ရောင်းခဲ့ရတော့ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၂,၃၀၀ ရတယ်လေ..."
"ဒါပေမဲ့ သူတို့က ပွဲချင်းပြီး ဝိညာဉ်ကျောက်တုံး ၆၀၀ ပဲ ပေးခဲ့ပြီး ၁,၇၀၀ ကျန်နေသေးတယ်..."
"အကယ်၍ သူတို့က ငါ့ကို အဆိပ်ခတ်ပြီး အကြွေးတွေ ပြန်မဆပ်ဖို့ စီစဉ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ..."
ချန်လော့၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ကျောက်မန်မှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
သို့သော် ဒုတိယအကြိမ် ပြန်တွေးကြည့်သောအခါ ဝိညာဉ်ကျောက်တုံး ၁၇၀၀ ဆိုသည်မှာ အမှန်တကယ်ပင် နည်းသောပမာဏ မဟုတ်ချေ။
သူမသည် ချန်လော့ကို အဆိပ်မြူစိမ့်မြေသို့ စေလွှတ်၍ အဆိပ်ပုလဲကို သွားရောက်ယူဆောင်ခိုင်းခဲ့ရာတွင် ဝိညာဉ်ကျောက်တုံး ၁၂၀၀ မျှပင် ကုန်ကျခဲ့သည်။
"ဒါနဲ့... နင့်ဆီမှာ အဆိပ်တွေ ကျန်သေးလား..." ကျောက်မန်က ရုတ်တရက် မေးလိုက်သည်။
အဆိပ်မြူစိမ့်မြေရှိ အဆိပ်များ အားလုံးမှာ အမြင့်ဆုံး အရည်အသွေးများ ဖြစ်ကြပြီး အလွန်ပင် ရှားပါးသည်။
သူမသည် အနည်းငယ် ဝယ်ယူ သိမ်းဆည်းထားရန် စီစဉ်ထားပြီး ဆရာ့အတွက်လည်း နှစ်ပင်ခန့် ဝယ်ယူသွားမည် ဖြစ်သည်။
"နောက်ထပ် ဆယ်ပင်လောက် ကျန်သေးတယ်... ဘာလဲ မင်း ဝယ်ချင်လို့လား..."
"မင်း ဝယ်ချင်တယ်ဆိုရင် ငါတို့က သူငယ်ချင်းကောင်းတွေ ဆိုတော့ အစ်ကိုကြီးက မင်းကို ၁ ရာခိုင်နှုန်း လျှော့ပေးပါ့မယ်..."
"တစ်ပင်ကို ကိုးဆယ့်ကိုးကျပ်ပဲ ထားလိုက်..."
"ရှင်က လျှော့ဈေး ပေးတာ တကယ် ကျွမ်းတာပဲ..."
သို့သော် အတန်ကြာ စဉ်းစားပြီးနောက် သူမက ပြောလိုက်၏။
"ကျွန်မ တကယ် ဝယ်ချင်လို့ပါ... လျှော့ဈေး နည်းနည်းလောက် ထပ်ပေးလို့ ရမလား..."
ကျောက်မန်၏ ရိုးသားသော အမူအရာကို မြင်ပြီးနောက် ချန်လော့က အချိန်အတော်ကြာ စဉ်းစားလိုက်သည်။
"ကောင်းပြီ... ကောင်းပြီ... ၁၀ ရာခိုင်နှုန်း လျှော့ပေးမယ်... တစ်ပင်ကို ဝိညာဉ်ကျောက်တုံး ၉၀ ထားလိုက်..."
ထိုသို့ ပြောနေစဉ်မှာပင်၊ ချန်လော့၏ အမူအရာတွင် အလွန်တရာ ခက်ခဲသော ဆုံးဖြတ်ချက်ကို ချလိုက်ရသကဲ့သို့ နာကျင်ကြေကွဲမှု အရိပ်အယောင်များ ထင်ဟပ်နေလေ၏။
"၈၀... ၈၀ ထားပါ... ကျွန်မ နည်းနည်း ပိုဝယ်မယ်..." ကျောက်မန်က ဆက်လက် ဈေးဆစ်လိုက်သည်။
"ငါ ဒီအဆိပ်တွေကို စုဆောင်းဖို့ ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲဆိုတာ မင်း သိလား..."
"အဲဒါက အဆိပ်မြူစိမ့်မြေရဲ့ အတွင်းပိုင်းနော်... ဆေးစွမ်းက ဘယ်လောက် ပြင်းထန်လဲဆိုတာ မင်း သိရဲ့လား..."
"အဲဒီကို ရောက်ဖို့တင် မိနစ်သုံးဆယ် ကြာတယ်... ငါ အဲဒီကို လမ်းလျှောက်သွားဖို့ ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ မင်း သိရဲ့လား..."
"ငါ အသက်စွန့်ပြီး ဒီအဆိပ်ကို ယူခဲ့ရတာ... ငါ့အပေါ် ဒီလိုမျိုး ဆက်ဆံရက်တယ်ပေါ့..."
"မင်းက ဈေးလျှော့ဖို့ ကြိုးစားနေတာ မဟုတ်ဘူး... ငါ့ရဲ့ သွေးထွက်အောင် ရှာထားတဲ့ ပိုက်ဆံတွေကို ညှစ်ယူနေတာပဲ..."
ချန်လော့၏ သနားစရာကောင်းသော ငိုကြွေးသံများကို ရင်ဆိုင်ရသဖြင့် ကျောက်မန်မှာ နောက်တစ်ကြိမ် စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
သို့သော်လည်း သူမသည် ဈေးလျှော့ရန် လက်မလျှော့ဘဲ ဆက်လက် ဖိအားပေးခဲ့သည်။
"ရှင် ထွက်သွားတုန်းက ကျွန်မရဲ့ အဆိပ်ကာကွယ်ရေး ဆေးလုံး နှစ်လုံးကို ယူသွားတယ် မဟုတ်လား...”
"ပြီးတော့ ကျွန်မတို့ စမ်းသပ်လေ့ကျင့်ရေးကွင်းထဲ ဝင်ကတည်းက ကျွန်မ ရှင့်ကို ကျောပိုးပြီး ခေါ်လာပေးခဲ့ရတာလေ..."
"ရှင့်အတွက် အဆိပ်စမ်းသပ်တဲ့ ကြွက်ဖြူလေးတောင် ဖြစ်ပေးခဲ့သေးတယ်... ရှင့်အတွက် အဆိပ်စမ်းသပ်ပေးတာ တစ်ကြိမ်မကဘူးနော်..."
ကျောက်မန်က သူမ၏ ပါဝင်ကူညီမှုများကို တစ်ခုပြီးတစ်ခု ရေရွတ်ပြလာသဖြင့် ချန်လော့၏ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်အချို့ ဖြစ်ပေါ်လာသည်။
သို့သော် အတန်ကြာသောအခါ ချန်လော့က တဖြည်းဖြည်း ပြန်ဖြေလိုက်၏။
"အင်း... ငါလည်း မင်းအတွက် အဆိပ်ပုလဲ ယူပေးခဲ့တယ် မဟုတ်လား..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်မှာ ထိုနေရာတွင်ပင် ချန်လော့ကို ဆောင့်ကန်မတတ် ဖြစ်သွားသည်။
"အဆိပ်ပုလဲ ယူပေးတယ် ဟုတ်လား... အဲဒါဆိုရင် အဲဒီ ဝိညာဉ်ကျောက်တုံး ၁၂၀၀ အကြွေးကို ငါ့စာရင်းထဲကနေ ဖျက်ပစ်လိုက်တော့လေ..."
"အဟမ်း..." ချန်လော့က ချောင်းတစ်ချက် ဟန့်လိုက်၏။
"အဲဒီ ဝိညာဉ်ကျောက်တုံး ၁၂၀၀ က ငါရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးတာလေ..."
"မဟုတ်ရင် ငါ့ရဲ့ ပုံမှန် ပွဲထွက်ခအရဆို အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂,၀၀၀ ပဲ..."
ထိုစကားကို ကြားသည်နှင့် ကျောက်မန်က ဘူးသီးခြောက် ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ဒီကနေ ထွက်သွားစမ်း... အခုကစပြီး ကျွန်မတို့ လမ်းခွဲပြီးသွားကြမယ်..."
"ပြန်ရောက်ရင် အဲဒီ ဝိညာဉ်ကျောက်တုံး ၁၂၀၀ ကို ဆရာ့ကို ပေးခိုင်းလိုက်မယ်..."
ကျောက်မန်မှ နောက်ဆုံး ရာဇသံ ပေးလိုက်ပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ချန်လော့သည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး သူမကို ကြည့်လိုက်၏။
"၈၅ ထားပါ... အဲဒါ အနိမ့်ဆုံး ဈေးပဲ... ဒီထက် ပိုလျှော့လို့ မရတော့ဘူး..."
"၈၂ ထား... အဲဒါ အမြင့်ဆုံး ဈေးပဲ... အဆင်မပြေရင် ဆင်းသွား..."
"ကောင်းပြီ... အဲဒါဆို ၈၂ ပဲ ထားလိုက်... မင်း ဘယ်လောက် လိုချင်လဲ..."
သွားလာရေးယာဉ် တစ်ခုသည် ဝိညာဉ်ကျောက်တုံး ဆယ်တုံးခန့် တန်ဖိုးထက် ပို၍ အဖိုးတန်သည်ဟု ခံစားရသောကြောင့် ချန်လော့သည် နောက်ဆုံးတွင် အလျှော့ပေးရန် ရွေးချယ်လိုက်သည်။
"ငါ ၁၀ ပင် လိုချင်တယ်... နေဦး... ၈ ပင်ပဲ ယူမယ်..." ကျောက်မန်သည် တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
သူမသည် ဤအဆိပ်များ အားလုံးကို သူမဘာသာ ဝယ်ယူခဲ့ခြင်း ဖြစ်သဖြင့် သေချာပေါက် ကိုယ်တိုင် ပေးချေရမည် ဖြစ်သည်။
သူမကိုယ်တိုင်တွင် ထိုမျှလောက် ငွေကြေး မရှိသော်လည်း သူမ၏ မိသားစုထံမှ ငွေကြေးလှမ်းတောင်းနိုင်သည်။
"၈ ပင်ဆိုတော့ တစ်ပင်ကို ၈၂ နဲ့ စုစုပေါင်း ၆၅၆ ဖြစ်မယ်... မင်းအတွက် အလုံးလိုက် ၆၆၀ ထားပေးလိုက်မယ်..."
ကျောက်မန် : "..."
သို့သော် ဝိညာဉ်ကျောက်တုံး ၄ တုံးသာ ကွာခြားသဖြင့် သူမသည် ချန်လော့နှင့် ထပ်မံ ငြင်းခုံမနေတော့ပေ။
ချန်လော့သည် အဆိပ်ပင် ရှစ်ပင်ကို ထုတ်ယူ၍ ကျောက်မန်ထံသို့ ကမ်းပေးလိုက်၏။
ဝိညာဉ်ကျောက်တုံးများကို စမ်းသပ်လေ့ကျင့်ရေးကွင်းမှ ထွက်ခွာပြီးနောက်မှသာ ကျောက်မန်သည် ချန်လော့ထံသို့ ပေးချေမည် ဖြစ်သည်။
သို့သော် ချန်လော့သည် ဤအကြောင်းနှင့်ပတ်သတ်၍ စိတ်ထဲမထားချေ။ ကျောက်မန်တွင် ဝိညာဉ်ကျောက်တုံး သိပ်မရှိကြောင်းကို သူ သိထား၏။
မည်သို့ပင်ဆိုစေကာမူ စမ်းသပ်လေ့ကျင့်ရေးကွင်းထဲတွင် ဝိညာဉ်ကျောက်တုံး သုံးစရာ နေရာ သိပ်မရှိချေ။
အဆတစ်ရာ တိုးပွားခြင်း စနစ်ကို အသက်သွင်းရန် ဝိညာဉ်ကျောက်တုံး ၁၀၀ လိုအပ်သော သူ့အခြေအနေလို မဟုတ်ပေ။ အကယ်၍ သူ၏လက်ထဲ၌ ဝိညာဉ်ကျောက်တုံးများသာ မရှိပါက သူ၏လှည့်ကွက်များနှင့် စနစ်၏ အစွမ်းများကို ထုတ်ဖော်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
အဆိပ်များကို သိမ်းဆည်းပြီးနောက် ကျောက်မန်သည် ချန်လော့နှင့်အတူ အဖြူရောင် မြအိုင်ဆီသို့ ပျံသန်းသွားတော့သည်။
ချန်လော့ကို မိမိနှင့်အတူ ခေါ်လာခြင်းက ထင်သလောက် မဆိုးကြောင်းကို ခံစားမိကာ ၊အနည်းဆုံးတော့ သူမသည် တစ်ခါတစ်ရံတွင် အခွင့်အရေး အသေးစားလေးများ ရနိုင်သေးသည်။
ဤအချိန်တွင် ချန်လော့မှာ နှလုံးကွဲကြေမတတ် ဖြစ်နေလေ၏။
"အဆိပ်ပင် ရှစ်ပင်... တစ်ပင်ကို ဝိညာဉ်ကျောက်တုံး ၁၈ တုံး ဈေးလျှော့ပေးလိုက်ရတော့ ရှစ်ပင်ဆိုရင် ဝိညာဉ်ကျောက်တုံး ၁၄၄ တုံးတောင် ဖြစ်သွားပြီ..."
"အဲဒါက တိုးပွားခြင်း စနစ်ကို တစ်ကြိမ် အသက်သွင်းဖို့ လုံလောက်တယ်... တော်တော် နှမြောစရာ ကောင်းတာပဲ..."
"မဖြစ်ဘူး... ငါ ပြန်ရောက်ရင် ပျံသန်းနိုင်တဲ့ မှော်လက်နက် တစ်ခုရအောင် နည်းလမ်း ရှာရမယ်..."
***