မိနစ်အနည်းငယ် အကြာတွင် ချန်လော့သည် သူ့ရှေ့က မြူခိုးလူသားကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်၏။
မြူခိုးလူသားက သူ၏ အရာအားလုံးကို ပုံတူကူးထားသဖြင့် ချန်လော့ အနေဖြင့် မြူခိုးလူသားကို ရင်ဆိုင်ရာတွင် မည်သည့် ဖိအားကိုမျှ မခံစားရချေ။
သို့သော် မြူခိုးလူသားကလည်း သူ့ကို ရင်ဆိုင်ရာတွင် မည်သည့် ဖိအားကိုမျှ မခံစားရပေ။
သူသည် ဤမြူခိုးလူသားနှင့် တိုက်ခိုက်နေသည်မှာ မိနစ်အနည်းငယ် ကြာပြီဖြစ်ပြီး သူ၏ ဝိညာဉ်စွမ်းအင်များမှာ ခန်းခြောက်နေပြီ ဖြစ်၏။
သူသည် ဆေးလုံး သောက်ပြီးနောက် ပြန်လည် နာလန်ထူရန် စတင်သည်နှင့် တစ်ပြိုင်နက် မြူခိုးလူသားကလည်း ထိုအတိုင်း လိုက်လုပ်မည် ဖြစ်သည်။
အကယ်၍ ဤသို့ အချိန်ဖြုန်းနေပါက ချန်လော့အနေဖြင့် သူ မရှုံးနိုင်ကြောင်း အာမခံနိုင်လျှင်တောင် ၊ မြူခိုးလူသားကိုတော့ သေချာပေါက် အနိုင်ယူနိုင်မည် မဟုတ်ပေ။ အကောင်းဆုံး အနေအထားမှာ သရေကျရုံသာ ရှိမည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း မည်သူမဆို မြူခိုးလူသားနှင့် ရင်ဆိုင်ရာ၌ သရေကျနိုင်သည်ဟူသော အချက်ကို ချန်လော့ တစ်ခါမျှ မယုံကြည်ခဲ့ပေ။
အဖြူရောင်မြအိုင်အတွင်းရှိ အခွင့်အရေးကို ရယူနိုင်ခြင်းမရှိခဲ့သည်မှာ မြူခိုးလူသားကို အနိုင်ယူခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း သက်သေပြနေခြင်းပင်။ ဤစမ်းသပ်မှုတွင် သရေကျခြင်းသည် ရှုံးနိမ့်ခြင်းဟုသာ မှတ်ယူရပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ ချန်လော့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"မြူခိုးလူသားကို အနိုင်ယူမှပဲ ငါ မိမိကိုယ်ကိုယ် စမ်းသပ်မှုကို အောင်မြင်နိုင်မယ် ထင်တယ်..."
"ဒါပေမဲ့ သူတို့က တူညီတဲ့ နည်းလမ်းကို သုံးကြတော့ တစ်ယောက်က နောက်တစ်ယောက်ရဲ့ ဗျူဟာကို ချိုးဖျက်လို့ မရဘူး..."
"ဒီလိုမှမဟုတ်ရင်..."
ချန်လော့သည် သူ၏ မျက်နှာချင်းဆိုင်ရှိ မြူခိုးလူသားကို ကြည့်၍ တိတ်ဆိတ်နေလိုက်၏။
ဤတာအို စမ်းသပ်မှုကို "မိမိကိုယ်ကိုယ်" ဟု ခေါ်ဆိုပြီး သင် ပိုင်ဆိုင်ထားသော အရာအားလုံးကို ပုံတူကူးထားသည်။
သင် တိုက်ခိုက်နေရသူမှာ သင်ကိုယ်တိုင် ဖြစ်ပြီး သင့်ကိုယ်သင် အနိုင်ယူလိုပါက နည်းလမ်း တစ်ခုတည်းသာ ရှိ၏။ မိမိကိုယ်ကိုယ် ထိုးဖောက်ဝင်ရောက်ခြင်းပင် ဖြစ်သည်။
တကယ်တမ်းတွင် ချန်လော့သည် မြူခိုးလူသားနှင့် တိုက်ပွဲ စတင်ပြီး မကြာမီမှာပင် ဤအရာကို ခန့်မှန်းမိပြီး ဖြစ်၏။
သို့သော် ချန်လော့သည် အလျင်မလိုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်ရှိ ယန်ချင်းလင် မြင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
အကယ်၍ ထိုသကောင့်သားသည် သူ့ထက် အရင် အောင်မြင်သွားခဲ့ပါက၊ သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။
ယခု ယန်ချင်းလင်သည် ပြိုင်ပွဲမှ ထွက်သွားပြီ ဖြစ်သဖြင့် ဤအခွင့်အရေးအတွက် မြူခိုးလူသားနှင့် တိုက်ခိုက်နေသူမှာ သူ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
ချန်လော့သည် အေးစက်သော အပြုံးတစ်ခုဖြင့် မြူခိုးလူသားကို မော့ကြည့်လိုက်၏။
"မင်းက ငါ့ရဲ့ အရာအားလုံးကို ပုံတူကူးထားပေမယ့် နောက်ဆုံးတော့ မင်းက အသက်မရှိတဲ့ အရာဝတ္ထု တစ်ခုပါပဲ..."
"ငါ ဘယ်လို တိုက်ခိုက်သလဲ၊ ငါ ဘယ်လို ပြုမူသလဲ၊ ငါ ဘာစွမ်းရည်တွေ သုံးသလဲ၊ ပြီးတော့ ငါ့ဆီမှာ ဘာမှော်လက်နက်တွေ ရှိသလဲဆိုတာ မင်း သိလား..."
"ဒါပေမဲ့ မင်း ပုံတူကူးလို့ မရတဲ့ အရာတစ်ခုကတော့ ငါ့ကိုယ်ငါ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ စွမ်းရည်ပဲ..."
(ပြီးတော့ စနစ်လေ...) ချန်လော့၏ အတွင်းစိတ်က အော်ဟစ်လိုက်၏။
ထိုသို့ပြောပြီးနောက် ချန်လော့သည် အချိန်မဖြုန်းတော့ဘဲ အဆ ၁၀၀ တိုးပွားခြင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။
"အဆ ၁၀၀ တိုးပွားခြင်းကို အသက်သွင်းရန် ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်ကျပါမည်"
ထို့နောက် လူတိုင်း၏ မျက်စိရှေ့တွင် ချန်လော့သည် သူ၏ လက်ထဲရှိ ဓားရှည်ကို ရုတ်တရက် သိမ်းဆည်းလိုက်၏။
အဖြူရောင် မြအိုင် အပြင်ဘက်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့အားသင့်သွားကြသည်။
"ချန်လော့ ဘာလုပ်နေတာလဲ... သူ ဘာလို့ ဓားကို သိမ်းလိုက်တာလဲ..."
"ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့ အခွင့်အရေး မရှိဘူးလို့ ခံစားရလို့ အရှုံးပေးဖို့ ပြင်ဆင်နေတာများလား..."
"အရှုံးပေးတယ် ဟုတ်လား... အဲဒါက စောက်ရမ်း အောက်တန်းကျတာပဲ... ဂိုဏ်းတူအစ်ကိုယန်က ရှုံးသွားနိုင်ပေမယ့် အနည်းဆုံးတော့ သူက မြူခိုးလူသားနဲ့ အပြည့်အဝ တိုက်ခိုက်ခဲ့သေးတယ်... သူက ဘယ်လိုလုပ် အရှုံးပေးနိုင်ရတာလဲ..."
"တိုက်ရိုက်တပည့် တစ်ယောက်အနေနဲ့ သူ့ရဲ့ အပြုအမူကို ရှက်မိပါတယ်..."
ဤသည်က မကြာသေးမီက ရှုံးနိမ့်ပြီးနောက် သူ၏ ဂုဏ်သတင်း အချို့ကို ပြန်လည် ဆယ်ယူနိုင်မည်ဟု တွေးကာ ယန်ချင်းလင်က ချက်ချင်း ဝင်ပြောလိုက်သည်။
သို့သော် ဘေးတွင် ရပ်နေသော ကျောက်မန်သည် အမှားအယွင်း ရှိသည်ဟု မထင်ပေ။
"ဘယ်လိုပဲဖြစ်ဖြစ် ရှုံးဖို့ သေချာနေပြီဆိုလည်း စောစောစီးစီး လက်လျှော့လိုက်တာ ပိုကောင်းတာပေါ့..."
"စမ်းသပ်လေ့ကျင့်ရေးကွင်း အတွင်းက တခြားနေရာတွေမှာ အခွင့်အရေးတွေ ရှာဖို့ မင်းတို့ရဲ့ ခွန်အားတွေကို ချန်ထားဦး”
"ဒီနေရာမှာ အချိန်ဖြုန်းနေတာထက် ပိုကောင်းတယ်..."
ကျောက်မန် သည် ထိုသို့ပြောလိုက်ပြီး ၊ ချန်လော့သည် အရှုံးပေးရန် ရည်ရွယ်မထားကြောင်းကို သူမ ယုံကြည်ထားပုံရသည်။
ယန်ချင်းလင် အပါအဝင် မည်သူမျှ စကားမပြောကြပေ။ မည်သို့ပင်ဆိုစေကာမူ ကျောက်မန်ကလည်း တိုက်ရိုက်တပည့် တစ်ဦးဖြစ်ပြီး သူမ၏ အဆင့်အတန်းက ယန်ချင်းလင်ထက် များစွာ မြင့်မား၏။သူမသည် အဆိပ်တစ်သောင်းခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အကယ်၍ ချန်လော့သာ သူတို့၏ အနီးတွင် ရှိနေပါက ယန်ချင်းလင်မှလွဲ၍ မည်သူမျှ ချန်လော့ကို နောက်ထပ် စကားတစ်ခွန်းမျှ ပြောဝံ့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ တိုက်ရိုက်တပည့် ဆိုသည်မှာ အဆင့်အတန်းအရ သူတို့နှင့် အလွန် ကွာခြားလှ၏။
သူတို့သည် နောက်ကွယ်တွင် ကျိန်ဆဲနိုင်သော်လည်း တိုက်ရိုက် ရင်ဆိုင်ရန်မူ မဝံ့ရဲကြချေ။
"မဟုတ်ဘူး... သူ အရှုံးမပေးသေးဘူး..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ လူတိုင်းက ချက်ချင်းပင် ချန်လော့ရှိရာ ဘက်သို့ ကြည့်လိုက်ကြ၏။
ချန်လော့၏ လက်ထဲတွင် သတ်ဖြတ်ခြင်း ဝင်္ကပါများ၊ ချုပ်နှောင်ရေး ဝင်္ကပါများ၊ စွမ်းအားမြှင့် ဝင်္ကပါများ... ဝင်္ကပါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ချန်လော့သည် ဝင်္ကပါများကို အလွန် လျင်မြန်စွာ ဖွဲ့စည်းနေပြီး တစ်စက္ကန့်လျှင် ဝင်္ကပါအသစ် တစ်ခုနီးပါး ရှိ၏။
သို့သော် ဝင်္ကပါ ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် တစ်ဖက်ရှိ မြူခိုးလူသားက ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
သူသည် ဝင်္ကပါ စွမ်းရည်များကို အသုံးပြုရန် အချိန်ပင် မရလိုက်ဘဲ အားလုံး ပျောက်ကွယ်သွားကြ၏။
တစ်ချိန်တည်းမှာပင် ချန်လော့၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက်များ အဆက်မပြတ် မြည်တမ်းလာသည်။
"သင်သည် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို ရေးဆွဲခဲ့ပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ရာကို ရေးဆွဲခဲ့သည်"
"သင်၏ ဝင်္ကပါဆရာ စွမ်းရည်မှာ အလွန် မြင့်မားလာပါသည်"
"သင်သဘ် အခြား ဝင်္ကပါဆရာ တစ်ဦး ဝင်္ကပါ ဖျက်ဆီးနေသည်ကို မြင်တွေ့ခဲ့ရပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် ဝင်္ကပါ တစ်ရာ ဖျက်ဆီးသည်ကို မြင်တွေ့ခဲ့ရသည်"
"သင်သည် ဝင်္ကပါနှင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှု များစွာကို ရရှိခဲ့သည်"
…
သူ၏ စိတ်ထဲရှိ အသံများက အဆက်မပြတ် ထွက်ပေါ်လာပြီး ချန်လော့သည် သူ၏ ဝင်္ကပါ စွမ်းရည်များမှာ အဆက်မပြတ် တိုးတက်နေသည်ကို ခံစားခဲ့ရသည်။
သူသည် မူလက ပထမအဆင့် ဝင်္ကပါ အထွတ်အထိပ်တွင် ရှိပြီး ဒုတိယအဆင့် ကနဦးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
အရင်က ထိုးဖောက်မဝင်ရောက်နိုင်ခဲ့ရခြင်းမှာ သူ၏ ကျင့်ကြံမှုအဆင့်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးလို့သာလျှင် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင်လည်း သူသည် တခြားကိစ္စများနှင့် အလုပ်များနေသဖြင့် အချိန်မရခဲ့ပေ။
လောချင်းယွီသည် စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ မရောက်မီကတည်းက ဒုတိယအဆင့် ဝင်္ကပါဆရာနှင့် ပတ်သက်သည့် အချက်အလက်များကို ချန်လော့ထံသို့ လွှဲပြောင်းပေးထားပြီး ဖြစ်၏။
ချန်လော့သည် ကြည့်ရှုပြီးသွားပြီ ဖြစ်သော်လည်း ထိုအချိန်က သူသည် ဒုတိယအဆင့် ဝင်္ကပါဆရာအဖြစ် ထိုးဖောက်မဝင်ရောက်ဘဲ သိုင်းကွက်များကို အရင် ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။
ယခုအခါ ၎င်းက ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ဒါပေမဲ့ ဒုတိယအဆင့် ဝင်္ကပါဆရာအဖြစ် ထိုးဖောက်ဝင်ရောက်ဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မသေချာဘူး..."
ချန်လော့ စကားပြောနေစဉ် သူ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
ထိုးဖောက်ဝင်ရောက်ခြင်း ဆိုသည်မှာ အတော်လေး နက်နဲသော အယူအဆ တစ်ခု ဖြစ်သည်။ ပထမအဆင့် အထွတ်အထိပ်နှင့် ဒုတိယအဆင့် ကနဦးအဆင့်ကြားတွင် ခြေတစ်လှမ်းသာ ကွာဟသော်လည်း…
ထိုခြေတစ်လှမ်းကို လှမ်းရန် အချိန်မည်မျှ ကြာမည်ကို ပြောရန် ခက်ခဲ၏။
အချို့လူများက မည်သည့် အတားအဆီးမျှ မရှိဘဲ ဖြတ်ကျော်သွားကြသည်။
သို့သော် အချို့လူများက နှစ်နှစ် သို့မဟုတ် သုံးနှစ် လိုအပ်၏။
အချို့လူများမှာမူ သူတို့၏ ဘဝတစ်လျှောက်လုံး ဤကွာဟချက်ကို မဖြတ်ကျော်နိုင်ကြပေ။
"စနစ်ကို ထည့်မတွက်ဘူးဆိုရင် ငါ့ရဲ့ ကိုယ်ပိုင် ပါရမီအရဆို ဆယ်နှစ်လောက် ကြာလိမ့်မယ်..."
ချန်လော့က ခါးသီးစွာ ပြုံးလိုက်သည်။ သူ၏ စကားများတွင် မိမိကိုယ်ကိုယ် နှိမ့်ချသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသော်လည်း ဤသည်မှာ အမှန်တရားလည်း ဖြစ်၏။
သူ၏ ပါရမီသည် အမှန်တကယ်ပင် အားနည်းလှသည်။ ထိုသို့မဟုတ်ပါက ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် အကြိမ် ၂၀၁ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ရမည် မဟုတ်ချေ။
သို့သော် ယခု စနစ် ရှိနေပြီဖြစ်သဖြင့် အခြေအနေက ကွာခြားသွားပြီ ဖြစ်၏။
ဝင်္ကပါများ ဒါဇင်ပေါင်းများစွာကို ဆက်တိုက် တည်ဆောက်ပြီးနောက် ချန်လော့သည် အနည်းငယ် ပင်ပန်းလာသည်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် ရိုးရှင်းစွာပင် ရပ်တန့်လိုက်၏။
ဤအချိန်တွင် မြူခိုးလူသားက တစ်ခုခုကို အာရုံခံမိသွားပုံရပြီး ချန်လော့အပေါ်သို့ ဝင်္ကပါများ ဆက်တိုက် စတင် ရေးဆွဲတော့သည်။
အခန်းကဏ္ဍများ ပြောင်းလဲသွားပြီး ဤတစ်ကြိမ်တွင် ချန်လော့က ဝင်္ကပါများကို ဖျက်ဆီးရမည့်သူ ဖြစ်လာသည်။
"သင်သည် အခြား ဝင်္ကပါဆရာ တစ်ဦး ဝင်္ကပါ ရေးဆွဲနေသည်ကို မြင်တွေ့ခဲ့ရပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် ၎င်းက ဝင်္ကပါ တစ်ရာ ရေးဆွဲသည်ကို မြင်တွေ့ခဲ့ရသည်"
"သင်သည် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခုကို ဖျက်ဆီးခဲ့ပြီး အဆတစ်ရာ တိုးပွားခြင်းအပြီးတွင် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ရာကို ဖျက်ဆီးခဲ့သည်"
"သင်၏ ဝင်္ကပါဆရာ စွမ်းရည်များ အလွန် မြင့်မားလာပါသည်"
စနစ်၏ အသံက ချန်လော့၏ စိတ်ထဲတွင် ဆက်လက် ပဲ့တင်ထပ်နေ၏။
ချန်လော့ကိုယ်တိုင်ကလည်း ဒုတိယအဆင့် ဝင်္ကပါဆရာ ဖြစ်လာရန် ပိုမို နီးကပ်လာပြီဖြစ်ကြောင်း ရေးတေးတေး ခံစားလိုက်ရသည်။
***