နောက်ရက် အနည်းငယ် အတွင်း အချိန်များက အေးချမ်းစွာ ကုန်လွန်သွားခဲ့၏။
နေ့ခင်းဘက်တွင် ချင်ဟန်က ပုံမှန်အတိုင်း ကျောင်းသွားပြီး ညဘက်ရောက်လျှင် လူသူကင်းမဲ့သော ပန်းခြံသို့ သွားကာ သိုင်းလေ့ကျင့်လေ့ ရှိသည်။
အထက်တန်း ကျောင်းသားများ၏ လေ့လာသင်ယူမှုမှာ အတော်လေး ပြင်းထန်လှပြီး ဤသည်က ချင်ဟန်၏ ယခင်ကမ္ဘာနှင့် ယခုကမ္ဘာ နှစ်ခုလုံးတွင် အတူတူပင်။
ချင်ဟန် ကျောင်းဆင်းချိန်တွင် အချိန် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။
ထိုကဲ့သို့ အချိန်မျိုးတွင် အပြင်ထွက်သူ သိပ်မရှိသောကြောင့် သူ အေးအေးဆေးဆေး လေ့ကျင့်နိုင်သည်။
ဤမျှ လေ့ကျင့်ပြီးနောက် သူက သရုပ်ဖော် စမ်းသပ်မှုမှ ခွန်အားနှင့် စွမ်းရည်များစွာကို ပြန်လည် ရရှိနေခဲ့လေပြီ။
လက်ရှိ ရမှတ် - ၄၅ မှတ်။
ချင်ဟန်က သူ့ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်လိုက်၏။
သတိမထားမိလိုက်ဘဲ ရက်ပေါင်း (၂၀) ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော ရက် (၂၀) အတွင်း သူ့ရမှတ်များက တစ်ရက်လျှင် တစ်မှတ်နှုန်းဖြင့် တဖြည်းဖြည်းနှင့် သေချာပေါက် တိုးပွားလာခဲ့၏။
ယခုအခါ သူ့တွင် (၄၅) မှတ် ရှိနေလေပြီ။
တစ်ချိန်တည်းမှာပင် ချင်ဟန်က သူ့ လေ့ကျင့်မှုများမှ တစ်ဆင့် တိုးတက်မှုများစွာ ရရှိခဲ့သည်။
မကြာမီ သရုပ်ဖော် စမ်းသပ်မှုထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်ပြီး သူ့ ခရီးစဉ်ကို ဆက်လက် အကောင်အထည်ဖော်ရန် သူ ဆုံးဖြတ်လိုက်တော့သည်။
ဒေါင်... ဒေါင်... ဒေါင်...
အပြင်ဘက်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် ကျောင်းသားများ အားလုံး စာသင်ခန်းထဲသို့ ပြန်လည် ဝင်ရောက်လာကြသည်။
ခဏအကြာတွင် အရပ်ရှည်ရှည် လူလတ်ပိုင်း အမျိုးသား တစ်ယောက် ဝင်လာ၏။
သူက အလွန် အရပ်ရှည်ပြီး တောင့်တင်း ခိုင်မာသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။
ထိုသူ့ အမည်မှာ လျူလင် ဖြစ်ပြီး သူက ချင်ဟန်တို့၏ ခန္ဓာကိုယ် ကြံ့ခိုင်ရေး ဆရာပင်။
သူ့ယခင်ဘဝတွင်တော့ ထိုသူက ခန္ဓာကိုယ် ကြံ့ခိုင်ရေး ဆရာ မဟုတ်ဘဲ ကာယ ဆရာ ဖြစ်ခဲ့သည်။
"အဟမ်း..."
လျူလင်က ဆရာ့ စားပွဲဆီသို့ လျှောက်သွားပြီး ချောင်းအကြိမ်အနည်းငယ် ဟန့်ကာ သူ့အမူအရာမှာ လေးနက်သွားပြီး…
"အင်း... မင်းတို့ သင်္ချာဆရာက ဒီနေ့ နေမကောင်းလို့ ငါက အစားထိုး ဝင်သင်ပေးမယ်..."
ထိုစကား ကြားလျှင် အခြား ကျောင်းသားများ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိချေ။ ကြည့်ရသလောက် သူတို့က ဤကိစ္စနှင့် ရိုးအီနေပုံရ၏။ ချင်ဟန် တစ်ယောက်တည်းသာ မကောင်းသော ခံစားချက်ဖြင့် ပါးစပ် တွန့်သွားတော့သည်။
ပုံမှန်ဆို သူ့လောကတွင် အမြဲ ဖျားနာတတ်သော လင်ကြီးက ယခုအခါ အခြား ဖျားနာနေသော ဆရာများ နေရာတွင် အစားထိုး ဝင်ရောက် သင်ကြားပေးနေလေပြီ။
တခြား ကမ္ဘာမှ လျူလင်သာ ယခုလို မြင်ကွင်းမျိုးကို မြင်လိုက်ရပါက ဝမ်းသာမျက်ရည်များ ကျလာလေမလားဟု ချင်ဟန် တွေးနေမိ၏။
"သေချာပေါက် တခြားကိစ္စ တစ်ခုလည်း ရှိသေးတယ်..."
ကျောင်းသားများထံမှ တုံ့ပြန်မှု သိပ်မရှိသည်ကို မြင်လျှင် လျူလင်က ကျေနပ်စွာ ခေါင်းညိတ်ပြီး လက်ခုပ်တီးလိုက်သည်။
ထိုနောက်တွင်တော့ ပိန်ပါးသော ပုံရိပ်တစ်ခုက စာသင်ခန်းထဲသို့ တိတ်ဆိတ်စွာ လျှောက်လှမ်း ဝင်ရောက်လာ၏။
သူမက အတော်လေး နုနယ်ပုံရသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက အနည်းငယ် ချောမောပြီး အတော်လေး ရိုးအီနေသော မျက်မှန်ကို တပ်ဆင်ထားကာ အနေအထိုင် အေးဆေးသည့် ပုံစံမျိုးပင်။
"သူကတော့ လျူရီပါ... မနေ့ကမှ ကျောင်းပြောင်းလုပ်ငန်းစဉ်တွေ အားလုံး ပြီးသွားလို့ ဒီနေ့ ငါတို့ အတန်းထဲကို ရောက်လာတာ..."
လျူလင်က အောက်ရှိ ကျောင်းသားများကို ကြည့်၍... "သူ့ကို ကြိုဆိုလိုက်ကြရအောင်..."
သူ စကားပြောပြီးသည်နှင့် ပြင်းထန်သော လက်ခုပ်သံများ ထွက်ပေါ်လာတော့၏။
ချင်ဟန်၏ အတန်းတွင် ယောကျာ်းလေး အရေအတွက်က မိန်းကလေး အရေအတွက်ထက် အများကြီး ပိုများပြီး အမျိုးသမီး အတန်းဖော်များကို မြင်တွေ့ရခဲသည်။
ယခု ကျောင်းသူသစ် တစ်ယောက် ရောက်လာပြီ ဖြစ်သောကြောင့် သူတို့ အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်မှာ သဘာဝပင်။
လူတိုင်း လက်ခုပ်တီးနေစဉ် ချင်ဟန် တစ်ယောက်တည်းသာ အနည်းငယ် အံ့အားသင့်နေမိသည်။
သူက ဆရာ့ စားပွဲဘေးတွင် ရပ်နေသော လျူရီကို ကြည့်ရင်း အနည်းငယ် ရှုပ်ထွေးနေမိ၏။
သူ့ယခင်ဘဝက ဤကဲ့သို့ အချိန်မျိုးတွင် ကျောင်းပြောင်းလာသော ကျောင်းသားသစ် ရှိခဲ့ကြောင်း သူ မမှတ်မိချေ။
ဤလောကကပဲ ကွာခြားနေခြင်းလော သို့မဟုတ် သူကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲ တစ်ခုလော။
သူ အတော်လေး ဇဝေဇဝါ ဖြစ်သွားပြီး အကြောင်းရင်းမှာ ဘာလဲဟု တွေးတောနေမိသည်။
သို့သော် ဤကိစ္စကို သိပ်အာရုံ မစိုက်တော့ပေ။
"ဖြစ်နိုင်တာက သူမက ဆရာလျူရဲ့ ဆွေမျိုး တစ်ယောက် ဖြစ်နေလို့ ကျောင်းပြောင်းလာတာ နေမှာပါ..."
လျူလင်က လျူရီကို ထောင့်တစ်နေရာတွင် နေရာချပေးပြီး သူမလည်း ထိုနေရာ၌ ဝင်ထိုင်လိုက်၏။
အတန်းစချိန်မှ ပြီးဆုံးချိန်အထိ သူမက လုံးဝ တိတ်ဆိတ်နေခဲ့သည်။
ထို့နောက် သူတို့က ကျန်ရှိနေသော အတန်းများကို ဆက်လက် တက်ရောက်ကြတော့သည်။
ကျောင်းဆင်း ခေါင်းလောင်းသံ မြည်လာမှသာ အတန်းများ ပြီးဆုံးသွားခဲ့လေပြီ။
"ငါ တစ်ခုလောက် ပြောချင်တယ်..."
ခေါင်းလောင်းသံ ကြားသော်လည်း လျူလင်က ချက်ချင်း ထွက်မသွားချေ။
သူက ဆရာ့ စားပွဲတွင် ရပ်၍... "မင်းတို့ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရောက်ဖို့ နှစ်ဝက်ပဲ လိုတော့တယ်..."
"ပြီးတော့ ဒီအပတ် ပိတ်ရက်က နောက်ထပ် ခန္ဓာကိုယ် စစ်ဆေးမှု တစ်ခုပဲ..."
"ဒါက ဘာကို ဆိုလိုတာလဲ မင်းတို့ သိကြလား..." လျူလင်၏ အမူအရာက လေးနက်သွားပြီး...
"အချိန်ရှိတုန်း အခြေခံ ခန္ဓာကိုယ် ကြံ့ခိုင်ရေး သတ်မှတ်ချက် မပြည့်မီသေးတဲ့ ကျောင်းသားတွေ အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ကြိုးစားသင့်တယ်..."
"မဟုတ်ရင် ဒီတက္ကသိုလ်ဝင်တန်း စာမေးပွဲကို လွဲချော်သွားရင် နောက်နှစ် ထပ်ဖြေချင်လို့လား..." သူက လေးနက်စွာ ပြောလိုက်၏။
ထိုစကားများ ကြားလျှင် ချင်ဟန် အတွေးနက်သွားတော့သည်။
ယခင် ကမ္ဘာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများက လုံလောက်အောင် ခက်ခဲကြမ်းတမ်းခဲ့ပြီး ဖြစ်၏။
ရေတွက်၍မရသော ကျောင်းသားများက တက္ကသိုလ်ဝင်တန်း စာမေးပွဲများတွင် ရလဒ်ကောင်းများ ရရှိရန်အတွက် နှစ်ပေါင်းများစွာ မယုံကြည်နိုင်လောက်အောင် ကြိုးစားခဲ့ကြရသည် မဟုတ်ပါလား။
သို့သော် ဤလောကတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများက ပို၍ပင် ပြင်းထန်သည်။
သူ့ယခင်ကမ္ဘာတွင် ယဉ်ကျေးမှု ဘာသာရပ်များ၌ ကောင်းစွာ ဖြေဆိုနိုင်ယုံဖြင့် လုံလောက်ပြီး သူတို့၏ မွေးရာပါ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် နစ်နာမှု မရှိနိုင်ချေ။
ခြေလက် အင်္ဂါချို့တဲ့နေသူ တစ်ယောက်ပင် ကောင်းစွာ ဖြေဆိုနိုင်ပါက ထိပ်တန်း တက္ကသိုလ် တစ်ခုသို့ ဝင်ရောက်နိုင်သော်ငြား ဤလောကတွင်တော့ အခြေအနေက ခြားနား၏။
ဤလောကတွင် သိုင်းပညာက အလွန် မြင့်မားသော နေရာတစ်ခု၌ ရှိနေပြီး တစ်ခါတစ်ရံ တက္ကသိုလ်ဝင်တန်း စာမေးပွဲများထက်ပင် ပိုတန်ဖိုးထားခံရသည်။
ဤလောက၌ ခန္ဓာကိုယ် ကြံ့ခိုင်ရေး စံမမီသူများ အနေဖြင့် တက္ကသိုလ်ကောင်း တစ်ခုသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
ယဉ်ကျေးမှု ဘာသာရပ်များတွင် ရမှတ် မည်မျှပင် ကောင်းမွန်နေပါစေ ခန္ဓာကိုယ် ကြံ့ခိုင်ရေး ရမှတ်နှင့် ချီသွေးကြောများ လုံလောက်အောင် မသန်မာသရွေ့ တတိယတန်းစား တက္ကသိုလ် တစ်ခုသို့သာ သွားနိုင်ပေမည်။
ဤသည်မှာ လူများစွာ အတွက် ကျော်လွှား၍မရသော အတားအဆီး တစ်ခု ဖြစ်လာခဲ့လေပြီ။
လျူလင်၏ စကားကို ကြားပြီးနောက် လူများစွာ၏ မျက်နှာများ ဖြူရော်သွားကာ သူတို့၏ အမူအရာများမှာ လေးနက်သွားကြတော့၏။
ချင်ဟန်ကမူ ဖိအား သိပ်မခံစားရချေ။
သူ့အမှတ်များက အတော်လေး ကောင်းမွန်နေပြီး ဖြစ်သလို ယခု သရုပ်ဖော် စမ်းသပ်မှုမှ အကျိုးအမြတ်များစွာ ရရှိခဲ့သောကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အဆင့်ကို ပြီးမြောက်နေပြီ မဟုတ်ပါလား။
ခန္ဓာကိုယ် ကြံ့ခိုင်ရေး ပြီးမြောက်ခြင်းမှာ သေးငယ်သော ကိစ္စရပ် မဟုတ်ပေ။
လင်မြို့တော် အမှတ် (၁) အထက်တန်းကျောင်းကို ခဏဖယ်ထားလျှင်ပင် လင်မြို့တော် တစ်ခုလုံး၌ ဤကဲ့သို့ အဆင့်မျိုးသို့ ရောက်ရှိနေသော သူ့အရွယ် လူအရေအတွက် သိပ်မရှိလှချေ။
သူ့လက်ရှိ အခြေအနေ အရ ယဉ်ကျေးမှု ဘာသာရပ်များတွင် အလွန်အမင်း ဆိုးရွားမနေသရွေ့ အကောင်းဆုံး တက္ကသိုလ်များသို့ အလွယ်တကူ ဝင်ရောက်နိုင်မည်သာ။
ချင်ဟွာ တက္ကသိုလ် သို့မဟုတ် ပီကင်း တက္ကသိုလ်သို့ သွားရန် ဆုံးဖြတ်ရမည့် ပြဿနာမှာ သူ့ယခင်ဘဝက စိတ်ကူးယဉ်၍သာ ရနိုင်သော အရာတစ်ခု ဖြစ်သော်ငြား ယခုဘဝတွင်မူ သူ တကယ် စဉ်းစားရတော့မည် ဖြစ်၏။
သေချာသည်က ဤလောကတွင် အမှန်တကယ် ချင်ဟွာ တက္ကသိုလ် သို့မဟုတ် ပီကင်း တက္ကသိုလ် မရှိဘဲ အခြားသော ထိပ်တန်း တက္ကသိုလ်များ ရှိနေခြင်းပင်။
အတန်း ပြီးဆုံးသွားပြီးနောက် ချင်ဟန် မတ်တပ်ရပ်၍ လွယ်အိတ်ကို ယူကာ ထွက်ခွာလာခဲ့၏။
"အင်း... ဘယ်လို လုပ်ရမလဲ..." လမ်းတွင် ကျောင်းသား တစ်ယောက်က သက်ပြင်းချ၍... "နောက်ထပ် ခန္ဓာကိုယ် စစ်ဆေးမှု ရောက်ဖို့ နီးနေပြီ... ငါသာ မအောင်ရင် ဘယ်လို လုပ်ရမလဲ..."
ချင်ဟန်က အပြုံးရေးရေး ဖန်တီးကာ ညင်သာစွာ ပြောလိုက်သည်။
"အချိန် ရှိပါသေးတယ်... ဖြည့်စွက် လေ့ကျင့်မှုတွေ လုပ်ဖို့ အစွမ်းကုန် ကြိုးစားပေါ့... ဘာပဲဖြစ်ဖြစ် နှစ်ဝက် လိုသေးတာပဲ... ဖိအား အရမ်း မပေးပါနဲ့..."
"ဟူး..." ကျောင်းသားက သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ။
ထိုကျောင်းသား၏ အမည်မှာ လျန်ကော ဖြစ်ပြီး သူက ချင်ဟန်၏ အိမ်နီးချင်း ဖြစ်ရုံသာမက နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်၏။
သူတို့က အနီးအနားတွင် နေထိုင်ကြသောကြောင့် မကြာခဏ အတူတူ သွားလာလေ့ ရှိပြီး အိမ်ကိုလည်း အတူတူ ပြန်လေ့ ရှိကြသည်။
"အိုး... ဒါနဲ့..." အိမ်အပြန်လမ်းတွင် လျန်ကော၏ အမူအရာက အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ချင်ဟန်ကို ကြည့်ကာ ပြောရန် ဆုံးဖြတ်လိုက်၏။ "မနေ့ညက မင်း အစ်မကို တွေ့လိုက်သလိုပဲ..."
"မင်း အစ်မ... သူက..."
"ငါ့ အစ်မ..." ချင်ဟန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ မေးလိုက်သည်။ "သူက ဘာဖြစ်လို့လဲ..."
"ငါ မြင်လိုက်တာက... သူနဲ့ ကောင်လေး တစ်ယောက်... တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့နေကြတာ..." လျန်ကောက တုံ့ဆိုင်းစွာဖြင့်...
"သူတို့က ရန်ဖြစ်နေကြပုံပဲ..."
"အခြေအနေ ဆိုးလား..." ချင်ဟန် မျက်မှောင်ကြုတ်သွား၏။
လျန်ကောက သက်ပြင်းချကာ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။
"အိမ်ပြန်ရောက်ရင် ငါ သူ့ကို မေးကြည့်လိုက်ပါ့မယ်..." ချင်ဟန်လည်း သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်း မသိတော့ချေ။
သူတို့ ငယ်စဉ်ကတည်းက သူ့အစ်မ၏ နာမည်က သိပ်မကောင်းခဲ့ပေ။
ယင်းမှာ သူမ၏ အကျင့်စရိုက်နှင့် သက်ဆိုင်နေသည်။
ငယ်စဉ်ကတည်းက သူမက ကောင်လေးများစွာနှင့် ပတ်သက်ခဲ့သည် မဟုတ်ပါလား။
လျန်ကော ရည်ရွယ်သည့်သူမှာ မည်သူမှန်း သူ မသိပေ။
သို့သော် တကယ်တမ်းတွင် ချင်ဟန်နှင့် ချင်ကျင်း၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်လှ၏။
ငယ်စဉ်ကတည်းက ချင်ကျင်း၏ အခြား မိသားစုဝင်များနှင့် ဆက်ဆံရေးမှာ အတော်လေး တင်းမာခဲ့သော်လည်း ချင်ဟန်နှင့်မူ ထိုသို့ မဟုတ်ချေ။ သူတို့က အနည်းငယ် ရင်းနှီးကြသည်။
ဖြစ်နိုင်ပါက ချင်ဟန်က ချင်ကျင်းအပေါ် မကောင်းသည့်အရာ တစ်ခုခု ကျရောက်လာသည်ကို မမြင်တွေ့ချင်ပေ။
သို့သော် သူ အိမ်ပြန်ရောက်လာချိန်တွင် ချင်ကျင်းကို မတွေ့ခဲ့ရချေ။
"သူလား... အပြင်မှာ အရူးလုပ်နေပြန်ပြီ ထင်တယ်..." ဝမ်လီက ဟင်းချက်ရင်း နှာခေါင်းရှုံ့လိုက်၏။ "သူ မနေ့ညကတည်းက ပြန်မလာသေးဘူး... ဘယ်ရောက်နေမှန်းကို မသိတာ..."
"စာလည်း မပို့ဘူး ဖုန်းလည်း မဆက်ဘူးလေ..."
ထိုစကား ကြားလျှင် ချင်ဟန် မျက်မှောင်ကြုတ်သွားတော့သည်။
သူ မထွက်ခွာမီ ဝမ်လီအား အသိပေးလိုက်၏။
ဝမ်လီက ရုတ်တရက်...
"သတိထားနော်... ညဘက် သိပ်အပြင်မထွက်နဲ့... လူစားတဲ့ မိစ္ဆာတွေ ပေါ်လာတယ်လို့ ကြားတယ်... တော်တော်လေး ကြောက်စရာကောင်းတယ်..."
သူမ စကားပြောနေစဉ် အတော်လေး ကြောက်ရွံ့နေပုံရပြီး ချင်ဟန်အား အချိန်နောက်ကျသည် အထိ အပြင်မှာ မနေရန် သတိပေးလာသည်။
ချင်ဟန်က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီးနောက် သူ့အခန်းသို့ ပြန်လာခဲ့လေပြီ။
အခန်းထဲ ပြန်ရောက်ပြီးနောက် ချင်ကျင်းကို ဆက်သွယ်ရန် ကြိုးစားသော်လည်း မရခဲ့ပေ။
ဖုန်းခေါ်၍ စာပို့သော်ငြား မည်သည့် တုံ့ပြန်မှုမှ မရရှိချေ။
ဤသည်မှာ ပုံမှန် မဟုတ်ပေ။
သူနှင့် ချင်ကျင်း၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်သောကြောင့် သူမက အခြားလူများကို လျစ်လျူရှုပါကတောင် သူ့ကို လျစ်လျူရှုမည် မဟုတ်ချေ။
ကုတင်ပေါ်တွင် ထိုင်နေရင်း ချင်ဟန် မျက်မှောင်ကြုတ်ကာ ဘာပြောရမှန်း မသိ ဖြစ်နေမိသည်။
သူ အခန်းထဲတွင် အချိန်အနည်းငယ် နေပြီးနောက် အသက်ပြင်းပြင်းရှူကာ အပြင်သို့ ထွက်လာခဲ့တော့သည်။
အိမ်ထဲမှ ထွက်လာပြီးနောက် အေးစက်သော လေပြေတစ်ခု တိုက်ခတ်လာပြီး မြက်ခင်းရနံ့ သင်းသင်းလေးကို သယ်ဆောင်လာ၏။
ယခုအခါ ညနေစောင်းနေပြီ ဖြစ်ပြီး နေဝင်သွားပြီ ဖြစ်သဖြင့် အလင်းရောင်က အနည်းငယ် မှိန်ဖျော့နေလေပြီ။
ပတ်ဝန်းကျင်တွင် လူသိပ်မရှိဘဲ လမ်းပေါ်ရှိ လူများအားလုံးမှာ အလျင်စလို ဖြစ်နေပုံရ၏။
အေးစက်သော လေပြင်း တစ်ချက် တိုက်ခတ်သွားပြီး လူတိုင်းကို မျက်မှောင်ကြုတ်သွားစေသည်။
ဤရာသီဥတုတွင် ချင်ဟန် တစ်ယောက်တည်း လမ်းလျှောက် ထွက်လာခဲ့၏။
ချင်ကျင်း မကြာခဏ သွားလေ့ရှိသော နေရာများတွင် သူမကို စတင် ရှာဖွေတော့သည်။
ဘဝနှစ်ခု ဖြတ်သန်းပြီးနောက် ချင်ကျင်း မည်သည့်နေရာသို့ သွားရသည်ကို နှစ်သက်ကြောင်း သူ အတော်လေး ရင်းနှီးနေပြီ ဖြစ်၏။
သူ တစ်နေရာပြီး တစ်နေရာ သွားရောက် ရှာဖွေခဲ့သော်လည်း သူမကို မတွေ့ရသေးချေ။
ယခုချိန်တွင် အမှောင်ကျနေပြီ ဖြစ်ပြီး ပိန်ပါးသော ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
***