ရှည်လျားသော လမ်းမကြီးရှေ့တွင် အလောင်းတစ်လောင်း မြေပြင်ပေါ်၌ လဲလျောင်းနေ၏။
မိစ္ဆာကောင်၏ အလောင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ချင်ဟန်၏ သတ်ဖြတ်ခြင်းကို ခံရပြီးနောက် ၎င်း ခန္ဓာကိုယ်မှာ အနည်းငယ် ကျုံ့ဝင်သွားပြီး လူ့အသွင်သဏ္ဍာန် အချို့ ပြန်လည် ရလာခဲ့သည်။
ထိုသည်မှာ အသွင်ပြောင်းခြင်း လုပ်ငန်းစဉ် အပြည့်အဝ မပြီးဆုံးသေးသောကြောင့် ဖြစ်ပေမည်။ အသွင်ပြောင်းခြင်း စတင်ခဲ့သည်မှာ အချိန်သိပ်မကြာသေးသဖြင့် မိစ္ဆာကောင်မှာ လူ့သွင်ပြင်လက္ခဏာများကို လုံးဝ ဆုံးရှုံးမသွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အသွင်ပြောင်းခြင်းသာ အပြည့်အဝ ပြီးဆုံးသွားပါက ကြီးမားသော ခွန်အားများ ရလာမည် ဖြစ်ရုံသာမက ၎င်း၏ ရုပ်သွင်မှာလည်း တည်ငြိမ်သွားမည် ဖြစ်ရာ ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
ချင်ဟန်က ဤကိစ္စများနှင့် ပတ်သက်၍ များများစားစား မသိသော်ငြား အခြေအနေကို ကြည့်၍ အနည်းငယ်တော့ ခန့်မှန်းနိုင်စွမ်း ရှိ၏။
"ဒါ အခုမှ အသွင်ပြောင်းထားလို့ သူ့ရုပ်သွင်က မတည်ငြိမ်သေးတာ ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူ့ရဲ့ မူလ ခန္ဓာကိုယ် အခြေအနေကြောင့်လည်း ဖြစ်နိုင်တာပဲ..."
ချင်ဟန်က ချင်ကျင်းအား လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားရင်း တည်ငြိမ်စွာ တွေးတောနေမိသည်။
ယနေ့တွင် ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ကြည့်ရသလောက် ဤလောကကြီးမှာ လုံးဝ ရိုးရှင်းမနေပေ။ သာမန်လူများ မသိအောင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များစွာ ရှိနေပုံရသည်။
အစပိုင်းတွင် ချင်ဟန် အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း ယခုအခါတွင်မူ ပြန်လည် တည်ငြိမ်နေလေပြီ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သိုင်းလောက တစ်ခု မဟုတ်ပါလား။ ထို့ကြောင့် သူ့ယခင်ဘဝက မရှိခဲ့သော မိစ္ဆာများနှင့် အခြား ထူးဆန်းသည့် အရာများ ရှိနေခြင်းမှာ သိပ်တော့ အံ့အားသင့်စရာ မကောင်းပေ။
သူ့စိတ်ထဲ သိချင်နေသည်က ဤကဲ့သို့သော အရာများ မည်မျှများများ ရှိနေမည်လဲ ဟူသောအချက်သာ။
ထိုစဉ် မီးရောင် အချို့က သူတို့ရှိရာဘက်သို့ ဦးတည်လာသည်ကို တွေ့လိုက်ရ၏။
ချင်ဟန်၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် အခြေအနေကို ချက်ချင်း သတိပြုမိလိုက်သည်။ အဝေးမှ လူတစ်စု စုရုံးလာပြီး ဤဘက်သို့ လာနေပုံရသည်။
သူ တွေဝေမနေတော့ဘဲ ကျိုးပဲ့နေသော သစ်သားဓားကို ကောက်ယူကာ ချင်ကျင်းအား ပွေ့ချီ၍ အလျင်အမြန် ထွက်ခွာလာခဲ့တော့သည်။
သူ ထွက်ခွာသွားပြီးနောက် မီးရောင်များမှာ တစ်စထက်တစ်စ ပိုတောက်ပလာပြီး ဥဩဆွဲသံများနှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံး နေ့ခင်းဘက်အလား လင်းထိန်သွားသည်။
မိစ္ဆာနှိမ်နင်းရေး ဗျူရိုမှ လူများ ရောက်ရှိလာခြင်းပင်။
စိုးရိမ်တကြီး မျက်နှာထားများနှင့် ယူနီဖောင်း ဝတ်ဆင်ထားသော လူအနည်းငယ် ကားပေါ်မှ ဆင်းလာပြီး ရှေ့သို့ သတိကြီးစွာဖြင့် တိုးကပ်လာကြသည်။
သူတို့ ရင်ဆိုင်ရမည့် အရာအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ကာ ရောက်ရှိလာသူ အားလုံးမှာ အသက်စွန့်ရန် အသင့်ဖြစ်နေကြလေပြီ။
သို့သော် သူတို့အား ဆီးကြိုနေသော မြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
ကောင်းကင် လူကူးတံတားပေါ်တွင် အနီရင့်ရောင် သွေးများ နေရာအနှံ့ ပြန့်ကျဲနေပြီး ပြင်းထန်သော တိုက်ခိုက်မှု ဒဏ်ရာဒဏ်ချက်များက နေရာတိုင်းတွင် ပြည့်နှက်လို့။
…
လူကူးတံတား ဘေးတစ်ဖက်တွင်တော့ ကြီးမားလှသော မိစ္ဆာကောင်ကြီး၏ အလောင်းက နံရံကို မှီ၍ တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ၎င်း ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီး တစ်ပေါက် ရှိနေ၏။
ထိုမြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားကြတော့သည်။
"လျူသခင်မလေးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်..."
မိစ္ဆာနှိမ်နင်းရေး ဗျူရို အဆောက်အအုံထဲမှ ထွက်လာစဉ် သူမ အနောက်မှ ကြားလိုက်ရသော စကားသံများကြောင့် လျူရီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
သူမ နောက်ရှိ ယူနီဖောင်း ဝတ်ဆင်ထားသူများက ရိုးသားသော မျက်နှာထားများဖြင့် ကျေးဇူးတင်စကား ဆိုလာကြ၏။
"ဒီကိစ္စကို အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့တာ သခင်မလေးရဲ့ အကူအညီတွေကြောင့်ပါပဲ..."
ဤကိစ္စမှာ တကယ်တမ်း အတော်လေး ဆိုးရွားသွားနိုင်သည့် အခြေအနေပင်။
မျိုးရိုးဗီဇ ပြောင်းလဲသွားသော မိစ္ဆာတစ်ကောင် မြို့ထဲတွင် ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာများ တစ်ကြိမ် အသွင်ပေါ်လာပြီဆိုလျှင် အခုမှ စတင်ဖြစ်ပေါ်လာသည့်တိုင် သာမန် သိုင်းပညာရှင်များ ရင်ဆိုင်နိုင်စွမ်း ရှိသည့်အရာများ မဟုတ်ချေ။ အကယ်၍ ၎င်းတို့သာ ကြီးထွားရန် အချိန်ရသွားပြီး လူအချို့ကို စားသောက်ခွင့် ရသွားပါက မယုံကြည်နိုင်လောက်အောင် လျင်မြန်သော နှုန်းထားဖြင့် ပိုအစွမ်းထက်လာပေလိမ့်မည်။
ထိုအချိန် ရောက်လာပါက အခြေအနေမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသွားမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူတို့ အတော်လေး ကံသာသွား၏။ မိစ္ဆာကောင် ပေါ်လာသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသဖြင့် မည်သူ့ကိုမှ စားသောက်ခွင့် မရခဲ့ပေ။
ဤသည်က သူတို့ကို အများကြီး ကူညီပေးခဲ့သည်မှာ သံသယဝင်စရာ မလိုသလို လူများစွာ အသက်စွန့်ရမည့် အခြေအနေမှလည်း ကာကွယ်ပေးနိုင်ခဲ့သည်။
လျူရီ သက်ပြင်းချလိုက်သည်။
"ဒါ ကျွန်မ လုပ်ခဲ့တာ မဟုတ်ပါဘူးလို့ ပြောပြီးပြီလေ... တခြား တစ်ယောက်ယောက်က ဝင်လုပ်သွားတာ... ကျွန်မက လမ်းကြုံလို့ ဖြတ်သွားရုံတင်... အဲ့ဒီလူ ဘယ်သူလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်တို့ကို ပြောပြဖို့ သူ ဆန္ဒရှိ၊ မရှိ အရင် မေးကြည့်ပေးပါ့မယ်..."
သူမ အတော်လေး စိတ်ပျက်သွားသော်လည်း ယခုလိုသာ ပြောနိုင်တော့၏။
"လျူသခင်မလေးက လူသိမခံချင်ဘူး ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်..."
ထိုလူများက ခေါင်းညိတ်၍ နားလည်ပေးသည့် အမူအရာများ ပြသလာကြသည်။
ဤမိန်းမငယ်လေး၏ နောက်ခံကို သိထားသောကြောင့် သူတို့က သူမပြောသည်ကို မယုံကြည်ကြပေ။
လျူမိသားစုမှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်လျက်နှင့် ဤကဲ့သို့ နေရာသေးသေးလေးသို့ ရောက်လာခြင်းကပင် သူမ လူသိမခံချင်ကြောင်း သိသာနေပြီ မဟုတ်ပါလား။
ဤကဲ့သို့ လူသိမခံချင်သူ တစ်ယောက် အနေဖြင့် သဘာဝကျကျပင် အခြားသူများ၏ အာရုံစိုက်မှုကို မခံချင်သည်မှာ နားလည်ရ လွယ်ကူလှသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က ခေါင်းညိတ်ပြုံးရွှင်၍ ဆက်ပြောသည်။
"လျူသခင်မလေးက လူသိမခံချင်မှတော့... ကျွန်တော်တို့လည်း ဒီကိစ္စကို တခြား ဘယ်သူ့ကိုမှ မပြောတော့ပါဘူး... ဒါပေမဲ့ ဒီဆုကြေးငွေကိုတော့ လက်ခံပေးပါ... ဒါက သူရဲကောင်း တစ်ယောက်အတွက် ဆုကြေးပါ... တကယ်လို့ သခင်မလေး ပြောသလို တခြား တစ်ယောက်ယောက်က လုပ်ခဲ့တာဆိုရင်လည်း အဲ့ဒီလူကို ဒီဆုကြေးငွေလေး ပေးလိုက်ပါ..."
"အင်း... ကောင်းပါပြီလေ..." လျူရီမှာ စိတ်ရှုပ်ထွေးနေသော်လည်း ခေါင်းညိတ် လက်ခံလိုက်ရသည်။
ချင်ဟန် မည်သူမည်ဝါ ဖြစ်ကြောင်းကို ထုတ်ပြောပြလိုက်ရန် သူမ စိတ်ကူးမိသေး၏။
ပြဿနာမှာ ဤလူများ သူမအပေါ် ထင်မြင်နေသကဲ့သို့ ချင်ဟန်သည်လည်း လူသိမခံချင်သူ တစ်ယောက် ဖြစ်နေမည်ကို စိုးရိမ်နေခြင်းပင်။
ပုံမှန်အားဖြင့် ဆိုရလျှင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ပြီးမြောက်ထားသော ဤမျှ ငယ်ရွယ်သူ တစ်ယောက်မှာ လူမသိသူမသိ ဖြစ်နေစရာ အကြောင်း မရှိပေ။
ဤကဲ့သို့ မြို့ငယ်လေး တစ်မြို့တွင် ယင်းမှာ အလွန် မြင့်မားသော ကျင့်ကြံခြင်း အဆင့်တစ်ခု ဖြစ်သည်။ လင်မြို့ တစ်မြို့လုံးတွင်ပင် သူ့ထက် ပိုသန်မာသူ သိပ်မရှိနိုင်ချေ။
ဤမျှ ငယ်ရွယ်စဉ်မှာပင် ကြီးမားသော ကျင့်ကြံခြင်း စွမ်းရည်များ ပိုင်ဆိုင်ထားသော်ငြား သူမက သူနှင့် ပတ်သက်၍ ဘာတစ်ခုမှ မကြားဖူးခဲ့ခြင်းမှာ အတော်လေး ထူးဆန်းနေသည်။
ချင်ဟန်က လူသိမခံချင်သူ တစ်ယောက် ဖြစ်နေသည်မှာ ငြင်းဆန်၍ မရပေ။ မဟုတ်လျှင် ယခုလို ဖြစ်နေမည် မဟုတ်ချေ။
သို့ဖြစ်ရာ သူမသာ သူ့နာမည်ကို ထုတ်ပြောလိုက်ပါက သူ သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။
ဆုံးဖြတ်ချက် တစ်ခု မချမီ သူ့ကို အရင်မေးမြန်းပြီး ခွင့်ပြုချက် တောင်းခံခြင်းက ပိုကောင်း၏။
ကလင်... ကလင်... ကလင်...
နောက်တစ်နေ့ နံနက်စောစော ချင်ကျင်း၏ နှိုးစက် မြည်လာသည်။
အသံကြားသည်နှင့် ချင်ကျင်း လန့်နိုးလာပြီး ကုတင်ပေါ်မှ ဆတ်ခနဲ ခုန်ထလိုက်၏။
"ငါ... ငါ ဘာမှမဖြစ်ဘူးလား..."
သူမ မျက်လုံးဖွင့်၍ ရင်းနှီးနေသော အခန်းအား ကြည့်လိုက်ရင်း အတော်လေး အံ့အားသင့်သွားသည်။
သတိမလစ်ခင် မြင်ခဲ့ရသော မြင်ကွင်းများက ခေါင်းထဲ ပြန်လည် ဝင်ရောက်လာပြီး သူမကိုယ်သူမ အခန်းထဲ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်နေမိသည်။
ဂျာကင် အင်္ကျီမှလွဲ၍ မနေ့ညက အဝတ်အစားများ ဝတ်ဆင်ထားဆဲပင်။
"ဘာတွေ ဖြစ်ခဲ့တာလဲ..."
မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်ရင်း စိတ်ရှုပ်ထွေးစွာ ခံစားနေရ၏။
"နိုးပြီလား..."
အသံတစ်သံက ဘေးမှ ထွက်ပေါ်လာသည်။
ချင်ကျင်း လန့်ဖြန့်သွားပြီး အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ ချင်ဟန် အပေါ်တက်လာသည်ကို သူမ သတိမထားမိခဲ့ချေ။
"တစ်ခုခု စားလိုက်ဦး..." ချင်ဟန်က အခုလေးတင် နွှေးထားသော နွားနို့နှင့် ပေါင်မုန့်ကို ချပေးရင်း ပြောလိုက်သည်။ "အမေက အခု အပြင်ထွက်သွားတယ်... အဲ့ဒါကြောင့် ဆူခံရမှာကို စိတ်မပူနဲ့တော့..."
"အင်းပါ..."
ချင်ကျင်း ခေါင်းညိတ်လိုက်ပြီး ချင်ဟန်အား စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် မေးလာ၏။
"ဟန်လေး... မမ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ..."
"ဘယ်လို ပြန်ရောက်ရမှာလဲ..."
ချင်ဟန်က ခေါင်းခါယမ်း၍ စကားပြောရခက်သော အမူအရာဖြင့် ပြန်ဖြေသည်။
"မနေ့က ကျွန်တော် ဖုန်းခေါ်တာ မကိုင်ဘူးလေ... အဲ့ဒါကြောင့် အပြင်ထွက် ရှာရတာပေါ့..."
သူက ညည်းတွားသလို လေသံဖြင့် ဆက်ပြော၏။
"မမက ကောင်းကင် လူကူးတံတားပေါ်မှာ မူးရူးပြီး အိပ်ပျော်နေတာ... ကျွန်တော်သာ ပြန်မခေါ်လာခဲ့ရင် တခြား တစ်ယောက်ယောက်များ ကောက်သွားမလား ဘယ်သူသိမှာလဲ..."
ချင်ကျင်း အတော်လေး အံ့အားသင့်သွားပြီး လှမ်းမေးလိုက်သည်။
"ဒီလောက်ပဲလား... တခြား ဘာမှ မရှိတော့ဘူးလား..."
ချင်ဟန် မျက်လုံးလှန်ကြည့်၍…
"တခြား ဘာရှိရဦးမှာလဲ... တခြားလူ လာကောက်ပြီး သူတို့အိမ် ခေါ်သွားတယ်လို့ ထင်နေတာလား..."
***