စာအုပ်စင်ရှေ့တွင် ထိုင်ရင်း ချင်ဟန် သက်ပြင်း သဲ့သဲ့ ချလိုက်မိသည်။
သူ့မှာလည်း ကိုယ်ပိုင် အခက်အခဲများ ရှိနေသည် မဟုတ်ပါလား။
သူ့အသက်အရွယ်နှင့် ဤမျှ စွမ်းအားမျိုး ရှိနေသူသာ တခြားတစ်ယောက်ဆိုလျှင် ပါရမီရှင် အတန်းသို့ ရောက်နေပြီး အထူး ပြုစုပျိုးထောင်မှုများ ရရှိနေသည်မှာ ကြာလှပေပြီ။
သို့သော် သူ့မှာမူ ထိုကဲ့သို့ အခွင့်အရေးမျိုး မရှိခဲ့ချေ။
အတိတ်က ချင်ဟန်မှာ စာမေးပွဲ ရလဒ်ကောင်းများ ရှိခဲ့သော်ငြား ဤမျှအထိ ထူးချွန်သော ပါရမီရှင် တစ်ယောက် မဟုတ်ခဲ့သဖြင့် သူ့အား သတိပြုမိပြီး ပြုစုပျိုးထောင်ပေးမည့်သူ မရှိခဲ့ခြင်းပင်။
ထိုကြောင့်ပင် သူ့အနေဖြင့် အဆင့်မြင့် သိုင်းကျင့်စဉ်များနှင့် အရင်းအမြစ်များကို ရယူနိုင်စွမ်း မရှိခဲ့ပေ။
ယခုအချိန်တွင် ထိုအရာများအား ရရှိရန်မှာ သူ့အတွက် အလွန် ခက်ခဲလှပေလိမ့်မည်။
ဤသည်မှာ ချင်ဟန်ကို စိတ်ပျက်စေသော အချက်ပင်။
"ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်ပြလိုက်ရင် အာရုံစိုက်ခံရပြီး တစ်ယောက်ယောက်က ငါ့ကို ပံ့ပိုးပေးချင် ပေးလိမ့်မယ်..."
ထိုင်ခုံတွင် ထိုင်နေရင်း ချင်ဟန် တိတ်တဆိတ် တွေးတောနေမိ၏။
"ဒါပေမဲ့ ပြဿနာက... ငါ ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး ဘာထူးခြားမှုမှ မပြခဲ့ဘဲ ရုတ်တရက်ကြီး ဒီလောက် သန်မာလာတာက တစ်ခုခုတော့ မှားနေသလို ဖြစ်သွားလိမ့်မယ်..."
ချင်ဟန်က စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။ သူက အစစအရာရာ သတိထားတတ်သူ ဖြစ်သဖြင့် မဆင်မခြင် ပြုမူပြီး သံသယ အဖြစ်မခံလိုပေ။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ရှင်းပြဖို့ နည်းလမ်းမှ မရှိတာ။
"ထားလိုက်ပါတော့... ဖြည်းဖြည်းချင်းပဲ သွားရမှာပေါ့..."
နောက်ဆုံးတွင် ချင်ဟန် လက်လျှော့လိုက်ပြီး ပြဿနာကို တခြားတစ်ဖက်မှ ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
လောလောဆယ် ကျင့်စဉ်များနှင့် အရင်းအမြစ်များ ရရှိရန် အလောတကြီး မလုပ်ဆောင်တော့သလို စွမ်းအားကိုလည်း အမြန်ကြီး ထုတ်မပြခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
တဖြည်းဖြည်းချင်းစီသာ ထုတ်ပြခြင်းက မလိုအပ်သော အာရုံစိုက်မှုများမှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။
အနည်းဆုံး အရာအားလုံးကို တစ်ခါတည်း ထုတ်ပြလိုက်သလောက် မထိတ်လန့်သွားစေနိုင်တော့ဘူး မဟုတ်ပါလား။
အချိန်အနည်းငယ် ကြာမှသာ သူ လိုချင်သည့်အရာများ ရရှိရန် နည်းလမ်း ရှာရပေလိမ့်မည်။
အခုလောလောဆယ်တော့ ရှိသည်များနှင့်ပင် လုံလောက်နေလေပြီ။
ထိုသို့ ဆုံးဖြတ်ပြီးနောက် သူ မတ်တပ်ရပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
နေရောင်ခြည်မှာ အတော်လေး သာယာနေ၏။ ရွှေရောင် အလင်းတန်းဖျော့ဖျော့လေးများ မြေပြင်ပေါ် ဖြာကျနေသဖြင့် လောကကြီးတစ်ခုလုံး နွေးထွေး လင်းထိန်နေသယောင်။
တကယ်ကို လှပသည့် မြင်ကွင်းပင်။
ချင်ဟန်က လွယ်အိတ်ကို လွယ်ကာ တစ်ယောက်တည်း အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။
ထိုစဉ် ရှေ့တည့်တည့်မှ အကြည့်တစ်ခုက သူ့အပေါ် ကျရောက်လာ၏။
သူ အလိုအလျောက် ခေါင်းမော့ကြည့်ရာ လျူရီ၏ ပိန်ပါးသော ကိုယ်လုံးလေး တစ်ယောက်တည်း ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက အလွန် ညင်သာပြီး တိတ်ဆိတ်နေပုံရ၏။
သူမက ဓာတ်တိုင်တစ်ခုရှေ့တွင် ရပ်၍ ချင်ဟန်ကို စိုက်ကြည့်နေပြီး အနည်းငယ် တွေဝေနေဟန် တူသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို အတည်ပြုရန် ကြိုးစားနေခြင်းလော။
ချင်ဟန်က လျူရီ၏ မျက်လုံးများကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် သူမကို ထိုနေရာတွင် တစ်ယောက်တည်း ထားရစ်ခဲ့ကာ ဆက်လက် ထွက်ခွာလာခဲ့တော့သည်။
ချင်ဟန်၏ ကျောပြင်ကို ကြည့်ရင်း လျူရီ ခဏတာ တွေဝေနေမိသော်လည်း နောက်ဆုံးတွင်တော့ သူ့ကို လှမ်း၍ စကားမပြောဖြစ်ခဲ့ပေ။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
နှစ်ရက်အကြာတွင်တော့ ထူးခြားမှု အသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ..."
ချင်ဟန်က ထိုင်ခုံတွင် ထိုင်ရင်း လှည့်ကြည့်ရာ သူ့ပတ်ပတ်လည်တွင် ညည်းညူ အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်အား ကြားလိုက်ရသည်။
သိပ်မဝေးသော နေရာတွင် လျန်ကောက သူ့မျက်နှာကို လက်နှင့်အုပ်၍ အော်ဟစ်နေ၏။
"ငါ အဆင်သင့် မဖြစ်သေသေးဘူး... ဘာလို့ အခုတည်းက စရတာလဲ..."
"တော်တော့... တော်ကြတော့..."
စာသင်ခုံရှေ့တွင်တော့ လျူလင်က အေးစက်သော မျက်နှာထားဖြင့် ကျောင်းသားများကို မညှာမတာ စိုက်ကြည့်နေသည်။
"ရက်အနည်းငယ်လောက် ရှေ့တိုးလိုက်တာပဲကို... အဲ့ဒါက အဲ့လောက်အထိ အရေးကြီးနေလို့လား... မင်းတို့က ဒီလောက်လေးနဲ့တင် ဒီလို ဖြစ်နေကြရင် တစ်နေ့နေ့ စစ်မြေပြင် ရောက်တဲ့အခါ ဘယ်လို လုပ်ကြမလဲ..."
သူက အေးစက်စက် မျက်နှာထားဖြင့် ဆက်ပြော၏။
"အားလုံး ထကြ... စုဝေးခန်းမကို သွားကြမယ်..."
လူတိုင်း မတ်တပ်ရပ်ပြီး သက်ပြင်းချရင်း စာသင်ခန်းထဲမှ ထွက်လာကြတော့သည်။ သူတို့ပုံစံမှာ ကွပ်မျက်ရာ စင်မြင့်ဆီသို့ ဦးတည်နေသော စစ်သည်တော်များနှင့်ပင် တူနေ၏။
ချင်ဟန်လည်း ထိုလူအုပ်ထဲတွင် ပါဝင်နေသည်။
သူကတော့ သိပ်ပြီး စိုးရိမ်မနေဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့၏။
ခန္ဓာကိုယ် စစ်ဆေးမှု ရောက်လာတိုင်း စာမလုပ်သော ကျောင်းသားများမှာ အမြဲတမ်း အော်ဟစ် ညည်းညူလေ့ ရှိကြသည် မဟုတ်ပါလား။
ခဏအကြာတွင် သူတို့ စုဝေးခန်းမထဲ ဝင်လာကြသည်။
ကျောင်းစုဝေးခန်းမမှာ အလွန် ကြီးမားပြီး အတွင်း၌ စစ်ဆေးမှုများအတွက် အသုံးပြုသည့် ထူးဆန်းသော စက်ကိရိယာများစွာ ရှိနေ၏။
"တစ်ယောက်ချင်းစီ စမယ်..."
လျူလင်က အရှေ့သို့ လျှောက်သွားပြီး စက်များကို တစ်လုံးချင်းစီ စတင် ဖွင့်လိုက်တော့သည်။
ခန္ဓာကိုယ် စစ်ဆေးမှု လုပ်ငန်းစဉ်များမှာ အတော်လေး ငြီးငွေ့စရာ ကောင်းလှ၏။
အပြေး၊ အမြင့်ခုန်၊ အလျားခုန် စသည်တို့ ပါဝင်သည်။
ကြည့်ရသည်မှာ ချင်ဟန် ယခင်ဘဝက ကာယ အတန်းများနှင့် အတူတူပင်။
သို့သော် ဤကမ္ဘာကြီးမှာ လုံးဝ ကွဲပြားနေသဖြင့် စစ်ဆေးမှုမှာလည်း အနည်းငယ် ထူးခြားနေခြင်း ဖြစ်သည်။
"လျန်ကော... သွေးချီစွမ်းအင် - ၂၇ မှတ်... ခန္ဓာကိုယ် သန့်စင်ခြင်း - ၃၀ ရာခိုင်နှုန်း... မအောင်မြင်ဘူး..."
လျန်ကောက စက်ထဲမှ စိတ်ပျက်လက်ပျက် ထွက်လာပြီး ချင်ဟန်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ကြည့်ရသလောက် သူက ရလဒ်ကို ကြိုသိနေပုံရ၏။
"နှစ်လတောင် ကြာသွားပြီ... မင်းက အရင် စစ်ဆေးတုန်းကထက် တိုးတက်မလာတဲ့အပြင် ပိုတောင် ညံ့သွားသေးတယ်..."
လျူလင်က လျန်ကောအား စိုက်ကြည့်ကာ ဆူပူလိုက်သည်။
"မင်း ဒီလောက်အထိ ညံ့ဖျင်းသွားအောင် ဘာတွေ လုပ်နေတာလဲ..."
"နောက်တစ်ယောက်..."
နောက်ထပ် ကျောင်းသားများစွာက စစ်ဆေးမှု ခံယူရန် ရှေ့သို့ တိုးလာကြသည်။
သွေးချီစွမ်းအင် ဆိုသည်မှာ ခန္ဓာကိုယ် သန့်စင်ခြင်း ကာလအတွင်းရှိ သိုင်းပညာရှင်များအတွက် တိုင်းတာမှု တစ်ခုဖြစ်ပြီး ၁ မှ ၁၀၀ အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
ဤသည်မှာ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို တိုင်းတာသည့် နည်းလမ်းများထဲမှ တစ်ခုပင်။
ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် စစ်ဆေးပြီး ပြန်ထွက်လာကြသည်။
သို့သော် ယခင် စစ်ဆေးမှုများနှင့် နှိုင်းယှဉ်လျှင် တိုးတက်လာသူ အလွန် နည်းပါးလှပြီး အများစုမှာ ပို၍ပင် ညံ့ဖျင်းသွားကြ၏။
ဤသည်မှာ သိပ်တော့ ထူးဆန်းလှသည် မဟုတ်ချေ။
ခန္ဓာကိုယ် သန့်စင်ခြင်း ဆိုသည်မှာ တိုးတက်အောင် မလုပ်နိုင်လျှင် နောက်ပြန် ဆုတ်သွားတတ်သည့် အရာမျိုးပင်။
အဆင့်တစ်ခုသို့ ရောက်ရှိပြီးနောက် ခန္ဓာကိုယ် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက် တိုးတက်အောင် လုပ်ဆောင်ရန်မှာ အလွန် ခက်ခဲသော်လည်း နောက်ပြန် ဆုတ်သွားရန်မှာမူ အလွန် လွယ်ကူ၏။
အကယ်၍ တစ်စုံတစ်ယောက်သာ ခေတ္တမျှ ပေါ့ဆသွားပြီး လေ့ကျင့်မှု မလုပ်ဖြစ်တော့လျှင် သူတို့၏ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်မှာ ချက်ချင်းပင် နိမ့်ကျသွားပေလိမ့်မည်။
ဤသည်မှာ ခါးသီးလှသော လက်တွေ့ဘဝပင်။
ချင်ဟန်က သူ့အလှည့်ကို စောင့်နေရင်း လျူရီကို လှမ်းကြည့်လိုက်သည်။
အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူမ ရလဒ်မှာ အတော်လေး ကောင်းမွန်သော်လည်း အံ့ဩစရာတော့ မရှိပေ။ သွေးချီစွမ်းအင် - ၅၀ နှင့် ခန္ဓာကိုယ် သန့်စင်ခြင်း - ၅၀ ရာခိုင်နှုန်း။ သူမက ဤအတန်းထဲတွင် သာမက လင်မြို့ တစ်မြို့လုံးတွင်ပင် ထိပ်ဆုံးမှ ပါဝင်နေပေလိမ့်မည်။ သို့သော် ချင်ဟန် အတွက်တော့ ထိုသည်က သိပ်ကိစ္စ မရှိပေ။
သူမ လျှောက်လာချိန်တွင် လူအုပ်ကြီးက အံ့ဩတကြီး အော်ဟစ်နေကြသော်လည်း ချင်ဟန် တစ်ယောက်သာ မျက်မှောင်ကြုတ်နေမိသည်။
"သူမက စွမ်းအားကို ဖုံးကွယ်ထားတာလား... ဒါမှမဟုတ် တကယ်ပဲ ဒီလောက်ပဲ ရှိတာလား..."
လျူရီကို ကြည့်ရင်း ချင်ဟန် စိတ်ထဲ ဇဝေဇဝါ ဖြစ်နေမိသည်။
သို့သော် ထိုအကြောင်း စဉ်းစားရန် အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။
"နောက်တစ်ယောက်... ချင်ဟန်..."
သူ့နာမည်ကို ခေါ်လိုက်ချိန်တွင် ချင်ဟန် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး လျန်ကော၏ သနားစဖွယ် အကြည့်များကြားမှ တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့သည်။
သွေးချီစွမ်းအင်ကို တိုင်းတာသည့် စက်ကြီးမှာ အလွန်ပင် ကြီးမား၏။
အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ပူနွေးသော လေစီးကြောင်းများက အရပ်မျက်နှာ အနှံ့မှ ထွက်ပေါ်လာပြီး သူ့ ခန္ဓာကိုယ်မှာ မီးလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုပူနွေးသော လေစီးကြောင်းများက သူ့ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးလိုက်သဖြင့် သွေးများနှင့် သွေးချီစွမ်းအင်များမှာ စက်မှ တိုင်းတာနိုင်သည့် အနေအထားအထိ ပွက်လောရိုက်လာတော့၏။
အပြင်ဘက်ရှိ မျက်နှာပြင်ပေါ်တွင်တော့ ဂဏန်းများမှာ တရဟော မြင့်တက်လာလေပြီ။
***