သူရဲကောင်း စီစီလီ၏ သား တစ်ယောက် အနေဖြင့် ဆော်ရန်ဒိုမှာ မှူးမတ် တစ်ဦးပင်။
သို့သော် သူက သားအကြီးဆုံး မဟုတ်သလို သူရဲကောင်း တစ်ဦး အဖြစ် ထူးခြားသော ပါရမီ ရှိသူလည်း မဟုတ်ပေ။
ဤခေတ်ကာလ၏ စည်းမျဉ်းများ အရ သူရဲကောင်း စီစီလီ ကွယ်လွန်သွားပြီးနောက် သူ့ သားအကြီးဆုံး ချာလီက ဘွဲ့ထူး ဂုဏ်ပုဒ်များ အပါအဝင် အရာအားလုံးကို ဆက်ခံရမည် ဖြစ်သည်။
ဆော်ရန်ဒို အတွက်မူ ပိုင်ဆိုင်မှု အနည်းငယ်မှလွဲ၍ တခြား ဘာမှ ရရှိမည် မဟုတ်ချေ။
ချင်ဟန် သိထားသလောက် ဆော်ရန်ဒိုနှင့် သူ့ အစ်ကိုကြီး ချာလီတို့ကြား ဆက်ဆံရေးမှာ အလွန် ဆိုးရွားသည်။ အကယ်၍ ချာလီသာ သူရဲကောင်း စီစီလီ၏ ဘွဲ့ထူး ဂုဏ်ပုဒ်ကို ဆက်ခံခဲ့ပါက ဆော်ရန်ဒိုကို သေချာပေါက် နှင်ထုတ်ပေလိမ့်မည်။ ချာလီက ဆော်ရန်ဒိုကို လျှို့ဝှက်စွာ လုပ်ကြံ သတ်ဖြတ်ရန်ပင် ဖြစ်နိုင်ချေ ရှိသေး၏။
ထို့ကြောင့် ဆော်ရန်ဒို တစ်ယောက် ဤကိစ္စအတွက် အတော်လေး ဝမ်းနည်းပြီး စိုးရိမ်ပူပန် နေလောက်သည်။
"ဆော်လို... ငါ့ ညီလေး... ငါ ဘယ်လို လုပ်ရမလဲ..." ဆော်ရန်ဒိုက ချင်ဟန်ကို ကြည့်ရင်း သက်ပြင်းချကာ မေးလာ၏။
ခင်ဗျား ဘယ်လို လုပ်ရမလဲ… ကျွန်တော့်ကို တကယ်ပဲ မေးဖို့ လိုလို့လား။
ချင်ဟန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းမော့၍ မေးလိုက်သည်။
"သခင်လေး... သခင်လေး ချာလီရဲ့ စရိုက်ကို ဘယ်လို ထင်လဲ..."
"သူက အရှက်မရှိတဲ့ ယုတ်မာ ကောက်ကျစ်သူ တစ်ယောက်ပဲ..." ချာလီ အကြောင်း ပြောလိုက်ချိန်တွင် ဆော်ရန်ဒို ၏ မျက်နှာထား မှိုင်းညို့သွားပြီး...
"သူက ငါ့အဖေရဲ့ သား ဟုတ်၊ မဟုတ် ဆိုတာကိုတောင် ငါ အမြဲ သံသယ ဝင်နေခဲ့တာ..."
"ဒါဆိုရင် သခင်လေး ချာလီသာ အဖေ့ရဲ့ ဘွဲ့ထူး ဂုဏ်ပုဒ်ကို ဆက်ခံခဲ့ရင် သခင်လေး အပေါ် ဘယ်လို ဆက်ဆံမယ်လို့ ထင်လဲ..." ချင်ဟန် ရှေ့တစ်လှမ်း တိုးလိုက်ပြီး ဆက်မေးလိုက်၏။
"သူက သခင်လေး အသက်ရှင် ရပ်တည်နိုင်ဖို့ ငွေ လုံလုံလောက်လောက် ပေးပြီး ပိုင်နက်ထဲကနေ နှင်ထုတ် လိုက်မလား... ဒါမှမဟုတ် သခင်လေးကို ဒီမှာပဲ နေခွင့်ပေးပြီး သီသီလေး အသက်ဆက် နိုင်ရုံ အောက်ခြေသိမ်း အလုပ်တချို့ ပေးထားမလား..."
"ဒါမှမဟုတ်..." ချင်ဟန် ခဏတာ ရပ်တန့်လိုက်ပြီး...
"သူက တစ်ယောက်ယောက်ကို စေလွှတ်ပြီး..."
ဆော်ရန်ဒို၏ မျက်နှာထား ပို၍ပင် မှိုင်းညို့သွားတော့သည်။
သူ့အစ်ကိုကြီး၏ စရိုက်နှင့် ဆိုလျှင် ချင်ဟန် ပြောသမျှ အရာအားလုံး ဖြစ်လာနိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။
"သခင်လေး... ဒီလို ရလဒ်မျိုးကို တကယ်ပဲ လက်ခံချင်လို့လား..." ထိုအခိုက်အတန့်တွင် ချင်ဟန်က ရုတ်တရက် ဒူးတစ်ဖက် ထောက်လိုက်ပြီး လေးနက်စွာဖြင့်...
"ဒီလို သနားစရာ ကောင်းတဲ့ အဆုံးသတ်မျိုးကို သခင်လေး လက်ခံနိုင်ပါ့မလား..."
"ဒါပေမဲ့..." ဆော်ရန်ဒို တုံ့ဆိုင်းသွားပြီး... "ဘယ်လိုပဲ ဖြစ်ဖြစ် သူက ငါ့အစ်ကိုကြီးလေ... ပြီးတော့ စီစီလီ ပိုင်နက်ရဲ့ ဆက်ခံသူပဲ... ငါ ဘာလုပ်နိုင်မှာလဲ..."
"သူ ပိုင်နက်ကို မဆက်ခံရသေးခင် အချိန်ထိ အရာအားလုံးက ဖြစ်နိုင်ချေ ရှိသေးတယ်..." ချင်ဟန်က ပြတ်သားစွာ ပြောလိုက်၏။ ထို့နောက် ဆော်ရန်ဒိုကို ရုတ်တရက် စိုက်ကြည့်ပြီး...
"သခင်လေး ချာလီသာ ဖျားနာပြီး သေဆုံးသွားမယ် ဆိုရင် အရာအားလုံး ပြောင်းလဲသွားနိုင်တယ်..."
"ဘာပဲဖြစ်ဖြစ် သူရဲကောင်း စီစီလီမှာ သခင်လေးနဲ့ သခင်လေး ချာလီ နှစ်ယောက်ပဲ ရှိတာလေ..."
"ဖျားနာပြီး သေဆုံးသွားမယ်..." ဆော်ရန်ဒို ရပ်တန့်သွားသည်။
ထိုအခိုက်အတန့်တွင် သူက တုံ့ဆိုင်းနေသည့် ပုံစံ မပေါ်တော့ဘဲ ချင်ဟန်ကို ပြတ်သားစွာ စိုက်ကြည့်ကာ...
"ဒါပေမဲ့... ချာလီ နောက်မှာ အမြဲတမ်း သခင်ကြီး အက်ဒဝပ် ရှိနေတာလေ... ငါက သူ့ကို ဘယ်လို လုပ်ယှဉ်နိုင်မှာလဲ..."
ထိုစကား ကြားပြီး ဆော်ရန်ဒို၏ သဘောထားကို ရိပ်မိသဖြင့် ချင်ဟန် စိတ်ထဲ သက်ပြင်း တစ်ချက် ချလိုက်မိသည်။
ဆော်ရန်ဒို တစ်ယောက် ဤသို့ လုပ်ရဲမည် မဟုတ်ဟု သူ စိုးရိမ်နေခဲ့ခြင်းပင်။
သို့သော် ဆော်ရန်ဒို ကိုယ်တိုင်လည်း ဤအကြောင်းကို အချိန်အတော်ကြာ စဉ်းစားနေခဲ့ပုံ ပေါ်သည်။
ချင်ဟန်က တုံ့ဆိုင်းမနေဘဲ...
"ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ... သခင်ကြီး အက်ဒဝပ်က သူရဲကောင်း တစ်ဦး ဖြစ်ရင်တောင် အခု အသက်ကြီးနေပြီ... သူ့ခွန်အားတွေက အရင်ကလို မဟုတ်တော့ဘူး... တစ်ယောက်ချင်း ယှဉ်တိုက်ရမယ် ဆိုရင် သူ့ကို အနိုင်ယူဖို့ ကျွန်တော့်မှာ ယုံကြည်မှု ရှိတယ်..."
"တကယ်လား..."
ဆော်ရန်ဒို ချက်ချင်း မတ်တပ် ထရပ်လိုက်ပြီး ချင်ဟန်ကို စိုက်ကြည့်လာ၏။ သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"သေချာပေါက်ပေါ့..." ချင်ဟန်က ယုံကြည်မှု အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး...
"ဒါပေမဲ့ အောင်မြင်ဖို့ သေချာအောင်တော့ အကူအညီ နည်းနည်း လိုတယ်..."
ဆော်ရန်ဒိုလည်း တုံ့ဆိုင်းမနေဘဲ...
"မင်း ဘာလိုချင်လို့လဲ... ထက်မြက်တဲ့ လက်နက်တွေလား... ခိုင်ခံ့တဲ့ သံချပ်ကာလား... ဒါမှမဟုတ် ပြင်းထန်တဲ့ အဆိပ်တွေ၊ လေးနဲ့ မြားတွေလား..."
"မဟုတ်ပါဘူး..."
ချင်ဟန်က ခေါင်းခါယမ်း၍ ခေါင်းငုံ့ကာ ရိုသေစွာ မေးလိုက်သည်။
"ကျွန်တော် သူရဲကောင်း အသက်ရှူ ကျင့်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို လိုချင်ပါတယ်..."
"မင်းက သူရဲကောင်း အသက်ရှူ ကျင့်စဉ်ကို လိုချင်တာလား..." ဆော်ရန်ဒို ရပ်တန့်သွားပြီး တုံ့ဆိုင်းစွာဖြင့်...
"ဒါကို အသုံးပြုနိုင်ဖို့ မင်းဆီမှာ သူရဲကောင်း ပါရမီ ရှိဖို့ လိုတယ်နော်... မင်းအတွက် အသုံးမဝင်တာလည်း ဖြစ်နိုင်တယ်..."
"ရပါတယ်..." ချင်ဟန်က ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ့ကိုယ်နေဟန်ထားကို မပြောင်းလဲပေ။ "အဲ့ဒါက ကျွန်တော့်ကို နည်းနည်းလေး ပိုသန်မာလာစေမယ် ဆိုရင်တောင် လုံလောက်ပါတယ်..."
"ရှေ့ဆက်လာမယ့် တိုက်ပွဲမှာ ခွန်အား နည်းနည်းလေးက အစ အရမ်း အရေးကြီးလိမ့်မယ်..."
သူ့လေသံမှာ အလွန်တရာမှ ရိုးသားလွန်းလှ၏။
သူရဲကောင်း အသက်ရှူ ကျင့်စဉ်မှာ သူ့အစစ်အမှန် ရည်မှန်းချက်ပင်။
ဤလောကတွင် သူရဲကောင်း အသက်ရှူ ကျင့်စဉ် ဆိုသည်မှာ မှူးမတ်များသာ သီးသန့် ပိုင်ဆိုင်သော အရာတစ်ခု ဖြစ်သည်။ ရှည်လျားသော မျိုးရိုးစဉ်ဆက် ရှိသည့် မှူးမတ် မိသားစု များသာ ဤကဲ့သို့သော အမွေအနှစ်မျိုး ပိုင်ဆိုင်ထားကြသည်။
ချင်ဟန် တစ်ယောက် ဆော်ရန်ဒို၏ နောက်လိုက် ဖြစ်လာပြီး သူ့ ဖခင်ကို အလုပ်အကျွေး ပြုရန် ကြိုးစားခဲ့ရခြင်းမှာ သူရဲကောင်း အသက်ရှူ ကျင့်စဉ် အတွက်သာ ဖြစ်သည်။
ယခုအခါ သူ့ အခွင့်အရေး ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။
"ဒါက..."
ချင်ဟန်၏ စကားကို ကြားပြီးနောက် ဆော်ရန်ဒို မျက်နှာ အမူအရာ လှုပ်ခတ်သွားပြီး အလွန်အမင်း တုံ့ဆိုင်းသွားတော့သည်။ ထိုနေရာတွင် ရပ်ရင်း သူ အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ နောက်ဆုံးတွင် သူ ရင်ဆိုင်နေရသော အခြေအနေကို စဉ်းစားပြီး သွားကိုက်ကာ...
"ကောင်းပြီလေ... ငါ မင်းကို သူရဲကောင်း အသက်ရှူ ကျင့်စဉ် ပေးမယ်..."
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး ချင်ဟန်ကို ကြည့်ကာ...
"ဒါ့အပြင် ငါ အခု ကတိပေးတယ်... တကယ်လို့ ငါသာ စီစီလီ ပိုင်နက်ရဲ့ အုပ်ချုပ်သူ ဖြစ်လာခဲ့ရင် ငါတို့ မိသားစုရဲ့ အပြည့်အစုံ ပါဝင်တဲ့ သူရဲကောင်း အသက်ရှူ ကျင့်စဉ် ကို မင်းကို ပေးမယ်..."
ထိုစကား ကြားလျှင် ချင်ဟန်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သော အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။
"ဒါက... သခင်လေး..."
"ကျေးဇူးတင်ဖို့ မလိုပါဘူး..." ဆော်ရန်ဒိုက သူ့အနီးသို့ လျှောက်လာပြီး တွဲထူပေးရင်း ရိုးသားစွာဖြင့်...
"ဘာပဲဖြစ်ဖြစ် မင်းက သခင်ကြီး အက်ဒဝပ်နဲ့ ငါ့အဖေလိုပဲ ငါနဲ့ အရင်းနှီးဆုံး ညီအစ်ကိုပဲ... ငါတို့ရဲ့ ခင်မင်မှုကို ဘဝအဆုံးထိ ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်တယ်..."
ခဏအကြာတွင် ချင်ဟန်၏ အမူအရာ တည်ငြိမ်သွားပြီး ဆော်ရန်ဒို အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး မည်သူမျှ မရှိကြောင်း သေချာသွားမှသာ သူ့အခန်းဆီ ပြန်လာခဲ့တော့သည်။
အခန်းထဲ ပြန်ရောက်ပြီးနောက် သူ့အဝတ်အစားများ ကြားထဲမှ သားရေချပ် တစ်ခုကို ထုတ်ယူလိုက်၏။
သားရေချပ်မှာ အနည်းငယ် ဟောင်းနွမ်း စုတ်ပြတ်နေပြီး ဤလောက၏ ဘာသာစကားဖြင့် ရေးသားထားသော အရာများစွာ ပါဝင်နေသည်။
ချင်ဟန် ငုံ့ကြည့်လိုက်ရာ သူ့ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်မှုများ ထွက်ပေါ်လာတော့သည်။
"ဒါက အစစ် ဖြစ်ရမယ်... အပြည့်အစုံ မဟုတ်တာလေး တစ်ခုပဲ..."
လွန်ခဲ့သော နှစ်များအတွင်း သူ ဘာမှမလုပ်ဘဲ နေခဲ့ခြင်း မဟုတ်ချေ။ အလုပ်လုပ်နေစဉ် သူ့ သိုင်းပညာ ဗဟုသုတများကို အသုံးပြု၍ ဤလောကရှိ သူရဲကောင်း အသက်ရှူ ကျင့်စဉ်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေခဲ့သည်။
သူ ရရှိထားသော အသိပညာနှင့် အတွေ့အကြုံများ အရ ဤသူရဲကောင်း အသက်ရှူ ကျင့်စဉ်မှာ အစစ်အမှန် ဖြစ်ရန် အလွန် သေချာသလောက် ရှိပြီး အသုံးပြုရာတွင်လည်း ပြဿနာ ရှိမည် မဟုတ်လောက်ချေ။
စဉ်းစားကြည့်လျှင် ထိုသည်မှာ အဓိပ္ပာယ် ရှိလှသည်။ လက်ရှိ အခြေအနေ အရ ဆော်ရန်ဒို တစ်ယောက် မည်မျှပင် မိုက်မဲနေပါစေ အသက်ရှူ ကျင့်စဉ်အတုနှင့် သူ့ကို လှည့်စားမည် မဟုတ်ပေ။
အခြေခံ အပိုင်းများသာ ပါဝင်သည့်တိုင် နားလည်ရန် အတော်လေး လွယ်ကူလှသည်။
ဆော်ရန်ဒိုတွင် သူရဲကောင်း တစ်ဦး ဖြစ်ရန် ပါရမီ များများစားစား မရှိသဖြင့် အခြေခံ အပိုင်းများကိုသာ သင်ယူခဲ့ရသည်။
ထို့ကြောင့် သူက သူရဲကောင်း အသက်ရှူ ကျင့်စဉ်၏ အခြေခံ အပိုင်းများကိုသာ သိနေခြင်းမှာ သဘာဝကျသည်။
ချင်ဟန်က သူရဲကောင်း အသက်ရှူ ကျင့်စဉ်ကို ဖတ်ရှုပြီး အလွတ်ကျက်မှတ်ပြီးနောက် စတင် လေ့ကျင့်တော့သည်။ အခန်းထဲတွင် သူက လက်များနှင့် ခြေထောက်များကို လှုပ်ရှားကာ ထူးခြားသော ကိုယ်နေဟန်ထား တစ်ခုကို အသုံးပြု၍ လှည့်ပတ် လှုပ်ရှားရင်း သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် နှိုးဆွနေခဲ့သည်။
သွေးပူလေ့ကျင့်ခန်း လုပ်ပြီးနောက် အနီးအနားရှိ အံဆွဲထဲမှ တစ်ခုခုကို ထုတ်ယူလိုက်၏။
ထိုအရာမှာ ကျောက်တုံးနှင့်တူသော အမည်းရောင် ဆေးရည် တစ်မျိုး ဖြစ်ပြီး အတော်လေး ထူးခြားပုံ ရသည်။
လူများကို မျက်မှောင်ကြုတ် သွားစေမည့် ထူးခြားသော အနံ့တစ်မျိုး ထုတ်လွှတ်နေသည်။
ဤသည်မှာ သူရဲကောင်းများအားလုံး ကျင့်ကြံရာတွင် လိုအပ်သော အထောက်အကူပြု ဆေးပင် ဖြစ်သည်။ ချင်ဟန်က ထိုအရာကိုလည်း ဆော်ရန်ဒို ထံမှ ရရှိခဲ့ခြင်းပင်။
ဤလောကတွင် သူရဲကောင်း တစ်ဦး အဖြစ် လေ့ကျင့်ရခြင်းမှာ မလွယ်ကူချေ။ ကနဦး အဆင့်များတွင် အခြား သူရဲကောင်းများက သူတို့၏ သက်စောင့်စွမ်းအင်ဖြင့် ကူညီ ထောက်ပံ့ပေးခြင်းမျိုးနှင့် ထူးခြားသော ဆေးဝါး အမျိုးမျိုး မရှိပါက စတင်ရန် အလွန် ခက်ခဲလှသည်။
ချင်ဟန်က သူ့ခန္ဓာကိုယ် အနှံ့ ဆေးရည်များကို လိမ်းကျံလိုက်ရာ ပြင်းထန်သော ပူလောင်မှု ခံစားချက် တစ်ခုက သူ့ခန္ဓာကိုယ် ပေါ်တွင် ထွက်ပေါ်လာတော့သည်။
အစပိုင်းတွင် သိပ်မပြင်းထန်သော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ နာကျင်စွာ အော်ဟစ်မိလုနီးပါး ဖြစ်လာသည်အထိ ပြင်းထန်လာခဲ့၏။
"ဒီခံစားချက်က လူတစ်ယောက်ရဲ့ ချီသွေးကြောတွေ လောင်ကျွမ်းနေသလို ခံစားရတာနဲ့ ဆင်တူနေသလား..." ချင်ဟန် မျက်မှောင်ကြုတ်ရင်း စိတ်ထဲတွင် တွေးလိုက်မိသည်။
လက်တွေ့ လောက၏ ခန္ဓာကိုယ် ကျင့်စဉ်တွင် ချီသွေးဟူသော သဘောတရား တစ်ခု ရှိသည်။
ထူးခြားသော အခြေအနေများ အောက်တွင် သိုင်းပညာရှင်များက သူတို့၏ ချီသွေးများကို လောင်ကျွမ်းစေပြီး ပိုကြီးမားသော တိုက်ခိုက်ရေး စွမ်းအား ရရှိနိုင်သည်။ ဤသည်မှာ ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်ပင်။
ယခုအခါ ချင်ဟန်လည်း အလားတူ ခံစားချက်မျိုးကို ခံစားနေရသည်။
သူက နာကျင်မှုကို သည်းခံကာ မျက်မှောင်ကြုတ်ရင်း လေ့ကျင့်မှု စတင်လိုက်၏။
သူရဲကောင်း အသက်ရှူ ကျင့်စဉ် အတိုင်း လိုက်နာကာ လှုပ်ရှားမှုမျိုးစုံ အစွမ်းကုန် ကြိုးစား လုပ်ဆောင်တော့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပူလောင်သော ခံစားချက်က တဖြည်းဖြည်း အားနည်းလာပြီးနောက် အေးမြသော ခံစားချက် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အချိန်များ ဆက်လက် ကုန်လွန်သွားချိန်တွင် ချင်ဟန် တစ်ယောက် သူ့ခန္ဓာကိုယ် တဖြည်းဖြည်း အားနည်းလာသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပင်ပန်း နွမ်းနယ်မှုများဖြင့် ပြည့်နှက်လာတော့သည်။
"ထင်တဲ့အတိုင်းပဲ ငါ့မှာ သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့ ပါရမီ မရှိဘူး..."
သူ့ခန္ဓာကိုယ်တွင်းရှိ ခံစားချက်များကို အာရုံခံရင်း ချင်ဟန် သက်ပြင်းချလိုက်မိသည်။
ဆော်ရန်ဒို ပြောပြချက် အရဆိုလျှင် သူ့တွင်သာ ပါရမီ ရှိပါက လေ့ကျင့်နေစဉ် အတွင်း ပို၍ပို၍ စိတ်လှုပ်ရှားလာပြီး မရပ်တန့်ချင်လောက်အောင် လန်းဆန်းသော ခံစားချက်မျိုး ခံစားရမည် ဖြစ်သည်။
သို့သော် ချင်ဟန်က ထိုကဲ့သို့ မခံစားရချေ။ ထိုအစား ပင်ပန်း နွမ်းနယ်မှုကိုသာ ခံစားနေရသည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ဤခန္ဓာကိုယ်တွင် သူရဲကောင်း တစ်ဦး ဖြစ်လာရန် ပါရမီ မရှိကြောင်း သူ သိလိုက်ရ၏။
သို့သော် ဤသည်မှာ ယုတ္တိ ရှိလှသည်။
သရုပ်ဖော် စနစ်ထဲရှိ ဤကိုယ်ပိုင် အထောက်အထား အတွက် သူ ရမှတ် တစ်မှတ်မျှပင် အသုံးမပြုခဲ့သဖြင့် ခြေလက်အင်္ဂါ မချို့တဲ့သည်ကပင် ကံကောင်းလှပြီ ဆိုရမည်။
ဒီလို အခြေအနေမျိုးနဲ့ သူရဲကောင်း တစ်ဦး ဖြစ်ရန် လိုအပ်သော ပါရမီ လိုချင်နေသေးတာလား…
အိပ်မက်သာ မက်နေလိုက်တော့…
ယခင်က ချင်ဟန် တစ်ယောက် စမ်းသပ်ကြည့်ရုံသာ စမ်းသပ်ကြည့်ချင်ခဲ့ပြီး မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ချေ။
ယခု သူ့မျှော်လင့်ချက်များ ပျက်စီးသွားချိန်တွင်လည်း စိတ်မပျက်မိဘဲ သက်ပြင်းသာ ချလိုက်မိသည်။
"ကံကောင်းလို့ အနည်းအကျဉ်းတော့ အသုံးဝင်သေးတယ်..."
လက်ရှိ အခြေအနေကို အာရုံခံရင်း သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့၏။
သူရဲကောင်း အသက်ရှူ ကျင့်စဉ်၏ လေ့ကျင့်မှု အကျိုးသက်ရောက်မှုများက သူ့ခန္ဓာကိုယ် အပေါ်တွင် ခန္ဓာကိုယ် ကျင့်စဉ်ထက် မညံ့ကြောင်း သူ ခံစားသိနိုင်သည်။
"ငါသာ သူရဲကောင်း အသက်ရှူ ကျင့်စဉ်နဲ့ ခန္ဓာကိုယ် ကျင့်စဉ်ကို ပေါင်းစပ် အသုံးပြုလိုက်ရင် အကျိုးသက်ရောက်မှုတွေ ပိုကောင်းလာလောက်တယ်..."
ချင်ဟန် စိတ်ထဲ တွေးလိုက်မိသည်။
ဤအသက်ရှူ ကျင့်စဉ်ဖြင့် သူ့ ခန္ဓာကိုယ် ကျင့်စဉ်ကို ပိုစောစော ပြီးမြောက်နိုင်လောက်၏။
"ဒီလောကက သူရဲကောင်းတွေနဲ့ ခန္ဓာကိုယ် ကျင့်စဉ် ပြီးမြောက်သူတွေကြားမှာ ခွန်အား ကွာခြားချက် ဘယ်လောက်တောင် ရှိမလဲ မသိဘူး..."
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။
ချင်ဟန်နှင့် ဆော်ရန်ဒိုတို့၏ လျှို့ဝှက် ဆွေးနွေးမှု အပြီးတွင် အရာအားလုံးက ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပုံမှန် အတိုင်းသာ ဆက်လက် လည်ပတ်နေခဲ့၏။
အပေါ်ယံတွင်တော့ စီစီလီ ပိုင်နက်က အတော်လေး တည်ငြိမ်နေပုံ ရသည်။
ထိုသို့ဖြင့် နောက်ထပ် နှစ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့လေပြီ။
ဝုန်း... ဒိုင်း...
အပြင်ဘက်တွင် မိုးကြိုးများ ပစ်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။
"သခင်ကြီး စီစီလီရဲ့ ရောဂါက မသက်သာသေးဘူးလား..."
ချင်ဟန်က သူ့ရှေ့ရှိ အရပ်ရှည်ရှည် သူရဲကောင်းကို တိုးတိုးလေး မေးလိုက်သည်။
"မသက်သာသေးဘူး..."
အရပ်ရှည်ရှည် သူရဲကောင်းက လှည့်လာပြီး ချင်ဟန်ကို ကြည့်လိုက်၏။
***