မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ အဆတစ်ရာ တိုးပွားခြင်း စနစ်၏ ကောင်းချီးဖြင့် ချန်လော့သည် ယင်ယန်လက်ညှိုး သိုင်းကွက်ကို ကျွမ်းကျင်အဆင့်အထိ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။
သို့သော် ချန်လော့သည် သူ၏ ကျင့်ကြံမှုကို မရပ်တန့်ခဲ့ချေ။ ထို့အစား သူသည် နောက်ထပ် ဝိညာဉ်ကျောက်တုံး ၂၀၀ ကို အသုံးပြု၍ တိုးပွားခြင်းကို အချိန် နှစ်ရက် ထပ်တိုးလိုက်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။
တစ်ရက်တည်းဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် သိုင်းကွက်တစ်ခုကို ကျွမ်းကျင်အဆင့်အထိ ကျင့်ကြံနိုင်ခြင်းမှာ အံ့အားသင့်စရာ ကောင်းနေပြီပင်။
ချန်လော့သည် ယခင်က ဤကိစ္စကို သိပ်ဂရုမစိုက်ခဲ့သော်လည်း လောချင်းယွီက သူ့အား သတိပေးပြီးနောက်တွင်မူ ချန်လော့သည် သူ့အနေဖြင့် ပိုသတိထားသင့်ကြောင်း ခံစားလိုက်ရသည်။
ဤအချိန်တွင် ဘေး၌ရှိနေသော ယန်ချင်းလင်က မျက်လုံးများကို ဖွင့်လိုက်သည်။
သူသည် ချန်လော့ထက် နှစ်ရက်စော၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယနေ့မှာ သူ၏ ပါရမီ စမ်းသပ်မှု နောက်ဆုံးနေ့ ဖြစ်သည်။
ယန်ချင်းလင် နိုးထလာမှုက လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။
မည်သို့ပင်ဆိုစေကာမူ လူအတော်များများက သူ၏အပေါ်တွင် အလောင်းအစား လုပ်ထားကြသည် မဟုတ်လော။
လူတိုင်း၏ အကြည့်များက သူ့ပေါ်တွင် ကျရောက်နေသည်ကို မြင်ပြီး ၊ ယန်ချင်းလင်သည် အေးစက်စက် ပြုံးလိုက်သော်လည်း အံ့အားသင့်သွားခြင်း မရှိပေ။ ဤသည်မှာ သဘာဝကျသည်ဟု တွေးထင်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရွေးချယ်ခံရသူ တစ်ဦးဖြစ်သည် မဟုတ်လော။
ထို့အစား သူသည် ခေါင်းလှည့်၍ ချန်လော့ကို ကြည့်လိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော မထီမဲ့မြင်အရိပ်အယောင်များ ရှိနေခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ပတ်ဝန်းကျင်ရှိ အဖြူရောင် မြူခိုးများသည် စတင် စုစည်းလာခဲ့သည်။ သူသည် ဒုတိယမြောက် စမ်းသပ်မှုဖြစ်သော "နှလုံးသားကို မေးခွန်းထုတ်ခြင်း" သို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်းကို ပြသနေသည်။
"ဟားဟား... ဂိုဏ်းတူအစ်ကိုယန်က တကယ်ကို အံ့ဩစရာကောင်းတာပဲ... သူက နှလုံးသားစမ်းသပ်မှုထဲကို ဝင်သွားပြီ..."
"ဂိုဏ်းတူအစ်ကိုယန် နှလုံးသားစမ်းသပ်မှုကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ပါစေလို့ မျှော်လင့်တယ်... အဲဒီတော့မှ ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ရမှာ..."
“နှလုံးသားစမ်းသပ်မှုကို အောင်မြင်ခဲ့တောင် နောက်ပိုင်းမှာ မိမိကိုယ်ကိုယ် စမ်းသပ်မှုကို အောင်မြင်ဖို့ ကျန်သေးတယ်...အဲ့တော့ ရှုံးနိုင်သေးတယ်”
"သေချာပေါက် ငါ သိတာပေါ့... ဒါပေမဲ့ မိမိကိုယ်ကိုယ် စမ်းသပ်မှုကို ဘယ်သူမဆို အောင်မြင်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား..."
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်လောင်စွာ ပြောဆိုနေကြပြီး ယန်ချင်းလင်၏ နောက်လှုပ်ရှားမှုကို စိတ်အားထက်သန်စွာ စောင့်စားနေကြ၏။
သို့သော် ယန်ချင်းလင်သည် နောက်ထပ် နှစ်ရက်တိတိ ထိုအဖြူရောင် မြူခိုးများအတွင်း ရှိနေကာ အပြင်ဘက်ရှိ လူများအနေဖြင့် မည်သည့်အရာကိုမျှ မမြင်နိုင်ကြချေ။
"ဘာလို့ ဒီလောက်ကြာတာတောင် ဂိုဏ်းတူအစ်ကိုယန်က ဘာတုံ့ပြန်မှုမှ မရှိသေးတာလဲ... နည်းနည်းတော့ ထူးဆန်းတယ်နော်..."
"အရင်က ဝင်သွားတဲ့ ဂိုဏ်းတူအစ်ကိုဆို နှလုံးသားစမ်းသပ်မှုမှာ အတော်မြန်တယ်လို့ ကြားဖူးတယ်... တချို့ဆို သုံးမိနစ်၊ ငါးမိနစ်လောက်နဲ့တောင် ထွက်လာကြတာတဲ့..."
"သုံးမိနစ်၊ ငါးမိနစ် ဟုတ်လား... စံချိန်မမီလို့ အရိုက်ခံရတာကို ပြောတာမလား..."
"နှလုံးသားစမ်းသပ်မှုအတွက် စံသတ်မှတ်ချက် က တစ်ခုတည်း မဟုတ်ဘူးလို့ အကြီးအကဲ ပြောဖူးတာကို မှတ်မိသေးတယ်... တချို့လူတွေက မြန်မြန်ဆန်ဆန် အောင်မြင်သွားပေမယ့် တချို့ကတော့ အချိန်အကြာကြီး ယူရတယ်တဲ့... ဂိုဏ်းတူအစ်ကို တစ်ယောက်ဆိုရင် ဆယ်ရက်တိတိ အဲဒီအထဲမှာ ပိတ်မိနေခဲ့ဖူးတယ်တဲ့..."
ထိုစကားကို ကြားသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြ၏။
အကြာဆုံး အချိန်ဖြစ်သော ဆယ်ရက်အထိ ရောက်နိုင်သဖြင့် သူတို့ အနေဖြင့် ဆက်စောင့်နေရုံသာ ရှိတော့သည် ။
ဤအချိန်တွင် ကြာပလ္လင်ပေါ်တွင် ထိုင်နေသော ချန်လော့သည် မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး အကြောဆန့်ကာ သမ်းဝေလိုက်၏။ သူသည် အခုလေးတင်မှ အိပ်ရာကနေ နိုးလာသည့်ပုံ ပေါက်နေသည်။
ဤသုံးရက်အတွင်း သူသည် "ယင်ယန်လက်ညှိုး" ကို အသေးစား အောင်မြင်မှုအဆင့်သို့ ကျင့်ကြံခဲ့ပြီးနောက် ၊ ထို့နောက် "အုပ်စိုးရှင်လက်သီး" ကို လည်း ပြီးပြည့်စုံအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။
အချိန်အားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း မြင်ပြီးမှသာ သူသည် တဖြည်းဖြည်း နိုးထလာခဲ့ခြင်း ဖြစ်သည်။
"နှမြောစရာပဲ... အဆ ၁၀၀ တိုးပွားခြင်းကို အသုံးပြုဖို့ နှစ်နာရီ ကျန်သေးတယ်..."
ကျန်ရှိနေသော တိုးပွားခြင်း အချိန်ကို ကြည့်ရင်း ချန်လော့သည် နာကျင်သည့် အရိပ်အယောင်ဖြင့် ညည်းတွားလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤအရာများ အားလုံးက ဖြူဖွေးသန့်စင်နေသော ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည် မဟုတ်လော။
ထို့နောက် ချက်ချင်းပင် နေရာအနှံ့မှ အဖြူရောင် မြူခိုးများ ထွက်ပေါ်လာပြီး ချန်လော့ကို စတင် ရစ်ပတ်လာတော့သည်။
လူအတော်များများက ထိုထူးဆန်းသော ဖြစ်စဉ်ကို သတိပြုမိကြသော်လည်း မည်သူမျှ သူ့အပေါ်တွင် အလောင်းအစား မလုပ်ထားသဖြင့် ဆွေးနွေးသူ အနည်းငယ်သာ ရှိ၏။
ကျောက်မန် တစ်ဦးတည်းသာလျှင် ချန်လော့၏ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။
ချန်လော့သည် အတော်လေး လူမဆန်သူတစ်ဦး ဖြစ်သော်လည်း ၊ ချန်လော့ အနေဖြင့် တတိယအဆင့်ကို ဖြတ်ကျော်ပြီး အခွင့်အရေး ရနိုင်ပါစေဟု သူမမျှော်လင့်နေမိသည်။
ပထမအချက်အနေဖြင့် အဆိပ်ပုလဲ ရရှိရန် ကူညီပေးခဲ့သောကြောင့် ချန်လော့ကို အနည်းငယ် ကျေးဇူးတင်နေမိသည်။
ဒုတိယအချက်အနေဖြင့် သူမသည် ချန်လော့အပေါ် တွင် ဝိညာဉ်ကျောက်တုံး ၂၀ လောင်းထားခဲ့ပြီး ၊ အနိုင်ရရှိခဲ့ပါက သူမသည် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ရရှိမည် ဖြစ်သည်။
အကယ်၍ သူမသာ ဤဝိညာဉ်ကျောက်တုံး ၂၀၀၀ ကို ရရှိနိုင်ပါက ၊ ချန်လော့ကို ပေးရန်ရှိသော အကြွေးများ အားလုံးကို ဆပ်နိုင်မည်ဖြစ်ပြီး အမြတ်အစွန်း အနည်းငယ်ပင် ကျန်ရှိဦးမည် ဖြစ်၏။
ဤသည်ကို တွေးမိသောအခါ ကျောက်မန်မှာ စိတ်လှုပ်ရှားနေမိသည်။
"ချန်လော့... ရှင် အောင်မြင်အောင် လုပ်ရမယ်နော်..."
ထိုအချိန်တွင် ချန်လော့၏ ခန္ဓာကိုယ်မှာ အဖြူရောင် မြူခိုးများအတွင်း လုံးဝ ရစ်ပတ်ခံထားရပြီ ဖြစ်သည်။
သူ မြင်နိုင်သမျှမှာ အဖြူရောင် ဝေဝါးဝါး မြင်ကွင်းတစ်ခုသာ ဖြစ်ပြီး မည်သည့်အရာကိုမျှ မမြင်ရချေ။
"သောက်ကျိုးနည်း... ငါ မျက်ကန်းဖြစ်သွားပြီ..."
သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချန်လော့၏ ရှေ့တွင် အရာများစွာ ရုတ်တရက် စတင် ပေါ်လာတော့၏။
အရာဝတ္ထုများက အဝေးမှနေ၍ အနီးသို့ ထွက်ပေါ်လာသည်။ ပထမဆုံး အဝေးမှ စိမ်းလန်းသော တောင်ကုန်းများနှင့် စီးဆင်းနေသော ရေများ၊ ထူထပ်သော သစ်တောများနှင့် စိမ်းလန်းစိုပြည်သော သစ်ပင်များ၊ ထို့နောက် ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်ခင်းငယ် တစ်ခုနှင့် အလယ်တွင် ရေတွင်းငယ် တစ်ခုပါရှိသည့် ကြမ်းတမ်းသော သစ်သားအိမ်ငယ်လေး တစ်လုံး။
ထိုကဲ့သို့သော အိမ်ငယ်လေးများ အတော်များများ ရှိပြီး အရေအတွက် သုံးဆယ်မှ ငါးဆယ်ခန့်အထိ ရှိကာ ရွာငယ်လေး တစ်ရွာနှင့် တူနေ၏။
ညနေစောင်းချိန်တွင် ကောက်ရိုးဖိနပ်များနှင့် အကြမ်းထည် အဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား အချို့က ရွှံ့ဗွက်ထနေသော လမ်းပေါ်တွင် လျှောက်လာကြသည်။
သူတို့၏ပခုံးပေါ်တွင် ပေါက်ပြားများကို ထမ်းထားကြပြီး နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေသော်လည်း ပြုံးရွှင်စွာဖြင့် အချင်းချင်း စကားပြောဆိုနေကြကာ သူတို့၏ စကားဝိုင်းကို ပျော်မွေ့နေပုံရ၏။
သူတို့ သည် ချန်လော့အနီးမှ ဖြတ်သွားသောအခါ ချန်လော့ကိုပင် နှုတ်ဆက်သွားကြသေးသည်။
"ပုံရိပ်ယောင်လား... နှလုံးသားစမ်းသပ်မှုဆီ ရောက်သွားပြီနဲ့ တူတယ်..."
ဤအချိန်တွင် ချန်လော့သည် သတိပြန်ဝင်လာခဲ့သည်။
ထို့ကြောင့် သူသည် ခွေးခြေခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ဤနှလုံးသားစမ်းသပ်မှုကို စစ်ဆေးကြည့်ရှုရန် ပြင်ဆင်လိုက်သည်။
သက်လတ်ပိုင်း အမျိုးသားများက သက်ဆိုင်ရာ အိမ်များသို့ ပြန်ရောက်သွားကြပြီး သူတို့၏ ကလေးများ၊ ဇနီးသည်များနှင့် ဝိုင်းဖွဲ့ကာ ထမင်းစားပွဲသို့ သွားရောက်ကာ စတင် စားသောက်ကြလေသည်။
ထမင်းစားပြီးနောက် ကလေးများက အိမ်ထဲမှ ပြေးထွက်လာကြကာ တစ်နေရာတည်းတွင် စုဝေး၍ ကစားကြလေသည်။
မကြာမီ မှောင်မိုက်လာပြီး ကလေးများက သူတို့ မိခင်များ၏ ခေါ်သံကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိမ်သို့ ပြန်သွားကြ၏။
ထို့နောက် မီးရောင်များ အားလုံး ငြိမ်းသွားပြီး လုံးဝ မှောင်မိုက်သွားသည်။ ရွာလေးမှာ တိတ်ဆိတ်လွန်းလှသဖြင့် မည်သူမျှ တိတ်ဆိတ်မှုကို ဖြိုခွဲရန် အသံတစ်သံမျှပင် မပြုလုပ်ဝံ့ကြချေ။
သို့သော် ထိုအချိန်မှာပင် ခြေသံတစ်ချို့ ထွက်ပေါ်လာပြီး သတ္တုချင်း ခေါက်သံကို ကြားလိုက်ရသည်။
"ချွင်... ချွင်... ချွင်..."
အသံသည် အလွန် စည်းချက်ကျပြီး အဝေးမှနေ၍ ချန်လော့ထံသို့ ချဉ်းကပ်လာသည်။
မကြာမီ ချန်လော့သည် သွေးများ ပေကျံနေပြီး အနက်ရောင် ဝတ်စုံဝတ်ဆင်ကာ ဓားရှည်နှစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရ၏။
သူသည် နေ့လယ်ပိုင်းက အမျိုးသားများ ပြန်လာခဲ့သော ရွှံ့ဗွက်ထနေသည့် လမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်လာပြီး ၊ သူ၏ အကြည့်များက ချန်လော့ထံသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
ချန်လော့သည် ၎င်း၏ အကြည့်နှင့် ဆုံတွေ့လိုက်ရာ ၊ ထိုမျက်လုံးများထဲတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
သို့သော် တစ်ချက်ကြည့်ရုံဖြင့် ဓားနှစ်လက်ကိုင် အမျိုးသားက လှည့်၍ အိမ်တစ်အိမ်ဆီသို့ လျှောက်သွားလိုက်သည်။
ချန်လော့သည် သူ၏ လက်ထဲရှိ ဓားရှည်နှစ်လက်ကို ကြည့်ပြီး တစ်ခုခုကို နားလည်သွားပုံရ၏။
နောက်တစ်စက္ကန့်တွင် ဓားနှစ်လက်ကိုင် အမျိုးသားက တံခါးကို ကန်ဖွင့်၍ အထဲသို့ ပြေးဝင်သွားပြီး ၊ အတွင်းမှ စူးရှသော အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
အခြားအခန်းများမှ မီးရောင်များ တဖြည်းဖြည်း လင်းလာပြီး မကြာမီ အဝတ်အစား အပြည့်အစုံ မဝတ်ဆင်ရသေးသော အမျိုးသား တစ်စု ပြေးထွက်လာကြသည်။
ထိုအချိန်တွင် ဓားနှစ်လက်ကိုင် အမျိုးသားကလည်း အိမ်ထဲမှ ထွက်လာသည်။
ဤသည်ကို မြင်သောအခါ အမျိုးသားများက ချက်ချင်းပင် အော်ဟစ်၍ သူတို့၏ အိမ်များဆီသို့ ပြေးသွားကြပြီး သူတို့၏ ဇနီးများနှင့် သမီးများကို အပြင်သို့ ထွက်ပြေးရန် အော်ဟစ် ပြောဆိုကြ၏။
သို့ရာတွင် ဓားနှစ်လက်ကိုင် အမျိုးသား၏ ရည်ရွယ်ချက်မှာ ထိုမိသားစုအပေါ်၌သာ အဆုံးသတ်မည့်ပုံမပေါ်ချေ။ သူသည် ဓားရိုးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီးနောက် လူအုပ်ကြားထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
ချန်လော့ကမူ ဘာမျှမလုပ်ဘဲ တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်၏။
***