လူသူကင်းမဲ့နေသော လမ်းမထက်တွင် ရပ်နေရင်း သူ့ရှေ့ရှိ ပုံရိပ်အား လှမ်းကြည့်လိုက်မိချိန်၌ ချင်ဟန် မျက်မှောင် ဆတ်ခနဲ ကြုတ်သွားတော့၏။
ထိုနေရာတွင် မိန်းကလေး တစ်ယောက် ရပ်နေခြင်းပင်။
သူမက ချင်ဟန်နှင့် ရွယ်တူခန့် ရှိပြီး အထက်တန်း ကျောင်းသူ တစ်ယောက်နှင့် တူသည်။ ခန္ဓာကိုယ်မှာ အတော်လေး ပိန်ပါးလွန်းသဖြင့် လေတိုက်လျှင်ပင် လွင့်ပါသွားတော့မည့် အလား။
ဤသူမှာ အခြားသူ မဟုတ်ဘဲ ချင်ဟန်၏ အတန်းဖော်... သူတို့ အတန်းထဲသို့ ယနေ့မှ အသစ် ပြောင်းရွှေ့လာသော ကျောင်းသူလေး လျူရီ ဖြစ်သည်။
"သူမက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ..." ချင်ဟန် တွေးတောနေမိ၏။
ယခုကဲ့သို့ ညဉ့်နက် သန်းခေါင်ယံ အချိန်တွင် တစ်ယောက်တည်း အပြင်ထွက်လာခြင်းမှာ အထူးသဖြင့် မိန်းကလေး တစ်ယောက် အတွက်တော့ သိပ်ကောင်းသော ကိစ္စ မဟုတ်ပေ။
သူ အတော်လေး ဇဝေဇဝါ ဖြစ်သွားရသော်ငြား မကြာမီမှာပင် လန့်ဖြန့်သွားတော့သည်။
လျူရီက သူမ ရပ်နေသော နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး အခြား တစ်နေရာတွင် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်းပင်။
ချင်ဟန် လန့်ဖြန့်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
"အရမ်း မြန်လွန်းတယ်..."
ဤအမြန်နှုန်းမှာ သာမန် မိန်းကလေး တစ်ယောက် ပိုင်ဆိုင်နိုင်သည့် အရာမျိုး သေချာပေါက် မဟုတ်ချေ။
လျူရီ၏ ခန္ဓာကိုယ် ကြံ့ခိုင်ရေး အဆင့်မှာ လုံးဝ အားနည်းမနေပေ။ သူမက အပြင်ပန်းတွင် နုနယ် အားနည်းပုံ ရသော်ငြား အမှန်တကယ်၌မူ လုံးဝကို ကွာခြားနေလေပြီ။
လျင်မြန်စွာ ရွေ့လျား ထွက်ခွာသွားသော လျူရီကို ကြည့်ရင်း ချင်ဟန် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမ နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့တော့၏။
…
လမ်းတစ်လျှောက် လျှောက်လှမ်းလာရင်း ရင်းနှီးနေသော အငွေ့အသက် တစ်ခုကို အာရုံခံမိသွားချိန်တွင် လျူရီက ညင်သာစွာ သက်ပြင်းချကာ သူမ၏ အတိတ် အတွေ့အကြုံများအား ပြန်လည် တွေးတောမိသွားသည်။
"မိစ္ဆာဝိညာဉ် တစ်ကောင်ရဲ့ အငွေ့အသက်ပဲ..."
မိသားစုကို စွန့်ခွာ၍ ဤဝေးလံ ခေါင်ဖျားသော မြို့ငယ်လေးသို့ ရောက်လာပြီးနောက် သူမ အနေဖြင့် သာမန် လူတစ်ယောက် ကဲ့သို့သာ ရှင်သန် နေထိုင်ပြီး ထိုဝမ်းနည်းဖွယ် ကိစ္စရပ်များကို မေ့ဖျောက်ထားချင်ခဲ့သည် မဟုတ်ပါလား။
သို့တိုင် ဤမြို့ငယ်လေးကလည်း ငြိမ်းချမ်းမှု သိပ်မရှိလှကြောင်း သူမ မျှော်လင့် မထားခဲ့မိချေ။
သေသေချာချာ ဖုံးကွယ်ထားသော ထို မိစ္ဆာဝိညာဉ်၏ အငွေ့အသက်က အခြားသူများကို လှည့်စားနိုင်ကောင်း လှည့်စားနိုင်မည် ဖြစ်သော်ငြား သူမကဲ့သို့သော ကျွမ်းကျင်သူ တစ်ယောက်ကိုတော့ လှည့်ဖြားနိုင်မည် မဟုတ်ပေ။
မိစ္ဆာဝိညာဉ်၏ အငွေ့အသက်ကို အာရုံခံမိပြီးနောက် သူမ အနည်းငယ် တွေဝေသွားခဲ့သော်လည်း ရှေ့ဆက် တိုးရန်သာ ရွေးချယ်လိုက်တော့၏။
အကယ်၍ သူမ သိထားသမျှ အရာအားလုံးကို မိစ္ဆာနှိမ်နင်းရေး ဗျူရိုထံ သတင်းပို့လိုက်မည် ဆိုပါက ထိုသည်မှာ အလုံခြုံဆုံးသော လုပ်ဆောင်နည်း ဖြစ်ပေလိမ့်မည်။
သို့သော် ထိုသို့သာ လုပ်ဆောင်လိုက်ပါက အချိန်များ နှောင့်နှေး ကြန့်ကြာသွားနိုင်၏။
ထိုမိစ္ဆာဝိညာဉ်မှာ လှုပ်ရှားနေပြီ ဖြစ်ကြောင်း သူမ အာရုံခံ သိရှိနေသည်။ ဤညတွင် လူအများအပြား အန္တရာယ် ကျရောက်သွားနိုင်ချေ ရှိသည်။
သူမ၏ အာရုံခံနိုင်စွမ်း နောက်သို့ လိုက်ပါလာရင်း နောက်ဆုံး၌ လူကူး ခုံးကျော်တံတား တစ်ခု အောက်သို့ ရောက်လာခဲ့လေပြီ။
ထိုနေရာတွင်တော့ သူမက ပုံရိပ် နှစ်ခုကို တွေ့လိုက်ရ၏။
အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့မှာ တစ်ယောက်ကို တစ်ယောက် တွန်းထိုးရင်း အငြင်းပွားနေကြခြင်းပင်။ ကြည့်ရသလောက် ချစ်သူ ရည်းစားများ ဖြစ်ပုံရသည်။
ချစ်သူ နှစ်ဦး ရန်ဖြစ် အငြင်းပွားခြင်းမှာ အတော်လေး သာမန် ကိစ္စရပ် တစ်ခု ဖြစ်သော်လည်း ဤမြင်ကွင်းကမူ တစ်စုံတစ်ရာ ထူးဆန်းနေ၏။
လျူရီက ခေါင်းမော့ကာ ရှေ့တည့်တည့်သို့ စူးစိုက် ကြည့်လိုက်သည်။
ထိုအမျိုးသားနှင့် အမျိုးသမီးမှာ အတော်လေး ငယ်ရွယ်ပုံပေါ်၏။ အမျိုးသားမှာ အသက် (၂၅) သို့မဟုတ် (၂၆) နှစ် ဝန်းကျင်ခန့် ရှိပြီး အမျိုးသမီးမှာမူ အသက် (၂၀) အစောပိုင်း အရွယ်ခန့်သာ ရှိဦးမည်။
သူမ အကြည့်တို့က အမျိုးသားထံတွင် စူးစိုက် ရပ်တန့်သွားတော့သည်။
ထိုအမျိုးသား၏ ခန္ဓာကိုယ် ပတ်လည်တွင် မည်းမှောင်နေသော မီးခိုးရောင် အငွေ့အသက်များ ဝန်းရံနေသည်ကို သူမ တွေ့လိုက်ရ၏။ ယင်းမှာ အမျိုးသမီးဖြစ်သူနှင့် အငြင်းပွားလေလေ ပိုပြင်းထန်လာလေလေပင်။
ချင်ကျင်းက အမျိုးသား၏ လက်ကို ပုတ်ချပြီး အေးစက်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။
"ငါတို့ နှစ်ယောက်ကြားမှာ အရာအားလုံး ပြီးဆုံးသွားပြီ... နင် ငါ့ဆီက ဘာများ လိုချင်နေသေးလို့လဲ..."
အမျိုးသားမှာ မယုံကြည်နိုင်လောက်အောင် စိတ်ပျက် လက်ပျက် ဖြစ်နေပုံရပြီး ချင်ကျင်း၏ လက်တစ်ဖက်ကို အတင်း ဆုပ်ကိုင်၍ တောင်းပန်နေ၏။
"ကျင်းကျင်း... ကိုယ့်ကို နောက်တစ်ကြိမ်လောက် အခွင့်အရေး ပေးပါကွာ... ကိုယ် မှားသွားမှန်း သိပါပြီ... နောက်တစ်ခါ ဘယ်တော့မှ အဲ့လို မလုပ်တော့ပါဘူး..."
"မင်း ညီလေးအတွက် သိုင်းဆရာကောင်း တစ်ယောက် ရှာပေးဖို့ ကိုယ့်ကို အကူအညီ တောင်းထားခဲ့တယ် မဟုတ်လား... ကိုယ့် ဦးလေးက တော်တော်လေး ကျွမ်းကျင်တဲ့ သိုင်းဆရာ တစ်ယောက်ပါ... ပြီးတော့ သူက နိုင်ငံတော် အသိအမှတ်ပြု သိုင်းပညာရှင် တစ်ယောက် ဖြစ်နေပြီလေ... တကယ်လို့ မင်းသာ ကိုယ့်ဆီ ပြန်လာမယ် ဆိုရင် မင်း ညီလေးကို သိုင်းသင်ပေးဖို့ သူ့ကို ကိုယ် အကူအညီ တောင်းပေးပါ့မယ်..."
ထိုသို့ ပြောရင်း သူက ချင်ကျင်း၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရာ အလွန်အမင်း စိတ်လှုပ်ရှား တုန်လှုပ်နေပုံ ရသည်။
"ကျေးဇူးပြုပြီး... ကိုယ် မင်းကို မဆုံးရှုံးနိုင်လို့ပါကွာ..."
ထိုအမျိုးသားအား ကြည့်၍ သူ့ စကားများကို နားထောင်ပြီးနောက် ချင်ကျင်း အနည်းငယ် တွေဝေသွားခဲ့သော်လည်း ချက်ချင်းပင် အေးစက်စက် ရယ်မောလိုက်၏
"နားထောင်လို့တော့ အတော်လေး ကောင်းသားပဲ... ဒါပေမဲ့ အရင်တုန်းကလည်း ရှင် ဒီလိုပဲ ပြောခဲ့တာ မဟုတ်ဘူးလား... ရှင် ဘယ်တုန်းကများ ကတိတည်ဖူးလို့လဲ... ငါတို့ ဇာတ်လမ်းက ဒီမှာတင် ပြီးပြီ..."
ပြောပြီးသည်နှင့် သူမက ထိုသူ့ လက်ကို ရိုက်ဖယ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
အမျိုးသားမှာ ထိုနေရာတွင်ပင် တောင့်တင်းစွာ ရပ်လျက် ထွက်ခွာသွားသော ချင်ကျင်း၏ ကျောပြင်ကို ငေးကြည့်နေမိ၏။ သူ့အမူအရာမှာ မယုံကြည်နိုင်လောက်အောင် နာကျင်နေပုံရပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်ချင်သည့် အလား လက်တစ်ဖက်ကို အကူအညီမဲ့စွာ ဆန့်ထုတ်နေမိသည်။
သူ့အကြည့်တို့တွင် မျှော်လင့်ချက် ကင်းမဲ့ခြင်း အရိပ်အယောင်များ ပြည့်နှက်နေပြီး တီးတိုး ရေရွတ်လိုက်သည်။
"ဘာလို့လဲ... ဘာလို့လဲ... ဘာလို့ ငါ့ကို ထားရစ်ခဲ့ရတာလဲ..."
သူ့ ခေါင်းပေါ်မှနေ၍ မီးခိုးရောင် အငွေ့အသက်များက အဆက်မပြတ် ထွက်ပေါ် စီးဆင်းလာတော့၏။ သို့သော် ထိုအရာများကို သာမန်လူများ၏ သာမန် မျက်စိဖြင့်မူ မမြင်တွေ့နိုင်ချေ။
မီးခိုးရောင် အငွေ့အသက်များ အဆက်မပြတ် စုဝေးလာသည်နှင့်အမျှ သူ့အမူအရာမှာလည်း လုံးဝ ပြောင်းလဲသွားသည့် အလား ကြမ်းတမ်း ရက်စက်လာလေပြီ။
ထိုမြင်ကွင်းကို ကြည့်ရင်း လျူရီ၏ နှလုံးခုန်သံများ မြန်ဆန်လာကာ ဆိုးရွားသော ခံစားချက် တစ်ခုက ရင်ထဲ လွှမ်းခြုံလာ၏။
"ဒုက္ခပဲ..."
သူ့နှလုံးသားမှာ မိစ္ဆာ ဝင်ပူးခြင်း ခံလိုက်ရလေပြီ။ ကြည့်ရသလောက် ဤအမျိုးသား မိစ္ဆာဝိညာဉ်၏ အငွေ့အသက် ကူးစက်ခံထားရသည်မှာ အချိန် အတန်ကြာခဲ့ပြီ ဖြစ်ပုံရသည်။ ယခုအခါ သူ့စိတ်ခံစားချက်များ ထိန်းချုပ်၍ မရအောင် ပေါက်ကွဲထွက်လာချိန်တွင် မိစ္ဆာ အငွေ့အသက်များ၏ အပြည့်အဝ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မိစ္ဆာ တစ်ကောင် အဖြစ်သို့ ကူးပြောင်းသွားတော့မည် ဖြစ်သည်။
သူသာ မိစ္ဆာ တစ်ကောင် အဖြစ် လုံးဝ ပြောင်းလဲသွားပါက မည်သူမှ တားဆီးနိုင်မည် မဟုတ်တော့ဘဲ နောက်ဆက်တွဲ အကျိုးဆက်များမှာလည်း စိတ်ကူးကြည့်၍ပင် ရမည် မဟုတ်ချေ။
သူမ၏ နှလုံးသားက ဆတ်ခနဲ ခုန်ပေါက်သွားပြီး အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အပြင်သို့ ခုန်ထွက်ရန် ပြင်ဆင်လိုက်တော့သည်။
ဝှစ်...
လေပြေလေညှင်း တစ်ချက် တိုက်ခတ်သွားပြီး လူတိုင်း ရင်ထဲသို့ အေးစက်သော ခံစားချက်ကို ယူဆောင်လာ၏။
သူမ အနောက်ဘက်မှ ထွက်ပေါ်လာသော လှုပ်ရှားမှုကို အာရုံခံမိသဖြင့် ချင်ကျင်း အလိုအလျောက် နောက်လှည့်ကြည့်ရာ ကြီးမားသော အနက်ရောင် လက်ကြီး တစ်ဖက်က သူမထံသို့ ဆုပ်ကိုင် လာသည်အား တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်မှာပင် သူမ သတိလစ် မေ့မြောသွားခဲ့လေပြီ။
လူကူး ခုံးကျော်တံတား ပေါ်ရှိ အမျိုးသားမှာ ပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာတွင် ကြီးမား တောင့်တင်းလှသော မိစ္ဆာ ကောင်ကြီး တစ်ကောင်က အစားထိုး နေရာယူလာခဲ့၏။
၎င်းက မယုံကြည်နိုင်လောက်အောင် အရပ်မြင့်မားလှပြီး အနည်းဆုံး သုံးမီတာခန့် ရှိပေလိမ့်မည်။ ထို့အပြင် မည်းနက်နေသော ကြွက်သားကြီးများက ဖုထစ် ထွက်ပေါ်နေသဖြင့် မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤသည်မှာ လူတစ်ယောက် မဟုတ်တော့ပေ... မိစ္ဆာကောင် တစ်ကောင် ဖြစ်နေလေပြီ။
ခုံးကျော်တံတား ပေါ်တွင် ရပ်လျက် ၎င်းက ချင်ကျင်းအား လက်တစ်ဖက်တည်းဖြင့် ပင့်မြှောက်လိုက်ရာ ၎င်း အမူအရာမှာ မယုံကြည်နိုင်လောက်အောင် ကြမ်းတမ်း ရက်စက်နေ၏။ ကြီးမားသော ပါးစပ်ကြီးမှာ တဖြည်းဖြည်း ပွင့်ဟလာပြီး ချင်ကျင်းကို တစ်လုပ်တည်း ဝါးမြိုတော့မည့် အလား။
"ငါ... မင်းနဲ့ အတူ ထာဝရ ရှိနေချင်တယ်..."
ဘန်း...
မှိန်ဖျော့သော လေလှိုင်းများ ပြန့်ကျဲထွက်သွားပြီး ဓားပုံရိပ် တစ်ခုက လေကိုခွဲ၍ ဖြတ်သန်းသွားကာ မိစ္ဆာကောင်၏ လက်မောင်းကို မျက်တောင် တစ်ခတ် အတွင်းမှာပင် ပိုင်းဖြတ်လိုက်တော့သည်။
ဖြူဖွေးသော လက်တစ်ဖက်က ဆန့်ထွက်လာပြီး မည်သည့် အတားအဆီးကိုမဆို ချက်ချင်း ဖျက်ဆီးပစ်ကာ ချင်ကျင်းအား ရင်ခွင်ထဲသို့ လုံခြုံစွာ ဆွဲယူ ပွေ့ဖက်လိုက်၏။
ဟောင်းနွမ်းနေသော သစ်သားဓား တစ်လက်က အောက်သို့ ကျဆင်းလာပြီး ရှေ့တည့်တည့်သို့ ချိန်ရွယ်ထားလျက်။
ထောင့်တစ်နေရာတွင်တော့ လျူရီ၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်နေပြီး လုံးဝကို ဆွံ့အ မှင်တက်သွားခဲ့လေပြီ။
အခုလေးတင် ထိုမိန်းကလေးကို ကယ်တင်ရန် သူမ လှုပ်ရှားဖို့ ပြင်ဆင်နေခဲ့ခြင်း ဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူမထက် အရင် လက်ဦးမှု ရယူသွားခဲ့သည် မဟုတ်ပါလား။
ထို့အပြင် သူမ အနေဖြင့် ထိုသူနှင့် အစိမ်းသက်ကြီး မဟုတ်ခဲ့ပေ။
ရှေ့တည့်တည့်တွင် လူငယ် တစ်ယောက်က တစ်ကိုယ်တည်း မားမားမတ်မတ် ရပ်နေ၏။
သူ့ မျက်နှာသွင်ပြင်မှာ သေသပ် ချောမောပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်ပါးသော်ငြား အရပ်အမောင်းမှာမူ မြင့်မား ဖြောင့်တန်းနေဆဲပင်။ သူက ချင်ကျင်းအား လက်တစ်ဖက်တည်းဖြင့် ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သစ်သားဓားကို ရှေ့သို့ ချိန်ရွယ်ထားသည်။
သူ့အမူအရာမှာ တည်ငြိမ်နေပြီး အကြည့်တို့ကမူ ထက်ရှ စူးရဲလို့။ ကြီးမားသော မိစ္ဆာကောင်ကြီးကို ကြည့်နေသော သူ့ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေ၏။
သူက လူငယ်လေး တစ်ယောက်သာ ဖြစ်လင့်ကစား ထိုထက်ရှသော သတ်ဖြတ်လိုစိတ်နှင့် အံ့မခန်း စိတ်ဓာတ် ပြင်းပြမှုတို့က လူတိုင်း၏ ရင်ထဲ၌ အေးစိမ့်သွားစေလောက်သည်။
ထိုနေရာတွင် ချင်ကျင်းနှင့် အတူ ရပ်နေသော ချင်ဟန်အား ကြည့်ရင်း လျူရီ တစ်ယောက် ဆွံ့အ မှင်တက်သွားတော့သည်။
"ဒါက... ငါ့ အတန်းဖော်လား..."
***