လမ်းကြားထဲမှ ထွက်လာချိန်တွင် လျန်ကော တစ်ယောက် ထိုနေရာ၌ သူ့အား စောင့်ဆိုင်းနေဆဲပင်။
အပြင်သို့ ထွက်လာသော ချင်ဟန်ကို ကြည့်ရင်း လျန်ကော မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော်ငြား အားကျ မနာလိုဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
"မင်းတို့နှစ်ယောက်… တွဲနေကြတာလား"
သူက ချင်ဟန်အား အားကျမှု၊ မနာလိုမှုတို့ဖြင့် စိုက်ကြည့်နေမိပြီး ရင်ထဲ၌ ချဉ်စူးစူး ခံစားချက်မျိုး ဖြစ်ပေါ်လာတော့သည်။
"မဟုတ်ပါဘူး… အသေးအဖွဲ ကိစ္စလေးတစ်ခုပါ… မင်း တွေးနေသလိုမျိုး မဟုတ်ရပါဘူးကွာ" ချင်ဟန်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး ပြုံးရယ်ကာ တုံ့ပြန်လိုက်သည်။
လျန်ကောလည်း ဘာမှထပ်မပြောတော့ဘဲ ချင်ဟန်အား သံသယ မျက်လုံးများဖြင့်သာ ဆက်လက် စိုက်ကြည့်နေ၏။
ချင်ဟန်လည်း ဒီအတိုင်းသာ လွှတ်ထားလိုက်ရတော့သည်။
မကြာမီမှာပင် သူ အိမ်ပြန်ရောက်လာခဲ့ပြီး နေ့လယ်စာမှာလည်း အဆင်သင့် ဖြစ်နေလေပြီ။
အေးအေးဆေးဆေး နေ့လယ်စာ စားသောက်ပြီးနောက် ဧည့်ခန်းထဲတွင် ခဏတာ ထိုင်နေလိုက်သည်။ ပန်းကန်ခွက်ယောက်များ အားလုံး သိမ်းဆည်းပြီးသည့်တိုင် ချင်ကျင်း တစ်ယောက် ပြန်မရောက်လာသေးချေ။
"ကောင်လေး တစ်ယောက်ယောက်နဲ့ လျှောက်သွားနေပြန်ပြီ ထင်ပါရဲ့" ဝမ်လီက မကျေမနပ် မျက်နှာထားဖြင့် ညည်းညူလိုက်သည်။
ချင်ဟန်လည်း ခေါင်းခါယမ်းလိုက်ပြီး သူ့ အခန်းဆီသို့ ပြန်လာခဲ့၏။
အခန်းထဲ ရောက်သည်နှင့် အချိန်ဖြုန်းမနေတော့ဘဲ စာအုပ်တစ်အုပ်ကို ကောက်ယူကာ စတင် ဖတ်ရှုတော့သည်။
တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် လအနည်းငယ်သာ လိုတော့၏။ ယခုအခါ သူ့ စာပေ ဘာသာရပ်များမှာ ခန္ဓာကိုယ် သန့်စင်ခြင်း ရလဒ်များလောက် မကောင်းဘဲ နောက်ကျကျန်ရစ်နေမည့် အလားအလာ ပိုများနေသည်။
သာမန် လူများအတွက်မူ ခန္ဓာကိုယ် သန့်စင်ခြင်း၌ ရလဒ်ကောင်း ရရှိရန်မှာ စာပေ ဘာသာရပ်များထက် များစွာ ပိုခက်ခဲလှပေမည်။
သို့သော် ချင်ဟန် အတွက်တော့ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်နေခဲ့၏။
ယခု သူက သရုပ်ဖော်ကမ္ဘာမှတဆင့် ကျင့်ကြံခြင်း စွမ်းအားများ ရရှိထားပြီး ဖြစ်ရာ ရုပ်ပိုင်းဆိုင်ရာ အတွက် မည်သည့် ပြဿနာမှ ရှိမနေတော့ချေ။
ထိုအစား စာပေ ဘာသာရပ်များတွင်သာ အခက်အခဲ တချို့ ရှိနေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူ့ ယခင်ဘဝက အထက်တန်းကျောင်း တက်ခဲ့သည်မှာ အချိန်အတော် ကြာမြင့်နေပြီ ဖြစ်ရာ မရင်းနှီးတော့သည့် အရာများစွာ ရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့် ဤရက်ပိုင်းများအတွင်း အချိန်ရတိုင်း သူက ကျောင်းစာများကိုသာ ကြိုးကြိုးစားစား ဖတ်ရှု လေ့လာနေခဲ့သည်။
ထိုအချက်ကြောင့်ပင် လျန်ကော တစ်ယောက် ချင်ဟန်အား ခန္ဓာကိုယ် သန့်စင်ခြင်း လေ့ကျင့်မှု၌ ပျင်းရိနေသည်ဟု ထင်မှတ်သွားခဲ့ခြင်းပင်။ လေ့ကျင့်ရန် သူ့တွင် အချိန်မှ မရှိခဲ့မှန်း မည်သူမှမသိပေ။
ညဘက်များတွင် ဓားသိုင်း လေ့ကျင့်နေသည်ကိုတော့ သိသူ အလွန် နည်းပါးလှ၏။
ပြောင်းလဲသွားသည့် တစ်ခုတည်းသော အရာမှာ သူပိုင်ဆိုင်ထားသော အမှတ် အရေအတွက်များသာ ဖြစ်သည်။
ယခင်က ချင်ဟန် အနေဖြင့် သရုပ်ဖော်ကမ္ဘာထဲသို့ မကြာမီ ထပ်မံ ဝင်ရောက်ရန် စီစဉ်ထားခဲ့သော်လည်း ယနေ့ ရရှိခဲ့သော အရာများကြောင့် အချိန် အနည်းငယ် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
ရက်အနည်းငယ် စောဝင်သည်ဖြစ်စေ၊ နောက်ကျမှ ဝင်သည်ဖြစ်စေ သိပ်ပြီး ကွာခြားသွားမည် မဟုတ်ပေ။
သူ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်အရ နောက်ထပ် သရုပ်ဖော်ကမ္ဘာသို့ အလျင်စလို ဝင်ရောက်ရန် မလိုအပ်ချေ။
လျူရီ ထံမှ သိုင်းကျမ်း ရရှိပြီးမှသာ ဝင်ရောက်လျှင်လည်း နောက်ကျမည် မဟုတ်။
ထို့ကြောင့် ချင်ဟန် နောက်ထပ် ရက်အနည်းငယ်ခန့် ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။
နေ့ဘက်များတွင် ပုံမှန်အတိုင်း ကျောင်းတက်ကာ သာမန် အထက်တန်း ကျောင်းသား တစ်ယောက်အလား ပြုမူနေထိုင်ပြီး ညဘက်များ၌မူ သူ့ ဓားသိုင်းကိုသာ လေ့ကျင့်နေခဲ့၏။
သေချာပေါက် ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် သူ ပိုသတိထားလာခဲ့ပြီး အလွန် လူပြတ်သော နေရာများသို့ မသွားတော့ဘဲ ပိုလုံခြုံသော နေရာအချို့ကိုသာ ရှာဖွေ လေ့ကျင့်တော့သည်။
ဤသို့ဖြင့် အချိန်များ ကုန်လွန်သွားခဲ့လေပြီ။
နောက်ထပ် ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွား၏။
"ဒါက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ပြီးရင် ဆက်ကျင့်ရမယ့် သိုင်းကျမ်းပဲ…"
လူသူကင်းမဲ့သော လမ်းကြားလေး တစ်ခုထဲတွင် လျူရီ ခဏတာ တိတ်ဆိတ်နေပြီးနောက် ချင်ဟန်ထံသို့ တစ်စုံတစ်ခု ကမ်းပေးလာသည်။
"ဒီလောက် မြန်မြန် ရလာတာလား" ချင်ဟန် အတော်လေး အံ့အားသင့်သွား၏။
သူ ထုပ်ပိုးထားသည့် အထုပ်ကို ဖွင့်ကာ အတွင်းရှိ ပစ္စည်းကို ကြည့်ရှုလိုက်သည်။
အထုပ်ထဲတွင်တော့ အဝါရောင် မျက်နှာဖုံးစွပ်ထားသည့် စာအုပ်ထူထူ တစ်အုပ် ရှိနေသည်။
"ကျောက်တုံးမာ သိုင်းကျမ်း"
ချင်ဟန်က မျက်နှာဖုံးပေါ်ရှိ စာလုံးများကို တိုးညှင်းစွာ ရွတ်ဖတ်လိုက်၏။
"ဒါက အစိုးရ ထုတ်ပြန်ထားတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် မဟုတ်ဘဲ ကျောက်တုံးမာ သိုင်းကျောင်းတော်က ဟာလေ… ဒါပေမဲ့ ဒီကျောက်တုံးမာ သိုင်းကျောင်းတော်ရဲ့ ကျင့်စဉ်က အစိုးရရဲ့ ကျင့်စဉ်ထက် အများကြီး ပိုကောင်းတယ်" လျူရီက ရှင်းပြလာသည်။
"ဘာပဲဖြစ်ဖြစ် အစိုးရရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က အကျိုးသက်ရောက်မှု ရှိတယ် ဆိုပေမဲ့ အခြေခံ အဆင့်လောက်ပဲ ရှိတာမို့လို့ သိုင်းကျောင်းတော်တွေရဲ့ အစစ်အမှန် အမွေအနှစ်တွေနဲ့တော့ ဘယ်လိုမှ မယှဉ်သာဘူး"
"အစစ်အမှန် အမွေအနှစ်တွေ…" ချင်ဟန် စိတ်ထဲ တိတ်တဆိတ် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
လျူရီ တစ်ယောက် သာမန် လူများထက် များစွာ သြဇာအာဏာ ကြီးမားမှန်း သူ သိထားသော်ငြား ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
သိုင်းကျောင်းတော်များ၏ အစစ်အမှန် အမွေအနှစ်များ ဆိုသည်မှာ ပြင်ပလူများထံသို့ လုံးဝ ပေါက်ကြားခွင့် မပေးသည့် အရာများ ဖြစ်သည်။ ၎င်းတို့မှာ အနှစ်သာရများထဲမှ အနှစ်သာရများ ဖြစ်ပြီး ရွေးချယ်ခံ အထူးတပည့်များသာ သင်ယူခွင့် ရရှိကြသည့် အရာများပင်။
ငွေပေးပြီး ဝယ်ယူ၍မရနိုင်သော အရာများဟု ဆိုလျှင်လည်း မမှားပေ။
လျူရီ အနေဖြင့် ဤကဲ့သို့သော အရာမျိုးကို ရယူနိုင်စွမ်း ရှိနေခြင်းက ချင်ဟန်၏ မျှော်လင့်ချက်များကို များစွာ ကျော်လွန်သွားခဲ့လေပြီ။
မူလက သူက အစိုးရထံမှ သာမန် ကျင့်စဉ်တစ်ခု ရရှိရန်သာ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
သိုင်းကျောင်းတော် အသီးသီးမှ အစစ်အမှန် အမွေအနှစ်များနှင့် ပတ်သက်၍မူ သူ အိပ်မက်ပင် မမက်ရဲခဲ့ချေ။
"ကျေးဇူးတင်ပါတယ်…"
သူ့စိတ်ထဲ အတွေးပေါင်းများစွာ လှည့်ပတ်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ စာအုပ်ကို ကိုင်ထားသော လက်များမှာ အနည်းငယ် တုန်ယင်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အသွင်ပင်။
ချင်ဟန်၏ ပုံစံကို ကြည့်ရင်း လျူရီက ခေါင်းညိတ်ကာ စကားဆိုလာသည်။
"နှမြောစရာပဲ… မူလက သူတို့ သိုင်းကျောင်းတော်က တစ်ယောက်ယောက်ကို နင့်အတွက် ခဏလောက် သင်ပေးဖို့နဲ့ နင် သူတို့ဆီ ဝင်လို့ရမလား ဆိုတာ ကြည့်ပေးဖို့ ငါကြိုးစားခဲ့သေးတယ်… ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး…"
သူမ မျက်နှာပေါ်တွင် တောင်းပန်လိုသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး ချင်ဟန်အား ကူညီရာတွင် ကျရှုံးသွားခဲ့သကဲ့သို့ ဖြစ်နေ၏။
ချင်ဟန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
သိုင်းကျောင်းတော် တစ်ခု၏ အစစ်အမှန် အမွေအနှစ်ကို ပြင်ပလူ တစ်ယောက်အား ပေးအပ်လိုက်ခြင်းကို ခဏ ဖယ်ထားဦး။ သူမက သူတို့ကိုပါ သင်ကြားပေးစေချင်နေသေးသည်တဲ့လား။
သူတို့ဘက်က သဘောတူမည် ဆိုပါက ထိုသည်မှာ လုံးဝ မယုံကြည်နိုင်စရာပင်။
သူ့ စိတ်ထဲ အတွေးမျိုးစုံ ဖြတ်ပြေးသွားသော်ငြား အပြင်ပန်းတွင်မူ ပြုံးရယ်ကာ ကျေးဇူးတင်စွာဖြင့် ပြန်ပြောလိုက်သည်။
"ရပါတယ်… ငါ့အတွက် ဒီလောက်အထိ လုပ်ပေးတာကိုပဲ အရမ်း ကျေးဇူးတင်နေပါပြီ… နင့်ကို ဘယ်လိုလုပ် ဆက်ပြီး ဒုက္ခပေးရက်ပါ့မလဲ… ကျေးဇူးတင်စကားတွေ အများကြီး မပြောတော့ဘူး… တကယ်လို့ နင့်ဘက်က ငါ့အကူအညီ တစ်ခုခု လိုအပ်လာရင် အချိန်မရွေး ပြောလှည့်ပါ"
"ဒီလောက်အထိ ဖြစ်နေစရာ မလိုပါဘူးဟာ" လျူရီ တစ်ယောက် အနည်းငယ် ပျာယာခတ်သွားပြီး မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ သူမက လက်ယမ်းပြရင်း စကားဆိုလာ၏။
"အသေးအဖွဲ ကိစ္စလေးပါ… နင့်ကို ကူညီခွင့်ရလို့ ငါကပဲ ဝမ်းသာရမှာပါ"
"ဒါနဲ့… နင့်ဘာသာနင် အစမ်းသပ်ခံ လေ့လာနေစရာ မလိုအောင် ငါပဲ ဆရာတစ်ယောက်လောက် ရှာပေးရမလား…" လျူရီက အနည်းငယ် စိုးရိမ်မကင်းသည့် လေသံဖြင့် မေးလိုက်သည်။
ခန္ဓာကိုယ် သန့်စင်ခြင်း ဆိုသည်မှာ မိမိ စိတ်တိုင်းကျ ဖြစ်သလို လေ့ကျင့်၍ ရသည့် အရာမျိုး မဟုတ်ပေ။
ဤသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက် သက်ဆိုင်နေပြီး အတွေ့အကြုံရှိသော ဆရာတစ်ယောက်၏ လမ်းညွှန်မှု မပါရှိပါက အမှားအယွင်း တစ်ခုခု ဖြစ်ပေါ်လာချိန်တွင် ခန္ဓာကိုယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။
အထူးသဖြင့် ဤကဲ့သို့သော အစစ်အမှန် အမွေအနှစ် သိုင်းကျမ်းများဆိုလျှင် ပို၍ပင် ဆိုးရွားသေး၏။ ထိုကျမ်းများတွင် လျှို့ဝှက်ချက်များစွာ ပါဝင်နေပြီး အချို့မှာ အလွန် အန္တရာယ် များလှသည်။ တစ်ခါတစ်ရံ အတွေ့အကြုံ မရှိသူများ အနေဖြင့် ထိုအမှားများကို ရှာဖွေတွေ့ရှိနိုင်မည်ပင် မဟုတ်ချေ။
ထို့ကြောင့် သူမ အနေဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ချင်ဟန်ထံ ပေးအပ်ခဲ့သော်ငြား ချင်ဟန်မှာ ထိုအရာကို အသုံးပြုနိုင်မည့် နည်းလမ်း ရှိမနေခဲ့ပေ။
ထိုသို့မဟုတ်ဘဲ သူ့ဘာသာ မဆင်မခြင် လေ့ကျင့်ရန် ကြိုးစားမည် ဆိုပါက အနှေးနှင့်အမြန် သူ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မိသလို ဖြစ်သွားပေလိမ့်မည်။
ထိုအထိ တွေးမိသွားချိန်တွင် လျူရီ တစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရပြီး ချင်ဟန်၏ တောင်းဆိုမှုကို ပြီးပြည့်စုံအောင် မလုပ်ဆောင်ပေးနိုင်ခဲ့ဟု ထင်မှတ်နေမိတော့သည်။
သို့တိုင် ချင်ဟန်ကမူ ကျေးဇူးတင်နေဆဲပင်။
သူ့ မျက်နှာထက် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေပြီး အသက်ကို ကယ်တင်ပေးခဲ့သည့်အလား ကြည့်နေသောကြောင့် လျူရီမှာ ပို၍ပင် စိတ်မကောင်း ဖြစ်လာရတော့၏။
အတန်ကြာပြီးနောက် သူတို့နှစ်ယောက်လုံး ထွက်ခွာလာခဲ့ကြသည်။
သူတို့ ထွက်သွားပြီးနောက် ထိုနေရာ၌ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုသူမှာ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ရှိသော လူငယ်တစ်ယောက် ဖြစ်ပြီး အလွန် သန်မာမည့်ပုံပင်။
သူက လမ်းထောင့် တစ်နေရာ၌ ရပ်နေရင်း ပျောက်ကွယ်သွားသော လျူရီ၏ ကျောပြင်ကို ကြည့်ကာ မျက်နှာပေါ်တွင် စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
"အိမ်တော်ကနေ ထွက်သွားပြီးတဲ့နောက် ပိုတိုးတက်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ… အခု နင့်ပုံစံကို ကြည့်စမ်းပါဦး"
***