စက်ပေါ်ရှိ မျက်နှာပြင်က တလက်လက် တောက်ပနေပြီး ကိန်းဂဏန်းများ လျင်မြန်စွာ ပြောင်းလဲနေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း လျူရီမှာ အပြင်ပန်းတွင် တည်ငြိမ်နေပုံ ရသော်ငြား ရင်ထဲ၌မူ များစွာ မျှော်လင့်နေမိသည်။
လျန်ကောကလည်း ခေါင်းမော့လာပြီး ချင်ဟန် တစ်ယောက် မည်မျှ ဆိုးရွားသည့် ရလဒ်ထွက်မည်ကို ကြည့်ရှုလိုသော စိတ်ဖြင့် ဝမ်းသာအားရ ဖြစ်နေ၏။
ချင်ဟန်နှင့် နှစ်ပေါင်းများစွာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့သဖြင့် သူက ချင်ဟန် အကြောင်းကို ကောင်းကောင်း သိထားသည်။
သူသိထားသလောက် မကြာသေးမီက ချင်ဟန်မှာ ယခင်ကလောက် ကြိုးစားအားထုတ်မှု မရှိတော့ချေ။ ထို့ကြောင့် သူ့ ခန္ဓာကိုယ် သန့်စင်ခြင်း ရမှတ်များ ကျဆင်းသွားရန် အလားအလာ အလွန်များနေသည်။
ထိုအချိန် ရောက်လာလျှင် သူတို့နှစ်ယောက် အတူတူ ဒုက္ခခံရမည့် ညီအစ်ကိုများ ဖြစ်လာတော့မည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေ တကယ့် ညီအစ်ကိုကောင်း ဆိုသည်မှာ အတူတူ အဆူခံ၊ အရိုက်ခံကြရမည်သာပင်။
သို့သော် ကိန်းဂဏန်းများက အဆက်မပြတ် မြင့်တက်နေသောကြောင့် သူ့ အမူအရာမှာ အလျင်အမြန်ပင် အေးခဲသွားတော့သည်။
ဂဏန်းများ တစ်ဟုန်ထိုး မြင့်တက်သွားပြီး မကြာမီမှာပင် သူ့အား ဆွံ့အသွားစေမည့် အဆင့်တစ်ခုအထိ ရောက်သွားလေပြီ။
...
ခန္ဓာကိုယ် သန့်စင်ခြင်း ၅၀ ရာခိုင်နှုန်း...
ထိုကိန်းဂဏန်း ထွက်ပေါ်လာချိန်တွင် လူတိုင်း အံ့အားသင့်သွားကြ၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လျန်ကော၏ မျက်နှာထားမှာ တောင့်တင်းနေပြီး လုံးဝ မယုံကြည်နိုင်ဖြစ်နေသည်။ "စက် ပျက်နေတာများလား"
အခြားသူများ၏ အမူအရာကလည်း ထိုနည်းတူပင်။
လျူလင် တစ်ယောက် အနည်းငယ် ရှုပ်ထွေးသွားပြီး ချင်ဟန်အတွက် စစ်ဆေးမှုကို နောက်ထပ် နှစ်ကြိမ်တိုင်တိုင် ထပ်လုပ်ကြည့်သော်လည်း ရလဒ်များမှာ ပြောင်းလဲမသွားခဲ့ပေ။
"တကယ်ကြီး ခန္ဓာကိုယ် သန့်စင်ခြင်း ၅၀ ရာခိုင်နှုန်းလား"
ချက်ချင်းပင် လျူလင် စိတ်ထဲ ဝမ်းသာကျေနပ်သွားတော့သည်။ သူ့ တပည့် တစ်ယောက် ယခုလို ကြီးကျယ်သော တိုးတက်မှုမျိုး ရရှိလာခြင်းက သူ့ ဂုဏ်ကျက်သရေကို မြင့်တက်စေမည် ဖြစ်ရာ သဘာဝကျကျပင် ပျော်ရွှင်နေမိ၏။
သို့သော် ဝမ်းသာနေသည့် ကြားမှပင် အနည်းငယ် တွေဝေ ရှုပ်ထွေးနေဆဲပင်။
လွန်ခဲ့သော လအနည်းငယ်က ချင်ဟန် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခဲ့စဉ်က လျန်ကောထက် အနည်းငယ်သာ သာလွန်ပြီး ခန္ဓာကိုယ် သန့်စင်ခြင်း ၃၀ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိခဲ့သည်။
သို့တိုင် လအနည်းငယ် အတွင်းမှာပင် ၅၀ ရာခိုင်နှုန်းအထိ တက်လာခဲ့လေပြီ။ ဤတိုးတက်နှုန်းက အနည်းငယ် မြန်လွန်းနေသည် မဟုတ်လော။ လျူလင် ထိုအကြောင်း တွေးမိပြီး နားလည်ရခက်စွာ ရှုပ်ထွေးနေမိတော့သည်။
အလားတူ ရှုပ်ထွေးနေသော နောက်တစ်ယောက် ရှိသေး၏။ ထိုသူမှာ လျူရီပင်။
"သူက သွေးချီစွမ်းအင်ကို ဖိနှိပ်ထားပြီး သူ့ရဲ့ တကယ့် စွမ်းအားမှန်ကို ဖုံးကွယ်ထားခဲ့တာလား" လျူရီ စိတ်ထဲ တိတ်တဆိတ် တွေးလိုက်မိသည်။
ဤအကြောင်းပြချက်မှလွဲ၍ အခြား ရှင်းပြစရာ အကြောင်းအရင်း မရှိတော့သလိုပင်။
ချင်ဟန် တစ်ယောက် ထိုမိစ္ဆာအား အေးစက်စက် သတ်ဖြတ်ခဲ့သည့် မြင်ကွင်းက သူမ စိတ်ထဲတွင် ဘယ်တော့မှ မေ့ဖျောက်၍မရနိုင်အောင် စွဲထင်နေခဲ့သည် မဟုတ်ပါလား။
ချင်ဟန်တွင် ဤမျှ သာမန် ခွန်အားလောက်သာ ရှိနေမည် မဟုတ်ကြောင်း သေချာ၏။
"ကြည့်ရတာ သူက တကယ်ကို နေတတ်ထိုင်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့ လူတစ်ယောက်ပဲ" သူမ သက်ပြင်းချရင်း တွေးလိုက်မိသည်။
ရှေ့ဘက်ဆီမှ စမ်းသပ်စက် အမျိုးမျိုး၏ ရလဒ် ကြေညာသံများက လှိုင်းလုံးများအလား ထွက်ပေါ်နေသည်။
စမ်းသပ်စက်ထဲတွင်တော့ ချင်ဟန်၏ တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း အပြင်သို့ ထွက်လာချိန်တွင် သူ့ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
အခြားသူများ၏ တုံ့ပြန်မှုများကို ကြည့်ရင်း သူက တိတ်ဆိတ်စွာပင် ဘေးဘက်သို့ လျှောက်သွားလိုက်သည်။ ကြည့်ရသည်မှာ သူ့ရလဒ်များကို ရှင်းပြမည့် ပုံမပေါ်ပေ။
လူတိုင်း မည်သို့ တုံ့ပြန်ကြမည်ကို သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း ပြောစရာ သိပ်မရှိချေ။
လတ်တလောတွင် သူ စိတ်သက်သာရာ ရသွားသလိုသာ ခံစားနေရ၏။
ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြီးမြောက်ပြီးနောက် သိုင်းပညာရှင်များမှာ ၎င်းတို့၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း ကြီးမားလာပြီး သွေးချီစွမ်းအင်ကိုပါ အခြေခံအဆင့် ထိန်းချုပ်နိုင်စွမ်း ရှိလာကြသည်။
သွေးချီစွမ်းအင် စစ်ဆေးမှု၏ ရည်ရွယ်ချက်မှာ စက်မှ ထောက်လှမ်းနိုင်ရန် အထူးနည်းလမ်း တစ်ခုကို အသုံးပြု၍ သွေးချီစွမ်းအင် လှုံ့ဆော်ပေးခြင်းပင်။ ချင်ဟန်က စက်ကိုလှည့်စားနိုင်ရန် သူ့ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းကို အသုံးပြု၍ ဤလှုံ့ဆော်မှုအား ဖိနှိပ်ထားကာ သူ့ သွေးချီစွမ်းအင်ကို တည်ငြိမ်သော အဆင့်တွင်သာ ထိန်းထားခဲ့၏။
ကံကောင်းစွာဖြင့် လင်မြို့တော်မှာ နေရာငယ်လေး တစ်ခု ဖြစ်ပြီး စစ်ဆေးရေး နည်းလမ်းများမှာလည်း သိပ်မကောင်းပေ။ ဤစက်များမှာ ခေတ်ဟောင်းပုံစံများ ဖြစ်သောကြောင့် လှည့်စားရန် လွယ်ကူနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တခြား နေရာတစ်ခုခုတွင်သာ ဆိုလျှင် ချင်ဟန်အနေဖြင့် သူ့ခွန်အားကို ဆက်လက် ဖုံးကွယ်ထားနိုင်ရန် ဖြစ်နိုင်ချေ သိပ်မရှိတော့ချေ။
"လအနည်းငယ် အတွင်း ဒီလောက်အထိ တိုးတက်လာတာက နည်းနည်းတော့ မြန်ပေမဲ့ လက်ခံနိုင်စရာတော့ ရှိပါသေးတယ်လေ…" ချင်ဟန် စိတ်ထဲ တိတ်တဆိတ် တွေးလိုက်သည်။
"မင်းတော့ကွာ" ထိုစဉ် လျန်ကောက ပြေးလာပြီး ချင်ဟန်အား လက်သီးဖြင့် ထိုးလိုက်သည်။ ထို့နောက် ရယ်မောရင်း မေးလာ၏။
"မင်း တိတ်တိတ်လေး အပိုသင်တန်းတွေများ တက်နေတာလား… ဘယ်လိုလုပ် ဒီအဆင့်ကို လျှို့ဝှက်ပြီး ရောက်သွားတာလဲ"
ချင်ဟန်က လက်သီးချက်ကို ခံယူရင်း ပြုံးရယ်ကာ…
"ဘယ်ဟုတ်ရမလဲ… ငါ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားလို့ မင်းတို့ အားလုံးကို အံ့ဩသွားအောင် လုပ်ချင်တာနဲ့ပါ"
"ဒီလောက်ကို ဉာဏ်အလင်း ပွင့်တယ်လို့ ခေါ်နေသေးတယ်…" လျန်ကော၏ မျက်နှာထားမှာ မှုန်ကုပ်သွားပြီး ခနဲ့လာသည်။ "ဒီစကားကို ဘယ်အရူးက ယုံမှာလဲ"
ဤမျှ တိုတောင်းသော အချိန်အတွင်း ခန္ဓာကိုယ် သန့်စင်ခြင်း ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တက်လာခြင်းမှာ ဉာဏ်အလင်း ပွင့်သွားရုံမျှဖြင့် ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
အတိတ်က အတန်းထဲတွင် ခန္ဓာကိုယ် သန့်စင်ခြင်း ၅၀ ရာခိုင်နှုန်း ရရှိသူ တစ်ယောက်မျှ မရှိခဲ့ဖူးချေ။ ယခုမူ ရုတ်တရက်ကြီး နှစ်ယောက်တောင် ဖြစ်လာခဲ့လေပြီ။
ချင်ဟန် ပြုံးရုံသာ ပြုံးနေပြီး ဆက်မပြောတော့။
အဝေးမှနေ၍ ချင်ဟန် အခြားသူများနှင့် စကားပြောဆို ဆက်ဆံနေသည်ကို ကြည့်ရင်း လျူရီ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။
"ဒါကြောင့်ကိုး…" သူမ တိတ်တဆိတ် တွေးနေမိသည်။
"သူ့ရဲ့ သူငယ်ချင်းတွေကို မလန့်စေချင်လို့ ဒါမှမဟုတ် သူငယ်ချင်းတွေ မဆုံးရှုံးချင်လို့ သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာပဲ… အခု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲတွေ နီးလာပြီ ဆိုတော့ ဆက်ပြီး ဖုံးကွယ်ထားလည်း အဓိပ္ပာယ် မရှိတော့လို့ ဒီလောက်အထိ ထုတ်ပြလိုက်တာများလား"
ချင်ဟန် ပတ်ပတ်လည်ရှိ လူများကို ကြည့်ရင်း သူမဘေးတွင် မည်သူမျှ မရှိသည်ကို မြင်လိုက်ရချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။
ယခင်ကလည်း ဤကဲ့သို့သော အခြေအနေမျိုး သူမ ကြုံတွေ့ခဲ့ဖူးသည်။
လူအချို့မှာ ညတွင်းချင်း စွမ်းအားများ နိုးထလာပြီး ကြီးမားသော ခွန်အားများ ရခဲ့သော်လည်း အခြားသူများ၏ ဖယ်ကြဉ်ခြင်းကို ခံရကာ အထီးကျန်သူများ ဖြစ်သွားခဲ့ကြသည်။
သာမန် လူများအတွက်တော့ ဤသည်မှာ ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်သလို ကျွမ်းကျင်သူတိုင်း လျှောက်လှမ်းရမည့် လမ်းစဉ်တစ်ခုဟု ထင်ရပေမည်။
သို့သော် သံယောဇဉ် တွယ်တာတတ်သူများ အတွက်မူ ထိုသည်က ကောင်းမွန်သော အရာတစ်ခု မဟုတ်ပေ။
ချင်ဟန်မှာလည်း ထိုကဲ့သို့ လူမျိုး ဖြစ်ဖို့ များနေပြီး ထို့ကြောင့်သာ သူ မည်မျှ ထူးခြားကြောင်းကို ထုတ်ဖော် မပြသလိုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုအထိ တွေးမိသွားချိန်တွင် သူမ စိတ်ထဲ ချင်ဟန်အပေါ် ပို၍ အထင်ကြီး လေးစားသွားမိတော့သည်။
အကယ်၍သာ ချင်ဟန် တစ်ယောက် သူမ တွေးနေသည်များအား သိလိုက်ပါက မည်သို့ တုံ့ပြန်မည်ကို မည်သူမှ မသိနိုင်ချေ။
အမေးအမြန်း ထူလွန်းသော မေးခွန်းများကို ရှောင်ရှားပြီးနောက် မိန်းကလေး အတန်းဖော် အချို့၏ ကျူရှင်ပြပေးရန် တောင်းဆိုမှုများအား အပြုံးဖြင့် ငြင်းပယ်ကာ ချင်ဟန်က လျန်ကောနှင့်အတူ ထွက်ခွာလာခဲ့သည်။
အိမ်ပြန်ရာ လမ်းတစ်လျှောက် လျန်ကောနှင့် အတူ လျှောက်လာရင်း ချင်ဟန် ရုတ်တရက် ခြေလှမ်း ရပ်တန့်လိုက်၏။
ရှေ့မလှမ်းမကမ်းတွင် မိန်းကလေး တစ်ယောက် တိတ်ဆိတ်စွာဖြင့် တစ်ကိုယ်တည်း ရပ်နေသည်။
"အတန်းဖော် လျူ" ထိုမိန်းကလေးကို ကြည့်ရင်း ချင်ဟန် ခဏတာ တွေဝေသွားပြီးနောက် ပြုံး၍ နှုတ်ဆက်လိုက်သည်။ "တိုက်ဆိုင်လိုက်တာ"
"အတန်းဖော် ချင်…" လျူရီ ခဏတာ တိတ်ဆိတ်နေပြီးမှ စကားစလာ၏။
ဤသည်မှာ ချင်ဟန် အနေဖြင့် သူမ စကားပြောသံကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး အသံမှာ အနည်းငယ် အက်ရှရှဖြင့် တစ်မူထူးခြားနေသည်။
သူမက တိုးညှင်းစွာ ပြောလာသည်။
"ငါ့မှာ… နင့်ကို ပြောစရာ တစ်ခု ရှိလို့ပါ…" ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမက ဆက်ပြောသည်။
"အတန်းဖော်ချင် အချိန်ရမလားတော့ မသိဘူး…"
ချင်ဟန် အနည်းငယ် အံ့အားသင့်သွားပြီး ခဏတာ တွေဝေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် လျန်ကော၏ မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်ခြင်းကို ခံနေရစဉ်မှာပင် သူက လျူရီနှင့်အတူ ထွက်ခွာလာခဲ့တော့သည်။
သူတို့နှစ်ယောက် လူသူကင်းမဲ့သော လမ်းကြားငယ်လေး တစ်ခုဆီ ရောက်လာကြသည်။
လမ်းတစ်လျှောက်လုံး နှစ်ယောက်စလုံးထံမှ မည်သည့် စကားသံမှ ထွက်ပေါ်မလာခဲ့ပေ။
လျူရီ တစ်ယောက် ထိုညက အဖြစ်အပျက်များနှင့် ပတ်သက်၍ ချင်ဟန်အား မည်သို့ စကားစရမည်ကို စဉ်းစားနေစဉ် ချင်ဟန်ကမူ လျူရီ သူ့အား လူသူကင်းမဲ့သော နေရာသို့ အဘယ်ကြောင့် ခေါ်ဆောင်လာသနည်း ဟူသည့် အချက်အပေါ် တွေးတောနေမိသည်။
သူ့ကို တိုက်ခိုက်ဖို့များလား။ ဖြစ်နိုင်ချေ သိပ်မရှိလှ။
သူတို့ကြားတွင် မည်သည့် ရန်ငြိုးရန်စမှ မရှိသလို ထိုညက တွေ့ဆုံချိန်တွင်လည်း သူ့ စွမ်းအားကိုသာ ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ သူ့ကို တိုက်ခိုက်ရန် အကြောင်းပြချက် မရှိနိုင်ချေ။
ဒါဆို တခြား ဘာအကြောင်း ရှိနိုင်ဦးမည်နည်း။
လမ်းလျှောက်လာရင်း ချင်ဟန်၏ အမူအရာမှာ တည်ငြိမ်နေသော်ငြား စိတ်ထဲတွင်တော့ အတွေးပေါင်းများစွာ လှည့်ပတ် ပြေးလွှားနေလေပြီ။
သို့သော် လျူရီ ပေးလာသည့် အဖြေက သူ့အား အတော်လေး အံ့အားသင့်သွားစေခဲ့၏။
***