"မစ္စတာ ဆော်လို... ငါတို့ သိကျွမ်းလာခဲ့တာ ကြာပြီ ဆိုပေမဲ့ မင်းကို ဒီသတိပေးချက်လေးတော့ ပေးသင့်တယ် ထင်တယ်..."
အရပ်ရှည်ရှည် သူရဲကောင်းက လှည့်လာပြီး ချင်ဟန်ကို ကြည့်လိုက်၏။
မှိန်ဖျော့သော အလင်းရောင်အောက်တွင် သူ့ ပုံပန်းသွင်ပြင်က ချင်ဟန်ရှေ့တွင် ထင်ရှားနေသည်။
သူက အရပ်အလွန် ရှည်ပြီး ခန္ဓာကိုယ် တည်ဆောက်ပုံမှာလည်း အတော်လေး တောင့်တင်း ကြံ့ခိုင်သည်။ သို့သော် သူက အတော်လေး အသက်ကြီးနေပုံ ရပြီး... အသက် ၅၀ ဝန်းကျင်ခန့် ရှိပုံရကာ ခွန်အားများလည်း ကျဆင်းနေပုံ ပေါ်သည်။
အကယ်၍ သူသာ သာမန် လူတစ်ယောက် ဖြစ်နေမည် ဆိုလျှင် ဤအရွယ်ဖြင့် သေဖို့ ပြင်ဆင်နေရလောက်ပြီ ဖြစ်သည်။
သူရဲကောင်း တစ်ယောက် အတွက်ပင် သူက အတော်လေး အသက်ကြီးနေပြီ မဟုတ်ပါလား။
သို့သော် အသက်အရွယ် ရလာသည့်တိုင် သူက အလွန်တရာမှ ကြီးမား တောင့်တင်းနေဆဲပင်။
သူက ထိုနေရာတွင် ရပ်ရင်း ကြီးမားသော မျက်လုံးများဖြင့် ချင်ဟန်ကို စိုက်ကြည့်ကာ လေးနက်သော အမူအရာဖြင့်...
"ပြင်ပလူ တစ်ယောက် အနေနဲ့ သခင်ကြီး စီစီလီရဲ့ မိသားစု ကိစ္စတွေမှာ မင်း မပါဝင်တာ အကောင်းဆုံးပဲ... မဟုတ်ရင် မင်းအတွက် ကောင်းတဲ့ အဆုံးသတ် ရလာမှာ မဟုတ်ဘူး..."
သူ့လေသံမှာ အလွန်တရာမှ အေးစက်လွန်း၏။
အခြေအနေများက အရေးကြီးသော အချိန်ကာလ တစ်ခုသို့ ရောက်နေပြီ ဖြစ်သဖြင့် သူ ဤသတိပေးချက်ကို ပေးရခြင်း ဖြစ်ပုံရသည်။
မည်သို့ပင်ဖြစ်စေ ချင်ဟန် တစ်ယောက် မကြာသေးမီ နှစ်များအတွင်း အတော်လေး လိမ္မာပါးနပ်ပြီး သစ္စာရှိခဲ့သည့်တိုင် နောက်ဆုံးတွင်တော့ သူက ဆော်ရန်ဒို၏ နောက်လိုက် တစ်ယောက်သာ မဟုတ်ပါလား။
ချာလီဘက်မှ ရပ်တည်နေသော အက်ဒဝပ် အတွက်တော့ သူ သတိထားရမည့်သူပင်။
"ကျွန်တော် နားလည်ပါတယ်..."
ချင်ဟန်က အက်ဒဝပ်ကို ကြည့်ရင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အလွန် ဝမ်းနည်းနေဟန်ဖြင့်...
"ကျွန်တော် သခင်ကြီး စီစီလီကို အလုပ်အကျွေး ပြုလာခဲ့တာ အခုဆိုရင် ဆယ်နှစ်လောက် ရှိတော့မယ်... အခုချိန်ထိတောင် သခင်ကြီးက ကျွန်တော့်ကို မယုံကြည်နိုင်သေးဘူးလား..."
အက်ဒဝပ်၏ စကားများကြောင့် သူ နာကျင်သွားရသည့် အလား အလွန် ဝမ်းနည်းနေပုံဖြင့် တုန့်ပြန်လိုက်သည်။
"မဟုတ်ပါဘူး... ငါ အဲ့ဒီ သဘောမျိုး ပြောတာ မဟုတ်ပါဘူး..." အက်ဒဝပ်၏ လေသံက ချင်ဟန်ကို ကြည့်ရင်း ပိုပျော့ပြောင်းလာကာ...
"ငါက မင်း မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခု ချမိမှာကို စိုးရိမ်လို့ပါ... လူငယ်တွေ ဆိုတာ အရာဝတ္ထု မျိုးစုံရဲ့ မြှူဆွယ်မှုကို ခံရလေ့ ရှိပြီး အဲ့ဒါက သူတို့ကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချမိစေတယ်လေ..."
"မစ္စတာ ဆော်လို... မင်းက ငယ်ရွယ်သေးသလို အသန်မာဆုံး အရွယ်မှာ ရှိနေသေးတယ်... မင်းရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အကြံအစည်မျိုးတွေ လုပ်ဖို့ မလိုပါဘူး..."
ထိုစကား ကြားလျှင် ချင်ဟန် တိတ်ဆိတ်သွားသည်။
သူ ထိုနေရာတွင် ခဏတာ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ပြုံး၍...
"ကျွန်တော် ဒါကို နားလည်ပါတယ်..."
ထိုစကား ကြားပြီးနောက် အက်ဒဝပ် ပြုံးလိုက်ပြီး သူ့အနီးသို့ လျှောက်လာကာ ပခုံးကို ပုတ်၍ ထွက်ခွာသွားတော့သည်။
သူက လှည့်၍ ထွက်ခွာရန် ပြင်လိုက်၏။ အခြေအနေများကို ကြည့်ရသလောက် ကိစ္စအချို့ သွားရောက် ပြင်ဆင်တော့မည့်ပုံ ပေါ်သည်။
ရွှစ်...
လေပြေလေး တစ်ချက် တိုက်ခတ်သွားပြီး လှိုင်းဂယက်များ ထလာသည်။
ဓားတစ်လက် လေထုကို ခွဲဖြတ်သွားသံ ရုတ်တရက် ထွက်ပေါ်လာ၏။
အက်ဒဝပ် လန့်ဖြန့်သွားပြီး ဘေးသို့ အလိုအလျောက် ရှောင်တိမ်းလိုက်သည်။
ဒိုင်း...
ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သွေးများ ပန်းထွက်လာတော့သည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ဓားရှည် တစ်လက်ကြောင့် သူ့လက်မောင်း တစ်ဖက် ပြတ်တောက် သွားခဲ့လေပြီ။
အချိန်တိုလေး အတွင်းမှာပင် သူ တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားတော့၏။
"မင်း…"
ချင်ဟန်ကို ကြည့်ရင်း အက်ဒဝပ် ၏ နှလုံးသား လှုပ်ခတ်သွားပြီး သူ့မျက်နှာပေါ်တွင် ဒေါသတကြီး အမူအရာများ ထွက်ပေါ်လာသည်။
"တောင်းပန်ပါတယ်..."
ချင်ဟန်က ဓားကို ကိုင်ထားရင်း တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလိုက်၏။
ထိုဓားမှာ ဆော်ရန်ဒို ပေးထားသော ဓားဖြစ်ပြီး သူက ဓားပေါ်တွင် အထူး အဆိပ်တစ်မျိုး သုတ်လိမ်းထားခဲ့သည်။ ဝက်ဝံ တစ်ကောင် ဖြစ်နေလျှင်ပင် ဤအဆိပ်နှင့် ထိမိပါက တိုက်ခိုက်နိုင်စွမ်း လျင်မြန်စွာ ဆုံးရှုံးသွားပေလိမ့်မည်။
ချင်ဟန် တစ်ယောက် ဤနေ့ အတွက် ပြင်ဆင်မှုများစွာ လုပ်ဆောင်ထားခဲ့သည် မဟုတ်ပါလား။
"သခင်လေး ဆော်ရန်ဒို အတွက်... ကျေးဇူးပြုပြီး သေပေးပါ..."
သူ့ အမူအရာက တည်ငြိမ်နေပြီး ရှေ့သို့ ပြေးဝင်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။
ကြီးမားသော စွမ်းအင် လှိုင်းလုံး တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
အက်ဒဝပ် လည်း တုံ့ဆိုင်းမနေဘဲ ချင်ဟန်ကို ကြည့်ကာ သူ့ဓားကို ဆွဲထုတ်၍ ခုတ်ချလိုက်သည်။
သူတို့ဓားများ အချင်းချင်း ထိခတ်သွားချိန်တွင် နှစ်ယောက်စလုံး နောက်သို့ တစ်ပြိုင်နက် ဆုတ်သွားကြပြီးနောက် ရှေ့သို့ ထပ်မံ ခုန်ဝင်သွားကြပြန်သည်။
သတ္တု အချင်းချင်း ရိုက်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
"မင်းရဲ့ ခွန်အားတွေက..."
ချင်ဟန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များကို အာရုံခံမိပြီးနောက် အက်ဒဝပ် ပို၍ ဒေါသထွက်လာကာ မကောင်းသော ခံစားချက် တစ်ခု ဝင်လာခဲ့သည်။
သူက သာမန် လူတစ်ယောက် မဟုတ်ဘဲ ပါရမီရော ကောင်းမွန်သော လေ့ကျင့်မှုပါ ရှိထားသည့် သူရဲကောင်း တစ်ဦးပင်။
သူ့အတွက်တော့ အသက်အရွယ် ကြီးရင့်နေပြီး ဒဏ်ရာရနေသည့်တိုင် သာမန် လူတစ်ယောက် ယှဉ်တိုက်နိုင်မည့် သူမျိုး မဟုတ်ချေ။
"ဒီလောက်တောင် ကြောက်စရာ ကောင်းတဲ့ ခွန်အားတွေလား..."
အက်ဒဝပ်၏ ဓားနောက်ကွယ်ရှိ ကြောက်မက်ဖွယ် ခွန်အားကို ခံစားလိုက်ရသဖြင့် ချင်ဟန်လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။
နှစ်နှစ် အကြာတွင် သူက ခန္ဓာကိုယ် ကျင့်စဉ်ကို ပြီးမြောက်ခဲ့လေပြီ။ ဤကဲ့သို့သော ခွန်အားမျိုးနှင့် ဆိုလျှင် သိုင်းကျောင်းများတွင်ပင် အသန်မာဆုံး သူများထဲမှ တစ်ယောက် ဖြစ်နေမည် ဖြစ်ပြီး သူ့ကို ယှဉ်နိုင်မည့်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
သို့သော် လက်ရှိ အခြေအနေတွင် သူက အနည်းငယ် အရေးနိမ့်နေဆဲပင်။
အက်ဒဝပ်က အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုမယုံကြည်နိုင်လောက်သော ခွန်အားနှင့် ဆိုလျှင် သာမန် တိုက်ခိုက်မှု တစ်ချက်ကပင် သစ်ပင်ကြီး တစ်ပင်ကို ခုတ်လှဲနိုင်စွမ်း ရှိပြီး ဤသည်မှာ သူ ဒဏ်ရာရနေစဉ် အတွင်းမှာပင် ဖြစ်သည်။
အက်ဒဝပ်သာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး ဒဏ်ရာမရထားဘူး ဆိုလျှင် မည်မျှတောင် ကြောက်စရာ ကောင်းမည်ကို ချင်ဟန် စိတ်ကူးပင် မယဉ်ဝံ့ချေ။
သို့သော် လက်တွေ့ဘဝတွင် အကယ်၍ မရှိ။
ကျယ်ဝန်းသော ခန်းမဆောင်ကြီး အတွင်း ပြင်းထန်သော ထိခတ်သံများ ထွက်ပေါ်နေပြီး ဟိန်းဟောက်သံများနှင့် တွဲဖက်လို့။
ဓားနှင့် ဓား အချင်းချင်း အဆက်မပြတ် ရိုက်ခတ်နေပြီးနောက် တဖြည်းဖြည်း နှေးကွေးသွားတော့သည်။
နောက်ဆုံးတွင် အက်ဒဝပ်၏ ခွန်အားများ ကျဆင်းလာခဲ့လေပြီ။
သူ မည်မျှပင် အရှုံးမပေးချင်ပါစေ သူက အသက် ငါးဆယ် အရွယ် လူတစ်ယောက် ဖြစ်ပြီး သူ့ အကောင်းဆုံး အချိန်များနှင့် အများကြီး ဝေးကွာနေခဲ့ပြီ မဟုတ်ပါလား။ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အရ ဆိုလျှင် သူက ချင်ဟန်ကို မယှဉ်နိုင်ချေ။
ထို့အပြင် သူက ဒဏ်ရာရထားပြီး အဆိပ်များကလည်း တဖြည်းဖြည်း အာနိသင် ပြလာခဲ့လေပြီ။
အချိန်အတော်ကြာ အကြိတ်အနယ် တိုက်ခိုက်ပြီးနောက် အက်ဒဝပ်ကို စောင့်ကြိုနေသည့် တစ်ခုတည်းသော အရာမှာ ရှုံးနိမ့်ခြင်းနှင့် သေဆုံးခြင်းသာ။
ဓားအလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် လူတစ်ယောက်၏ ခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ခန်းမဆောင် ထဲတွင် ချင်ဟန် တစ်ယောက် မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်လျက်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ချွေးများ၊ ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။
အက်ဒဝပ် ကဲ့သို့သော သူရဲကောင်း တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ချင်ဟန်က အတော်လေး အစွမ်းထက်သည့်တိုင် အနာအဆာ ကင်းကင်းနှင့်တော့ ထွက်မလာနိုင်ခဲ့ပေ။
သူ့အဝတ်အစားများ သွေးစွန်းနေပြီး အဝတ်အစားများပေါ်မှ သွေးများ စီးကျလို့။
သို့သော် သူ အသက်ရှင် ကျန်ရစ်ခဲ့လေပြီ။
"မစ္စတာ ဆော်လို..."
အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ချင်ဟန် လှည့်ကြည့်လိုက်ရာ သံချပ်ကာပါး ဝတ်ဆင်ထားသော အစောင့်တစ်ယောက် ထိုနေရာတွင် ရပ်ကာ သူ့ကို ထိတ်လန့်စွာ ကြည့်နေသည်အား တွေ့လိုက်ရ၏။
"သခင်လေး ဆော်ရန်ဒိုက ခေါ်ခိုင်းလိုက်ပါတယ်..." ချင်ဟန်ကို အကြောက်တရား များဖြင့် စိုက်ကြည့်နေဆဲပင် သူက ပြောလိုက်သည်။
"လမ်းပြ..." ချင်ဟန် ခေါင်းမော့ပြီး အေးစက်သော အမူအရာဖြင့် ညင်သာစွာ ပြောလိုက်၏။
ဒီညက သွေးထွက်သံယို ဖြစ်မယ့် ညတစ်ည ဖြစ်လာဖို့ ဖန်တီးခံထားရတာပဲ…
သူရဲကောင်း စီစီလီ ကွယ်လွန်သွားပြီးနောက် စီစီလီ ပိုင်နက် တစ်ခုလုံးတွင် အထက်တန်းလွှာ အစောင့် အယောက် ၅၀ ခန့်သာ ရှိတော့သည်။
ထိုအထဲတွင် သူရဲကောင်း အက်ဒဝပ်က အသန်မာဆုံးပင်။ ချင်ဟန် တစ်ယောက်တည်းကပင် ကျန်ရှိနေသူ အားလုံးနှင့် ယှဉ်နိုင်စွမ်း ရှိသည်။
အက်ဒဝပ် တစ်ယောက် ချင်ဟန် လက်ချက်ဖြင့် သေဆုံးသွားပြီးနောက် ကျန်ရှိနေသော ပြဿနာများ မရှိတော့ချေ။
တစ်ညတည်း အတွင်းမှာပင် ချင်ဟန်က ဆော်ရန်ဒို၏ လူများကို ကိုယ်တိုင် ဦးဆောင်ကာ လူဒါဇင်နှင့်ချီ သတ်ဖြတ်ခဲ့ပြီး ခုခံမှု အားလုံးကို နှိမ်နင်းခဲ့လေပြီ။
...
ဆော်ရန်ဒို၏ အစ်ကိုကြီး ဖြစ်သူ သခင်လေး ချာလီမှာ အကျပ်အတည်းများကြား ပိတ်မိသွားခဲ့ပြီး နောက်ဆုံးတွင် ဆော်ရန်ဒို ကိုယ်တိုင် ကြိုးပေး ကွပ်မျက်လိုက်တော့သည်။
ထိုနောက်တွင်တော့ ဤည၏ အဖြစ်အပျက်များ နိဂုံးချုပ် သွားခဲ့လေပြီ။
"ဆော်လို... ငါ့ညီ..."
နောက်တစ်နေ့ နံနက်စောစော နေရောင်ခြည်က မြေပြင်ပေါ် ဖြာကျလာချိန်။
ဆော်ရန်ဒိုက ချင်ဟန်ကို ကြည့်ရင်း အလွန် စိတ်လှုပ်ရှားနေပုံ ရ၏။
"ဆာလို ကို ငါ လွှတ်လိုက်တဲ့ လူတွေဆီက ပြန်စာ ရပြီ... ဆာလိုရဲ့ နယ်စားက ငါ့ကို စီစီလီ ပိုင်နက်ရဲ့ အုပ်ချုပ်သူ အသစ် ဖြစ်လာဖို့ သဘောတူလိုက်ပြီ..."
သူက ချင်ဟန်၏ ပခုံးကို ပုတ်ကာ အလွန် ပျော်ရွှင်နေပုံ ပေါ်သည်။
သေချာသည်က သူ ဤမျှ ပျော်ရွှင်နေရခြင်းမှာ အကြောင်းပြချက် ရှိလှသည်။
သူရဲကောင်း စီစီလီတွင် သားသမီး နှစ်ယောက်သာ ရှိပြီး ချာလီ သေဆုံးသွားပြီးနောက် ဆော်ရန်ဒိုက ပိုင်နက်၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
ယခုအခါ သူ့ ဆက်ခံမှုကို အသိအမှတ် ပြုခံရလေပြီ။ အချိန်အနည်းငယ် ကြာပြီးနောက် သူက စီစီလီ ပိုင်နက်၏ တရားဝင် အုပ်ချုပ်သူ အသစ် ဖြစ်လာတော့မည်။
"သခင်လေး အတွက် ကျွန်တော် အရမ်း ဝမ်းသာပါတယ်..."
ချင်ဟန်က ဒူးတစ်ဖက် ထောက်ပြီး အလွန် ရိုးသားသည့် ပုံစံ ဖမ်းလိုက်၏။
ဆော်ရန်ဒိုလည်း အနည်းငယ် ပြုံးနေသည်။
"ဆော်လို... ငါ့ညီ..." သူက ဝိုင်တစ်ခွက် ငှဲ့ကာ ချင်ဟန်အား ကမ်းပေးလိုက်သည်။ "ငါတို့ရဲ့ ထာဝရ ခင်မင်မှု အတွက် ဂုဏ်ပြုလိုက်ရအောင်..."
ချင်ဟန်ကို ကြည့်ရင်း ရယ်မောကာ ပြောလာ၏။
ထိုစကား ကြားပြီးနောက် ချင်ဟန် တစ်ယောက် အချိန်အတော်ကြာ မလှုပ်ရှားဘဲ နေပြီးနောက် တိတ်ဆိတ်စွာ မတ်တပ် ထရပ်လိုက်သည်။
သူက ဆော်ရန်ဒို ကို စိုက်ကြည့်ရင်း ညင်သာစွာ သက်ပြင်းချကာ...
"ဒါပေမဲ့ ဘာလို့လဲ..."
"ဘာ..."
ဆော်ရန်ဒို တစ်ယောက် ဘာမှ နားမလည်တော့သည့် အလား ကြောင်အမ်းသွားသည်။
သို့သော် ချင်ဟန်က စကားများများ ပြောမနေချင်တော့ချေ။
ဆော်ရန်ဒိုကို ကြည့်ရင်း သူ့ခွက်အား ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ရာ ဝိုင်များ မြေပြင်ပေါ် ဖိတ်စင်သွားတော့သည်။
ဝိုင်များ မြေပြင်ပေါ် ကျသွားပြီးနောက် သာမန် ဝိုင်တစ်ခုလို ပုံပေါ်နေသော်လည်း မကြာမီမှာပင် ထူးဆန်းသော မွှေးရနံ့ တစ်မျိုး ထွက်ပေါ်လာ၏။
"ခင်ဗျားက အဆိပ်ပြောင်းဖို့ တောင် မစဉ်းစားမိဘူးပေါ့..." ချင်ဟန် ညင်သာစွာ သက်ပြင်းချလိုက်ပြီး... "သခင်လေး ဆော်ရန်ဒို... ခင်ဗျား နည်းနည်းလေး ပေါ့ဆလွန်း သွားပြီ..."
"မင်း... မင်း..."
ဆော်ရန်ဒို နောက်သို့ ယိုင်နဲ့သွားပြီး သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသည့် အလား သူ့ အမူအရာ အလွန် မှိုင်းညို့သွားတော့သည်။
သူ့ပုံစံကို ကြည့်ရင်း ချင်ဟန် ခေါင်းခါယမ်းလိုက်၏။
ထင်တဲ့အတိုင်း... တခြားသူတွေကို ငါ့ဇာတ်ညွှန်းအတိုင်း လိုက်လုပ်ပေးဖို့ မျှော်လင့်တာက အရမ်း လွန်ကျူးလွန်း နေတာပဲ။
စစချင်း သူရဲကောင်း စီစီလီ သေဆုံးပြီးနောက် သူက အက်ဒဝပ်ကို သတ်လိုက်လျှင် ဆော်ရန်ဒို အနေဖြင့် သူ့အပေါ် တစ်ခုခု လုပ်ကြံဖို့ ကြိုးစားလောက်အောင် မိုက်မဲမည် မဟုတ်ဟု ချင်ဟန် ထင်မှတ်ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ လက်တလော စီစီလီ ပိုင်နက် တစ်ခုလုံး၌ သူရဲကောင်း တစ်ဦးကို ယှဉ်နိုင်သူမှာ သူ တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား။
သူ မရှိဘဲနဲ့ ဆော်ရန်ဒိုက သူ့ပိုင်နက်ထဲမှာ ဘယ်လိုလုပ် စည်းကမ်းတကျ ထိန်းသိမ်းပြီး ပိုင်နက်ကို ကာကွယ်နိုင်မှာတဲ့လဲ… နှမြောစရာကောင်းတာက ဆော်ရန်ဒို တစ်ယောက် ဒီအချက်ကို စဉ်းစားမိပုံ မရဘူး... နောက်ဆုံးတော့ သူက မိသားစု အမွေအနှစ်ကို မပေးချင်ဘူးပေါ့…
"ခင်ဗျားသာ အခုလို မလုပ်ဘဲ သူရဲကောင်း အသက်ရှူ ကျင့်စဉ် အပြည့်အစုံ ပေးခဲ့ရင် ကျွန်တော်ကလည်း အက်ဒဝပ်လိုမျိုး ခင်ဗျား မိသားစုကို လိမ္မာပါးနပ်စွာ အလုပ်အကျွေး ပြုနေမှာပဲလေ... အဲ့ဒါက နှစ်ဖက်လုံး အတွက် မကောင်းဘူးလား..."
ချင်ဟန် ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ့ခါးရှိ ဓားကို တိတ်ဆိတ်စွာ ဆွဲထုတ်ကာ...
"ဘာလို့များ ကျွန်တော့်ကို ဒီအခြေအနေထိ ရောက်အောင် တွန်းပို့ရတာလဲ..."
သူ ညင်သာစွာ ပြောလိုက်သော်လည်း သူ့ အသံက ခန်းမဆောင် ထဲတွင် ပဲ့တင်ထပ်သွား၏။
ဆော်ရန်ဒို၏ အမူအရာက ချက်ချင်းပင် ထိတ်လန့်မှုများ အဖြစ် ပြောင်းလဲသွားတော့သည်။
တောက်...
ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
များများစားစား ရုန်းကန်ရမှု မရှိဘဲ ချင်ဟန် အနေဖြင့် ခေါင်းတစ်လုံး လွင့်ထွက်သွားအောင် လုပ်ရန် အားများများ မစိုက်ထုတ်လိုက်ရချေ။
ဆော်ရန်ဒိုကို သတ်ပြီးနောက် တုံ့ဆိုင်းမနေဘဲ ဓားကို ကိုင်ကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။
သူ့ စွမ်းရည်များနှင့် ဆိုလျှင် စီစီလီ ပိုင်နက်ထဲတွင် သူ့ကို ယှဉ်နိုင်မည့်သူ တစ်ယောက်မှ မရှိချေ။
ထို့အပြင် ဤစစ်သည်များမှာ သူတို့၏ အုပ်ချုပ်သူကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သဖြင့် ချင်ဟန်နှင့် အသေအကြေ တိုက်ခိုက်ဖို့ အသက်စွန့်ရဲမည် မဟုတ်ပေ။
မကြာမီမှာပင် ချင်ဟန် တစ်ယောက် ဤဒေသမှ ဖောက်ထွက်ပြီး ထွက်ခွာလာခဲ့တော့သည်။
***