အချိန်များ တဖြည်းဖြည်း ကုန်လွန်လာပြီး ချင်ဟန် သတိမထားမိခင်မှာပင် ငါးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့လေပြီ။
ထိုငါးနှစ် အတွင်း ချင်ဟန်၏ ဂုဏ်သတင်းက ဒေသတွင်း၌ ပို၍ ပို၍ ကြီးမားလာခဲ့ပြီး မကြာမီမှာပင် လူအများ သိရှိလာကြတော့သည်။
သူက ဤဒေသတွင် အကျော်ကြားဆုံး မုဆိုးတစ်ယောက် ဖြစ်ပြီး ကြီးမားသော ကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားကြောင်း လူအများစု သိထားကြသည်။
သေချာသည်က ဤသည်မှာ ခန္ဓာကိုယ် ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာရခြင်းပင်။
လက်တွေ့ လောကတွင် ခန္ဓာကိုယ် ကျင့်စဉ်က အခြေခံ သိုင်းပညာ တစ်ခုသာ ဖြစ်သော်လည်း ၎င်းမှာ စစ်မှန်သော ခန္ဓာကိုယ် ကျင့်စဉ် တစ်ခု ဖြစ်သည်။
ယခင်က လေ့ကျင့်မှု များများစားစား မလုပ်ခဲ့ဖူးသူများ အတွက် ဤကဲ့သို့သော ခန္ဓာကိုယ် ကျင့်စဉ်မျိုးက ကြီးမားသော အကျိုးသက်ရောက်မှု ရှိလှသည်။
လွန်ခဲ့သော ငါးနှစ် အတွင်း ချင်ဟန် တစ်ယောက် ထူးချွန်သော မုဆိုး တစ်ယောက် ဖြစ်လာခဲ့ရခြင်းမှာ ခန္ဓာကိုယ် ကျင့်စဉ်ကြောင့်သာ။
ငါးနှစ်တာ ကာလအတွင်း သူက ခန္ဓာကိုယ် ကျင့်စဉ်၏ ထက်ဝက်ကျော်ကိုသာ သီသီလေး ပြီးမြောက်ခဲ့သည်။ သို့တိုင် လက်တွေ့ လောက၏ စံနှုန်းများ အရဆိုလျှင် ဤသည်မှာ အတော်လေး အထင်ကြီးစရာ ကောင်းလှ၏။
အနည်းဆုံးတော့ ချင်ဟန်၏ အတန်းထဲတွင် သူက သေချာပေါက် နံပါတ်တစ် ဖြစ်နေပေလိမ့်မည်။
သေချာသည်က ဤအရာမှာ အချိန်ကြာနှင့်အမျှ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့် အကျိုးကျေးဇူးများသာ ဖြစ်ပြီး သူ့အလိုလို အံ့ဩဖွယ်ရာ ဖြစ်လာခြင်းမျိုးတော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူ့အတွေ့အကြုံများနှင့် တွဲဖက်၍ ငါးနှစ် အချိန်ပေးခဲ့ရသည် ဖြစ်ရာ ဤအဆင့်သို့ မရောက်လျှင်သာ ထူးဆန်းနေပေလိမ့်မည်။
သို့တိုင် ခန္ဓာကိုယ် ကျင့်စဉ်ကို အပြည့်အဝ တတ်မြောက်ရန်မူ များစွာ လိုအပ်နေသေး၏။
အကယ်၍ သူသာ အပြည့်အဝ တတ်မြောက်ချင်ပါက အနည်းဆုံး နောက်ထပ် သုံးလေးနှစ်ခန့် အချိန်ယူရဦးမည်ဟု ချင်ဟန် ခံစားမိသည်။
"အသက် ၁၈ နှစ် မပြည့်ခင် ခန္ဓာကိုယ် ကျင့်စဉ်ကို အပြည့်အဝ တတ်မြောက်သွားတဲ့ ဘီလူးကောင်တွေက ဘယ်လိုများ လုပ်ခဲ့ကြတာလဲ မသိဘူး..."
သူ့ တိုးတက်မှုကို အတည်ပြုပြီးနောက် ချင်ဟန် အတော်လေး ဆွံ့အသွားမိသည်။
လူများကြား ကွာခြားချက်က တစ်ခါတရံ ခွေးနှင့်လူကြား ကွာခြားချက်ထက်ပင် ပိုကြီးမားနေသည် ဆိုသည်ကား သူ ယခုမှ အတည်ပြုနိုင်တော့သည်။
အချိန်ကို တွက်ချက်ကြည့်ပြီးနောက် ဤနှစ်မှာ သူ သရုပ်ဖော် စနစ်ထဲ ရောက်နေသည့် ငါးနှစ်မြောက် ဖြစ်သည်။
ဤနှစ်တွင် မူလက အေးချမ်းနေခဲ့သော တောင်ပေါ်ရွာလေးမှာ အပြောင်းအလဲ အချို့ စတင် ဖြစ်ပေါ်လာခဲ့၏။
"မင်းက ဒီမှာ နာမည် အကြီးဆုံး မုဆိုးလား..."
အရပ်ရှည်ရှည် လူငယ် တစ်ယောက်က ချင်ဟန် ရှေ့တွင် ရပ်ကာ လှမ်းကြည့်လာသည်။ သူ့အကြည့်များကို ထောက်ရှုလျှင် ချင်ဟန်ကို အကဲခတ်နေပုံ ပေါ်သည်။
"မင်္ဂလာပါ သခင်လေး..."
ချင်ဟန်၏ အမူအရာက အလွန် တည်ငြိမ်နေ၏။ ထိုလူငယ်၏ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီးနောက် သူ့ မျက်နှာပေါ်တွင် ရိုသေသော အမူအရာများ ထွက်ပေါ်လာကာ... "ကျွန်တော် ဘာများ ကူညီပေးရမလဲ..."
ဤလူငယ်က အရည်အသွေး ကောင်းမွန်သော အနီရောင် ဝတ်ရုံ ဝတ်ဆင်ထားပြီး သူ့ခါးတွင် အလှဆင်ထားသည့် ဓားတိုတစ်လက်ကို ချိတ်ဆွဲထားသည်။
ဤဒေသတွင် မှူးမတ်များသာ အနီရောင် ဝတ်ဆင်ခွင့် ရှိပြီး ထိုအလှဆင် ဓားတိုမှာလည်း သာမန် မိသားစုများ ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။
ဤလူငယ်က ချမ်းသာပြီး အဆင့်အတန်း မြင့်မားသူ ဖြစ်ကြောင်း ထင်ရှားနေသည်။ မှူးမတ် တစ်ဦး ဖြစ်ရန် အလွန် သေချာသလောက်ပင်။
"ငါနဲ့ ငါ့လူတွေက ဒီတောင်ပေါ်မှာ သမင်ဖြူ တစ်ကောင် ဖမ်းချင်လို့..."
လူငယ်က ချင်ဟန်၏ လိမ္မာပါးနပ်မှုနှင့် ရိုသေကျိုးနွံမှု အပေါ် အတော်လေး သဘောကျသွားပုံ ရပြီး...
"ဆုကြေး အနေနဲ့ မင်းကို ငွေ အများကြီး ပေးမယ်..."
ထိုစကား ကြားလျှင် ချင်ဟန်၏ မျက်လုံးများ တောက်ပလာတော့သည်။
"သခင်လေးကို ကူညီခွင့် ရတာ ကျွန်တော့် အတွက် ဂုဏ်ယူစရာပါ..."
ထိုလူငယ်ကို ရိုသေသော အကြည့်ဖြင့် ကြည့်ရင်း ညင်သာစွာ ပြောလိုက်၏။
ထိုနောက်တွင်တော့ သူက လူငယ်နှင့် သူ့အစောင့် နှစ်ယောက်ကို တောင်ပေါ်သို့ ဦးဆောင် ခေါ်သွားတော့သည်။
လမ်းလျှောက်နေစဉ် ချင်ဟန်က ထိုလူငယ်အား လုပ်ကြံရန် ဖြစ်နိုင်ချေ ရှိ၊ မရှိ စဉ်းစားနေမိသည်။
အစောပိုင်းက သူက ထိုလူငယ်နှင့် စကားစမြည် ပြောခဲ့ပြီး လူငယ်မှာ သူ့အပေါ် သိပ်ပြီး သတိထားနေပုံ မပေါ်သောကြောင့် အချက်အလက် အချို့ကို ရရှိခဲ့သည်။
ထိုလူငယ်၏ နာမည်မှာ ဆော်ရန်ဒို ဖြစ်ပြီး ဤဒေသရှိ သူရဲကောင်း တစ်ဦး၏ သားပင်။
သူ ဤနေရာသို့ လာရခြင်း အကြောင်းရင်းမှာ မိခင်ဖြစ်သူ၏ မွေးနေ့ အတွက် အထူး လက်ဆောင် တစ်ခု ရှာဖွေလိုသောကြောင့် ဖြစ်သည်။
သူရဲကောင်း တစ်ဦး၏ သား ဖြစ်သောကြောင့် သူရဲကောင်း ကျင့်စဉ် နည်းလမ်း အချို့ကို သိရှိထားရန် အလွန် ဖြစ်နိုင်ချေ များပြီး မသိလျှင်တောင် အနည်းဆုံး အခြေခံ သိုင်းပညာ အချို့ကိုတော့ သိထားပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ချင်ဟန်က သူ့ကို စမ်းသပ်ကြည့်ပြီး ဖြစ်သည်။
ဆော်ရန်ဒို၏ ဖခင်မှာ သူရဲကောင်း တစ်ဦး ဖြစ်သော်လည်း သူ့ခွန်အားမှာ သိပ်ပြီး ကြီးမားလှသည် မဟုတ်ချေ။ လမ်းလျှောက်လာသည်မှာ အချိန်တိုလေးသာ ရှိသေးသော်လည်း သူက အနည်းငယ် မောဟိုက်နေလေပြီ။ အခြေအနေများကို ကြည့်ရသလောက် ထိုသူမှာ သိပ်ပြီး သန်မာပုံ မပေါ်ပေ။
ဆော်ရန်ဒို၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ကြည့်ရလျှင် သူရဲကောင်း လေ့ကျင့်မှု များများစားစား ရထားပုံ မပေါ်သလို နက်နဲသော သူရဲကောင်း အသက်ရှူ ကျင့်စဉ်များကိုလည်း သိထားပုံ မရချေ။
အကယ်၍ သူတို့သာ တိုက်ခိုက်ကြမည် ဆိုလျှင် ချင်ဟန် အနေဖြင့် သူ့ကို လျင်မြန်စွာ အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ရှိသည်။
ဒါပေမဲ့...
ချင်ဟန်က ဆော်ရန်ဒို ဘေးရှိ လူများကို ကြည့်ကာ ထိုအတွေးကို လက်လျှော့လိုက်သည်။
ဆော်ရန်ဒို၏ ခွန်အားက သာမန်သာ ဖြစ်သော်လည်း သူ့အစောင့် နှစ်ယောက်မှာ လုံးဝ သာမန် မဟုတ်ပေ။
သူ တစ်ယောက်တည်းနှင့် ထိုသူများ အားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်လောက်ချေ။
စဉ်းစားကြည့်ပြီးနောက် ချင်ဟန်က သူတို့ကို မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
သူတို့ လမ်းလျှောက်နေစဉ် သူက ရိုသေသော အမူအရာကို ထိန်းသိမ်းထားပြီး ဤတောအုပ်ထဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ပြောပြရာ တစ်ခါတစ်ရံ ဆော်ရန်ဒိုအား ကျယ်လောင်စွာ ရယ်မောစေခဲ့သည်။ အခြေအနေ အရဆိုလျှင် သူက ချင်ဟန် အပေါ် အတော်လေး သဘောကျနေပုံ ပေါ်သည်။
သမင်ဖြူနှင့် ပတ်သက်၍မူ ချင်ဟန်က လျင်မြန်စွာ ရှာဖွေ တွေ့ရှိခဲ့သည်။
ဤနေရာတွင် ငါးနှစ်တိုင်တိုင် နေထိုင်ခဲ့ပြီးနောက် ဤတောအုပ်က သူ့အိမ်လို ဖြစ်နေလေပြီ။ အရာအားလုံး မည်သည့် နေရာတွင် ရှိကြောင်း အတိအကျ သိထားသည်။
ရက်အနည်းငယ် အတွင်းမှာပင် ဆော်ရန်ဒို တစ်ယောက် သူ လိုချင်သော အရာကို ရလာခဲ့၏။
မထွက်ခွာမီ ဆော်ရန်ဒိုက သူ့ ကတိအတိုင်း ရွှေဒင်္ဂါး အိတ်တစ်အိတ်ကို ချင်ဟန်ရှေ့သို့ ပစ်ပေးလာသည်။
သို့သော် ချင်ဟန်က ခေါင်းခါယမ်း၍ ငြင်းပယ်လိုက်သည်။
"ဘာလို့ ငြင်းတာလဲ..." ဆော်ရန်ဒိုက နားမလည်နိုင်စွာဖြင့်… "မလောက်ဘူးလို့ ထင်နေတာလား..."
"မဟုတ်ပါဘူး သခင်လေး... သခင်လေး ပေးတာ အရမ်း များနေလို့ပါ..."
ချင်ဟန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး...
"သခင်လေး ဆော်ရန်ဒို... သခင်လေးက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အမွန်မြတ်ဆုံးနဲ့ အလေးစားရဆုံး လူတစ်ယောက်ပါ... သခင်လေးကို သိကျွမ်းခွင့် ရတာက ကျွန်တော့် အတွက် ဂုဏ်ယူစရာပါ... ကျွန်တော့် ဝန်ဆောင်မှု အတွက် ဆုကြေးကို ဘယ်လိုလုပ် ယူရဲပါ့မလဲ..."
ဆော်ရန်ဒို တစ်ယောက် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
လူတစ်ယောက် မျက်နှာ ဘယ်လောက် ထူထူ သည်လောက်ဆိုရင်တော့ ရှက်သွားလောက်သည်။
ပုံမှန်အားဖြင့် သူက သူရဲကောင်း တစ်ဦး၏ သားတစ်ယောက်သာ ဖြစ်ပြီး သူ့အဆင့်အတန်းက သာမန် လူတစ်ယောက်ထက် ပိုမြင့်မားသည့်တိုင်အောင် သိပ်ပြီး မြင့်မားလှသည်တော့ မဟုတ်ချေ။ ဤကဲ့သို့ အမွှမ်းတင် ခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
ထို့အပြင် သူ့ကို ဤကဲ့သို့ အမွှမ်းတင် နေသူမှာ သာမန် လူတစ်ယောက် မဟုတ်ဘဲ အလွန် ကျွမ်းကျင်ပြီး အစွမ်းထက်သော မုဆိုးတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
"မင်း... မင်း အရမ်း ချဲ့ကား နေပါပြီ..."
သူ့မျက်နှာ ရဲတက်သွားပြီး မည်သို့ ပြန်ပြောရမည်ကို စဉ်းစားနေစဉ်မှာပင် ချင်ဟန်က အရင် စကားဆိုလာသည်။
"သခင်လေးသာ စိတ်မရှိဘူးဆိုရင်... သခင်လေးရဲ့ အသစ္စာရှိဆုံး နောက်လိုက် တစ်ယောက်၊ သခင်လေး လက်ထဲက ဓားတစ်လက် ဖြစ်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်..."
ချင်ဟန်က ဒူးတစ်ဖက် ထောက်လိုက်ပြီး ရိုးသားစွာဖြင့်...
"သခင်လေးလို မွန်မြတ်တဲ့ လူတစ်ယောက်က ကျွန်တော့် ဘဝ တစ်သက်တာ အတွက် စံပြပါပဲ... ကျေးဇူးပြုပြီး သခင်လေးကို အလုပ်အကျွေး ပြုခွင့်ပေးပါ... သခင်လေးရဲ့ အတားအဆီး တွေ အားလုံးကို ရှင်းလင်းပေးပါရစေ..."
"ဒါက..." ဆော်ရန်ဒို ခဏတာ ကြောင်အမ်းသွားပြီးနောက် အံ့ဩတကြီးဖြင့်...
"မင်းက ငါ့နောက်ကို လိုက်ချင်တာလား..."
ဤလောကတွင် လူတစ်ယောက်နောက် လိုက်ပြီး သစ္စာစောင့်သိခြင်း ဆိုသည်မှာ ပေါ့ပေါ့တန်တန် ပြော၍ရသော ကိစ္စမျိုး မဟုတ်ချေ။
တစ်စုံတစ်ယောက် အနေဖြင့် အခြားသူ တစ်ဦးအား သစ္စာခံရန် ရွေးချယ်လိုက်သည်နှင့် သူတို့က တစ်သက်လုံး သစ္စာဖောက်၍ မရတော့ပေ။ အကယ်၍ ဖောက်ဖျက်ခဲ့ပါက လူတိုင်း၏ ကျဉ်ခြင်းကို ခံရပေလိမ့်မည်။
သေချာသည်က တစ်စုံတစ်ယောက်နောက် လိုက်ပြီး သစ္စာစောင့်သိခြင်း ဆိုသည်မှာ မှူးမတ်များ ဖန်တီးထားသော စည်းမျဉ်း တစ်ခုသာ။ ချင်ဟန် ကဲ့သို့သော သာမန် လူတစ်ယောက် အတွက်ဆိုလျှင် ပုံမှန်အားဖြင့် မှူးမတ် တစ်ဦးနောက် လိုက်ရန် အခွင့်အရေးပင် မရှိချေ။
သို့သော် လက်ရှိ အခြေအနေများက ယခင်ကနှင့် မတူတော့ပေ။ စစ်ပွဲ၏ ကစဉ့်ကလျား အခြေအနေများ အတွင်း ဓားဆွဲထုတ်နိုင်သော မည်သည့် စစ်သည်တော် မဆို ကြိုဆိုခြင်း ခံရမည် ဖြစ်သည်။
ထို့အပြင် ဆော်ရန်ဒို မှာ အစစ်အမှန် မှူးမတ် တစ်ဦး မဟုတ်ချေ။
သူက သူရဲကောင်း တစ်ဦး၏ သားသာ ဖြစ်သည်။
ထို့ကြောင့် ချင်ဟန် ယခုလို ရုတ်တရက် သစ္စာခံလာခြင်းမှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။
သူက ချင်ဟန်၏ တောင့်တင်းပြီး အရပ်ရှည်သော ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး သားရဲများနှင့် တိုက်ခိုက်စဉ်က ရဲရင့်သော တိုက်ခိုက်မှု ပုံစံကို ပြန်လည် စဉ်းစားမိကာ ခေါင်းညိတ် လိုက်မိတော့သည်။
ထိုသို့ဖြင့် ချင်ဟန် တစ်ယောက် ဆော်ရန်ဒို၏ နောက်လိုက် တစ်ယောက် ဖြစ်လာခဲ့လေပြီ။
ဆော်ရန်ဒိုနောက် လိုက်ရန် ရွေးချယ်ပြီးနောက် ချင်ဟန်က သူ့မြို့လေးမှ ထွက်ခွာလာပြီး ဆော်ရန်ဒို ဖခင်၏ ပိုင်နက်ဆီသို့ ဦးတည် လာခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ သူ့တွင် တုံ့ဆိုင်းနေစရာ ဘာအကြောင်းမှ မရှိချေ။
ဆော်လို၏ မိခင်က ဖျားနာမှုကြောင့် ကွယ်လွန်သွားခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ဖခင်ဖြစ်သူမှာလည်း လွန်ခဲ့သော နှစ်နှစ်ခန့်က တုပ်ကွေးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
သူက တစ်ကောင်ကြွက် ဖြစ်ပြီး ဤနေရာတွင် သူ့ကို ချည်နှောင်ထားမည့် အရာ ဘာတစ်ခုမှ မရှိချေ။
ဆော်ရန်ဒို၏ ဖခင်ကလည်း ချင်ဟန်ကို ကြိုဆိုခဲ့သည်။
လတ်တလောတွင် စစ်သည် အင်အား ရှားပါးနေပြီး ချင်ဟန် ကဲ့သို့သော ရဲရင့်သည့် စစ်သည်များ ဆိုသည်မှာ မည်မျှပင် များပြားနေပါစေ လုံလောက်သည်ဟူ၍ မရှိပေ။
အထူးသဖြင့် ချင်ဟန်၏ စွမ်းဆောင်ရည်များကို မြင်တွေ့ပြီးနောက်တွင် ပို၍ပင် သဘောကျသွားတော့သည်။ သူ့ ကိုယ်ရံတော်များထက် မညံ့ကြောင်း မြင်တွေ့ရသောအခါ အလွန် ဝမ်းသာသွားခဲ့၏။
သူရဲကောင်း တစ်ဦး၏ ပိုင်နက် ဆိုသည်မှာ အလကား ရလာခြင်း မဟုတ်ချေ။ သူတို့၏ ပိုင်နက်ကို ကာကွယ်ရန်နှင့် စစ်ပွဲဝင်သည့် အခါတိုင်း သူတို့အမိန့်အား နာခံရန် အစောင့်များနှင့် နောက်လိုက်များ မွေးမြူထားဖို့ လိုအပ်သည်။
စစ်သည်တော်များကို မွေးမြူရန် ခက်ခဲသောကြောင့် ချင်ဟန် ကဲ့သို့သော ရဲရင့်သည့် စစ်သည်များ များများ ရှိလေလေ ပိုကောင်းလေလေပင်။
ထိုသို့ဖြင့် ချင်ဟန် တစ်ယောက် ဆော်ရန်ဒို ဖခင်၏ ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာပြီး မကြာမီမှာပင် နောက်ထပ် ငါးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့လေပြီ။
တစ်ညတွင် ဆော်ရန်ဒိုက ချင်ဟန်ကို သူ့အခန်းထဲသို့ ခေါ်လိုက်သည်။
"ဆော်လို... ငါ့ညီ..."
လွန်ခဲ့သော ငါးနှစ်ကနှင့် နှိုင်းယှဉ်လျှင် ဆော်ရန်ဒိုမှာ ငယ်ရွယ်ပုံ ရနေသေးသော်လည်း ပိုရင့်ကျက်လာပုံ ပေါ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ချင်ဟန်က ဆော်ရန်ဒို ဖခင်ထံတွင် ကောင်းမွန်စွာ အလုပ်အကျွေး ပြုခဲ့သော်လည်း ဆော်ရန်ဒိုနှင့်လည်း အဆက်အသွယ် မပြတ်ခဲ့ချေ။ သူတို့ နှစ်ယောက်မှာ အစကတည်းက ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ယနေ့ကဲ့သို့ပင် သူတို့က ညဉ့်နက်ချိန်များတွင် မကြာခဏ တွေ့ဆုံ၍ စကားစမြည် ပြောလေ့ ရှိကြသည်။
သို့သော် ဤတစ်ကြိမ်မှာတော့ ယခင်ကနှင့် မတူချေ။
ကျယ်ဝန်းသော အခန်းထဲတွင် ဆော်ရန်ဒို တစ်ယောက်တည်း ထိုင်နေပြီး သူ့ အမူအရာ လှုပ်ခတ်သွားကာ...
"ငါ မင်းကို ယုံကြည်လို့ ရမလား..."
"သေချာပေါက် ရပါတယ် သခင်လေး..."
ချင်ဟန် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်ပြီး ဒူးတစ်ဖက် ထောက်ကာ ပြတ်သားစွာဖြင့်...
"အမိန့်တစ်ခွန်း ပေးလိုက်ရုံနဲ့... သခင်လေး အတွက် ကျွန်တော် ဘာမဆို လုပ်ပေးနိုင်ပါတယ်..."
ချင်ဟန် တုံ့ဆိုင်းခြင်း မရှိသည်ကို မြင်လျှင် ဆော်ရန်ဒို စိတ်ထဲ သက်ပြင်း တစ်ချက် ချလိုက်မိပြီး ခဏတာ ရပ်တန့်ကာ...
"ငါ မင်းရဲ့ အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခု ရှိတယ်..."
"ငါ့အဖေက သိပ်ကြာကြာ ခံနိုင်တော့မှာ မဟုတ်ဘူး..."
ခဏတာ ရပ်တန့်ပြီးနောက် သူ ဆက်ပြောလိုက်၏။
"ဗျာ..."
ချင်ဟန် ရပ်တန့်သွားပြီး အတော်လေး အံ့အားသင့်သွားသည်။
ဆော်ရန်ဒို၏ ဖခင်၊ သူရဲကောင်း စီစီလီမှာ အစစ်အမှန် သူရဲကောင်း တစ်ဦးပင်။
ဤလောက၏ စံနှုန်းများ အရ သူရဲကောင်း စီစီလီမှာ သူ ရဲကောင်း တစ်ဦး အဖြစ် ကောင်းမွန်သော လေ့ကျင့်မှုများ ရရှိထားပြီး ထိုအရာနှင့် လိုက်ဖက်သော ပါရမီများလည်း ရှိကာ သက်စောင့်စွမ်းအင်ကိုပါ နိုးထနိုင်ခဲ့သူ ဖြစ်သည်။
ချင်ဟန် တစ်ယောက် သူရဲကောင်း စီစီလီကို မကြာသေးမီကမှ မြင်တွေ့ခဲ့ရသေးသည်။ သူက စစ်ပွဲမှ ပြန်လည် ရောက်ရှိလာပြီး အလွန်တရာမှ ခွန်အားကြီးမားပုံ ရနေခဲ့သည် မဟုတ်ပါလား။
သူ သေတော့မည့် ပုံစံ လုံးဝ မပေါက်ချေ။
ဆော်ရန်ဒိုက ချင်ဟန်၏ ရှုပ်ထွေးနေမှုကို ရိပ်မိပုံ ရပြီး ဆက်ပြောလာသည်။
"သက်စောင့်စွမ်းအင်ကို အသုံးပြုတာက ခန္ဓာကိုယ်ထဲမှာ ပြဿနာများစွာ ဖြစ်ပေါ်စေပြီး သက်တမ်းကိုတောင် လျော့ကျစေနိုင်တယ်..."
"ငါ့အဖေ... သူက..."
စကားရပ်သွားပြီး နောက်တစ်ကြိမ် သက်ပြင်းချကာ ဆက်မပြောတော့ပေ။
ဆော်ရန်ဒို ပြောချင်သည့် အဓိပ္ပာယ်ကို ချင်ဟန် နားလည်လိုက်သည်။
သူ့ စုံစမ်းမှုများ အရ ဤနေရာရှိ သူရဲကောင်းများက သက်စောင့်စွမ်းအင်ဟု ခေါ်သော အရာကို အသုံးပြုကြသည်။
သက်စောင့်စွမ်းအင်က သူရဲကောင်းများကို မယုံကြည်နိုင်လောက်အောင် အစွမ်းထက်စေသော်လည်း တစ်ချိန်တည်းမှာပင် သူတို့ ခန္ဓာကိုယ်အား ထိခိုက်စေပြီး သက်တမ်း လျော့ကျစေနိုင်သည်။
ဆော်ရန်ဒို၏ ဖခင်၊ သူရဲကောင်း စီစီလီလည်း ထိုသို့ ဖြစ်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ငါ သိထားသလောက် ဆိုရင်... ငါ့အဖေက နောက်ထပ် နှစ်နှစ်ပဲ အချိန်ကျန်တော့တယ်..." ဆော်ရန်ဒို သက်ပြင်းချလိုက်ပြီး သူ့ အမူအရာမှာ မှိုင်းညို့သွားကာ...
"ပြီးရင် ချာလီက ဒီပိုင်နက်ကို လွှဲယူပြီး အုပ်ချုပ်သူ အသစ် ဖြစ်လာလိမ့်မယ်..."
ဆော်ရန်ဒို၏ ရည်ရွယ်ချက်ကို ချင်ဟန် ချက်ချင်း သဘောပေါက်သွားတော့သည်။
***