"ဒါက... တကယ်ပဲ ငါစိတ်ထင်သွားတာများလား..."
ချင်ကျင်းက ချင်ဟန်ကို ကြည့်ရင်း အတော်လေး စိတ်ရှုပ်ထွေးနေပြီး သူမ မြင်ခဲ့ရသည်များကိုပင် မသေမချာ ဖြစ်လာတော့သည်။
ဘာပဲဖြစ်ဖြစ် မနေ့က သူမ အမှန်တကယ် အရက်သောက်ထားခဲ့ပြီး အတော်လေး မူးယစ်နေခဲ့သည် မဟုတ်ပါလား။
သူမ တကယ်ပဲ အရက်မူးပြီး စိတ်ကူးယဉ် အာရုံချောက်ချားခဲ့ခြင်း ဖြစ်နိုင်ပေမည်။
"ဒါနဲ့ စကားမစပ်..."
သူမက ထိုကိစ္စကို လောလောဆယ် ခေါင်းထဲမှ ထုတ်ပယ်လိုက်ပြီး နဖူးကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။
"ဟန်လေး... ကြိုတင် ပြင်ဆင်ထားဦး... မမ အသိုင်းအဝိုင်း အတော်လေး ကြီးတဲ့ လူတစ်ယောက်နဲ့ သိထားတယ်... သူက နာမည်ကြီး ဆရာတွေ အများကြီးနဲ့ သိတာ... အချိန်ရရင် မင်းရဲ့ သိုင်းပညာ အတန်းတွေအတွက် အကူအညီဖြစ်အောင် ဆရာတစ်ယောက်လောက် ရှာပေးဖို့ သူ့ကို အကူအညီ တောင်းရမယ်..."
ချင်ဟန်က အတိတ်ကို လွမ်းဆွတ်သလို ခံစားလိုက်ရပြီး အကြည့်လွှဲလိုက်သည်။
သူ့မှတ်ဉာဏ်များအရ ဤကဲ့သို့သော ကိစ္စမျိုး အမှန်တကယ် ဖြစ်ပျက်ခဲ့ဖူးသော်လည်း ထိုသည်က သူ့ယခင်ဘဝတွင်သာ ဖြစ်၏။
ထိုအချိန်ကလည်း ချင်ကျင်းက ချင်ဟန်အတွက် အိမ်တိုင်ရာရောက် သင်ပြပေးမည့် ဆရာများ ရှာဖွေပေးရန် သူမနှင့် သိကျွမ်းသူ အမျိုးမျိုးထံ အကူအညီ တောင်းလေ့ရှိခဲ့သည်။
သေချာသည်မှာ ထိုနာမည်ကြီး ဆရာများဆိုသူ အားလုံးက သာမန် ဆရာများသာ ဖြစ်နေခဲ့ခြင်းပင်။ အချို့ဆိုလျှင် ချင်ဟန် ကိုယ်တိုင်ထက်ပင် ပို၍ ညံ့ဖျင်းသေး၏။ ထိုကဲ့သို့ လူများက အခြားသူများကို သင်ကြားပေးသည်ဆိုသည့် အချက်က ချင်ဟန်ကို အတော်လေး ဆွံ့အသွားစေခဲ့သည်။
ဤလောကတွင်လည်း ချင်ကျင်းက ယခင်အတိုင်း တစ်ပုံစံတည်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ချင်ဟန်က စိတ်ထဲမှ ခေါင်းခါယမ်းပြီး...
"ကြည့်ရသေးတာပေါ့..."
မနက်စာ စားသောက်ပြီးနောက် ချင်ကျင်း ဘာမှမဖြစ်ကြောင်း သေချာသွားမှ ချင်ဟန်လည်း အိမ်မှထွက်ကာ ကျောင်းဆီသို့ လျှောက်လာခဲ့တော့သည်။
အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး ပတ်ဝန်းကျင် ရှုခင်းကလည်း အတော်လေး ရိုးရှင်းနေ၏။
ရင်းနှီးပြီးသား စာသင်ခန်းထဲ ရောက်ပြီး မကြာမီမှာပင် ခေါင်းလောင်း မြည်လာသဖြင့် လူတိုင်း ကိုယ့်နေရာကိုယ် ထိုင်လိုက်ကြသည်။
"အာဟန်... မင်း ကြားပြီးပြီလား..."
သူ့ဘေးရှိ သူ့သူငယ်ချင်းကောင်း လျန်ကောက မရပ်မနား တတွတ်တွတ် ပြောလာ၏။
"မနေ့ညက လမ်းဟောင်းဘက်က လူကူးတံတားပေါ်မှာ တစ်ခုခု ဖြစ်သွားတယ်လို့ ကြားတယ်... နေရာတိုင်းမှာ သွေးတွေချည်းပဲတဲ့... ဒီနေ့ တံတားတစ်စင်းလုံးကို ပိတ်ထားတာဆိုတော့ ပြဿနာ အကြီးကြီး ဖြစ်သွားတာ သေချာတယ်..."
ချင်ဟန် ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။
"ဘာတွေ ဖြစ်ခဲ့လို့လဲ..."
လျန်ကောက လျှို့ဝှက်ဆန်းကြယ်ဟန် ဖမ်း၍ တိုးညှင်းသော အသံဖြင့် ဆက်ပြော၏။
"ငါကြားတာကတော့... အဲ့ဒီမှာ အရူး လူသတ်သမား တစ်ယောက်က လူတွေ အများကြီးကို သတ်သွားတာတဲ့..."
"ဘယ်လိုလုပ် လူသတ်မှုတွေ အများကြီး ဖြစ်နိုင်မှာလဲ..."
ချင်ဟန်က ခေါင်းခါယမ်းရင်း...
"ဘယ်သူသိမှာလဲ... မတော်တဆမှု တစ်ခုခုလည်း ဖြစ်နိုင်တာပဲ..."
စကားပြောနေရင်း တစ်စုံတစ်ယောက်က သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ အလိုအလျောက် လှည့်ကြည့်လိုက်ရာ သူ့အကြည့်တို့က အခြား တစ်ယောက်နှင့် ဆုံတွေ့သွားတော့၏။
သိပ်မဝေးလှသော နေရာတွင် မိန်းမငယ်လေး တစ်ယောက်က သူမ၏ စားပွဲခုံရှေ့၌ တစ်ယောက်တည်း ထိုင်နေသည်။ သူမက အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမခန္ဓာကိုယ်မှာ အတော်လေး ပိန်ပါးပုံရ၏။ သို့သော် သူမက ရိုးရှင်းသော်လည်း ကျက်သရေရှိလှသည်။ သူမက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်လျက် ချင်ဟန်ကို စိုက်ကြည့်နေခြင်းပင်။
သူတို့ အကြည့်ချင်း ဆုံသွားသည်နှင့် ထိုမိန်းမငယ်လေးက ရှက်သွားသည့်အလား အလျင်အမြန် ခေါင်းလှည့်သွားလေပြီ။
ချင်ဟန် စိတ်ထဲ တိတ်တဆိတ် တွေးလိုက်မိသည်။ ဤမိန်းမငယ်လေးမှာ လျူရီပင်။
မနေ့ညက မြင်ကွင်းများက သူ့မျက်စိရှေ့တွင် ပြန်လည် ထွက်ပေါ်လာသည်။
မနေ့ညက သူ လျူရီ နောက်သို့ အလိုအလျောက် လိုက်သွားခဲ့မိပြီးမှ ချင်ကျင်းကို တွေ့လိုက်ရခြင်း ဖြစ်သည်။
ချင်ဟန်၏ သုံးသပ်ချက်အရ လျူရီက တစ်စုံတစ်ခုကို ကြိုသိနေသောကြောင့် ထိုနေရာသို့ သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူမက သာမန် မိန်းကလေး တစ်ယောက် မဟုတ်သည်မှာ သေချာ၏။
မနေ့ညက သူ ဝင်မပါခဲ့လျှင် သူမ ဝင်ရောက် တိုက်ခိုက်မလား ဆိုသည်ကို စမ်းသပ်ကြည့်ချင်ခဲ့သေးသည်။
သို့သော် နောက်ဆုံးတွင်တော့ သူ့အတွက် ရွေးချယ်စရာ မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူသာ ဝင်မပါခဲ့လျှင် သို့မဟုတ် အနည်းငယ် နောက်ကျသွားခဲ့လျှင် သူ့အစ်မ အသက်ရှင်နိုင်ဖို့ လမ်းမရှိသောကြောင့်ပင်။
အကယ်၍ တခြား တစ်ယောက်ယောက်သာ ဆိုလျှင် ထိုမျှလောက် အရေးကြီးမည် မဟုတ်ချေ။ သို့သော် ချင်ဟန်က လျူရီအား စမ်းသပ်ရန်အတွက် သူ့အစ်မ၏ အသက်ကို အန္တရာယ် မခံနိုင်ခဲ့ပေ။
ဤအကြောင်းများကြောင့်ပင် ချင်ဟန်က လျူရီနှင့် ပတ်သက်သည့် အချက်အလက် များများစားစား မရလိုက်ခြင်း ဖြစ်သည်။
တစ်ဖက်တွင်မူ လျူရီက သူ ဖုံးကွယ်ထားသမျှ အရာအားလုံးကို မြင်တွေ့သွားခဲ့လေပြီ။
မည်သို့ပင်ဖြစ်စေ သူက ထိုမျှ ကြီးမားသော ဆူညံပွက်လောရိုက်မှုကြီးကို ဖန်တီးခဲ့သဖြင့် လျူရီ အနေဖြင့် မမြင်လိုက်ရန်မှာ မဖြစ်နိုင်ပေ။ သူမက ပုန်းကွယ်၍ စောင့်ကြည့်နေခဲ့သည်မှာ သေချာသလောက် ရှိ၏။
ထိုအကြောင်း တွေးမိသည်နှင့် ချင်ဟန်က အတော်လေး စိတ်ရှုပ်ထွေးစွာဖြင့် စိတ်ထဲမှ ခေါင်းခါယမ်းလိုက်မိသည်။
သို့သော် သေချာ စဉ်းစားပြီးနောက်တွင်တော့ သိပ်ပြီး ဂရုမစိုက်တော့။
သူ့ယခင်ဘဝ၏ လူ့အဖွဲ့အစည်းတွင်ပင် လူသတ်မှုက ရာဇဝတ်မှု တစ်ခု ဖြစ်သော်ငြား မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် သတ်ဖြတ်ခြင်းမှာ ပြဿနာကြီး တစ်ခု မဟုတ်ချေ။
မနေ့ညက အခြေအနေအရ သူသာ ထိုအရာကို မသတ်ခဲ့လျှင် သူ့အစ်မ သေဆုံးသွားပေလိမ့်မည်။
ဖြစ်ရပ်မှန်များကို ထည့်သွင်း စဉ်းစားကြည့်လျှင် သူက မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်၏။
ထို့အပြင် ထိုအရာက လူတစ်ယောက် ဟုတ်မဟုတ် ဆိုသည်မှာလည်း ငြင်းခုန်စရာပင်။
ဤကိစ္စ ပေါက်ကြားသွားလျှင်ပင် သူ ဘာမှဖြစ်မည် မဟုတ်ပေ။
အဆိုးဆုံး ဆိုလျှင်ပင် ပြဿနာ အနည်းငယ်လောက်သာ ရင်ဆိုင်ရပေလိမ့်မည်။
ခဏအကြာတွင် ဆရာဖြစ်သူက စာသင်ခန်းထဲ ဝင်ရောက်လာသည်။
ချင်ဟန်က အကြည့်လွှဲ၍ အရှေ့သို့သာ ကြည့်ကာ စာသင်ခြင်းကို အာရုံစိုက်လိုက်တော့သည်။
မနက်ခင်း အချိန်လေးက အေးချမ်းစွာဖြင့် လျင်မြန်စွာ ကုန်လွန်သွား၏။
ကလင်... ကလင်... ကလင်...
လက်ရှိ အမှတ် - ၄၆။
အတန်းဆင်း ခေါင်းလောင်း မြည်လာချိန်တွင် နေ့လည် (၁၂) နာရီ တိတိ ရောက်နေလေပြီ။
ချင်ဟန် မျက်စိရှေ့ရှိ ဂဏန်းများက နောက်ထပ် တစ်မှတ် တိုးလာခဲ့သည်။
"အချိန် အကြာကြီး စုဆောင်းပြီးပြီ ဆိုတော့ နောက်ထပ် ပုံရိပ်ယောင်ကမ္ဘာကို စမ်းသပ်ဖို့ အချိန်တန်ပြီ..."
သူ့အမှတ်များကို ကြည့်ရင်း တိတ်တဆိတ် တွေးလိုက်မိသည်။
ပြီးခဲ့သည့် အကြိမ်က သင်ခန်းစာ ရခဲ့ပြီးနောက် သူက ပုံရိပ်ယောင်ကမ္ဘာထဲသို့ တိုက်ရိုက် ဝင်ရောက်ရန် မရည်ရွယ်တော့ပေ။ ထိုအစား ပုံရိပ်ယောင်ကမ္ဘာထဲ အနည်းဆုံး ဝင်ရောက်နိုင်မည်ဟု အာမခံချက် ရစေရန် အမှတ်ပမာဏ တစ်ခုကို အသုံးပြုဖို့ ဆုံးဖြတ်ထားလိုက်၏။
အချိန် အတော်ကြာ စုဆောင်းခဲ့ပြီး ဖြစ်ရာ ယခုလောက်ဆို လုံလောက်နေပေပြီ။
ဤသည်က အတော်လေး ကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် တိတ်တဆိတ် အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးနောက် ယခင် ပုံရိပ်ယောင်ကမ္ဘာမှ ရရှိခဲ့သည့် စွမ်းရည်အများစုကို သူ ပြန်လည် ရရှိနေပြီ မဟုတ်ပါလား။
နောက်ထပ် ပုံရိပ်ယောင်ကမ္ဘာ တစ်ခုကို စမ်းသပ်ရန် အချိန်ကျလာခဲ့လေပြီ။
သို့သော် ပြဿနာ အသစ်တစ်ခု ပေါ်ပေါက်လာခဲ့၏။
"ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်... ငါ့မှာ အခြေခံ အကျဆုံး ကျင့်စဉ်ပဲ ရှိတာ..."
ချင်ဟန်က စားပွဲခုံရှေ့တွင် ထိုင်ရင်း သူ့ခေါင်းကို ပွတ်သပ်လိုက်မိသည်။
ဤလောကတွင် သိုင်းပညာများမှာ ယခင်ဘဝက သေနတ်များကဲ့သို့ ထိန်းချုပ်ခံထားရသည်။ သိုင်းပညာနှင့် ပတ်သက်သမျှ အရာအားလုံးကို တင်းကျပ်စွာ စည်းကမ်းချက်များဖြင့် ကန့်သတ်ထား၏။
တရားဝင် ကျောင်းတော်များမှ ကျောင်းသားများ၊ စစ်သည်တော်များ သို့မဟုတ် အထူး လူပုဂ္ဂိုလ်များ မဟုတ်လျှင် ထိပ်တန်း အဆင့် သိုင်းကျင့်စဉ်များကို လေ့လာ ထိတွေ့ခွင့် မရှိပေ။
နိုင်ငံအတွင်း သာမန်ပြည်သူများ လေ့လာခွင့် ရှိသည့် တစ်ခုတည်းသော သိုင်းကျင့်စဉ်မှာ အစိုးရမှ ထုတ်ပြန်ထားသည့် အခြေခံ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ပင်။
အခြေခံ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်မှာ လူအများစုအား အခြေခံ အုတ်မြစ် ချပေးရန် အသုံးပြုခြင်း ဖြစ်သည်။ ပါရမီရှင်များမှလွဲ၍ သာမန်လူ အများစု အနေဖြင့် ၎င်းကို ပြီးမြောက်ရန် ဆယ်နှစ်ခန့် အချိန်ယူရပြီး သူတို့၏ ခန္ဓာကိုယ်များကို သန်မာလာစေရန်သာ အထောက်အကူ ပြုလေသည်။
ချင်ဟန်က ပုံရိပ်ယောင်ကမ္ဘာထဲတွင် ယင်းကျင့်စဉ်ကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး သူရဲကောင်း အသက်ရှူကျင့်စဉ်နှင့် အခြားသော အထူး ဆေးဝါးများ ပေါင်းစပ်လိုက်သောအခါမှသာ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြီးမြောက်သွားခဲ့ခြင်း ဖြစ်သည်။
ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြီးမြောက်သွားပြီးနောက် အခြေခံ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က လုံလောက်မှု မရှိတော့ဘဲ ပိုမြင့်မားသော ကျင့်စဉ်များ လိုအပ်လာခဲ့ပြီ။
ထိုအရာများမှာ ချင်ဟန် လက်လှမ်းမမီနိုင်သော အရာများပင်။
သူက အထက်တန်း ကျောင်းသား တစ်ယောက်သာ ဖြစ်ပြီး သူ့မိသားစုမှာလည်း အလွန် ရိုးရှင်းသောကြောင့် ထိုကဲ့သို့သော အရာမျိုးကို ရယူရန် အရင်းအမြစ်များ မရှိချေ။
အခြားသူများ အနေဖြင့် ဤပြဿနာမျိုး ရှိချင်မှ ရှိပေလိမ့်မည်။
သူ့အသက်အရွယ်တွင် ဤအဆင့်သို့ ရောက်ရှိနေသော အခြားလူများ ဆိုလျှင် ချက်ချင်းပင် ပါရမီရှင် တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ခံရပြီး ပါရမီရှင်များ သီးသန့် အတန်းထဲသို့ ထည့်သွင်းခံရမည်မှာ သေချာ၏။
ထိုအခါ သဘာဝကျကျပင် သူတို့အတွက် အထူး သိုင်းကျင့်စဉ်များဖြင့် သင်ကြားပေးမည့် အထူး ဆရာများ ရှိလာပေလိမ့်မည်။
သို့သော် ချင်ဟန်တွင်တော့ ထိုကဲ့သို့ အခွင့်အရေးမျိုး မရှိပေ။
***