"ဒီလိုကိုး"
လမ်းလျှောက်ရင်း လျူရီ ပြောသည်များကို နားထောင်ကာ ချင်ဟန် အတော်လေး အံ့အားသင့်သွားသည်။
လျူရီက သူ့ကို လာရှာခြင်းမှာ ပြောစရာ တစ်ခုခု ရှိနေ၍ဟုသာ သူ ထင်မှတ်ထားခဲ့ခြင်းပင်။
ဤသို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ ထိုအကြောင်းကြောင့် သူ ဆွံ့အသွားရပြီး တချိန်လုံး စဉ်းစားနေခဲ့ရသော သူ့ ဦးနှောက်စွမ်းအင်များ အလဟဿ ဖြစ်သွားသလို ခံစားလိုက်ရသည်။
ဤကမ္ဘာတွင် သိုင်းပညာများ ရှိနေသော်ငြား အစိုးရက ထိန်းချုပ်ထားသော စည်းကမ်းတကျရှိသည့် သာမန်ကမ္ဘာတစ်ခုသာ ဖြစ်သည်။ သရုပ်ဖော်ကမ္ဘာထဲက ကိစ္စရပ်မျိုး ဤနေရာတွင် ဖြစ်လာရန် အလားအလာ သိပ်မရှိလှပေ။
သို့သော် သေချာ ပြန်စဉ်းစားကြည့်လျှင် ထိုသည်က ကောင်းမွန်သော ကိစ္စတစ်ခုပင်။
ချင်ဟန်၏ မျက်နှာထားမှာ နွေးထွေးသွားပြီး စကားဆိုလာ၏။
"ငါက အသေးအဖွဲလေး ကူညီပေးခဲ့တာပါ… ပြောပြနေစရာတောင် မလိုပါဘူး… ဘယ်သူပဲဖြစ်ဖြစ် သူတို့ဆီမှာသာ ခွန်အားရှိမယ်ဆိုရင် ဝင်ကူညီကြမှာချည်းပါပဲ"
အန္တရာယ် ကြုံတွေ့ခဲ့ရသူမှာ သူ့ အစ်မအရင်း ဖြစ်ကြောင်းကိုတော့ ထည့်မပြောရန် သူ ဆုံးဖြတ်လိုက်သည်။
လျူရီ၏ မျက်နှာပေါ်တွင် လေးစားမှု အရိပ်အယောင်များ ပေါ်လာပြီး တုံ့ပြန်လာသည်။
"အတန်းဖော်ချင်က တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ… ဒီလိုမှတော့ မိစ္ဆာနှိမ်နင်းရေး ဗျူရိုကို အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ရှင်းပြပေးရမလဲ"
ချင်ဟန် ခဏတာ တွေဝေသွားပြီး မည်သို့ ဖြေရမည်ကို မသိဖြစ်သွား၏။
ပြောစရာပင် မလိုဘဲ အကယ်၍ သူသာ ဤကိစ္စကို ဝန်ခံလိုက်ပါက အကျိုးအမြတ်များစွာ ရရှိနိုင်ပြီး အစိုးရလူများ၏ အထူး ပျိုးထောင်ခြင်းကိုပင် ခံရနိုင်ချေ ရှိသည်။ သို့သော် နောင်တစ်ချိန်တွင် အနီးကပ် စောင့်ကြည့်ခံရနိုင်ပြီး သူ့ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပြဿနာတချို့ ရှိလာနိုင်သည်။
ထို့အပြင် အစိုးရက သူ့အား အချိန်မှန် စစ်ဆေးမှုများ သေချာပေါက် ပြုလုပ်လာမည် ဖြစ်ပြီး ထိုစစ်ဆေးမှုများမှာလည်း အသေးစိတ်ကျလှပေမည်။ ချင်ဟန်မှာ သရုပ်ဖော်ကမ္ဘာမှတဆင့် အလွန် လျင်မြန်စွာ ခွန်အားကြီးမားလာနိုင်သူ ဖြစ်ရာ အချိန်တန်လျှင် ပြဿနာတချို့ သေချာပေါက် ရှိလာနိုင်၏။
ဒါ့အပြင်…
သူ လျူရီကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
"မလိုပါဘူး… ငါက လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာမို့လို့ အပိုဆုလာဘ်တွေ မလိုအပ်ပါဘူး… ဒီဂုဏ်ကျက်သရေကို တခြားတစ်ယောက်ယောက် ယူလိုက်လို့ ရပါတယ်"
ထိုစကား ကြားလျှင် လျူရီက ဘာမှဆက်မပြောတော့ဘဲ ချင်ဟန်အား ပို၍ပင် လေးစားသလို ကြည့်လာတော့သည်။
မိစ္ဆာနှိမ်နင်းရေး ဗျူရိုမှ ဆုလာဘ်များမှာ အထင်သေး၍ရသည့် အရာများ မဟုတ်ချေ။ မိစ္ဆာနှိမ်နင်းရေး ဗျူရိုက သူ့ကိုသာ မျက်စိကျသွားပါက ကြီးကျယ်သော အကျိုးအမြတ်များ ရရှိနိုင်သည်။
ဤအရာအားလုံးကို ဂရုမစိုက်သည့်အလား ချင်ဟန် တစ်ယောက် ပြတ်ပြတ်သားသား ငြင်းပယ်လိုက်နိုင်ခြင်းမှာ တကယ်ကို လေးစားထိုက်သည်။
သို့တိုင် သူမက အိတ်ထဲမှ ကတ်တစ်ကတ်ကို တွေဝေခြင်းမရှိ ထုတ်ယူလိုက်ပြီး ကမ်းပေးလာ၏။
"တချို့အရာတွေကို နင် လက်မခံဘဲ ငြင်းဆန်ပိုင်ခွင့် ရှိပေမဲ့ တချို့အရာတွေကိုတော့ လက်ခံပေးဖို့ မျှော်လင့်ပါတယ်" သူမက ချင်ဟန်၏ လက်ထဲသို့ ကတ်ကို ထည့်ပေးရင်း လေးနက်စွာ ဆက်ပြောလိုက်သည်။
"ဒါက မိစ္ဆာကို သတ်ဖြတ်ခဲ့သူအတွက် မိစ္ဆာနှိမ်နင်းရေး ဗျူရိုက ပေးတဲ့ ဆုငွေပဲ… ဒေါ်လာ ငါးသောင်းပါ… နင် လက်ခံပေးဖို့ မျှော်လင့်တယ်… သိပ်မများဘူး ဆိုပေမဲ့ နင်နဲ့ ထိုက်တန်တဲ့ အရာပါ… ကျေးဇူးပြုပြီး မငြင်းပါနဲ့"
ဒေါ်လာ ငါးသောင်းက… သိပ်မများဘူး ဟုတ်လား။
ချင်ဟန် မှင်တက်သွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
သူ့ အတိတ် အတွေ့အကြုံများအရ လျူရီမှာ သာမန် မဟုတ်မှန်း ခန့်မှန်းနိုင်သော်လည်း ဤမျှအထိ လက်ဖွာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဤကမ္ဘာနှင့် သူ့ ယခင်ကမ္ဘာရှိ ငွေကြေးတန်ဖိုးမှာ အတူတူလောက် ဖြစ်ပြီး ချင်ဟန်တို့ မိသားစု၏ ဘဏ္ဍာရေး အခြေအနေမှာလည်း သိပ်မကောင်းလှပေ။ သူ့မိသားစု တစ်ခုလုံး၏ စုဆောင်းငွေ ပမာဏကပင် ဤမျှလောက်သာ ရှိပေလိမ့်မည်။
သို့သော် လျူရီအတွက်တော့ ဤသည်မှာ သေးငယ်သော ပမာဏတစ်ခုသာ ဖြစ်နေ၏။
သူ တိတ်တဆိတ် သက်ပြင်းချမိသော်လည်း သေချာ ပြန်စဉ်းစားကြည့်ချိန်တွင် ဤသည်မှာ အတော်လေး ပုံမှန်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ထိုနေ့က ပေါ်လာသော မိစ္ဆာမှာ ယခုမှ အသွင်ပြောင်းထားခြင်း ဖြစ်သော်ငြား ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြီးမြောက်ထားသော အလွန် အစွမ်းထက်သည့် သိုင်းပညာရှင် တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိသည်။ အကယ်၍ ထိုကဲ့သို့ သက်ရှိမျိုးသာ လူစည်ကားသော နေရာသို့ ဝင်ရောက်ပြီး သောင်းကျန်းခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့် ပျက်စီးဆုံးရှုံးမှုနှင့် အန္တရာယ်များမှာ အလွန် ကြီးမားပေလိမ့်မည်။
၎င်းက မည်သည့် ပျက်စီးမှုမျှ မလုပ်ဆောင်နိုင်ခင် ချင်ဟန်က ရှင်းလင်းပေးခဲ့ခြင်း ဖြစ်ရာ ဒေါ်လာ ငါးသောင်းဆိုသည်မှာ တကယ်ကို မများလွန်းပေ။
သူ့စိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားပြီး ခဏတာ တိတ်ဆိတ်နေပြီးနောက် လျူရီ၏ လေးစားမှု အပြည့်ပါသော မျက်နှာထားကို ကြည့်ကာ ကတ်ကို လက်ခံလိုက်သည်။
သူက ပြုံးရင်း စကားစလိုက်၏။
"ငါ ဒီပိုက်ဆံကို လက်ခံရတာ သိပ်အဓိပ္ပာယ် မရှိလှဘူး… ဒီငွေနဲ့ လဲလှယ်လို့ရမယ့် တခြား တစ်ခုခုများ ရှိမလား"
"နင် ဘာလိုချင်လို့လဲ" လျူရီ အတော်လေး သိချင်သွားသည်။
"ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ပြီးရင် ကျင့်ကြံရမယ့် သိုင်းကျမ်းတွေ" ချင်ဟန်က သေချာ စဉ်းစားပြီးနောက် လေးနက်စွာ တုံ့ပြန်လိုက်သည်။
"နင့်မှာ ခန္ဓာကိုယ် သန့်စင်ပြီးရင် ကျင့်ရမယ့် သိုင်းကျမ်းတွေ မရှိဘူးလား" လျူရီ အံ့အားသင့်သွားပြီး မေးလာ၏။ "နင့်ဆရာက နင့်ကို မသင်ပေးဘူးလား"
"ငါ့မှာ ဆရာ မရှိဘူး" ချင်ဟန် ခေါင်းခါယမ်းလိုက်ပြီး သူ့ မျက်နှာပေါ်တွင် အထီးကျန်ဆန်ကာ ဝမ်းနည်းနေသည့် အရိပ်အယောင်များ ပေါ်လာသည်။
ချင်ဟန်ကို ကြည့်ရင်း လျူရီ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမနေဘဲ မနေနိုင်တော့ချေ။ အရင်းအမြစ်များ မရှိ၊ ဆရာ မရှိသော ဆင်းရဲသည့် မိသားစုမှ ရှားပါး ပါရမီရှင် တစ်ယောက်၏ ပုံရိပ်က သူမ စိတ်ထဲ ပေါ်လာတော့သည်။
သူမ သက်ပြင်းချမိပြီး သနားကြင်နာသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"ငါ့ဆီမှာလည်း ခန္ဓာကိုယ် သန့်စင်ပြီးရင် ကျင့်ရမယ့် သိုင်းကျမ်းတွေ မရှိဘူး…"
ထိုစကား ကြားလျှင် ချင်ဟန် အနည်းငယ် စိတ်ပျက်သွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲပင်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လျူရီက ဆက်ပြောလာ၏။
"ဒါပေမဲ့ အဲ့ဒါတွေက ရဖို့ သိပ်မခက်ပါဘူး… နင် လိုချင်ရင် ငါ ရှာပေးမယ်လေ"
ထိုအခါ ချင်ဟန် တစ်ယောက် ဘာပြောရမှန်းပင် မသိဖြစ်သွားတော့သည်။
ရဖို့ မခက်ဘူး ဟုတ်လား။ သူမက ဒီတိုင်းကြီး ရှာပေးမယ်တဲ့လား။
သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး လျူရီ အပေါ်ထားရှိသော သူ့ အကဲဖြတ်မှုမှာ ပိုမြင့်တက်လာခဲ့လေပြီ။ ကြည့်ရသည်မှာ လျူရီက သာမန်လူ မဟုတ်သလို သူမ၏ မိသားစုမှာလည်း အတော်လေး ထူးခြားလှပေမည်။ သာမန်လူများ ရရှိရန် ခက်ခဲသော အရာများကို သူမက အလွယ်တကူ ရယူနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။ သူမက ရွှေဥ ဥသော ငန်းတစ်ကောင်ပင်။
ထိုအထိ တွေးမိသွားချိန်တွင် သူ့ မျက်နှာပေါ်၌ ကျေးဇူးတင်စိတ်နှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူ့အမူအရာကို မြင်လျှင် လျူရီ စိတ်ထဲ အနည်းငယ် နာကျင်သွားရပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ခဏအကြာတွင် လျူရီနှင့် ချင်ဟန်တို့ နှစ်ယောက် လမ်းခွဲခဲ့ကြသည်။ လမ်းကြားထဲမှ ထွက်လာသော ချင်ဟန်၏ ကိုယ်နေဟန်ထားမှာ မားမားမတ်မတ် ရှိနေလေပြီ။
သူ့ အရပ်မှာ မြင့်မားဖြောင့်စင်းသည်။ အတော်လေး ချောမောသော ရုပ်ရည်နှင့် အသားဖြူဖြူလည်း ရှိ၏။ လမ်းကြားထဲမှ သူ ထွက်လာချိန်တွင် သိုင်းပညာ လေ့ကျင့်ထားမှုကြောင့် ဖြစ်ပေါ်လာသော သူ့ထံမှ တစ်မူထူးခြားသည့် ဟန်ပန်အမူအရာများ ပေါင်းစပ်သွားရာ လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့တော့သည်။
သူ့ မျက်နှာထားက တည်ငြိမ်နေသော်ငြား ရင်ထဲတွင်မူ အတော်လေး ပျော်ရွှင်နေမိ၏။
သေချာပေါက် ပျော်ရွှင်ရမည်သာ။ ဤနေရာသို့ မလာခင်က သူ့ထံတွင် ဘာတစ်ခုမှ ရှိမနေခဲ့ပေ။
လျူရီနှင့် တွေ့ဆုံပြီးနောက်တွင်တော့ ဒေါ်လာ ငါးသောင်း ရခဲ့ရုံသာမက သိုင်းကျမ်းများ ရှာဖွေပေးမည် ဟူသော လျူရီ၏ ကတိကိုပါ ရရှိခဲ့သည် မဟုတ်ပါလား။
လျူရီက ရက်အနည်းငယ် အတွင်း သူ့အတွက် တစ်အုပ် ရှာပေးမည်ဟု ပြောခဲ့သည်။
အလဲအလှယ် အနေဖြင့် ပေးရန် ကြိုးစားခဲ့သော ကတ်ကိုတော့ သူမက လက်မခံခဲ့ချေ။ ထိုအစား အကယ်၍ အခက်အခဲ တစ်ခုခု ကြုံလာပါက သူမထံ လာရှာနိုင်ကြောင်းပင် ပြောခဲ့သေး၏။
သိသာထင်ရှားစွာပင် ချင်ဟန်နှင့် စကားပြောဆိုနေစဉ် အတွင်း သူမဘာသာ ကွက်လပ်ပေါင်းများစွာကို ဖြည့်စွက် တွေးတောခဲ့ပုံရသည်။ သူမ ထွက်ခွာသွားချိန်၌ပင် ချင်ဟန်အား ဆင်းရဲနွမ်းပါးသည့် မိဘမဲ့ ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ အလွန်တရာ သနားကြင်နာသော မျက်လုံးများဖြင့် ကြည့်သွားခဲ့သေးသည်။
ချင်ဟန်ကလည်း ဤအထင်လွဲမှုကို ဝင်ရောက် ပြင်ဆင်မပေးခဲ့ပေ။
မည်သို့ပင်ဆိုစေ တိတိကျကျ ပြောရလျှင် သူ့မိသားစုမှာ သိပ်ပြည့်စုံသူများ မဟုတ်ချေ။ အတန်းထဲရှိ လူအများစုနှင့် ယှဉ်လျှင်ပင် အနည်းငယ် ဆင်းရဲသည့်ဘက် ပါနေသေး၏။
လျူရီ သူမဘာသာ ဖြည့်စွက်တွေးတောခဲ့သည်များမှာလည်း လမ်းကြောင်း အများကြီး လွဲချော်နေသည်ဟု မဆိုသာပေ။
***