ဓားနှစ်လက်ကိုင် အမျိုးသားက သူ၏ ဓားရှည်ဖြင့် အသက်တစ်ချောင်းပြီး တစ်ချောင်းကို ရက်စက်စွာ သတ်ဖြတ်နေ၏။
အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများထံမှ စူးရှသော အော်ဟစ်သံများနှင့် ငိုကြွေးသံများ အားလုံး ရောယှက်နေကြသည်။
သတိရနေသေးသော လူအချို့က သွေးများ ရွှဲနစ်နေသည့် မြေပြင်ပေါ်တွင် တွားသွားနေကြပြီး ၊ မြင်ကွင်းမှာ ကြေကွဲဖွယ်ရာကောင်းလှသည်။
ချန်လော့က တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် သနားကြင်နာသည့် အရိပ်အယောင်အချို့ ဖြစ်ပေါ်လာခဲ့သည်။
"ဟူး... ထားလိုက်ပါတော့..."
ချန်လော့သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
ထို့နောက် သူ၏ အဝတ်အစားမှ အဝတ်စတစ်စကို ဆုတ်ဖြဲ၍ သူ၏ မျက်လုံးများပေါ်တွင် စည်းနှောင်ထားလိုက်သည်။
" မမြင်ရတော့ရင် သိပ်ဆိုးတယ်လို့ မခံစားရတော့ဘူးလေ..."
ထိုသို့ပြောပြီးနောက် သူ သည် ပြန်ထိုင်လိုက်၏။
အဝတ်စဖြင့် မျက်လုံးများကို ဖုံးအုပ်ထားသော်လည်း စူးရှသော အော်ဟစ်သံများက ပျောက်ကွယ်မသွားချေ။
ချန်လော့သည် ဂရုမစိုက်တော့သည့်ပုံဖြင့် နေရာတွင် အေးဆေးစွာ ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
အချိန်မည်မျှ ကြာသွားသည်မသိ၊ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
"ဦးလေး... ဦးလေး... သမီးကို ကယ်ပါဦး... ကယ်ပါဦး..."
ထို့နောက် ချက်ချင်းပင် ချန်လော့၏ ရှေ့ရှိ အဝတ်စသည် ပျောက်ကွယ်သွားပြီး အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ လွင့်စဉ်သွားသည်။
သူရှေ့တွင် မိန်းကလေးငယ် တစ်ဦး ပေါ် ထွက်လာသော်လည်း သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ ပျောက်ကွယ်နေသည်။ သူမသည် မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် တွားသွားလာခဲ့ပြီး အပြင်ဘက်မှ သူ၏ ခြံဝင်းအတွင်းအထိ သူမ၏ အနောက်တွင် သွေးကွက်များသာ ကျန်ရစ်နေခဲ့သည်။
ဓားနှစ်လက်ကိုင် အမျိုးသားမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ရွာထဲတွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိတော့ချေ။
မြေပြင်ပေါ်တွင်၊ အိမ်နံရံများပေါ်တွင်၊ စည်းရိုးများပေါ်တွင် သွေးကွက်များ အနှံ့အပြား ရှိနေပြီး ထိုအချိန်တွင် ရွာလေးမှာ ငရဲပြည်၏ မြင်ကွင်းတစ်ခုနှင့် တူနေ၏။
ချန်လော့က မိန်းကလေးငယ်ကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်နေလိုက်သည်။
"နာလား..." ချန်လော့က ပြုံးလျက် မေးလိုက်ပြီး မိန်းကလေးငယ်၏ ခေါင်းကို ပုတ်ပေးလိုက်၏။
"နာတယ်..." မိန်းကလေးငယ်က ခေါင်းညိတ်ပြသည်။ ကျစ်ဆံမြီးလေးနှစ်ဖက်နှင့် မျက်လုံးပြူးပြူးလေးများကြောင့် မြင်ရသူတိုင်း အသည်းယားလောက်အောင် ချစ်စရာကောင်းသည့် သူမ၏ ပုံရိပ်မှာ ယခု မျက်ရည်စများအောက်တွင် နစ်မွန်းနေရရှာသည်။ ပါးစပ်ထောင့်မှလည်း သွေးများ က အဆက်မပြတ် စီးကျနေ၏။
"အဲဒါဆို မျက်လုံးပိတ်ထားလိုက်... ဦးလေးက ခဏနေရင် မန္တာန်လေး ရွတ်ပေးမယ်... အဲဒီကျရင် မနာတော့ဘူးနော်..."
မိန်းကလေးငယ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ထားလိုက်သည်။
မိန်းကလေးငယ် မျက်လုံးမှိတ်လိုက်သည့် အချိန်မှာပင် ချန်လော့သည် သူ့ လက်ညှိုးဖြင့် မိန်းကလေးငယ်၏ နဖူးကို ရုတ်တရက် ထိုးစိုက်လိုက်၏။
"ဘုန်း..."
ပြင်းထန်သော စွမ်းအားတစ်ခုက မိန်းကလေးငယ်၏ ဦးခေါင်းကို ဖြတ်သန်းသွားပြီး သူမသည် ချက်ချင်းပင် သတိလစ်သွားတော့သည်။
ချန်လော့က အေးဆေးတည်ငြိမ်စွာပင် ရှိနေ၏။ အနည်းဆုံးတော့ သူ လိမ်မပြောခဲ့ပေ။ ယခု သူမမှာ အမှန်တကယ်ပင် မနာတော့ချေ။
"ဟူး... သနားစရာကောင်းတဲ့ ကလေးလေးပဲ..." ချန်လော့က သက်ပြင်းချလိုက်သည်။
သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ အနောက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"မင်းက သူ့ကို သနားတယ်ဆိုရင် ဘာလို့ အစကတည်းက မကူညီခဲ့တာလဲ..."
ချန်လော့သည် တစ်ခဏမျှ ရပ်တန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
လောကီနှင့် ကင်းကွာနေသည့် ကျက်သရေရှိသော အသွင်အပြင် ရှိသည့် အဘိုးအို တစ်ဦးဖြစ်ကာ၊ ၎င်းသည် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။
ထိုအဘိုးအိုကို မြင်သောအခါ ချန်လော့သည် တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးသည့် ခံစားချက်ကို ခံစားလိုက်ရသော်လည်း အတိအကျ မမှတ်မိနိုင်ချေ။
"ဘာလဲ... မင်း ငါ့ကို မမှတ်မိဘူးလား..." အဘိုးအိုက မေးလိုက်ပြီး သူ၏ အသံတွင် သံသယဖြစ်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
"ခင်ဗျားကို အရင်က မြင်ဖူးသလိုပဲ... ဒါပေမဲ့ သေချာတော့ မမှတ်မိတော့ဘူး..." ချန်လော့က ပခုံးတွန့်ပြလိုက်သည်။
အဘိုးအိုက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ငါ နည်းနည်း အရိပ်အမြွက် ပေးမယ်... ချန်ရှင်းဂိုဏ်းရဲ့ ဘိုးဘေးကြီးလေ..."
ထိုစကားကို ကြားသည်နှင့် ချန်လော့ ချက်ချင်း မှတ်မိသွားသည်။
ချန်ရှင်းဂိုဏ်း ဘိုးဘေးကြီး။
သူသည် ထိုမသေမျိုးကို လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း ချန်ရှင်းဂိုဏ်း အတွင်းရှိ နေရာများစွာတွင် ဘိုးဘေးကြီး၏ ရုပ်တုများ ရှိနေ၏။
ချန်လော့သည် ချန်ရှင်းဂိုဏ်း အတွင်းရှိ ရုပ်တု အချို့ကို မြင်ဖူးသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။
ဒါကြောင့် ဒီအဘိုးအိုကို ရင်းနှီးနေတာကိုး…
သေချာသည်မှာ သူ့ရှေ့က ဘိုးဘေးကြီးသည် အစစ်အမှန် ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ သူသည် ဤနေရာတွင် ချန်ရစ်ခဲ့သော ဘိုးဘေးကြီး၏ ဝိညာဉ် အစိတ်အပိုင်းတစ်ခုသာ ဖြစ်နိုင်သည်။
သို့သော်လည်း သူသည် နှစ်ထောင်ပေါင်းများစွာ တည်တံ့နေခဲ့ခြင်းကပင် ဤဝိညာဉ် အစိတ်အပိုင်း၏ စွမ်းအားကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
"အခု ငါ ဘယ်သူလဲဆိုတာ မင်း သိပြီဆိုတော့ ငါ့မေးခွန်းကို ဖြေနိုင်ပြီလား..."
ဘိုးဘေးကြီး၏ ဝိညာဉ်အစိတ်အပိုင်းက နောက်တစ်ကြိမ် စကားပြောလာပြီး မေးလိုက်၏။
ချန်လော့သည် မြေပြင်ပေါ်ရှိ မိန်းကလေးငယ်ကို ငုံ့ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော် ပြဿနာ မရှာချင်လို့လေ..."
"ပြဿနာ မရှာချင်ဘူး ဟုတ်လား..." ဘိုးဘေးကြီး အံ့အားသင့်သွား၏။
"ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ရွာကို သတ်ဖြတ်သွားတဲ့ သူထက် ပိုမြင့်တယ် မဟုတ်လား..."
ဤကိစ္စနှင့် ပတ်သက်၍ ဘိုးဘေးကြီး ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ချန်လော့သည် ဓားနှစ်လက်ကိုင် အမျိုးသားကို မြင်သည်နှင့် တစ်ပြိုင်နက် သူ၏ ကျင့်ကြံမှုအဆင့်ကို သိရှိခဲ့၏။
ကောင်းကင်ကို ဆန့်ကျင်သော ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်ဆိုသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် နီးစပ်မှုပင် မရှိချေ။
"ကျင့်ကြံမှုအဆင့် နိမ့်တာက တိုက်ခိုက်ရေးစွမ်းအား နိမ့်တယ်လို့ မဆိုလိုဘူး... ကျွန်တော် ပထမဆုံး လေ့ကျင့်တုန်းကဆိုရင်... ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်နဲ့ အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကိုတောင် အနိုင်ယူနိုင်ခဲ့တာပဲ... “
"ဒါ့အပြင် ကျွန်တော်က ရွာထဲက လူတွေနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလေ... ကျွန်တော်က ဘာလို့ သူတို့ကို ကူညီရမှာလဲ..."
"ကိုယ့်ကိစ္စ ကိုယ်ရှင်းပေါ့..."
ဘိုးဘေးကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ချန်လော့ကို ပြန်ကြည့်လိုက်၏။
"ဒါဆို မင်း မကူညီတဲ့ အကြောင်းရင်းက မင်းနဲ့ မဆိုင်လို့ပေါ့..."
"ဟုတ်တယ်..." ချန်လော့က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"တကယ်လို့ ရွာထဲမှာ မင်းချစ်တဲ့သူ တစ်ယောက်ယောက် ရှိနေရင်ကော..."
"ကျွန်တော့်ဘဝမှာ အချစ်စစ်ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ ခံစားရတယ်...”
"ဥပမာပေးတာလေ..."
"ဒီဥပမာက ယုတ္တိမရှိဘူး..."
ဘိုးဘေးကြီး : "..."
ဘိုးဘေးကြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်လော့သည် တစ်ဖက်လူ မှာ ဒေါသထွက်ပြီး သူ့ကို ကန်ထုတ်ကာ အမွေအနှစ် မရအောင် လုပ်မည်ကို စိုးရိမ်သွားသည်။ ခဏတာ စဉ်းစားပြီးနောက် ၊သူသည် ဆက်ပြောလိုက်သည်။
"ရွာထဲမှာ ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းတဲ့ လူတွေ ရှိနေရင် ရန်သူ့အခြေအနေကို အရင် အကဲခတ်မယ်..."
"နိုင်ရင် သတ်မယ်... မနိုင်ရင် သူတို့နဲ့အတူ ထွက်ပြေးမယ်..."
"သူတို့ မပြေးနိုင်ရင်ကော..." ဘိုးဘေးကြီးက နောက်တစ်ကြိမ် မေးလိုက်၏။
"အဲဒါဆို သူတို့ကို ချန်ထားခဲ့ပြီး ကျွန်တော် အရင် ပြေးမယ်..." ချန်လော့က နောက်တစ်ကြိမ် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
ဤအဖြေက ဘိုးဘေးကြီးကို အနည်းငယ် အံ့အားသင့်သွားစေသော်လည်း အတော်လေး ယုတ္တိရှိပုံရ၏။
"ဘာလို့ နေခဲ့ပြီး ခုခံဖို့ မကြိုးစားတာလဲ..." ဘိုးဘေးကြီးက ချန်လော့ကို ကြည့်လိုက်သည်။
"မနိုင်ဘူးဆိုရင် နေခဲ့တာ ဘာအဓိပ္ပာယ်ရှိမှာလဲ... ရန်သူကို အစာကျွေးဖို့လား..."
"အရင် ထွက်ပြေးတာ ပိုကောင်းတယ်... ပြီးမှ ပုန်းနေပြီး ဖြည်းဖြည်းချင်း ကျင့်ကြံမယ်... နောက်ပိုင်း အခွင့်အရေးရရင် လက်စားချေဖို့ ပြန်လာမယ်လေ..."
“ဘာလို့ အရူးတစ်ယောက်လို သူများအတွက် အသေခံရမှာလဲ…”
ဘိုးဘေးကြီးက ချန်လော့၏ အဖြေကို အတော်လေး ကျေနပ်သွားပုံရပြီး ခေါင်းညိတ်လိုက်၏။
သို့သော် ဘိုးဘေးကြီး၏ မေးခွန်းက သိသာထင်ရှားစွာပင် မပြီးဆုံးသေးချေ။
"တကယ်လို့ အချိန်အကြာကြီး ကျင့်ကြံခဲ့ပေမယ့် တခြားလူတွေထက် ကျင့်ကြံမှုအဆင့် ပိုမမြင့်လာဘူးဆိုရင်ကော..."
"ခင်ဗျားကို ကူညီဖို့ အစွမ်းထက်တဲ့သူ တစ်ယောက်ကို ရှာမယ်... ဒါမှမဟုတ် လူသတ်ဖို့ တစ်ယောက်ယောက်ကို ငှားမယ်လေ..."
"ဘယ်သူမှ မကူညီနိုင်ရင်ကော..."
"အဲဒါဆို သူ့မိသားစုကို သွားပြီး လက်စားချေမယ်..."
ဤအဖြေက ဘိုးဘေးကြီးကို နောက်တစ်ကြိမ် ဆွံ့အသွားစေပြီး အချိန်အတော်ကြာမှ တဖြည်းဖြည်း ရေရွတ်လိုက်၏။
"ဒါပေမဲ့ အပြစ်က မိသားစုဝင်တွေဆီ မရောက်သင့်ဘူးလေ..."
"တစ်ဖက်လူကလည်း အဲ့လောက်ထိ မွန်မြတ်တဲ့ အတွေးမျိုး ရှိဖို့ မျှော်လင့်ပါတယ်... ဒါပေမဲ့ မရှိလည်း ကိစ္စမရှိဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က မိဘမဲ့ တစ်ယောက်ပဲလေ..."
ဘိုးဘေးကြီးမှာ ချန်လော့ထံမှ ရရှိသော အတွေးများကို စဉ်းစားနေပုံရပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။
"တစ်ဖက်လူမှာလည်း မိသားစု မရှိဘူးဆိုရင်ကော..."
"အဲဒါဆို သူ့ကို မေ့ပစ်လိုက်တော့မယ်..."
"မေ့ပစ်မယ်..." ဘိုးဘေးကြီး ရပ်တန့်သွား၏။
"ရန်သူကို မေ့ပစ်မှာလား... ဒါမှမဟုတ် ချစ်ရတဲ့သူကို မေ့ပစ်မှာလား..."
"အားလုံးကို မေ့ပစ်လိုက်မယ်..."
ဘိုးဘေးကြီး မျက်မှောင်ကြုတ်သွား၏။ ဤသည်က လက်စားချေမှုကို လုံးဝ စွန့်လွှတ်လိုက်ခြင်းလော။
သို့သော် ချန်လော့က လျင်မြန်စွာပင် ရှင်းပြလိုက်သည်။
"ရန်သူအကြောင်း နေ့တိုင်း တွေးနေတာက လက်စားချေဖို့ မကူညီနိုင်ဘူး... အဲဒါက ခင်ဗျားကို စိတ်ပျက်အားငယ်မှုထဲ ပိုပိုပြီး နစ်မြုပ်သွားစေရုံပဲ ရှိမယ်... အချိန်ကြာလာရင် ရောဂါတောင် ဖြစ်လာနိုင်တယ်..."
"လက်စားမချေနိုင်ဘူးဆိုရင် မေ့ပစ်လိုက်တော့ပေါ့... သေချာတာကတော့ ထာဝရ မေ့ပစ်လိုက်မှာ မဟုတ်ဘူး... ခဏလောက်ပဲလေ..."
"ပြီးတော့ ဆယ်နှစ် ဒါမှမဟုတ် အနှစ်တစ်ရာ တစ်ခါ...ကိုယ်က သူထက် ပိုသန်မာလား၊ သူ့ကို သတ်နိုင်တဲ့ စွမ်းရည်ရှိလားဆိုတာ လျို့ဝှက်စွာနဲ့စောင့်ကြည့်မယ်.."
"စွမ်းရည်မရှိရင် ဆက်ပြီး လေ့ကျင့်ပြီး ပိုသန်မာလာအောင် ကျင့်ကြံမယ်... တစ်နေ့ကျရင် လက်စားချေနိုင်မှာပေါ့..."
ဘိုးဘေးကြီးက အတွေးထဲ နစ်မြောနေသည့်အလား ခေါင်းညိတ်လိုက်၏။
သူသည် ချန်လော့၏ အဖြေကို အမှန်တကယ်ပင် အတော်လေး ကျေနပ်နေသည်။
သူသည် အခြားသော သူရဲဘောကြောင်သူများကဲ့သို့ မဟုတ်ပေ။ ရန်သူကို မယှဉ်နိုင်၍ လက်စားချေရန် ရှောင်ဖယ်နေခြင်းမျိုး မဟုတ်ဘဲ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ရှိသူတစ်ဦး ဖြစ်၏။
မနိုင်နိုင်သော်လည်း လက်စားချေရန် ရှာဖွေတတ်သော အချို့သော သွေးဆူလွယ်သူများနှင့်လည်း မတူချေ။ ထိုသို့သောသူများသည် အပေါ်ယံကြည့်လျှင် ဖြောင့်မတ်တည်ကြည်ပုံရသော်လည်း လက်တွေ့တွင်မူ ရန်သူကို အခွင့်ကောင်းပေးလိုက်ရခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်စွမ်း မရှိကြချေ။
ဘိုးဘေးကြီးသည် ချန်လော့ကို အတော်လေး ကျေနပ်နေသည့်ပုံဖြင့် ခေါင်းညိတ်လိုက်၏။
မေးခဲ့သော မေးခွန်းများမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း မေးခွန်းများထံမှ များစွာ သိရှိနိုင်ပြီ ဖြစ်သည်။
လက်တွေ့ကျကျ၊ ဆင်ခြင်တုံတရားရှိရှိနှင့် ကိုယ်ကျိုးရှာတတ်ပြီး ကိုယ်ကျင့်တရားနှင့် ဖြောင့်မတ်ခြင်းကဲ့သို့သော အရာများ၏ လွှမ်းမိုးမှုကို မခံဘဲ သူသည် အမြဲတမ်း မိမိအကျိုးရှိစေမည့် အရာများကိုသာ ယုတ္တိရှိရှိ လုပ်ဆောင်တတ်၏။
တစ်ခုခုက မိမိနှင့် မသက်ဆိုင်ပါက ဝင်မပါနှင့်။ အခြားသူများကို မကယ်တင်နိုင်ပါက မိမိကိုယ်ကိုယ် အရင် ကယ်တင်ရမည်။ ရန်သူကို မသတ်နိုင်ပါက တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ရမည်။
သို့သော် တစ်ချိန်တည်းမှာပင် အမုန်းတရားကြောင့် မျက်စိကန်းမသွားစေနှင့်။ သင့်လျော်သော အချိန်တွင် မေ့ပစ်လိုက်ပြီး ဆင်ခြင်တုံတရားရှိရှိ နေထိုင်ရပေမည်။
"နောက်ဆုံး မေးခွန်းတစ်ခု... တကယ်လို့ မင်း လက်တွေ့ဘဝမှာ ဒီလို အခြေအနေမျိုး ကြုံရရင် ကူညီမှာလား..."
"မကူညီဘူး..."
"ဒါဆို မင်းက အရင်ကလိုပဲ တိတ်တိတ်လေး ကြည့်နေမှာပေါ့..."
ချန်လော့က ခေါင်းခါပြလိုက်၏။
"မဟုတ်ဘူး... တကယ်တော့ ဒါက ပုံရိပ်ယောင် နှလုံးသားစမ်းသပ်မှုတစ်ခုမှန်း ကျွန်တော် မသိခဲ့ရင် လှည့်ထွက်သွားမိမှာ..."
"ရွာထဲက လူတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးလေ... ဒါပေမဲ့ ကျွန်တော်က သွေးဆာနေတဲ့ မိစ္ဆာတစ်ကောင်မှ မဟုတ်တာ... ကျွန်တော့်ကို စိတ်ရောဂါသည်လို့ ထင်နေတာလား... အဲဒီမှာ ရပ်ပြီး တစ်ခုလုံးကို ကြည့်နေရအောင်လို့..."
ထိုစကားကို ကြားသည်နှင့် ဘိုးဘေးကြီးက ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်၏။
"တကယ်လို့ မင်း ဒီအခြေအနေမျိုးကို တကယ်ကြုံရရင် တတ်နိုင်သလောက် ကူညီသင့်ပြီး ကောင်းမှုကုသိုလ် လုပ်သင့်တယ်..."
"မိစ္ဆာလမ်းစဉ်က ဘိုးဘေးကြီးက ကျွန်တော့်ကို ကောင်းမှုကုသိုလ် ပိုလုပ်ဖို့ ပြောနေတာလား..." ချန်လော့က ရယ်မောလိုက်သည်။
"မိစ္ဆာလမ်းစဉ်ဆိုတာ ခွဲခြားမှုမရှိဘဲ အမြဲတမ်းသတ်ဖြတ်တာကို ဆိုလိုတာ မဟုတ်သလို ဖြောင့်မတ်သော တာအိုလမ်းစဉ်ကလည်း အမြဲတမ်း ကြင်နာပြီး ဖြောင့်မတ်တဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး..."
"ဒါ့အပြင် ငါသာ တစ်ကိုယ်ကောင်းဆန်ပြီး ခွဲခြားမှုမရှိဘဲ သတ်ဖြတ်တတ်တဲ့သူ ဖြစ်ခဲ့ရင် ချန်ရှင်းဂိုဏ်းကို ဘယ်လိုလုပ် တည်ထောင်နိုင်ခဲ့မှာလဲ... ပြီးတော့ ဒီစမ်းသပ်လေ့ကျင့်ရေးကွင်းကလည်း ဘယ်လိုလုပ် ရှိလာနိုင်မှာလဲ...
ချန်လော့က သူပြောသည်ကို သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ဒါဆို ကျွန်တော့်နှလုံးသားကို မေးခွန်းထုတ်တာ ပြီးသွားပြီလား... ကျွန်တော့်ရဲ့ အတွင်းစိတ်ကို တိုက်ရိုက် ကြည့်တာမျိုးလို ထူးခြားတာ တစ်ခုခု ရှိမယ်လို့ ထင်ထားတာ..."
ဘိုးဘေးကြီးက ခေါင်းခါပြပြီး ပြုံးလိုက်သည်။
"လူ့နှလုံးသားဆိုတာ အနက်နဲဆုံး နေရာပဲ... ဝိညာဉ်ပြောင်းလဲခြင်း အဆင့်အထက်က ကောင်းကင်ဘုံက လူတစ်ယောက်တောင် သာမန်လူတစ်ယောက်ရဲ့ နှလုံးသားကို အမှန်တကယ် မြင်နိုင်ချင်မှ မြင်နိုင်မှာ..."
"ရိုးရှင်းတဲ့ မေးခွန်းအနည်းငယ်ကနေ ဒါမှမဟုတ် လိမ်ညာမှုတစ်ခုကနေတောင် အများကြီး သိနိုင်ပါတယ်..."
စကားပြောနေစဉ် ဘိုးဘေးကြီးက ချန်လော့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"မင်းရဲ့ အဖြေကို ငါ တော်တော်လေး ကျေနပ်တယ်..."
ထိုစကားကို ကြားသည်နှင့် ချန်လော့ ပြုံးလိုက်သည်။
ဤနှလုံးသားစမ်းသပ်မှုသည် အောင်မြင်ရန် သေချာသလောက် ရှိနေပြီဟု ထင်ရ၏။
ဘိုးဘေးကြီးက အနည်းငယ် ပြုံးလိုက်သော်လည်း တစ်ခုခုကို သတိရသွားပုံရပြီး ချန်လော့ကို လှည့်ကြည့်လိုက်သည်။
"မင်း အခုလေးတင် ပြောခဲ့တာ မင်းဘဝမှာ အချစ်စစ်ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးဆို... ပြီးတော့ မင်းက အဲဒီအကြောင်းကို အတော်လေး သေချာနေပုံရတယ်..."
"အဲဒါ နောက်ဆုံး မေးခွန်းလို့ ခင်ဗျား အရင်က ပြောခဲ့တယ်နော်..."
ဘိုးဘေးကြီးက တစ်ခဏမျှ ရပ်တန့်သွားသော်လည်း အေးဆေးစွာ ပြုံးရုံသာ ပြုံးလိုက်၏။
တစ်ဖက်လူသည် နှလုံးသားစမ်းသပ်မှုကို စိတ်ကြိုက်ထိန်းချုပ်ထားနိုင်သူ ဖြစ်သဖြင့် ချန်လော့အနေဖြင့် ငြင်းဆန်ရန် မစဉ်းစားပေ။
အကယ်၍ တစ်ဖက်လူကို ဒေါသထွက်အောင် ဆွပေးမိ၍ စမ်းသပ်မှု ကျရှုံးသွားခဲ့လျှင် မိမိအတွက်သာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားပေလိမ့်မည်။
"ကိုယ့်ကိစ္စနဲ့ ကိုယ်ဆိုတော့ ဘာတွေ မသေချာစရာ ရှိလို့လဲ..." ချန်လော့က ပြန်ဖြေလိုက်၏။
"တကယ်လို့ မင်း တစ်နေ့နေ့ကျရင် မရှိဘဲ မနေနိုင်တဲ့ သူတစ်ယောက်နဲ့ တွေ့လာရင်ကော..."
"မတွေ့ပါဘူး..."
"ဘာလို့လဲ..."
"မင်း အချစ်ရဆုံးသူဆိုတာ မင်း ဂရုစိုက်တဲ့သူ၊ မင်း စိတ်ပူရတဲ့သူ၊ ပြီးတော့ မင်းရဲ့ အားနည်းချက်ပဲလေ..."
"ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒါက အထောက်အပံ့၊ အကူအညီနဲ့ သစ္စာရှိမှုရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်တယ်..."
"ကျွန်တော့်မှာ အဲ့ဒီအရာတွေ မလိုအပ်ဘူး... ပြီးတော့ အချစ်ဆိုတာ အားကိုးမှု၊ အကူအညီ ဒါမှမဟုတ် သစ္စာရှိမှု အမြဲတမ်း ဖြစ်နေတာ မဟုတ်ဘူး..."
ချန်လော့၏ အဖြေကို ရင်ဆိုင်ရသောအခါ ဘိုးဘေးကြီးက ခါးသီးစွာ ပြုံးမိလိုက်သည်။
"ဒါပေမဲ့ မင်းက နှလုံးသားမဲ့တဲ့သူ မဟုတ်ဘူးဆိုတာ ငါ မြင်နိုင်ပါတယ်..."
"မိစ္ဆာလမ်းစဉ်ဆိုတာ အပြစ်မဲ့သူတွေကို ခွဲခြားမှုမရှိဘဲ အမြဲတမ်းသတ်ဖြတ်တာကို ဆိုလိုတာ မဟုတ်ဘူး..."
ချန်လော့၏ အဖြေသည် အဓိပ္ပာယ်မရှိပုံရသော်လည်း၊ အမှန်အားဖြင့် ၎င်းသည် ဘိုးဘေးကြီး၏ အစောပိုင်း စကားများကို ပြန်လည် ချေပလိုက်ခြင်းသာ ဖြစ်၏။
မိစ္ဆာလမ်းစဉ်ဟူသည် အပြစ်မဲ့သူများကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်ခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ ခံစားချက်ရှိသူတိုင်းက တွယ်တာမှု ရှိနေရန် မလိုသကဲ့သို့ နှလုံးသားမဲ့သူတိုင်းကလည်း စိတ်ခံစားမှုများ၏ နှောင့်ယှက်ခြင်းမှ ကင်းလွတ်နေသည် မဟုတ်ချေ။
"မင်းရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ငါ မြင်နိုင်ပါတယ်... ဒါပေမဲ့ အရာရာက ခန့်မှန်းလို့ မရနိုင်ဘူး..."
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက မင်းရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲလေ... ပြီးတော့ နောက်ဘာဖြစ်လာမလဲဆိုတာ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ..."
"နောက်ဆုံးကျရင် မင်း နောင်တမရဘူးလို့ပဲ ငါ မျှော်လင့်ပါတယ်..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဘိုးဘေးကြီး၏ ပုံရိပ်သည် အဖြူရောင် မြူခိုးများထဲတွင် ပျောက်ကွယ်သွားပြီး ချန်လော့၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကလည်း တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အဖြူရောင် မြူခိုးများကလည်း လွင့်မျောကာ ပျောက်ကွယ်သွားလေတော့သည်။
***