စီစီလီ နယ်မြေမှ ထွက်ခွာလာပြီးနောက် ချင်ဟန်က ထိုနေရာနှင့် ဝေးရာ အခြားသော ဒေသများဆီ ခရီးဆက်လာခဲ့၏။
ဆော်ရန်ဒိုအား သတ်ဖြတ်ခဲ့ခြင်းက သူ့အတွက် ပြဿနာ သိပ်မတက်စေခဲ့ပေ။
မည်သို့ပင်ဆိုစေ ဤခေတ်ကာလမှာ စစ်မက်ဖြစ်ပွားပြီး ဖရိုဖရဲ နိုင်သော အချိန်အခါ ဖြစ်သောကြောင့် မည်သည့် ဒေသမှ ငြိမ်းချမ်းမှု မရှိဘဲ နေရာတိုင်းတွင် တိုက်ခိုက်မှုများချည်းတည်း။
ဆာလိုမြို့တွင်ပင် အစစ်အမှန် မှူးမတ်ပေါင်း များစွာ သေဆုံးခဲ့ရသည် ဖြစ်ရာ သာမန် သူရဲကောင်း တစ်ယောက် သေဆုံးသွားခြင်းမှာ ကြီးကျယ်သော ကိစ္စရပ် မဟုတ်ချေ။
ချင်ဟန်က စစ်စလီ နယ်မြေမှ ထွက်ခွာပြီးနောက် ကြေးစား စစ်သည် တစ်ယောက် အဖြစ် ခံယူလိုက်သည်။
သူက ကိုယ့်ကိုယ်ကိုယ် လေလွင့်သူရဲကောင်းဟု အမည်ပေးကာ ကြေးစားတပ်ဖွဲ့ငယ် တစ်ခုကို ဖွဲ့စည်းပြီးနောက် အုပ်ချုပ်သူ အသီးသီးအတွက် ဝင်ရောက် တိုက်ခိုက်ပေးခဲ့၏။ ဤတိုက်ပွဲပေါင်း များစွာကြားတွင် သူ့စွမ်းရည်များကို ပိုထက်မြက်လာစေရန် သွေးထိုး ပွတ်တိုက်နိုင်ခဲ့လေပြီ။
…
ထိုသို့ဖြင့်... သူက ဖရိုဖရဲ ခေတ်ကာလကြီးထဲ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် တိုက်ပွဲတစ်ခုတွင် မထင်မှတ်ဘဲ သေဆုံးသွားခဲ့တော့သည်။
မှိုင်းညို့ပြီး မှောင်မိုက်သော ခံစားချက်တစ်ခုက သူ့အား ရိုက်ခတ်သွားပြီးနောက် ပြင်းထန်သော မူးဝေမှုက ဆက်တိုက် ဆိုသလို ဝင်ရောက်လာ၏။
ချင်ဟန် မျက်လုံးများ တစ်ဖန် ပြန်ပွင့်လာချိန်တွင် ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော နေရာတစ်ခုသို့ ရောက်နေကြောင်း သတိထားမိလိုက်သည်။
ဤသည်မှာ သူ့ယခင်က အိပ်ခန်းပင် ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးက တစ်ပုံစံတည်း တူညီနေဆဲပင်။
သူ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပြီးနောက် သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် စဉ်းစားခန်း ဝင်တော့သည်။
ဤသရုပ်ဖော် စမ်းသပ်မှုအတွင်း သူက စိတ်ကူးနှင့်ပင် မှန်းဆ၍မရသော ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရသည် မဟုတ်ပါလား။
သာမန် မုဆိုး တစ်ယောက် အဖြစ်မှ စတင်ခဲ့ပြီး အလွန် ကျွမ်းကျင်သော စစ်သည်တော် တစ်ယောက် ဖြစ်လာသည်အထိ ဆက်တိုက် ရှေ့ဆက် တက်လှမ်းနိုင်ခဲ့၏။ ဤသည်မှာ သာမန်လူများ ကြုံတွေ့ရမည့် အရာမျိုး မဟုတ်ချေ။
ချင်ဟန်က ကုတင်ပေါ်တွင် ထိုင်၍ အချိန်အတော်ကြာ တွေးတောနေပြီးနောက် နောက်ဆုံး၌ သတိပြန်ဝင်လာကာ သူ့ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်သည်။
သူ့မျက်စိရှေ့တွင်တော့ စာကြောင်း အချို့ ထွက်ပေါ်လာခဲ့လေပြီ။
"သရုပ်ဖော် စမ်းသပ်မှု အဆုံးသတ်သွားပါပြီ..."
"နောက်ဆုံး ရမှတ်များကို တွက်ချက်နေပါသည်..."
ထိုစာသားများ ပေါ်လာသည်နှင့် တပြိုင်နက် ချင်ဟန် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက သူ့မျက်စိရှေ့တွင် ရုပ်ရှင်ပြကွက် တစ်ခုလို ဖြတ်ပြေးသွားတော့၏။
"သင်က လူများစွာကို သတ်ဖြတ်ခဲ့သလို... လူများစွာကိုလည်း ကယ်တင်ခဲ့သည်..."
"သင်က လူအများအပြား၏ ဘဝလမ်းကြောင်းကို အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲပေးခဲ့ပြီး ထိုဒေသအတွက် ထာဝရ အပြောင်းအလဲများကို ဖန်တီးပေးခဲ့သည်..."
"သင်က ကျွမ်းကျင်သော စစ်သည်တော် တစ်ယောက် ဖြစ်ခဲ့ပြီး ထိုဒေသငယ်လေးတွင် နာမည်ကျော်ကြားခဲ့သည်..."
"အထွေထွေ အကဲဖြတ်ချက် - ပုံမှန်..."
"တွက်ချက်မှု ပြီးဆုံးပါပြီ... သင့်နောက်ဆုံး ရမှတ် - ၁၀၃ မှတ်..."
"ရမှတ်..."
ချင်ဟန်က သူ့ရှေ့ရှိ စာသားများကို ကြည့်ရင်း အတော်လေး အံ့အားသင့်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။
"ဒီလောက်တောင် များတာလား..."
သူ့စိတ်ထဲ အံ့ဩမနေဘဲ မနေနိုင်တော့ပေ။
ယခင်ကဆိုလျှင် သူက ရမှတ်များကို အချိန်ယူ၍ ဖြည်းဖြည်းချင်း စုဆောင်းရမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဤသည်ကို ထောက်ရှုလျှင် သရုပ်ဖော် စမ်းသပ်မှုမှနေ၍ ရမှတ်များ ရရှိနိုင်ပုံပေါ်၏။ သူသာ စွမ်းဆောင်ရည် ကောင်းမွန်ပါက ရမှတ်များ ပိုရရှိနိုင်မည်သာ။
ဤတစ်ကြိမ် သူ့ ဝင်ကြေးမှာ အမှတ် (၂၀)သာ ရှိခဲ့သည် မဟုတ်ပါလား။
ယခုတွင်တော့ သူက အဆပေါင်းများစွာ ပိုမိုသော ရမှတ်များကို ရရှိခဲ့ရုံသာမက ကုန်ကျစရိတ်ကိုပင် ပြန်လည် ကာမိသွားခဲ့လေပြီ။
ဤသည်မှာ သေချာပေါက် သတင်းကောင်း တစ်ခုပင်။
သို့သော် အရာအားလုံးက မပြီးဆုံးသေးချေ။
နောက်ထပ် စာသားများ ဆက်လက် ထွက်ပေါ်လာပြန်သည်။
"သရုပ်ဖော် စမ်းသပ်မှုအတွင်း သင်ပိုင်ဆိုင်ခဲ့သော အရာများထဲမှ တစ်စိတ်တစ်ပိုင်းကို ပြန်လည် ရယူရန် ရမှတ်များ အသုံးပြု၍ ရွေးချယ်နိုင်ပါသည်..."
"ဤအရာများတွင် ပစ္စည်းများ၊ ပါရမီများ၊ သွေးဆက်များ၊ စွမ်းရည်များ... စသည်တို့ အကန့်အသတ်မရှိ ပါဝင်ပါသည်..."
ထိုစာသားများ ပေါ်လာပြီးနောက် အရာအားလုံး ပျောက်ကွယ်သွားကာ ကြီးမားသော ကံစမ်းမဲ ဘီးဝိုင်းကြီး တစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာ၏။
ချင်ဟန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့သည်။
"ဒီလိုမျိုးလည်း ရှိတာလား..."
သူ စိတ်လှုပ်ရှားပြီး စိတ်ဝင်တစား မဖြစ်ဘဲ မနေနိုင်တော့ပေ။
သရုပ်ဖော် စမ်းသပ်မှုအတွင်း သူက နှစ်ပေါင်းများစွာ ကြိုးစား ရုန်းကန်ခဲ့ပြီး စွမ်းရည်များစွာ ရရှိခဲ့သည် မဟုတ်ပါလား။
အကယ်၍ ထိုစွမ်းရည်များနှင့် အရည်အချင်းများ အားလုံးကို နောက်တစ်ကြိမ် ပြန်လည် သင်ယူရမည် ဆိုပါက အချိန်အတော်ကြာ ယူရပေလိမ့်မည်။
သို့သော် ဤနည်းလမ်းကို အသုံးပြုခြင်းက အရာအားလုံးကို များစွာ ပိုလွယ်ကူသွားစေနိုင်၏။
ကိန်းဂဏန်း တစ်ခု ပေါ်လာချိန်တွင် ချင်ဟန်က သူ့ရှေ့ရှိ ဘီးဝိုင်းကြီးကို စိုက်ကြည့်လိုက်သည်။
ချင်ဟန် ခေါင်းညိတ်၍...
"ဝင်ကြေးနဲ့ ဈေးနှုန်း အတူတူပဲပေါ့..."
သူ တုံ့ဆိုင်းမနေဘဲ အမှတ် (၂၀) အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။
ဘီးဝိုင်းကြီးမှာ တစ်ဟုန်ထိုး လည်ပတ်လာပြီးနောက် တဖြည်းဖြည်း ပြန်လည် နှေးကွေးသွား၏။
ဘီးဝိုင်းပေါ်ရှိ ညွှန်တံ ရပ်တန့်သွားချိန်တွင် ထိုနေရာ၌ ပါဝင်သော အရာများက ထင်ရှားစွာ ထွက်ပေါ်လာခဲ့လေပြီ။
"မုဆိုး ဆိုလို၏ လေးပစ်စွမ်းရည်ကို သင် ရရှိပါသည်..."
မှိန်ဖျော့သော စာသားများက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဆိုလို၏ လေးပစ်စွမ်းရည်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များမှာ ပိုရှင်းလင်းလာပြီး မယုံကြည်နိုင်လောက်အောင် ပကတိအတိုင်း ဖြစ်လာတော့၏။
ချင်ဟန် မျက်လုံးများ ဖွင့်ကြည့်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ကို အာရုံမခံရမီ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားရသည်။
သူက သူ့လက်မောင်းများကို ငုံ့ကြည့်လိုက်၏။
ယခင်က သူ့လက်မောင်းများမှာ အတော်လေး ဖြူဖွေး သွယ်လျနေပြီး လက်ဖဝါးများတွင်လည်း မည်သည့် အမာရွတ်မှ မရှိခဲ့ပေ။
သို့သော် သတိမထားမိလိုက်သည့် အချိန်လေး အတွင်းမှာပင် သူ့လက်ဖဝါး တစ်ပြင်လုံး၌ အသားမာများ အထပ်ထပ် ဖုံးလွှမ်းလာခဲ့လေပြီ။
ယခုတွင်တော့ အချိန်အကြာကြီး ပုံမှန် လေ့ကျင့်ထားသူ တစ်ယောက်၏ လက်များနှင့် ပိုတူနေတော့၏။
ဤသည်က ချင်ဟန်ကို သဘောပေါက်သွားစေသည်။
"ဒီလိုကိုး..."
ဤကံစမ်းမဲ ဘီးဝိုင်းနောက်ကွယ်ရှိ အမှန်တရားကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ယခင်က သူက သရုပ်ဖော် စမ်းသပ်မှုအတွင်း အချိန်အကြာကြီး လေ့ကျင့်ခဲ့ပြီး အဆင့်မြင့် တစ်နေရာသို့ ရောက်ရှိခဲ့သည်။ ထိုလောကရှိ သူရဲကောင်းများနှင့်ပင် ရင်ပေါင်တန်း တိုက်ခိုက်နိုင်ခဲ့သည် မဟုတ်ပါလား။
သူ့မူလ ခန္ဓာကိုယ်ထံ ပြန်လည် ရောက်ရှိလာပြီးနောက် အတွေ့အကြုံများမှလွဲ၍ အခြား မည်သည့်အရာကိုမျှ ပြန်လည် သယ်ဆောင်လာနိုင်ခြင်း မရှိခဲ့ချေ။
သို့သော် အဆုံးတွင်တော့ အတွေ့အကြုံ ဆိုသည်မှာ အတွေ့အကြုံသာ။ အကယ်၍ ယင်းတို့ကို အစစ်အမှန် တစ်ခုအဖြစ် ပြောင်းလဲလိုပါက အချိန်ယူရပေလိမ့်မည်။
ဤသည်မှာ ကံစမ်းမဲ ဘီးဝိုင်း၏ အဓိက ရည်ရွယ်ချက်ပင်။
ကံစမ်းမဲ ဘီးဝိုင်းမှတစ်ဆင့် သရုပ်ဖော် စမ်းသပ်မှုအတွင်း သူ ရရှိခဲ့သောအရာများကို တိုက်ရိုက် ပြန်လည် ရယူနိုင်၏။
ဤသည်မှာ အခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာပင်တည်း။
ချင်ဟန်က စမ်းသပ်သည့် အနေဖြင့် လက်များကို ဆန့်ထုတ်ကြည့်ရာ သူ အများကြီး ပိုသန်မာလာကြောင်း ခံစားလိုက်ရသည်။
ဤသည်မှာ ဆုလာဘ်၏ အကျိုးသက်ရောက်မှု ဖြစ်ဖို့ များနေလေပြီ။ သူက စွမ်းရည် မှတ်ဉာဏ်များကို ရရှိခဲ့ရုံသာမက သူ့ခန္ဓာကိုယ်ကပါ လိုက်ပါ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
ဤသည်က လေ့ကျင့်ရန် အချိန်ယူရမည့် ကာလကို အများကြီး သက်သာသွားစေပြီး သရုပ်ဖော် စမ်းသပ်မှုတွင် ရှိခဲ့သော အဆင့်အတန်းအား တိုက်ရိုက် ပြန်လည် ရရှိသွားစေ၏။
သို့သော် လေးပစ်စွမ်းရည်မှာ ချင်ဟန်အတွက် သိပ်တော့ အသုံးမဝင်ပေ။
သရုပ်ဖော် စမ်းသပ်မှုတွင် ကောင်းမွန်သော်လည်း လက်တွေ့ ကမ္ဘာကြီးတွင်တော့ လေးကို အသုံးပြုရန် မည်သို့ အခွင့်အရေး ရနိုင်မည်နည်း။
ဤစွမ်းရည်မှာ သူ့အတွက် သိပ်အရေးပါလှသည်တော့ မဟုတ်ချေ။
ထို့ကြောင့် ချင်ဟန် ခေါင်းမော့၍ ဘီးဝိုင်းကြီးကို ဆက်လက် စိုက်ကြည့်နေလိုက်သည်။
ထိုနောက်တွင်တော့ သူ့မျက်မှောင်များ ဆတ်ခနဲ ကြုတ်သွားတော့၏။
ကံစမ်းမဲ ဘီးဝိုင်းပေါ်ရှိ ကိန်းဂဏန်းမှာ (၂၀)မှ (၄၀) သို့ ပြောင်းလဲသွားခဲ့ပြီ... ထိုသည်မှာ နှစ်ဆ တိတိ တက်သွားခြင်းပင်။
"မဲပိုနှိုက်လေ ကုန်ကျမယ့် ရမှတ် ပမာဏကလည်း ပိုများလာလေပဲ..."
ချင်ဟန် ခေါင်းညိတ်လိုက်ပြီး ဤကံစမ်းမဲ ဘီးဝိုင်း၏ စည်းမျဉ်းများကို နားလည်သွားပြီ ဖြစ်သည်။
သူ ခေါင်းငုံ့ကာ ခဏတာ စဉ်းစားပြီးနောက် ကံစမ်းမဲ ဘီးဝိုင်းကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုရန် ဆုံးဖြတ်လိုက်၏။
ဘီးဝိုင်းကြီးက တစ်ဖန် ပြန်လည် လည်ပတ်လာပြန်သည်။
သို့သော် ပထမအကြိမ်နှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ် ကံစမ်းမဲ ဘီးဝိုင်းမှာ အများကြီး ပိုနှေးကွေးနေ၏။
နောက်ဆုံးတွင် ချင်ဟန် စောင့်ကြည့်နေစဉ် ညွှန်တံမှာ တဖြည်းဖြည်း နှေးကွေးသွားပြီး သတ်မှတ်ထားသော နေရာတစ်ခု၌ ရပ်တန့်သွားတော့သည်။
"မုဆိုး ဆိုလို၏ ခန္ဓာကိုယ် ကြံ့ခိုင်ရေး ကျင့်စဉ်ကို သင် ရရှိပါသည်..."
မှိန်ဖျော့သော စာသားများက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့ပြန်သည်။
ဤစာသားများကို ကြည့်ရင်း ချင်ဟန် လန့်ဖြန့်သွားသလို ခံစားလိုက်ရပြီးနောက် ဝမ်းသာအားရ ဖြစ်သွားလေပြီ။
အလင်းရောင် တစ်ခုက ဖြာကျလာပြီး ချင်ဟန်၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
ထိုနောက်တွင်တော့ အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာတော့သည်။
ချင်ဟန်က သူ့ခန္ဓာကိုယ် အတွင်းမှ စွမ်းအင်လှိုင်း တစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရပြီး သူ့ ခန္ဓာကိုယ်အား အသစ်တစ်ဖန် ပြန်လည် ပုံဖော်ကာ ကြောက်မက်ဖွယ် ခွန်အားများ ပေးစွမ်းနေသကဲ့သို့ပင်။
သေချာသည်က ထိုသည်မှာ ထင်ယောင်ထင်မှား ခံစားချက် တစ်ခုသာ ဖြစ်ပြီး အမှန်တကယ် မဟုတ်ချေ။
သို့သော် ထိုသို့ ခံစားလိုက်ရသဖြင့် ချင်ဟန် အပြုံးရေးရေး မပြုံးဘဲ မနေနိုင်တော့ပေ။
လက်တွေ့ ကမ္ဘာကြီးတွင် သူ့ ကျင့်ကြံခြင်းမှာ အတော်လေး သာမန်သာ။ အခြေခံအုတ်မြစ် ရှိနေသည့်တိုင် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အဆင့် ပြီးမြောက်ရန် အလွန် ဝေးကွာနေသေးသည် မဟုတ်ပါလား။
သရုပ်ဖော် စမ်းသပ်မှုအတွင်းက အတွေ့အကြုံများကြောင့် ဤအချိန်ကို အများကြီး လျှော့ချနိုင်သော်ငြား ချင်ဟန်၏ ခန့်မှန်းချက် အရ သူ့အခြေခံဖြင့် အဆင့်ပြီးမြောက်ရန် အနည်းဆုံး လအနည်းငယ်တော့ ယူရပေဦးမည်။
လအနည်းငယ် အတွင်း ခန္ဓာကိုယ် ကြံ့ခိုင်ရေး အဆင့်ကို ပြီးမြောက်ခြင်းမှာ လွန်စွာ အံ့မခန်း မြန်ဆန်သော အရှိန်အဟုန် ဖြစ်ပြီး မည်သူမဆို ကြားလိုက်ရုံနှင့်ပင် ထိတ်လန့်သွားပေလိမ့်မည်။
သို့သော် ယခု ပိုမြန်မြန် ရောက်ရှိနိုင်ပြီ ဖြစ်သောကြောင့် ပိုကောင်းသည်မှာ သဘာဝပင်။
သူ ပြန်လည် ရရှိလာသော ခွန်အားကို အာရုံခံရင်း ချင်ဟန် ရယ်မောလိုက်မိသည်။ ထိုခံစားချက်မှာ အတော်လေး ထူးခြားလှ၏။
နှစ်ကြိမ် လည်ပတ်ပြီးနောက် ကံစမ်းမဲ ဘီးဝိုင်းမှာ နောက်တစ်ကြိမ် အပြောင်းအလဲများ ဖြစ်ပေါ်လာပြန်သည်။
ကုန်ကျစရိတ်မှာ အမှတ် (၄၀)မှ (၈၀)သို့ မြင့်တက်သွားခဲ့လေပြီ။
ကြည့်ရသလောက် ကံစမ်းမဲ ဘီးဝိုင်းက တစ်ကြိမ်လျှင် အမှတ် (၂၀)စီ တက်သွားခြင်း မဟုတ်ဘဲ တစ်ကြိမ်လည်တိုင်း နှစ်ဆ တက်သွားခြင်း ဖြစ်ပုံရ၏။
ချင်ဟန် ကျန်ရှိနေသော ရမှတ်များ အခြေအနေအရ နောက်တစ်ကြိမ် လှည့်ရန် မတတ်နိုင်တော့ချေ။
ချင်ဟန်က သူ ကျန်ရှိနေသော ရမှတ်များကို မော့ကြည့်လိုက်သည်။ လက်ရှိ ရမှတ် - ၄၃ မှတ်။
သရုပ်ဖော် စမ်းသပ်မှုမှ ရမှတ် (၁၀၃) မှတ် ရရှိခဲ့ပြီး စွမ်းရည် နှစ်ခုအတွက် အမှတ် (၆၀) သုံးစွဲခဲ့ပြီး ဖြစ်သည်။
ချင်ဟန် ခေါင်းညိတ်လိုက်၏။ ဤသည်မှာ ဝင်ကြေး နှစ်ကြိမ်စာအတွက် လုံလောက်နေဆဲပင်။
ယခင် သရုပ်ဖော် စမ်းသပ်မှုမှ အကျိုးအမြတ်များကို တွေးမိရင်း သူ စိတ်လှုပ်ရှားမနေဘဲ မနေနိုင်တော့ဘဲ နောက်ထပ် သရုပ်ဖော် စမ်းသပ်မှု တစ်ခုထဲ ဝင်ရောက်ရန် ရွေးချယ်လိုက်တော့သည်။
"သင် မည်သူမည်ဝါဖြစ်ကြောင်း ကိုယ်စားပြုသူကို ရွေးချယ်ပါ..."
ရင်းနှီးနေသော မျက်နှာပြင်က နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
ယခင် အကြိမ်ကဲ့သို့ပင် ချင်ဟန်က ထိုရွေးချယ်မှုများကိုသာ ထပ်မံ ပြုလုပ်လိုက်၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ ဘာမှ ဖြစ်မလာခဲ့ချေ။
စာကြောင်း တစ်ကြောင်းက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
ချင်ဟန် ဇဝေဇဝါ ဖြစ်မသွားဘဲ မနေနိုင်တော့ပေ။
"ဘာတွေ ဖြစ်နေတာလဲ..."
ထိုစာသားများကို ကြည့်ရင်း သူ့မျက်မှောင်များ ဆတ်ခနဲ ကြုတ်သွား၏။
ရမှတ်များ နှုတ်ယူခံလိုက်ရပြီး သူ့ရွေးချယ်မှုများတွင်လည်း မည်သည့် အမှားအယွင်းမှ မရှိခဲ့ပေ။
သို့ဆိုလျှင် သူ မဝင်ရသေးခင်မှာပင် သရုပ်ဖော် စမ်းသပ်မှုက အဘယ်ကြောင့် အဆုံးသတ်သွားရသနည်း။
သူ အတော်လေး ရှုပ်ထွေးသွားသဖြင့် မျက်နှာပြင်ကို စိုက်ကြည့်လိုက်သည်။
မျက်နှာပြင်မှာ သူ့အရှုပ်အထွေးကို အာရုံခံမိသွားသည့် အလား မြင်ကွင်းများက သူ့ရှေ့တွင် ထွက်ပေါ်လာလေပြီ။
ယင်းမှာ လူတစ်ယောက်၏ ဘဝတစ်ခုပင်။
သာမန် တောင်ပေါ်ရွာလေး တစ်ရွာတွင် ကလေးတစ်ယောက် မွေးဖွားလာပြီး ထိုနေရာတွင် ကြီးပြင်းလာခဲ့သည်။
နောက်ထပ် နှစ်အနည်းငယ် ကြာသည့်တိုင် ကလေးမှာ တခြား ကလေးများ နည်းတူ ဆက်တိုက် ကြီးထွားလာခဲ့၏။
သို့သော် ကလေး အသက် ခုနစ်နှစ် အရွယ်သို့ ရောက်သောအခါ တောင်ဓားပြ တစ်စု ပေါ်လာပြီး ရွာတစ်ရွာလုံးကို ရက်စက်စွာ သတ်ဖြတ်ကြတော့သည်။
ထိုအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွင်း ကလေး၏ မိဘများ အသတ်ခံလိုက်ရပြီး သူ ကံကောင်းထောက်မစွာ အသက်ရှင် လွတ်မြောက်ခဲ့သော်ငြား ရွာ၏ အကာအကွယ်ကို ဆုံးရှုံးသွားသဖြင့် နောက်ဆုံးတွင် ငတ်မွတ်ခေါင်းပါးကာ သေဆုံးသွားခဲ့လေပြီ။
မြင်ကွင်းများက ထိုနေရာတွင်ပင် အဆုံးသတ်သွားခဲ့၏။
ချင်ဟန် ဆွံ့အသွားရသည်။
ဤသို့ကိုး... သရုပ်ဖော် စမ်းသပ်မှု အဘယ်ကြောင့် ကျရှုံးသွားကြောင်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။
သရုပ်ဖော် စမ်းသပ်မှု မစတင်မီ သူ စတင်မည့် အသက်အရွယ်ကို ရွေးချယ်နိုင်သော်လည်း ယင်းအတွက် သူ ပေးချေရပေမည်။
ယခင်ကဆိုလျှင် ဤရွေးချယ်ခွင့်၏ အဓိက ရည်ရွယ်ချက်အား ချင်ဟန် တွေးတောနေခဲ့ဖူး၏။
ယခုမှသာ ထိုသည်က မမျှော်လင့်ထားသည့် အရာများ ဖြစ်မလာစေရန် တားဆီးပေးခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်တော့သည်။
လူတစ်ယောက်၏ ဘဝတွင် မမျှော်လင့်ထားသည့် အပြောင်းအလဲပေါင်း မရေမတွက်နိုင်အောင် ရှိနေသည် မဟုတ်ပါလား။
ကလေးတစ်ယောက် မွေးဖွားလာချိန်မှ အသက် (၂၀) အရွယ်အထိ ကြီးပြင်းလာစဉ် အတွင်း အရာများစွာ ဖြစ်ပျက်နိုင်သည်။
သဘာဝ ဘေးအန္တရာယ်များ သို့မဟုတ် လူဖန်တီးသော ဘေးဒုက္ခများ ရှိနိုင်၏။ မီးလောင်မှု တစ်ခုတည်းကပင် အသက် တစ်ချောင်းကို ဆုံးရှုံးသွားစေနိုင်သည်။
ဤကဲ့သို့ အရာမျိုး ဖြစ်လာသည်နှင့် သရုပ်ဖော် စမ်းသပ်မှုအတွင်းရှိ ချင်ဟန်၏ ကိုယ်စားပြုသူ ပျက်စီးသွားပါက စမ်းသပ်မှုလည်း သဘာဝကျကျ ကျရှုံးသွားပေလိမ့်မည်။
"ဒါဆို အရင်က ငါ့ကံ တော်တော်လေး ကောင်းခဲ့တာပဲ..."
ကုတင်ပေါ်တွင် ထိုင်နေရင်း ချင်ဟန်က သူ့ပထမဆုံး သရုပ်ဖော် စမ်းသပ်မှုကို ပြန်တွေးမိပြီး ဆွံ့အမနေဘဲ မနေနိုင်တော့ပေ။
ထိုလောကတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ထိုကမ္ဘာကြီး မည်မျှ အန္တရာယ်များကြောင်း သူ ကောင်းကောင်း သိခဲ့ရသည် မဟုတ်ပါလား။
မှူးမတ် ဖြစ်စေ၊ သာမန် အရပ်သား ဖြစ်စေ မည်သူမဆို မရေရာသော အခြေအနေတွင် ရှိနေကြပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ချေ ရှိ၏။
ထိုကဲ့သို့ အခြေအနေမျိုး အောက်တွင် သရုပ်ဖော် စမ်းသပ်မှုထဲရှိ သူ့ ကိုယ်စားပြုသူကို အသက် (၂၀) အရွယ်အထိ ဘေးကင်းစွာ ရှင်သန်စေလိုပါက အမှန်တကယ်ပင် အနည်းငယ် ခက်ခဲသည်။
***