"ခန္ဓာကိုယ် စစ်ဆေးမှု ရလဒ်တွေ ဘယ်လိုနေလဲ..."
"ဒီလိုပါပဲကွာ..."
"မင်းရော ဘယ်လိုလဲ..."
"မပြောတာပဲ ကောင်းပါတယ်ကွာ..."
"ငါ့ရဲ့ ခန္ဓာကိုယ် ကျင့်စဉ် ရလဒ်တွေက အခုထိ အောင်မှတ် မမီသေးဘူး... ဘယ်လို လုပ်ရပါ့မလဲ..."
စာသင်ခန်းထဲတွင် ဆူညံနေသော အသံမျိုးစုံ ထွက်ပေါ်နေ၏။
ချင်ဟန်က ပတ်ပတ်လည်ကို လှည့်ပတ် ကြည့်ရှုလိုက်ရာ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာများစွာကို တွေ့လိုက်ရသည်။ သူတို့ ပြောဆိုနေကြသည့် စကားများကို နားထောင်ရင်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ လက်တွေ့ဘဝကိုပင် သံသယ ဝင်လာတော့၏။
သူ ဤပြောင်းလဲနေသော လောကကြီးဆီ ရောက်ရှိလာခဲ့သည်မှာ လဝက်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုထက်တိုင် အသားမကျသေးချေ။
"လောကကြီး ပြောင်းလဲသွားပြီပဲ..."
ချင်ဟန်က ခေါင်းခါယမ်းလိုက်ပြီး စားပွဲအံဆွဲထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
ထိုစာအုပ်မှာ သူရင်းနှီးနေကျ စာအုပ်များနှင့် မတူဘဲ အလွန်တရာမှ ထူထဲလှသည်။
စာအုပ် မျက်နှာဖုံးမှာ ရိုးရှင်းလှပြီး အပေါ်တွင် စာလုံးကြီး အနည်းငယ်ကိုသာ ရေးသားထား၏။
ခန္ဓာကိုယ် ကျင့်စဉ် အခြေခံ။
ထိုစာအုပ်နောက်တွင်တော့ ချင်ဟန်က အံဆွဲထဲမှ အခြား စာအုပ်အနည်းငယ်ကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။
ခန္ဓာကိုယ် ကျင့်စဉ် သီအိုရီ၊ သိုင်းပညာ သမိုင်းကြောင်း၊ ထူးခြား စွမ်းအင်များ၏ အရင်းအမြစ်...
သူ့ရှေ့တွင် စာအုပ်များ အပုံလိုက် ဖြစ်နေလေပြီ။ သူ့ယခင် လောကတွင်ဆိုလျှင် ဤစာအုပ်များကို စိတ်ကူးယဉ် ဝတ္ထုများ အနေဖြင့်သာ ဖတ်ရှုရပေလိမ့်မည်။
"ဟူး..."
ချင်ဟန် တစ်ယောက် ထိုစာအုပ်များကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
ရိုးရိုးသားသား ဆိုရလျှင် ဤလောကသစ်ဆီ ပထမဆုံးအကြိမ် ရောက်လာစဉ်က သူ အတော်လေး စိတ်လှုပ်ရှားခဲ့ရသည်။
လူတစ်ယောက်၏ ဘဝတွင် နောင်တ မရဖူးသူဟူ၍ ဘယ်သူများ ရှိမည်နည်း။
အထက်တန်းကျောင်းသား ဘဝသို့ ပြန်လည် ရောက်ရှိလာခြင်းမှာ ပြီးပြည့်စုံလွန်းလှ၏။ သူ့တွင် နောင်တများစွာ ရှိခဲ့ပြီး ယခုအခါ ထိုအရာများ အားလုံးကို ပြန်လည် ပြင်ဆင်နိုင်မည့် အခွင့်အရေး ရရှိနေပြီ မဟုတ်ပါလား။
ထိုစဉ်က သူ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ပြီး ရည်မှန်းချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဤလောကတွင် ကြီးကျယ် ခမ်းနားသော အရာများကို လုပ်ဆောင်ချင်ခဲ့သော်လည်း လက်တွေ့ဘဝက သူ့အား ပြင်းထန်သော ထိုးနှက်ချက် တစ်ခု ပေးစွမ်းခဲ့လေပြီ။
လောကကြီးက ပြောင်းလဲသွားခဲ့လေပြီ။
သူက လောကသစ် တစ်ခုဆီ ရောက်လာခဲ့ခြင်း ဖြစ်ပြီး အချိန်များကလည်း နောက်ပြန် ဆုတ်သွားခဲ့သည်။ သူ့မှတ်ဉာဏ်ထဲရှိ ပတ်ဝန်းကျင်မှ လူများ အားလုံးကိုလည်း ကောင်းစွာ မှတ်မိနေဆဲပင်။
သူ့ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အခြား ရင်းနှီးကျွမ်းဝင်သူများ အားလုံး ရှိနေကြဆဲ ဖြစ်ပြီး သူတို့နှင့် ပတ်သက်၍ ဘာတစ်ခုမှ ကွဲပြားခြားနားသွားခြင်း မရှိချေ။
ပြောင်းလဲသွားသည့် တစ်ခုတည်းသော အရာမှာ လောကကြီးသာ။
ဤသည်မှာ သိုင်းပညာ လောကတစ်ခုပင်။
ဤလောကတွင် သိုင်းပညာဆိုသည်မှာ အလွန်တရာမှ လက်တွေ့ဆန်လှသည်။ အလွန် နာမည်ကျော်ကြားသော သိုင်းပညာ ဆရာသခင်များစွာ ရှိနေပြီး သူတို့အားလုံးက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်မြက်ကြ၏။
ထိုသည်မှာ သူ့ယခင် လောကတွင် လုံးဝ မရှိခဲ့သော အရာများ ဖြစ်သည်။
ထိုမျှမကသေးဘဲ ဤလောက၏ ရှေးဟောင်း သမိုင်းကြောင်း တစ်လျှောက်တွင် သိုင်းပညာ ဆရာသခင်များဖြင့် ပြည့်နှက်နေခဲ့သည်။ သမိုင်းဝင် အဖြစ်အပျက်ကြီးများ အများစုမှာလည်း ဤဆရာသခင်များနှင့် ဆက်စပ်နေသည်။
ချင်ဟန် ကဲ့သို့သော သာမန် ကျောင်းသား တစ်ယောက် အတွက်ပင် စာပေ ဘာသာရပ်များ အပြင် သိုင်းပညာ ဘာသာရပ်များကိုပါ သင်ယူနေရ၏။
ဤအချက်က ချင်ဟန်၏ အတိတ်လောကနှင့် အကြီးမားဆုံး ကွာခြားချက်ပင် ဖြစ်တော့သည်။
ဤအပြောင်းအလဲများ မည်သည့် အကြောင်းကြောင့် ဖြစ်ပေါ်လာမှန်း သူ နားမလည်နိုင်ခဲ့ပေ။
ဤလောက၏ ကဏ္ဍစုံကို စဉ်းစားမိတိုင်း ချင်ဟန် တစ်ယောက် အကြောင်းပြချက် မရှိဘဲ သက်ပြင်း ချချင်နေမိသည်။
ကံကောင်းသည်က သူ့အစပျိုးမှုမှာ အတော်လေး ကောင်းမွန်နေခြင်းပင်။
ယခင်လောကရှိ အထက်တန်းကျောင်းတွင် သူ့ရလဒ်များမှာ အတော်လေး ကောင်းမွန်ခဲ့သည်။ အတော်ဆုံး ကျောင်းသားများထဲ မပါဝင်သည့်တိုင် အတန်းထဲ၌ အဆင့်တစ်ဆယ် အတွင်းတော့ အမြဲ ချိတ်ခဲ့၏။
ဤလောကတွင်မူ စာပေ ဘာသာရပ်များ၌ အမှတ်ကောင်းရုံသာမက သိုင်းပညာ ဘာသာရပ်များတွင်ပါ ထူးချွန်နေခဲ့သည်။
ဘာသာရပ် အသီးသီးရှိ သူ့ရမှတ်များမှာ စံပြ ဖြစ်နေပြီး ဤအထက်တန်းကျောင်း၏ ထိပ်တန်း ကျောင်းသားများထဲမှ တစ်ဦး ဖြစ်နေလေပြီ။
ထိုအရာက သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့သည်။
သို့သော် ဤမျှနှင့် မလုံလောက်သေးချေ။
ချင်ဟန်က စားပွဲရှေ့တွင် ထိုင်ရင်း တိတ်ဆိတ်စွာ တွေးတောနေမိသည်။
"ဒီလောကရဲ့ စည်းမျဉ်းတွေက ငါ့အရင် လောကက စည်းမျဉ်းတွေနဲ့ တော်တော်လေး ဆင်တူတယ်... တက္ကသိုလ် ဝင်ခွင့် စာမေးပွဲကလည်း အရမ်း အရေးကြီးတာပဲ..."
"ဒါပေမဲ့ အရင်လောကနဲ့ ယှဉ်လိုက်ရင် ဒီလောကရဲ့ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲက စာပေ ဘာသာရပ် တွေကိုပဲ စစ်ဆေးတာ မဟုတ်ဘဲ သိုင်းပညာ ဘာသာရပ်တွေကိုပါ စစ်ဆေးနေတာ..."
"စာပေ ဘာသာရပ် တွေက ပြဿနာ မရှိပါဘူး... အချိန်က နောက်ထပ် ခြောက်လလောက် ကျန်သေးတော့ ကြိုးကြိုးစားစား လေ့လာလိုက်ရင် ငါ့ရည်မှန်းချက်ကို ရောက်နိုင်လောက်ပါတယ်..."
"ဒါပေမဲ့ သိုင်းပညာ ဘာသာရပ်တွေကတော့..."
ချင်ဟန် မျက်မှောင်ကြုတ် သွား၏။
အတိတ်လောကရှိ ယခင်ဘဝက သူ ကျောင်းပြီး၍ လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ခဲ့ပြီး ဖြစ်သောကြောင့် သူ့တွင် နှစ်ပေါင်းများစွာ စုဆောင်းထားသော အတွေ့အကြုံများ ရှိနေဆဲပင်။ ဤလောက၏ မှတ်ဉာဏ်များနှင့်ပါ ပေါင်းစပ်လိုက်လျှင် သူသာ ကြိုးစားသရွေ့ စာပေ ဘာသာရပ်များ၌ ရည်မှန်းချက် ပြည့်မီရန် ပြဿနာ ရှိမည် မဟုတ်ချေ။
သို့သော် သိုင်းပညာ ဘာသာရပ်များ အတွက်မူ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေရသည်။
သိုင်းပညာ ရမှတ်များ ဆိုးရွားနေခြင်းက တက္ကသိုလ် ဝင်ခွင့်အပေါ် သက်ရောက်မှု မရှိသည့်တိုင်အောင် ရလဒ်ကောင်းများ ရရှိထားခြင်းက အကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
ဖြစ်နိုင်ပါက ချင်ဟန် တစ်ယောက် အနာဂတ်အတွက် ကောင်းမွန်သော အုတ်မြစ်တစ်ခု ချမှတ်နိုင်ရန်နှင့် အစပျိုးမှု ကောင်းမွန်စေရန် ကလောင်နှင့် ဓား နှစ်မျိုးလုံးတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ချင်နေမိသည်။
"ဒီအရာက ငါ့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်ရတာပဲ..."
ချင်ဟန် ညင်သာစွာ သက်ပြင်းချရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
သူ့စိတ်ထဲမှ အတွေးတစ်ခုနှင့် အတူ စာလုံးများနှင့် ဂဏန်းတန်း တစ်ခုက မျက်စိရှေ့တွင် ထွက်ပေါ်လာတော့သည်။
လက်ရှိ ရမှတ် - ၁၉။
"၁၉... ငါ ဒီလောကကို ရောက်နေတဲ့ ရက်အရေအတွက်နဲ့ အတူတူပဲ..."
ဤဂဏန်းများကို ကြည့်ရင်း ချင်ဟန်၏ စိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့၏။
ဤဂဏန်းများက လောကသစ်ဆီ ရောက်လာကတည်းက သူ့ထံတွင် ရှိနေခဲ့ခြင်းပင်။
ဤလောကတွင် လဝက်ကျော် ကြာနေပြီ ဖြစ်သော်လည်း ထိုအရာက မည်သို့ အသုံးဝင်မှန်း ယခုထိ နားမလည်သေးပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဂဏန်းများ တိုးလာမည်ကိုသာ သူ သိထားသည်။
သို့တိုင် မည်သည့် နေရာတွင် အသုံးပြုရမည်ကိုမူ စဉ်းစား၍ မရသေးချေ။
စားပွဲရှေ့တွင် ထိုင်နေရင်း ခေါင်းကိုမော့ကာ အရှေ့ဘက်ရှိ ဆရာ့ စားပွဲဆီ လှမ်းကြည့်လိုက်သည်။
စားပွဲပေါ်တွင် နာရီတစ်လုံး ချိတ်ဆွဲထားပြီး နေ့လည် ၁၂ နာရီ ထိုးလုနီးပါး ဖြစ်နေလေပြီ။
သူက နာရီကို စိုက်ကြည့်ရင်း အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်၏။
ဒေါင်...
ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
အပြင်ဘက်မှ ကျောင်းဆင်းခေါင်းလောင်း ထိုးသံပင်။
"အတန်းဆင်းပြီဟေ့..."
ပတ်ပတ်လည်ရှိ ကျောင်းသားများမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသဖြင့် စာသင်ခန်းမှာ ချက်ချင်းပင် အသက်ဝင်လာတော့သည်။
သို့သော် ချင်ဟန်က ထိုအရာများကို ဂရုမစိုက်ဘဲ အရှေ့ကိုသာ ဆက်လက် စူးစိုက် ကြည့်နေခဲ့သည်။
သူ ကြည့်နေစဉ်မှာပင် မျက်စိရှေ့ရှိ ဂဏန်းများ စတင် ပြောင်းလဲလာ၏။
လက်ရှိ ရမှတ် - ၂၀။
အသစ် ပြောင်းလဲသွားသော ဂဏန်းများက သူ့မျက်စိရှေ့တွင် ပေါ်လွင်နေပြီး ၂၀ ဟူသော ကိန်းဂဏန်း ဖြစ်လာခဲ့လေပြီ။
"တခြား ဘာမှ မရှိတော့ဘူးလား..."
ချင်ဟန် အနည်းငယ် ရှုပ်ထွေးသွားသည်။ ဤဂဏန်းကို ကြည့်ရင်း သူ အတော်လေး ဇဝေဇဝါ ဖြစ်နေမိ၏။
သူ့ထံတွင် ရှိနေသော ဤအရာနှင့် ပတ်သက်ပြီး အမြဲတမ်း စပ်စုချင်စိတ် ပြင်းပြနေခဲ့သည် မဟုတ်ပါလား။
ယခင်က သူ့ ရမှတ် ၂၀ ပြည့်သွားချိန်တွင် တစ်စုံတစ်ခု ဖြစ်လာလိမ့်မည်ဟု အမြဲ ခံစားနေခဲ့ရသည်။
ထိုအရာက မှားယွင်းသော ခံစားချက် တစ်ခုသာ ဖြစ်နေခဲ့သလော။
သူ ရှုပ်ထွေးသွားပြီး စိတ်ပျက်မှုကိုပါ မထိန်းချုပ်နိုင်တော့ပေ။
ထိုအချိန်မှာပင် မျက်နှာပြင် တစ်ခုက သူ့မျက်စိရှေ့ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် မှုန်ဝါးဝါး ခံစားချက် တစ်ခုက တွဲဖက် ပါဝင်လာ၏။
ချင်ဟန် တစ်ယောက် မှုန်ဝါးနေသော မျက်မှန် တစ်လက်ကို တပ်ဆင်ထားရသကဲ့သို့ ခံစားလိုက်ရပြီး အရှေ့ဘက်မှ သက်သောင့်သက်သာ မရှိသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
ခေါင်းကို အလျင်အမြန် ခါယမ်းပြီးနောက် အရှေ့သို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် အပြောင်းအလဲ အသစ်တစ်ခု ဖြစ်ပေါ်နေလေပြီ။
"လိုအပ်ချက်များ ပြည့်မီသွားပါပြီ... သရုပ်ဖော် စနစ်ကို စတင်လိုပါသလား..."
စာကြောင်း အသစ်တစ်ကြောင်းက မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လာ၏။
"သရုပ်ဖော် စနစ်..."
ချင်ဟန် အတော်လေး အံ့အားသင့်သွားသည်။ ဤစာသားများကို စိုက်ကြည့်နေစဉ်မှာပင် မျက်စိရှေ့ရှိ မြင်ကွင်းက လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
သူ့ရှေ့ရှိ မျက်နှာပြင် အပြောင်းအလဲ ဖြစ်သွားပြီး ဂိမ်းကစားရာတွင် မြင်ရသည့် မျက်နှာပြင်မျိုး ထွက်ပေါ်လာခဲ့သည်။
အလင်းစက် အစီအရီ ရှိနေသော်လည်း ပထမဆုံး တစ်ခုတည်းကသာ အလင်းရောင်များဖြင့် တောက်ပနေ၏။
"ဒါက... ဘာကြီးလဲ..."
ချင်ဟန် တစ်ယောက် တွေဝေသွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ ထိုမျက်နှာပြင်ကို ကြည့်ရင်း အချိန်အတော်ကြာ ကြောင်အမ်းသွားခဲ့သည်။
ထို့နောက် အသိစိတ်မဲ့စွာဖြင့်ပင် တောက်ပနေသော ထိုပထမဆုံး အလင်းစက်လေးကို ငုံ့ကြည့်လိုက်မိသည်။
သူ့အကြည့်များ အလင်းစက်ပေါ် ကျရောက်သွားသည်နှင့် နောက်ထပ် စာသားအချို့ ထပ်မံ ထွက်ပေါ်လာတော့သည်။
"မှော်ဆရာ လောက... ဝင်ရောက်ရန် လိုအပ်ချက် - ရမှတ် ၂၀..."
"သရုပ်ဖော် စနစ်ကို စတင်လိုပါသလား..."
"ဟင့်အင်း..."
ချင်ဟန် အလိုအလျောက်ပင် ငြင်းဆန်လိုက်သည်။
သူ ကျောင်းတွင် ရှိနေသေးသောကြောင့် ဤအရာက မည်သည့်အရာ ဖြစ်နေပါစေ စမ်းသပ်ကြည့်ရန် အဆင်မပြေသေးချေ။
အိမ်ပြန်ရောက်မှသာ လုံခြုံသော ပတ်ဝန်းကျင် တစ်ခုတွင် စမ်းသပ်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
အလျင်စလို လုပ်ရန် မလိုအပ်ပေ။
ချင်ဟန် သဘောပေါက်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ဝင်ခွင့် လိုအပ်ချက်က ရမှတ် ၂၀ ကိုး... ဒါကြောင့် ဒီနေ့မှ ပွင့်လာတာ ဖြစ်ရမယ်..."
ထိုသရုပ်ဖော် စနစ်နှင့် ပတ်သက်ပြီး သူ ခန့်မှန်းကြည့်နိုင်သော်လည်း သေချာပေါက် အတည်ပြုနိုင်ခြင်းတော့ မရှိသေးချေ။
မည်သို့ပင် ခန့်မှန်းနေပါစေ သူကိုယ်တိုင် စမ်းသပ်ကြည့်ပြီးမှသာ သေချာနိုင်ပေလိမ့်မည်။
ထိုအကြောင်း တွေးရင်း မတ်တပ် ထရပ်ကာ ပတ်ပတ်လည်ကို အကဲခတ်လိုက်သည်။
ထိုတိုတောင်းသော အချိန်လေး အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ကျောင်းသားများ အားလုံး ထွက်ခွာသွားကြလေပြီ။
လူအနည်းငယ်သာ ကိုယ့်နေရာနှင့်ကိုယ် ထိုင်နေပြီး စာဖတ်သူဖတ်၊ စကားပြောသူ ပြောဖြင့်။
ချင်ဟန်လည်း ပစ္စည်းများကို သိမ်းဆည်းကာ အိမ်ဆီသို့ လမ်းလျှောက် ပြန်လာခဲ့တော့သည်။
သူ့အိမ်မှာ ကျောင်းနှင့် သိပ်မဝေးလှဘဲ လမ်းလျှောက်သွားလျှင်ပင် ဆယ်မိနစ်ခန့်သာ ကြာမြင့်၏။
မကြာမီတွင် ရှေးဟောင်း လူနေရပ်ကွက် တစ်ခုကို မြင်တွေ့လာရသည်။
ချင်ဟန်က ထိုရပ်ကွက်ထဲသို့ ကျွမ်းဝင်စွာ ဝင်ရောက်သွားပြီး သူ့အိမ်ဆီသို့ ဆိုက်ရောက်လာခဲ့သည်။
"အိမ်ပြန်ရောက်ပြီလား..."
မီးဖိုချောင်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။
မီးဖိုချောင်ထဲတွင် အသက် လေးဆယ် ဝန်းကျင်ခန့် ရှိသော ခါးစည်း တပ်ထားသည့် လူလတ်ပိုင်း အမျိုးသမီး တစ်ယောက် ရှိနေသည်။ တံခါးဖွင့်သံ ကြားသည်နှင့် လှည့်ကြည့်လာပြီး ချင်ဟန်ကို မြင်တွေ့သွားခြင်းပင်။
"ဒီနေ့ အခြေအနေ ဘယ်လိုလဲ..."
"မဆိုးပါဘူး... အတန်းတွေက သိပ်မခက်ဘူး..."
ချင်ဟန် ခေါင်းညိတ်ပြပြီး ဧည့်ခန်းကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"အစ်မကြီးကော ဘယ်မှာလဲ..."
"သူလား... မသိပါဘူးကွယ်... တစ်နေရာရာမှာ သွားပြီး အချိန်ဖြုန်းနေတာ နေမှာပေါ့..."
ဝမ်လီက ခေါင်းခါယမ်း၍ စကားစလိုက်၏။
"ထမင်းစားဖို့ ပြင်တော့..."
ချင်ဟန်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ကျောပိုးအိတ်ကို တိတ်ဆိတ်စွာ ချထားလိုက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။
အိမ်ပြန်ရောက်လာသော်ငြား သူ့ခံစားချက်များကို မထိန်းချုပ်နိုင်သေးချေ။ စဉ်းစားကြည့်ပြီးနောက် စာအုပ်တစ်အုပ် ထုတ်ယူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ဖတ်ရှုနေလိုက်သည်။
ခဏအကြာတွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး တစ်စုံတစ်ယောက် ဝင်ရောက်လာ၏။
အရပ်ရှည်ရှည်နှင့် ရုပ်ရည်သန့်ပြန့်သော မိန်းကလေး တစ်ယောက်ပင်။ သို့သော် သူမက မိတ်ကပ် အထူကြီး လိမ်းကျံထားပြီး ဒေါက်မြင့်ဖိနပ် စီးထားလေသည်။
"ကျောင်းလစ်ပြီး ဘယ်သေနေတာလဲ..."
ဝမ်လီက သူမ၏ ပုံပန်းသွင်ပြင်ကို ကြည့်ရင်း မေးမနေနိုင်တော့ဘဲ စကားဆိုလာသည်။
"အမေ့ အလုပ်မဟုတ်ပါဘူး..."
ချင်ကျင်းက အိတ်ကို ချထားပြီး ပြန်ပက်လိုက်၏။
"အမေ့အလုပ် အမေလုပ်ပြီး နေ့လည်စာသာ ချက်ပေးပါ..."
"ညည်း... ဟူး..."
ဝမ်လီ တစ်ယောက် ထိုနေရာတွင် ရပ်နေရင်း ဒေါသထွက်နေပုံ ရသော်လည်း နောက်ဆုံးတွင် ဘာမှ ဆက်မပြောတော့ချေ။
ချင်ဟန် ခေါင်းမော့၍ သူ့အစ်မကြီးကို လှမ်းကြည့်လိုက်သည်။
ဤမိသားစုရှိ မိဘနှစ်ပါးစလုံးမှာ ယခင်က ကွာရှင်းထားဖူးသူများ ဖြစ်ကြပြီး ချင်ဟန်မှာ ဝမ်လီ၏ သားအရင်းပင်။ သူ့အမေက ပထွေးဖြစ်သူနှင့် နောက်အိမ်ထောင် ပြုပြီးနောက် သူ့မျိုးရိုးနာမည်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ချင်ကျင်း ကတော့ ချင်ဟန်၏ ပထွေးဘက်မှ ပါလာသော အစ်မဖြစ်ပြီး သူတို့ကြားတွင် သွေးသားတော်စပ်မှု လုံးဝ မရှိချေ။
ကျောင်းကို လိမ္မာရေးခြားစွာ တက်နေသော ချင်ဟန်နှင့် နှိုင်းယှဉ်လျှင် ချင်ကျင်းမှာ လူဆိုးမလေး တစ်ယောက်နှင့် ပိုတူနေသည်။ သူမက ကျောင်းကို မကြာခဏ လစ်လေ့ရှိပြီး လူပေါင်းစုံနှင့် အချိန်ဖြုန်းတတ်၏။
ချင်ဟန် မှတ်မိသလောက်ဆိုလျှင် နောက်ထပ် နှစ်နှစ်အကြာတွင် သူမက အိမ်ပေါ်မှ ခဏတာ ဆင်းသွားပေလိမ့်မည်။
သေချာသည်က ဤလောကတွင် အခြေအနေများ မည်သို့ ပြောင်းလဲသွားမည်ကိုမူ သူ မခန့်မှန်းနိုင်သေးပေ။
"ကျောင်းမှာ အခြေအနေ ဘယ်လိုလဲ..."
ချင်ကျင်းက ရေခဲသေတ္တာထဲမှ ကိုကာကိုလာ တစ်ပုလင်း ထုတ်ယူ၍ ချင်ဟန်ဘေးတွင် ဝင်ထိုင်ကာ ပြုံး၍ လှမ်းကြည့်လာသည်။
"မဆိုးပါဘူး... ဒီစာမေးပွဲတွေမှာ တော်တော်လေး အမှတ်ကောင်းတယ်... အတန်းထဲမှာ အဆင့်ငါး ရတယ်..."
ချင်ဟန်က စာအုပ်ကို ချထားလိုက်ရင်း ပြန်ဖြေလိုက်၏။
"မင်းရဲ့ သိုင်းပညာ ဘာသာရပ် တွေကော..."
ချင်ကျင်း အတော်လေး စိုးရိမ်သွားဟန်ဖြင့် မေးလာသည်။
"ဟင်း... အဆင့်နှစ်ဆယ် အတွင်းမှာပဲ..."
ချင်ဟန်က ခဏတာ စဉ်းစားပြီးနောက် တုံ့ပြန်လိုက်သည်။
"အဲ့ဒါလည်း မဆိုးပါဘူး..."
ချင်ကျင်း ခေါင်းညိတ်ပြပြီးနောက် ဘေးသို့ လျှောက်သွားကာ ကိုကာကိုလာကို တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်တော့သည်။
***