ထိုအရာကို နားလည်သွားပြီးနောက် ချင်ဟန်က ခဏတာ တွေးတောနေမိသည်။ ယခုအခါ သရုပ်ဖော် စမ်းသပ်မှုနှင့် ပတ်သက်၍ သူ အများကြီး ပိုသိလာခဲ့လေပြီ။
ယခင်ကဆိုလျှင် ဝင်ကြေး ပေးလိုက်ယုံနှင့် သရုပ်ဖော် စမ်းသပ်မှုကို စတင်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ကြည့်ရသလောက် အရာအားလုံးက သူ ထင်ထားသလို မဟုတ်ပုံရ၏။
ဤအချက်ကို သဘောပေါက်သွားပြီးနောက် သူ ဆွံ့အမနေဘဲ မနေနိုင်တော့ချေ။
ထို့နောက် သူ ခေါင်းငုံ့ကာ လက်ရှိ ရမှတ်များကို ကြည့်လိုက်၏။
လက်ရှိ ရမှတ် - ၂၃ မှတ်။
၂၃ မှတ် ဆိုသည်မှာ အခြေခံအားဖြင့် ဝင်ကြေး တစ်ကြိမ်စာ အတွက်သာ လုံလောက်သည်။
အကယ်၍ သရုပ်ဖော် စမ်းသပ်မှု ထပ်မံ ကျရှုံးသွားပါက နောက်တစ်ကြိမ် ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
ထိုအထိ တွေးမိသွားချိန်တွင် သူ အနည်းငယ် တုံ့ဆိုင်းသွားပြီး လောလောဆယ် လက်လျှော့ထားရန် ရွေးချယ်လိုက်တော့သည်။
ပထမဆုံး သရုပ်ဖော် စမ်းသပ်မှုက အခုလေးတင် ပြီးဆုံးသွားခဲ့ပြီး သူနှင့် မရင်းနှီးသေးသော အရာများစွာ ရှိနေသေးသည် မဟုတ်ပါလား။ သရုပ်ဖော် စမ်းသပ်မှုမှ ရလာသော အကျိုးအမြတ်များကို ခိုင်မာအောင် လုပ်ဆောင်ရန်နှင့် လေ့ကျင့်ရန် အချိန် အနည်းငယ် လိုအပ်သေး၏။
ထိုသို့ မလုပ်ဆောင်ရသေးမီ နောက်ထပ် သရုပ်ဖော် စမ်းသပ်မှု တစ်ခုထဲ ဝင်ရောက်ရန် သူ အလျင်လိုနေမည် မဟုတ်ချေ။
ယခု ချက်ချင်း အသစ်တစ်ခု စတင်မည့် အစား အချိန် အနည်းငယ် စောင့်ဆိုင်းပြီး ရမှတ်များ ပိုစုဆောင်းခြင်းက ပိုကောင်းပေလိမ့်မည်။
ချင်ဟန်က စိတ်ထဲ၌ တိတ်တဆိတ် တွေးလိုက်၏။
"ဒီအချိန် အတောအတွင်းတော့ ငါ သတိထားနေမှ ဖြစ်မယ်..."
ကုတင်ပေါ်တွင် ထိုင်နေရင်း သူ လက်ဖဝါးပေါ်ရှိ အသားမာများကို ငုံ့ကြည့်နေမိသည်။
ကံစမ်းမဲ ဘီးဝိုင်းက သူ့ထံ ကြီးမားသော အပြောင်းအလဲများ ယူဆောင်လာပေးခဲ့သော်ငြား အပြင်ပန်း အားဖြင့်မူ ကွာခြားမှု သိပ်မရှိပေ။
သူနှင့် ရင်းနှီးကျွမ်းဝင်သူများ အနေဖြင့် ထိုအနည်းငယ်သော ကွဲလွဲမှုများကို သတိထားမိနိုင်ပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိကောင်း ခံစားမိနိုင်ပေမည်။
ထိုသည်က ပြဿနာကြီး တစ်ရပ် မဟုတ်သည့်တိုင် ချင်ဟန်ကမူ ဖုံးကွယ်ထားခြင်းက ပိုကောင်းမည်ဟု ခံစားနေရဆဲပင်။
ဆုံးဖြတ်ချက် ချပြီးနောက် သူ အခန်းထဲမှ ထွက်လာခဲ့၏။
ချင်ကျင်းမှာ ဧည့်ခန်းထဲတွင် မရှိတော့ဘဲ ဘယ်နေရာ သွားမှန်း ချင်ဟန်လည်း မသိပေ။
ဟိုဟိုဒီဒီဖြင့် အလုပ်ရှုပ်နေသော ဝမ်လီ တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။
ဝမ်လီအား အသိပေးပြီးနောက် ချင်ဟန်က အိမ်ထဲမှ ထွက်လာပြီး ရပ်ကွက်ထဲမှ ထွက်ခွာလာခဲ့လေပြီ။
သူ ဆေးဆိုင် တစ်ဆိုင် ရှာဖွေပြီး ဆေးရည်တချို့ ဝယ်ယူကာ အိမ်သို့ ပြန်လာခဲ့၏။
ချင်ဟန်က သူ့အသားမာများကို ကြည့်ရင်း စိတ်ထဲ တွေးလိုက်မိသည်။
"ဒီဆေးရည်ကို အကြိမ် အနည်းငယ်လောက် လိမ်းလိုက်ရင် ပျောက်သွားလောက်ပါရဲ့..."
ထိုည ညစာ စားပြီးနောက် ချင်ဟန် တစ်ယောက် နောက်တစ်ကြိမ် အပြင်သို့ ထွက်လာခဲ့ပြန်၏။
ဤတစ်ကြိမ်တွင်တော့ ယခင်ကကဲ့သို့ လူစည်ကားသော လမ်းမများပေါ်သို့ သွားရောက် ကစားခြင်း မပြုပေ။ ထိုအစား သူ တစ်ယောက်တည်း ပန်းခြံတစ်ခုဆီသို့ ဦးတည်လာခဲ့သည်။
ဤနေရာမှာ အတိတ်က ချင်ဟန် မကြာခဏ လာရောက်လေ့ ရှိသော နေရာတစ်ခုပင်။ ပုံမှန် ပြုပြင် ထိန်းသိမ်းထားခြင်း မရှိသောကြောင့် လူလာသူ သိပ်မရှိချေ။
ပုံမှန်အားဖြင့် သက်ကြီးရွယ်အို အနည်းငယ်သာ ဤနေရာသို့ လာရောက်၍ ရေဒီယို သိုင်းလေ့ကျင့်ခန်းများကို စိတ်အားထက်သန်စွာ လုပ်ဆောင်လေ့ ရှိကြ၏။
ဤနေရာသို့ လျှောက်လာပြီးနောက် ချင်ဟန်က သူ ရင်းနှီးကျွမ်းဝင်သော တိတ်ဆိတ်သည့် နေရာတစ်ခုသို့ ရောက်လာခဲ့လေပြီ။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေပြီး မယုံကြည်နိုင်လောက်အောင် ငြိမ်းချမ်း သာယာနေ၏။
ဤနေရာမှာ ယခင်ဘဝ၌ ဖြစ်စေ၊ ယခုဘဝ၌ ဖြစ်စေ သူ မကြာခဏ လာရောက်လေ့ ရှိသော နေရာတစ်ခုတည်း။
ဤနေရာသို့ ရောက်သည်နှင့် သူ တုံ့ဆိုင်းမနေဘဲ လွယ်အိတ်ထဲမှ သစ်သားဓား တစ်လက်ကို ထုတ်ယူလိုက်တော့သည်။
ထိုသစ်သားဓားမှာ ချင်ကျင်း ပိုင်ဆိုင်သော အရာ ဖြစ်သည်။
ဤလောကတွင် သိုင်းပညာများ ထွန်းကားပြီး သိုင်းပညာ မျိုးစုံ ရှိလေရာ ဓားသိုင်းများစွာ ရှိနေသည်မှာ သဘာဝပင်။
ချင်ကျင်းက ငယ်စဉ်ကတည်းက ထိုကဲ့သို့ သင်တန်းမျိုးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်၏။
သူမ တစ်ခုခု တတ်မြောက်ခဲ့ခြင်း ရှိ၊ မရှိ ချင်ဟန် မသိသော်လည်း သင်တန်းမှ ယခုလို သစ်သားဓားမျိုး အများအပြား ဝေငှပေးလေ့ ရှိသည်။
လေ့ကျင့်ရန်အတွက် အသုံးပြုလျှင် အတော်လေး အဆင်ပြေပေမည်။
ချင်ဟန်က လက်ကို ညင်သာစွာ မြှောက်၍ သစ်သားဓားကို ကိုင်မြှောက်လိုက်သည်။ သူ့အမူအရာမှာ အာရုံစိုက်နေပြီး အရှေ့တည့်တည့်သို့ တိတ်ဆိတ်စွာ စိုက်ကြည့်ကာ အားကုန် လွှဲယမ်းလိုက်တော့၏။
ရွှမ်း...
ဓားလေလှိုင်းများက ရှေ့သို့ လွင့်စဉ်သွားပြီး ရေလှိုင်းများအလား ရိုက်ခတ်သွားတော့သည်။
ချင်ဟန်က ဓားကို ဆုပ်ကိုင်၍ တစ်ချက်ချင်းစီ လွှဲယမ်းရင်း သူ့ခန္ဓာကိုယ်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် လုပ်ဆောင်နေဆဲပင်။
သရုပ်ဖော် စမ်းသပ်မှုအတွင်း သူက ဆယ်စုနှစ်များစွာ တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး အထူးချွန်ဆုံးသော ဓားစွမ်းရည်များ ပျိုးထောင်နိုင်ခဲ့သည် မဟုတ်ပါလား။
လက်တွေ့ ကမ္ဘာကြီးသို့ ပြန်လည် ရောက်ရှိလာပြီးနောက် မှတ်ဉာဏ် အချို့ ရှိနေဆဲ ဖြစ်သည့်တိုင် သူ့အစစ်အမှန် ခန္ဓာကိုယ်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် အချိန်ယူရပေဦးမည်။
ဤသည်မှာ ချင်ဟန်၏ လက်ရှိ လေ့ကျင့်ရေး ပန်းတိုင် ဖြစ်သည်။
အာရုံစိုက်မှု သိပ်မရစေရန် သူ့ လှုပ်ရှားမှုများကို အလွန် နှေးကွေးစွာ ပြုလုပ်နေခဲ့၏။ ဓားချက် တစ်ချက်ချင်းစီကို ရှင်းလင်းစွာ မြင်နိုင်ပြီး သိုင်းကွက်များ လေ့ကျင့်နေသူ တစ်ယောက်နှင့်သာ ပိုတူနေလေသည်။
ရံဖန်ရံခါ ဖြတ်လျှောက်သွားသော လူများက ချင်ဟန်၏ လှုပ်ရှားမှုများကို ကြည့်မိလျှင်ပင် သူ့ထံ၌ ထူးခြားမှု ရှိနေကြောင်း ခံစားရမည် မဟုတ်ဘဲ အနည်းငယ် ထူးဆန်းနေသည်ဟုသာ ထင်မှတ်သွားပေလိမ့်မည်။
ဒေါက်... ဒေါက်... ဒေါက်...
တိုးညှင်းသော ခြေသံများ ထွက်ပေါ်လာခဲ့၏။
အမျိုးသား နှစ်ယောက် ပန်းခြံဆီ လျှောက်လှမ်း လာနေခြင်းပင်။
သူတို့က သာမန် အဝတ်အစားများ ဝတ်ဆင်ထားပြီး အခြားလူများနှင့် တစ်ပုံစံတည်း တူညီနေပုံရ၏။ သို့သော် သူတို့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်နှင့် ကိုယ်နေဟန်ထားများကမူ ထူးခြား ခြားနားနေကြောင်း ဖော်ပြနေသည်။
သူတို့မှာ အစစ်အမှန် သိုင်းပညာရှင်များ ဖြစ်ကြောင်း အလွယ်တကူ သိနိုင်၏။
သို့သော် ဤသည်မှာ အဆန်းတကြယ်တော့ မဟုတ်ချေ။ ဤလောကတွင် အစစ်အမှန် သိုင်းပညာရှင်များမှာ ရှားပါးလှသည် မဟုတ်ဘဲ ထိုကဲ့သို့ လူများကို မကြာခဏ မြင်တွေ့ရတတ်သည်။
တစ်ယောက်၊ နှစ်ယောက်ခန့် ရံဖန်ရံခါ တွေ့မြင်ရခြင်းမှာ ထူးဆန်းသော ကိစ္စရပ် တစ်ခု မဟုတ်ပေ။
ငြိမ်းချမ်း သာယာနေသော ဤပန်းခြံကို ကြည့်ရင်း လူလတ်ပိုင်း အရွယ်ရှိ အသက် ပိုကြီးသော အမျိုးသားက မျက်မှောင်ကြုတ်၍...
"ဒီနေရာလား... ဘာထူးခြားချက်မှ ရှိနေပုံ မပေါ်ပါဘူး..."
အခြား အမျိုးသားက ခေါင်းခါယမ်းပြီး...
"ကျုပ်လည်း မသေချာဘူး... သတင်းပို့ချက် အရတော့ အဲ့ဒီ မိစ္ဆာချီတွေ မပျောက်ကွယ်သွားခင် ဒီနား တစ်ဝိုက်မှာ ပေါ်လာခဲ့တာလို့ ဆိုတယ်..."
လူလတ်ပိုင်း အမျိုးသားက ပြန်ပြောလိုက်၏။
"ဒီနေရာတော့ မဖြစ်နိုင်ဘူး... ဒီမှာ ဘာတုံ့ပြန်မှုမှ သိပ်မရှိသလိုပဲ..."
"ဒါဆို မဖြစ်နိုင်လောက်ဘူး..."
သူတို့ စကားပြောနေရင်း ပတ်ပတ်လည်ကို ဂရုတစိုက် အကဲခတ် ကြည့်ရှုနေကြ၏။
အချိန်အနည်းငယ် ကြာပြီးနောက် သူတို့က ပန်းခြံထဲသို့ ပိုနက်ရှိုင်းစွာ လျှောက်လှမ်း သွားကြသည်။ ရှေ့ဘက်မှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရပြီး ချင်ဟန် တစ်ယောက် အပတ်တကုတ် လေ့ကျင့်နေသည်အား မြင်လိုက်ရလေပြီ။
"မဆိုးဘူးပဲ..."
အဝေးမှနေ၍ ချင်ဟန်၏ ဓားလေ့ကျင့်နေမှုကို ကြည့်ရင်း သူတို့ ခေါင်းညိတ်ကာ...
"အသက် ငယ်သေးပေမဲ့ သူ့ဓားသိုင်းက လေလုံးထွားပြီး ကြွားလုံးထုတ်နေတဲ့ လူတွေလို မဟုတ်ဘူး... သူ့သိုင်းကွက်တွေက တော်တော်လေး သေသပ်တယ်..."
"အနီးအနားက ကျောင်းသား တစ်ယောက် ဖြစ်ဖို့ များတယ်..."
အခြား တစ်ယောက်က သူ့မျက်နှာပေါ်တွင် အသိအမှတ် ပြုသော အရိပ်အယောင်များ ပေါ်လာရင်း ခေါင်းညိတ်လိုက်၏။
"ဒီလို အချိန်မှာတောင် အလုပ်ကြိုးစား နေသေးတယ်ဆိုတော့ တော်တော်လေး ကောင်းတာပဲ... ဒါ အလားအလာရှိတဲ့ မျိုးစေ့လေး တစ်စေ့ပဲ..."
"သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ရေး တိုးတက်မှုက ဘယ်လို အခြေအနေ ရှိနေမလဲ မသိဘူး..."
"အခြေအနေ ကောင်းလောက်မှာပါ..."
လူလတ်ပိုင်း အမျိုးသားက ခေါင်းညိတ် ထောက်ခံသည်။
"သူ့လှုပ်ရှားမှုတွေကို ကြည့်ဦး... ထက်မြက်ပြီး သွက်လက်နေတာပဲ... သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ရေး တိုးတက်မှုကလည်း နောက်ကျနေမှာ မဟုတ်ဘူး... ဘယ်ကျောင်းကများလဲ မသိဘူး..."
သူတို့က ချင်ဟန်အား အချိန်အတော်ကြာ လေ့လာ စောင့်ကြည့်ပြီးနောက် ထွက်ခွာသွားကာ ပန်းခြံ၏ အခြား နေရာများကို ဆက်လက် စစ်ဆေးကြတော့သည်။
ဤလုပ်ငန်းစဉ် တစ်လျှောက် သူတို့က ဓားလေ့ကျင့်နေသော လူငယ်လေးအား အနှောင့်အယှက် မပေးခဲ့ဘဲ တိတ်ဆိတ်စွာပင် ဆက်လက် ရှာဖွေနေခဲ့ကြ၏။
…
"ဒီမှာလည်း ဘာမှ မရှိဘူး..."
"တခြား နေရာတချို့ သွားစစ်ကြည့်ရအောင်..."
"ရှာမတွေ့ရင်တော့ ဒုက္ခပဲ..."
သူတို့ တိုးတိုးလေး တိုင်ပင် ဆွေးနွေးပြီးနောက် ဤပန်းခြံထဲမှ ထွက်ခွာ သွားကြတော့သည်။
ချင်ဟန်မှာ အခုလေးတင် ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကို လုံးဝ မသိခဲ့ချေ။
ထောင့်တစ်နေရာတွင် ရပ်၍ အချိန်အတော်ကြာ ဆက်လက် လေ့ကျင့်ပြီးနောက် သူ ရပ်တန့်ကာ အနားယူလိုက်၏။
ထို့နောက် သူက ကောင်းကင် အရောင်ကို မော့ကြည့်လိုက်ပြီး ခဏတာ စဉ်းစားပြီးနောက် ဤနေရာမှ ထွက်ခွာလာခဲ့လေပြီ။
***