"ဘာတွေ ဖြစ်နေတာလဲ..."
လူကူး ခုံးကျော်တံတား ပေါ်တွင် ရပ်နေသော ချင်ဟန်အား ကြည့်ရင်း လျူရီ တကယ်ကို ဆွံ့အ မှင်တက်နေမိသည်။
ယနေ့က သူမ ကျောင်းပြောင်းလာသည့် ပထမဆုံးနေ့ ဖြစ်သည့်တိုင် သူမက အတော်လေး ထူးခြားပြီး အံ့မခန်း မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသောကြောင့် ချင်ဟန်ကို ရှင်းလင်းစွာ မှတ်မိနေခြင်း ဖြစ်သည်။
သူက အထက်တန်း ကျောင်းသား တစ်ယောက်သာ ဖြစ်သော်လည်း အခုလေးတင်ကတော့...
အခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမ ပြန်လည် တွေးတောနေမိ၏။
အခုလေးတင်က သူမ လှုပ်ရှားဖို့ ပြင်ဆင်နေချိန်၌ ချင်ဟန်က သူမထက် အရင် လက်ဦးမှု ရယူသွားခဲ့သည် မဟုတ်ပါလား။
သူ့အမြန်နှုန်းမှာ သူမပင် တုံ့ပြန်နိုင်စွမ်း မရှိလောက်အောင် မြန်ဆန်လွန်းလှသည်။
ဤသည်မှာ သာမန် အထက်တန်း ကျောင်းသား တစ်ယောက် ရောက်ရှိနိုင်သည့် အဆင့်မျိုး မဟုတ်ချေ။
ဖြစ်နိုင်သည်က အစိုးရ အသိအမှတ်ပြု သိုင်းပညာရှင် အချို့သာ ဤကဲ့သို့ အဆင့်မျိုးသို့ ရောက်ရှိနိုင်ပေလိမ့်မည်။
လင်မြို့တော်ကဲ့သို့ မြို့ငယ်လေး တစ်ခုတွင် ဤမျှ ပါရမီရှင် တစ်ယောက် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။
သူမ အတော်လေး အံ့အားသင့်သွားပြီး အမူအရာများ ပြောင်းလဲသွားတော့၏။
ဤလူငယ်လေး၏ ခွန်အားက အတော်လေး ကောင်းမွန်ပြီး ပါရမီရှင် တစ်ယောက်ဟု ခေါ်ဆိုနိုင်သော်ငြား ဤခွန်အားမျှနှင့် မိစ္ဆာ တစ်ကောင်ကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။
ဤသည်မှာ အသစ်စက်စက် အသွင်ပြောင်းလာသော မိစ္ဆာတစ်ကောင် ဖြစ်သည့်တိုင် လွယ်ကူလှသည်တော့ မဟုတ်ချေ။
"အနည်းဆုံးတော့ သူ အချိန် နည်းနည်း ဆွဲထားပေးနိုင်လောက်တယ်..."
သူမက ဖုန်းကို အလျင်အမြန် ထုတ်ယူ၍ အစိုးရ ဌာန၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်၏။
ဤသည်မှာ သာမန် နိုင်ငံသား တစ်ယောက် အနေဖြင့် တုံ့ပြန်ရမည့် အရာပင်တည်း။ မိစ္ဆာ တစ်ကောင်ကို မြင်တွေ့ရပြီးနောက် လုပ်ဆောင်ရမည့် အမှန်ကန်ဆုံး ကိစ္စမှာ အစိုးရ၏ မိစ္ဆာနှိမ်နင်းရေး ဗျူရိုသို့ ဖုန်းခေါ်ဆိုခြင်းပင်။
အစောပိုင်းက သူမ အတော်လေး အလျင်လိုနေခဲ့သောကြောင့် ဖုန်း မဆက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယခု ချင်ဟန် ထွက်ပေါ်လာပြီ ဖြစ်သဖြင့် မိစ္ဆာနှိမ်နင်းရေး ဗျူရိုသို့ အကြောင်းကြားရန် အချိန်ရသွားခဲ့လေပြီ။
"ကျေးဇူးပြုပြီး မြန်မြန် လာကြပါ..."
ကြီးမားလှသော မိစ္ဆာကောင်ကြီးကို ကြည့်ရင်း သူမ ရင်လေးသွားပြီး အတော်လေး အထိတ်တလန့် ဖြစ်လာတော့၏။
"ဒါကြီးက ဘာကြီးလဲ..."
ချင်ကျင်းအား ပွေ့ဖက်ထားရင်း မိစ္ဆာကောင်ကြီးထံ ဓားဖြင့် ချိန်ရွယ်ကာ ချင်ဟန် မျက်မှောင်ကြုတ်သွားသည်။
သူ့ယခင် ကမ္ဘာတွင် ဖြစ်စေ၊ ယခု ကမ္ဘာတွင် ဖြစ်စေ ဤကဲ့သို့ ကြောက်မက်ဖွယ် မိစ္ဆာကောင်မျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သလို ကြားပင် မကြားဖူးခဲ့ချေ။
လွန်ခဲ့သော စက္ကန့် အနည်းငယ်က ဤမိစ္ဆာကောင်ကြီးမှာ သာမန် လူတစ်ယောက် ဖြစ်နေသည်ကို သူ တွေ့ခဲ့ရသော်လည်း မျက်တောင် တစ်ခတ် အတွင်းမှာပင် ဤကဲ့သို့ ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
သူ့ခွန်အားများ များစွာ ပိုကြီးမားလာရုံသာမက အသွင်အပြင်ကပါ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
ကြည့်ရသလောက် ဤကမ္ဘာကြီးက အတော်လေး လျှို့ဝှက်ဆန်းကြယ် ပုံရ၏။
"ဂါး..."
မိစ္ဆာကောင်ကြီး၏ ဟိန်းဟောက်သံနှင့်အတူ ၎င်း၏ ကျန်ရှိနေသော ဘယ်ဘက် လက်တံကြီးက ဆန့်ထွက်လာပြီး ချင်ဟန်ထံသို့ ဆုပ်ကိုင်လာတော့သည်။
ရိုင်းစိုင်း ကြမ်းတမ်းသော လေပြင်း တစ်ခု ပေါက်ကွဲ ထွက်လာပြီး ချင်ဟန်ထံသို့ ပြေးဝင်လာစဉ် ဝါးတားတား ပုံရိပ်ကိုသာ မြင်တွေ့ရတော့၏။
ဤကြောက်မက်ဖွယ် အမြန်နှုန်း တစ်ခုတည်းကပင် သာမန်လူများ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော အရာပင်တည်း။ အကယ်၍ ချင်ဟန်သာ အရိုက်ခံရပါက ကားတိုက်ခံရသကဲ့သို့ ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားရပေလိမ့်မည်။
ချင်ဟန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိချေ။ သူ့ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ပြီး ညာဘက်လက်အား ဖြည်းဖြည်းချင်း မြှောက်ကာ ဓားကို ကိုင်မြှောက်ထားလိုက်၏။
ရွှမ်း...
ဟောင်းနွမ်းနေသော သစ်သားဓားက ထူးဆန်းသော ကိုယ်နေဟန်ထားမှ နောက်တစ်ကြိမ် ထိုးထွက်လာပြီး လေထဲရှိ သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ ဦးတည်သွားသည်။
ထူးဆန်းသော မြင်ကွင်း တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
ချင်ဟန် ဓားဖြင့် ထိုးစိုက်လိုက်ချိန်တွင် မိစ္ဆာကောင်ကြီးက သူ့ရှေ့၌ ထွက်ပေါ်လာပြီး ဓားဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရ၏။
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ အက်ကွဲနေသော ဟိန်းဟောက်သံ တစ်ခုက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
မည်းနက်နေသော ခြေသည်းကြီးများက သူ့ထံသို့ အားပြင်းပြင်းဖြင့် ဆုပ်ကိုင်လာ၏။ အကယ်၍သာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိမှန်သွားပါက တစ်စစီ ဆွဲဖြဲပစ်နိုင်လောက်သည်။
အရေးကြီးသော အချိန်တွင် ချင်ဟန်၏ အမူအရာက တည်ငြိမ်နေပြီး ရှေ့သို့ တစ်လှမ်းချင်း တက်လှမ်းလာခဲ့၏။ သူက နောက်ဆုတ် မသွားရုံသာမက မိစ္ဆာကောင်ကြီးထံသို့ အဆက်မပြတ် ပိုနီးကပ်စွာ ချဉ်းကပ်လာခဲ့သည်။
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မိစ္ဆာကောင်ကြီး၏ ရင်ဘတ်မှာ အပေါက် ဖောက်ခံလိုက်ရကာ အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော သွေးများ ပန်းထွက်လာတော့၏။
ထို့နောက် ချင်ဟန်၏ ခန္ဓာကိုယ်က လှည့်ပတ်သွားပြီး မိစ္ဆာကောင်ကြီး၏ နောက်ကျောသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သူ လက်မောင်းကို မြှောက်၍ အားကုန် ခုတ်ချလိုက်လေပြီ။
မိစ္ဆာကောင်ကြီး၏ ဘယ်ဘက် လက်မောင်းတွင် သွေးထွက်သံယို ဒဏ်ရာ တစ်ခု ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်လာ၏။
လေတိုးသံကို ကြားလိုက်ရပြီး ပုံရိပ်ယောင် တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
ချင်ဟန်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီးနောက် မိစ္ဆာကောင်ကြီးအား ပြင်းထန်စွာ ဝင်တိုက်လိုက်လေပြီ။
ဘုန်း...
ချင်ဟန်က အများကြီး ပိုအားနည်းပုံ ရသော်ငြား လွင့်ထွက်သွားသူမှာ မိစ္ဆာကောင်ကြီး ဖြစ်နေပြီး ခြောက်မီတာ၊ ခုနစ်မီတာခန့် အထိ လွင့်စင်သွားကာ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေ၏။
သေချာသည်က ချင်ဟန်လည်း လုံးဝ အကောင်းပကတိတော့ မဟုတ်ချေ။
မိစ္ဆာကောင်ကြီးအား လွင့်ထွက်သွားအောင် လုပ်ဆောင်နိုင်ခဲ့သော်ငြား သူ့ချီသွေးကြောများ တုန်လှုပ်သွားပြီး သွေးတစ်ပွက် အန်လုနီးပါး ဖြစ်သွားခဲ့ရသည်။
သို့သော် သူ ဤအရာကို ဂရုမစိုက်နိုင်တော့ပေ။ သူက ဆက်လက် တိုးဝင်သွားပြီး အမူအရာ တည်ငြိမ်နေသည့်တိုင် သူ့အကြည့်တို့တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကာ ဤမိစ္ဆာကောင်ကြီးအား သတ်ဖြတ်ရန် ဆုံးဖြတ်ထားပုံ ရ၏။
သရုပ်ဖော် စမ်းသပ်မှုအတွင်း ဆယ်စုနှစ်များစွာ တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီးနောက် ချင်ဟန်က သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ ကြီးမားသော စွမ်းရည်များကို ပျိုးထောင်နိုင်ခဲ့ပြီး သူ့တိုက်ခိုက်မှု အများစုမှာ အသေအလဲ တိုက်ခိုက်မှုများချည်းတည်း။
သူ လုံးဝ နောက်မဆုတ်ခဲ့ချေ။ အကယ်၍ မိစ္ဆာကောင်ကြီးတွင် များပြားသော သက်စောင့်စွမ်းအင် ရှိနေပြီး ခန္ဓာကိုယ်အရ ကွာခြားမှု မရှိခဲ့ပါက ချင်ဟန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလောက်ပြီ ဖြစ်သည်။
၎င်း၏ အထွေထွေ ခွန်အားမှာ ချင်ဟန်ထက် သာလွန်နေသည့်တိုင် ချင်ဟန်ကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။
ထောင့်တစ်နေရာမှနေ၍ ဤမြင်ကွင်းကို ကြည့်ရင်း လျူရီ တစ်ယောက် လုံးဝ ဆွံ့အ မှင်တက်နေမိ၏။
ချင်ဟန် တိုက်ခိုက်နေသည်ကို ကြည့်ရင်း သူမ ကြောင်တောင်တောင်လေး ရပ်နေမိသည်။
"သူက... တကယ်ကို ဘယ်သူများလဲ..." သူမ တွေးတောမနေဘဲ မနေနိုင်တော့ချေ။
ထိုတိုတောင်းလှသော အချိန်လေး အတွင်းမှာပင် တစ်နှစ်လုံး ခံစားခဲ့ရသော အံ့အားသင့်မှုများထက် ချင်ဟန်က သူမကို ပို၍ အံ့အားသင့်စေခဲ့သည် မဟုတ်ပါလား။
ဤလူငယ်လေး၏ ခွန်အားက သာမန် သိုင်းပညာရှင် တစ်ယောက် မဟုတ်ကြောင်း ဖော်ပြနေသည်။
သူ့ ခွန်အားနှင့် အမြန်နှုန်းကို ကြည့်ရုံမျှဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အဆင့်ကို ပြီးမြောက်နေပြီ ဖြစ်ကြောင်း သိနိုင်ပြီး ထိပ်တန်း သိုင်းပညာရှင်များနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိလေပြီ။
သို့သော် ထိုသည်က သူမကို ဤမျှလောက် အံ့အားသင့်စေရန် မလုံလောက်သေးပေ။
အမှန်တကယ် အံ့အားသင့်စရာ ကောင်းသည်မှာ သူ့ တိုက်ခိုက်ရေး စွမ်းအားပင်။
ထိုအေးစက်စက် သတ်ဖြတ်လိုစိတ်နှင့် တုံ့ဆိုင်းမှု ကင်းမဲ့သော စိတ်ဓာတ်ကသာ သူမကို အမှန်တကယ် လန့်ဖြန့်သွားစေခဲ့ခြင်း ဖြစ်သည်။
သူမ မိသားစုနှင့် အတူ ရှိနေစဉ်က လူငယ် ပါရမီရှင် များစွာကို တွေ့မြင်ခဲ့ဖူး၏။ အချို့ဆိုလျှင် ချင်ဟန်ထက်ပင် ပိုထူးချွန်ကြပြီး အတွေ့အကြုံ ရင့်ကျက်သော သိုင်းပညာရှင် များကိုလည်း မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ဤမျှ ကျွမ်းကျင်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုက်ခိုက်နိုင်သူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူက ခန္ဓာကိုယ် ကြံ့ခိုင်ရေး အဆင့်ကို အခုလေးတင် ပြီးမြောက်ထားသူ တစ်ယောက်နှင့် တူသော်ငြား ခန္ဓာကိုယ် ကြံ့ခိုင်ရေး ပြီးမြောက်ထားသော သာမန်လူများ အနေဖြင့် သူ့ရှေ့တွင် သိုင်းကွက် အနည်းငယ်မျှပင် ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း လျူရီ သေချာပေါက် ပြောရဲသည်။
သူတို့က လုံးဝကို အဆင့်ချင်း မတူညီပေ။
ထိုမိစ္ဆာကောင်ကြီးက အခုမှ အသွင်ပြောင်းလာသည် မှန်သော်ငြား ခန္ဓာကိုယ် ကြံ့ခိုင်ရေး ပြီးမြောက်ထားသူ တစ်ယောက်တည်းဖြင့် ရင်ဆိုင်နိုင်မည့် အရာမျိုး မဟုတ်ချေ။ ၎င်းကို အနိုင်ယူရန်အတွက် ခန္ဓာကိုယ် ကြံ့ခိုင်ရေး ပြီးမြောက်ထားသူ အနည်းဆုံး သုံးယောက်ခန့် ပူးပေါင်း တိုက်ခိုက်ရန် လိုအပ်သည်။
သို့သော် ချင်ဟန် တစ်ယောက်တည်းဖြင့် အလုံးစုံ ဖိနှိပ်ထားနိုင်ခဲ့သည် မဟုတ်ပါလား။
အခုမှ နိုးထလာသော ဤမိစ္ဆာကောင်ကြီးမှာ ချင်ဟန်၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။
သူက မိစ္ဆာနှိမ်နင်းရေး ဗျူရိုမှ လူများကို မလိုအပ်သလို သူမ၏ အကူအညီကိုလည်း မလိုအပ်ပေ။ သူ တစ်ယောက်တည်းဖြင့်ပင် မိစ္ဆာကောင်ကြီးအား ဖိနှိပ်ပြီး အနိုင်ယူရန် လုံလောက်နေလေပြီ။
အကယ်၍ ဤအကြောင်းကို အခြားသူများ ကြားသိသွားပါက မည်သူမှ ယုံကြည်ကြမည် မဟုတ်ချေ။
ဘန်း...
နောက်ထပ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြန်၏။
လေပြင်း တစ်ချက် တိုက်ခတ်သွားပြီး ကြီးမားလှသော ခန္ဓာကိုယ်ကြီးက နောက်သို့ အားပျော့စွာ လဲကျသွားကာ နံရံကို ပြင်းထန်စွာ ဝင်တိုက်မိပြီး သွေးများ ပေကျံသွားတော့သည်။
သစ်သားဓားက ကြောက်မက်ဖွယ် စွမ်းအားများ သယ်ဆောင်လျက် ရက်စက်စွာ ထိုးစိုက်လာပြီး မိစ္ဆာကောင်ကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းကာ နံရံ၌ တွယ်ကပ်သွားစေ၏။
မိစ္ဆာကောင်ကြီးက နံရံတွင် မှီလျက်သား ရှိနေစဉ် ၎င်း ကြွက်သားများက တဆတ်ဆတ် တုန်ယင်နေပြီး အသက် အနည်းငယ် ကျန်ရှိနေသေးပုံ ရသည်။ သို့သော် ၎င်းထံတွင် ခွန်အား သိပ်မကျန်တော့ဘဲ အကူအညီမဲ့စွာ အောက်သို့ လျှောကျသွားလေပြီ။
လူငယ်လေး၏ ပုံရိပ်က လျှောက်ထွက်လာပြီး ထိုနေရာတွင် မားမားမတ်မတ် ရပ်နေလေတော့သည်။
***