အဖြူရောင် မြူခိုးများ လွင့်စင်သွားသောအခါ ချန်လော့သည် အဖြူရောင် မြအိုင်သို့ နောက်တစ်ကြိမ် ပြန်ရောက်သွား၏။
ထိုအချိန်တွင် မလှမ်းမကမ်းရှိ ယန်ချင်းလင်ကို ရစ်ပတ်ထားသော အထူ နှစ်မီတာကျော်ရှိသည့် အဖြူရောင် မြူခိုးများကလည်း နောက်ဆုံးတွင် လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။
ယန်ချင်းလင်မှာ ချွေးများ ရွှဲနစ်နေပြီး သူ၏ မျက်နှာက ဖြူရော်နေကာ မျက်လုံးများထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်နေ၏။ သူသည် အခုလေးတင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ကြုံတွေ့ခဲ့ရသည့်ပုံ ပေါက်နေသည်။
အေးအေးဆေးဆေးနှင့် ပေါ့ပါးလွတ်လပ်နေသော ချန်လော့ကို ကြည့်ရသည်မှာ သူတို့နှစ်ဦးသည် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုမှ လာခဲ့ကြသကဲ့သို့ပင်။
"ချန်လော့က ဒီလောက်မြန်မြန် ထွက်လာတာလား... ပြီးတော့ သူ့အမူအရာကို ကြည့်ရတာ ဂိုဏ်းတူအစ်ကိုယန်နဲ့ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ..."
"ဂိုဏ်းတူအစ်ကိုယန်က တော်တော်လေး ဆိုးရွားနေတဲ့ပုံပဲ... သူ အဆင်ပြေဖို့ မျှော်လင့်ပါတယ်..."
တပည့်များက ယန်ချင်းလင်ကို စိုးရိမ်သည့် အရိပ်အယောင် အနည်းငယ်ဖြင့် ကြည့်လိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့ အားလုံးသည် ယန်ချင်းလင်အပေါ်တွင် အလောင်းအစား လုပ်ထားကြသည် မဟုတ်လော။
ကျောက်မန်သည် ချန်လော့ကို နောက်တစ်ချက် လှမ်းကြည့်လိုက်ပြီး သူမ၏ စိုးရိမ်မှုများက တဖြည်းဖြည်း သံသယအဖြစ်သို့ ပြောင်းလဲသွားသည်။
ချန်လော့နှင့် ယန်ချင်းလင် တို့နှစ်ဦးစလုံး နှလုံးသားစမ်းသပ်မှုထဲသို့ ဝင်ရောက်ခဲ့ကြသည်။
တစ်ဦးက နှစ်ရက်တိတိ ထိန်းသိမ်းခံခဲ့ရပြီး အခြားတစ်ဦးက ဆယ်မိနစ်သာ ထိန်းသိမ်းခံခဲ့ရသည်။
တစ်ဦးက ထိတ်လန့်တကြား ထွက်ပေါ်လာပြီး အခြားတစ်ဦးက အားလပ်ရက် ခရီးထွက်လာသည့်ပုံစံဖြင့် ရှိနေသည်။ ဤသိသာထင်ရှားသော ကွာခြားချက်သည် သူတို့ နှစ်ဦး မှာ အမှန်တကယ်ပင် တူညီသော စမ်းသပ်မှုကို ခံယူခဲ့ခြင်း ဟုတ်၊ မဟုတ် လူတိုင်းကို ပြင်းပြင်းထန်ထန် သံသယဝင်သွားစေခဲ့သည်။
သို့သော် ဓားတောင်ထွတ်မှ တပည့်တစ်ဦးက မကြာမီ စကားစလာ၏။
"မင်းတို့ ဘာသိလို့လဲ... နှလုံးသားစမ်းသပ်မှုဆိုတာ တာအိုနှလုံးသားကို မေးခွန်းထုတ်တာလေ... တာအိုနှလုံးသားက အနည်းငယ် မတည်မငြိမ် ဖြစ်နေရင် မိစ္ဆာလမ်းစဉ်ထဲကို ကျရောက်သွားနိုင်တယ်...”
"အရင်က ဂိုဏ်းတူအစ်ကို တစ်ယောက် နှလုံးသားစမ်းသပ်မှုထဲမှာ သုံးရက်ကြာခဲ့ပြီး ထွက်လာတော့ ရူးသွားတယ်လို့ ကြားဖူးတယ်..."
"ဂိုဏ်းတူအစ်ကိုယန်က နာကျင်နေတဲ့ပုံ ပေါက်နေပေမယ့် သူ့ဆီမှာ ထူးခြားတာ ဘာမှမရှိဘူး... အဲဒါက သူ နှလုံးသားစမ်းသပ်မှုကို ရှင်သန်နိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ... တခြားသူသာဆိုရင် အခုလောက်ဆို ရူးသွားလောက်ပြီ..."
ဓားတောင်ထွတ်မှ တပည့်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းက ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာဖြင့် ကြည့်လိုက်ကြ၏။
"ဪ... ဒီလိုကိုး... ဒါကြောင့်မို့ ဂိုဏ်းတူအစ်ကိုယန်လို့ ခေါ်ကြတာပေါ့..."
"ဂိုဏ်းတူအစ်ကိုယန်ရဲ့ တာအိုနှလုံးသားက တည်ငြိမ်တယ်... ဒါက ငါတို့ ချန်ရှင်းဂိုဏ်းက တပည့်တွေအတွက် စံပြပဲ..."
"ချန်လော့ကကော..."
လူတိုင်းက ယန်ချင်းလင်ကို ချီးကျူးနေကြစဉ်မှာပင် ကျောက်မန်က မနေနိုင်ဘဲ မေးလိုက်၏။
ချန်လော့ ပြောပြခဲ့သည်များမှလွဲ၍ သူမသည် အဖြူရောင် မြအိုင်ရှိ စမ်းသပ်မှုများ အကြောင်းကို လုံးဝ နီးပါး မသိရှိချေ။
ဓားကိုင်တပည့်သည် တစ်ခဏမျှ ရပ်တန့်သွားပြီး အမူအရာ ပြောင်းလဲခြင်း မရှိသော ချန်လော့ကို တစ်ချက်ကြည့်လိုက်ကာ ဘာပြောရမည်ကို မသိဖြစ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်လည်း အဖြူရောင် မြအိုင်၏ စမ်းသပ်မှုကို အမှန်တကယ် နားမလည်ပေ။ သူ ယခုလေးတင် ပြောခဲ့သည်များမှာ ဂိုဏ်းတူအစ်ကိုယန်ကို အခက်အခဲမှ လွတ်မြောက်စေရန်နှင့် အလွန်အမင်း ရှက်ရွံ့နေပုံ မပေါက်စေရန် ကူညီပေးခြင်းသာ ဖြစ်၏။
ချန်လော့နှင့် ပတ်သက်၍မူ သူ မည်သို့ သိနိုင်မည်နည်း။
သို့သော် မျက်နှာပန်းလှစေရန်နှင့် သူ၏ လိမ်ညာမှုကို ဖုံးကွယ်ရန်အတွက် သူသည် ချောင်းဟန့်၍ ဇာတ်လမ်းတစ်ခု ဆက်လက် ဖန်တီးလိုက်၏။
"ချန်လော့က အထဲမှာ ဆယ်မိနစ်လောက်ပဲ နေခဲ့ရတာလေ... နှလုံးသားစမ်းသပ်မှုက ဘယ်လိုလုပ် ဒီလောက် မြန်နိုင်မှာလဲ..."
"ဖြစ်နိုင်တာက တာအိုနှလုံးသား ကမောက်ကမဖြစ်မှုကြောင့် နေမှာပေါ့... စမ်းသပ်မှု အတွင်းမှာ ဘိုးဘေးကြီးရဲ့ ဝိညာဉ်အစိတ်အပိုင်းက သူ့နှလုံးသားကို မေးခွန်းထုတ်စရာ မလိုဘူးလို့ ခံစားရလို့ သူ့ကို နှင်ထုတ်လိုက်တာ ဖြစ်မယ်..."
"မဟုတ်ရင် ဂိုဏ်းမှာ မိစ္ဆာပူးကပ်ခံရတဲ့ တိုက်ရိုက်တပည့် နောက်တစ်ယောက် ထပ်ရလာလောက်တယ်..."
ဤရှင်းပြချက်ကို ကြားသောအခါ လူတိုင်းက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။ အမှန်တကယ်ပင် ယုတ္တိရှိပေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် အဖြူရောင် မြူခိုးများက သူတို့နှစ်ဦးကို ဝန်းရံကာ အထဲတွင် ပိတ်လှောင်လိုက်သည်ကို သူတို့ မြင်လိုက်ရ၏။
ထို့နောက် ချက်ချင်းပင် အဖြူရောင် မြူခိုးများက အမျိုးသား နှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ပြန်ထွက်လာကာ သူတို့နှင့် တစ်ထပ်တည်းတူသော အဖြူရောင် မြူခိုးလူသား နှစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဒါက တတိယ စမ်းသပ်မှုပဲ... မိမိကိုယ်ကိုယ် စမ်းသပ်မှု..."
အကဲခတ်ကောင်းသူများက ချန်လော့နှင့် ယန်ချင်းလင်တို့ ရင်ဆိုင်နေရသည်မှာ အဖြူရောင် မြအိုင်၏ တတိယမြောက် စမ်းသပ်မှုဖြစ်သော မိမိကိုယ်ကိုယ် စမ်းသပ်မှုဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြ၏။
သူတို့ထဲမှ မည်သူမဆို စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း သို့မဟုတ် အဖြူရောင် မြအိုင်သို့ ပထမဆုံးအကြိမ် လာရောက်ဖူးခြင်း ဖြစ်သော်လည်း…
သို့သော် သူတို့သည် အဖြူရောင် မြအိုင်၏ စမ်းသပ်မှု သုံးခုအကြောင်း အနည်းငယ် သိရှိထားကြသေးသည်။
စမ်းသပ်မှု သုံးခု : ပါရမီ၊ နှလုံးသားနှင့် မိမိကိုယ်ကိုယ်။
ပါရမီ စမ်းသပ်မှုမှာ သိုင်းကွက်တစ်ခုကို ကျင့်ကြံရန်သာ ဖြစ်သည်။ ဤသည်က အခြေခံအကျဆုံး ကျွမ်းကျင်မှုဖြစ်ပြီး တစ်ဦးချင်းစီအပေါ်တွင် မူတည်၏။
နှလုံးသားစမ်းသပ်မှုမှာ အနက်နဲဆုံးဖြစ်ပြီး လူတိုင်း မြင်တွေ့ရသည်မှာ မတူညီကြပေ။ ထို့ကြောင့် ဤသည်မှာ ခန့်မှန်းရန်နှင့် နားလည်ရန် အခက်ခဲဆုံး ဖြစ်၏။
မိမိကိုယ်ကိုယ် စမ်းသပ်ခြင်းမှာမူ မည်သည့်ကြားခံမှမပါဘဲ ထိပ်တိုက်ရင်ဆိုင်ရသည့် စမ်းသပ်မှု ဖြစ်သည်။
စမ်းသပ်ခံရသူနှင့် တစ်ထပ်တည်းတူသော "ကိုယ်ပွား" တစ်ခုကို အဖြူရောင် မြူခိုးများဖြင့် ဖန်တီးပြီးနောက် တိုက်ခိုက်ရမည် ဖြစ်၏။
အနိုင်ရခြင်းက စမ်းသပ်မှုကို အောင်မြင်ခြင်းဟု အဓိပ္ပာယ်ရပြီး ရှုံးနိမ့်ခြင်းက လုံးဝ ကျရှုံးခြင်း ဖြစ်သည်။
"ဒါဆို ချန်လော့လည်း မိမိကိုယ်ကိုယ် စမ်းသပ်မှုကို တတ်လှမ်းသွားပြီပေါ့”
တပည့်များက ချန်လော့ကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
ထိုဓားတောင်ထွတ်မှ တပည့်မှာမူ ယခုအချိန်တွင် ကြွက်တွင်းထဲ ဝင်ပုန်းချင်မိလေသည်။
လွန်ခဲ့သော တစ်စက္ကန့်က သူသည် ချန်လော့မှာ နှလုံးသားစမ်းသပ်မှုကို ဘယ်တော့မှ အောင်မြင်မည် မဟုတ်ကြောင်း ယုံကြည်နေခဲ့သော်လည်း ယခုအခါ သူ မှားယွင်းကြောင်း သက်သေပြခံလိုက်ရပြီ ဖြစ်သည်။
သို့သော် မည်သူမျှ ထိုတပည့်ကို ဂရုမစိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုတပည့်နှင့် နှိုင်းယှဉ်ပါက သူတို့ နှစ်ဦးစလုံး သည် ကိုယ်ပိုင် စမ်းသပ်မှုများကို အောင်မြင်နိုင်မည်လား ဆိုသည်ကို ပို၍ စိတ်ဝင်စားနေကြသောကြောင့် ဖြစ်၏။
"မိမိကိုယ်ကိုယ် စမ်းသပ်မှုက စမ်းသပ်မှု သုံးခုထဲမှာ အခက်ခဲဆုံးပဲ... အဖြူရောင် မြအိုင်က နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့ပြီး ချန်ရှင်းဂိုဏ်းရဲ့ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ဒီနေရာမှာ သေဆုံးခဲ့ကြတယ်..."
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက မင်းကိုယ်မင်း အပြည့်အဝ ပုံတူကူးထားတာလေ... မင်း ဆေးလုံးသောက်ရင် သူလည်း သောက်တယ်... မင်း မှော်လက်နက် သုံးရင် သူလည်း သုံးတယ်... မင်း ဘာလုပ်နိုင်မှာလဲ... ပြီးတော့ တစ်ဖက်က မြူခိုးလူသားက မင်းရဲ့ သိုင်းကွက်တွေကိုတောင် တူညီစွာ သိနေတယ်ဆိုတော့... တကယ်ကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိဘူး..."
"ဒီတစ်ကြိမ် ဂိုဏ်းတူအစ်ကိုယန်နဲ့ ချန်လော့တို့လည်း ဒီနေရာမှာပဲ သေဆုံးသွားဖို့ အလားအလာ အများဆုံးပဲ... ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် လူတွေကို မျှော်လင့်နေစေတုန်းပဲ..."
ထိုအချိန်တွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော မြူခိုးလူသားက ယန်ချင်းလင်ထံသို့ ပြေးဝင်ကာ ပထမဆုံး တိုက်ခိုက်မှုကို စတင်လိုက်၏။
ယန်ချင်းလင်က နှလုံးသားစမ်းသပ်မှုမှ ပြန်လည် ထူထောင်နိုင်ခြင်း မရှိသေးပုံရပြီး မြူခိုးလူသား ပြေးဝင်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။
သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ဒိုင်းငယ်တစ်ခုကို အလျင်အမြန် ထုတ်ယူကာ ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်၏။
"ချွင်..."
ကြည်လင်သော အသံတစ်ခုနှင့်အတူ မြူခိုးဓားက ဒိုင်းကို ထိမှန်ကာ လမ်းကြောင်းလွဲသွားသည်။ ယန်ချင်းလင်လည်း သတိပြန်ဝင်လာပြီး သူ၏ ဓားရှည်ကို အလျင်အမြန် ဆွဲထုတ်ကာ ဘယ်ဘက်လက်တွင် ဒိုင်း၊ ညာဘက်လက်တွင် ဓားကို ကိုင်ဆောင်၍ မြူခိုးလူသားထံသို့ ပြေးဝင်သွား၏။
ယန်ချင်းလင်မှာ ဆက်တိုက် တိုက်ခိုက်နေပြီး သူ၏ ဓားရှည်ကို မြူခိုးလူသား၏ အရေးကြီးသော အစိတ်အပိုင်းများဆီသို့ တိုက်ရိုက် ဦးတည်ထားသည်။
မြူခိုးလူသားတွင် မျက်နှာမရှိသကဲ့သို့ မည်သည့် အမူအရာမျှလည်း မရှိပေ။ အကြိမ်ကြိမ် အခါခါပင်... ယန်ချင်းလင် လက်မရွယ်နိုင်မီမှာပင် မြူခိုးလူသား၏ ဓားက သူရှေ့သို့ ကြိုတင်ရောက်ရှိနေနှင့်ပြီး ဖြစ်သည်။ ထိုဓားသည် သူ တိုက်ခိုက်မည့် လမ်းကြောင်းကို အကွက်ကျကျ ကြိုတင်ပိတ်ဆို့ထားလေသည်။
ယန်ချင်းလင် လှုပ်ရှားလိုက်သည့် အချိန်မှာပင် သူ၏ဓား သည် မည်သည့်နေရာသို့ ကျရောက်မည်ကို ကြိုတင် သိရှိနေသကဲ့သို့ ပင်။
ဤသည်ကို မြင်သောအခါ ယန်ချင်းလင် သည် ချက်ချင်း မျက်နှာရဲသွား၏။
"ခွေးကောင်..."
သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ မိမိ၏ လှုပ်ရှားမှုတိုင်းကို အကဲဖြတ် ခံလိုက်ရသည့်အတွက် ရှက်စိတ်နှင့် ဒေါသတို့က ရောပြွမ်းနေလေသည်။ သူ၏ လက်ထဲမှ သိုင်းကွက်များမှာလည်း အဆက်မပြတ် ပြောင်းလဲကာ ပိုမို လျင်မြန်လာသော်လည်း မြူခိုးလူသားကမူ အေးအေးလူလူပင် တုံ့ပြန်နိုင်ဆဲ ဖြစ်၏။
တစ်ချိန်တည်းမှာပင် အခြား တိုက်ပွဲမြေပြင် တစ်ခုတွင်မူ ချန်လော့သည် မြူခိုးလူသားကို ကျောခိုင်း၍ ခါးထောက်ကာ ယန်ချင်းလင်နှင့် မြူခိုးလူသားတို့၏ တိုက်ပွဲကို ရပ်ကြည့်နေသည်။
"ဒီမြူခိုးလူသားက စွမ်းအားနဲ့ မှော်လက်နက်ကို ပုံတူကူးနိုင်ရုံသာမကဘဲ သင်ယူထားတဲ့ သိုင်းကွက်တွေ၊ လှုပ်ရှားမှုတွေနဲ့ တိုက်ခိုက်ရေး ဗျူဟာတွေကိုတောင် ပုံတူကူးနိုင်တာပဲ... တကယ်ကို ကြောက်စရာကောင်းတယ်..."
ထိုသို့ပြောရင်း ချန်လော့သည် သူ၏ အနောက်ရှိ မြူခိုးလူသားကို ကြည့်လိုက်၏။ ထိုလူသည် မလှုပ်မယှက် မြေပြင်ပေါ်တွင် ရပ်မြဲရပ်နေသဖြင့် သူသည် မျက်မှောင်ကြုတ်မိလိုက်သည်။
"ကျစ်... ငါ မင်းကို ဒီလောက်တောင် ကျောခိုင်းထားပြီးပြီလေ... မင်းက လှုပ်ရှားဖို့ အစီအစဉ် မရှိဘူးလား..."
***