"ဟိုလူ့ကို ကျွန်တော် စောင့်ကြည့်ပေးရမလား" လူငယ်၏ အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
ခန္ဓာကိုယ် ထွားကျိုင်း တောင့်တင်းသော လူလတ်ပိုင်း တစ်ယောက်က လူငယ်၏ ဘေးသို့ တိတ်ဆိတ်စွာ လျှောက်လာပြီး ချင်ဟန်အား လှမ်းကြည့်ကာ မေးလိုက်သည်။
လျူကျွယ်က အေးစက်စက် ရယ်မောပြီး...
"ဟား... စမ်းကြည့်လိုက်လေ… လျူမိသားစုရဲ့ ပစ္စည်းတွေကို ယူဖို့ဆိုတာ အဲ့ဒီလောက် မလွယ်ဘူးဆိုတာကို အဲ့ဒီလူ သိအောင် လုပ်လိုက်"
သူက လျူရီ ထွက်ခွာသွားသော လမ်းကြောင်းဆီ အေးစက်သော မျက်နှာထားဖြင့် လှမ်းကြည့်နေ၏။ သူ့ အကြည့်တို့တွင်တော့ နာကြည်းမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။
လျူကျွယ်၏ ပုံစံကို ကြည့်ရင်း လူလတ်ပိုင်း အမျိုးသားမှာ ဘာပြောရမှန်း မသိတော့ဘဲ တိတ်ဆိတ်စွာပင် ခေါင်းခါယမ်းလိုက်သည်။ သူက လျူကျွယ်၏ ဘေးတွင် ခဏတာ ရပ်နေပြီးနောက် အဝေးဆီ တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့သည်။
ချင်ဟန် တစ်ယောက် ဤကိစ္စမှတစ်ဆင့် ဖြစ်ပေါ်လာတော့မည့် ပြဿနာများကိုမူ လုံးဝ သိမနေခဲ့ချေ။
အိမ်ပြန်ရာ လမ်းတစ်လျှောက်တွင် သူက ကျောက်တုံးမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် အကြောင်းကိုသာ တွေးတောလာခဲ့၏။
"ကျောက်တုံးမာ ခန္ဓာကိုယ် သန့်စင်ခြင်း… ခန္ဓာကိုယ် သန့်စင်တဲ့ နည်းလမ်းက တော်တော် ပြတ်သားပြီး ကြမ်းတမ်းလွန်းလို့ ကျောက်တုံးမာလို့ ခေါ်တာပဲ… သတိမထားမိရင် အန္တရာယ်တွေ ကျရောက်လာနိုင်တယ်"
ကျောက်တုံးမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ပါ အကြောင်းအရာများကို ပြန်လည် စဉ်းစားမိချိန်တွင် ချင်ဟန်၏ မျက်နှာထားမှာ တည်ငြိမ်နေသော်ငြား ရင်ထဲ၌မူ မျက်မှောင်ကြုတ်နေမိသည်။
"ကြည့်ရတာ ဒီအစစ်အမှန် အမွေအနှစ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေ အကုန်လုံးက အတော်လေး အန္တရာယ် များတဲ့ပုံပဲ… ငါသာ သတိမထားမိရင် ဒုက္ခရောက်နိုင်တယ်"
အိမ်ပြန်ရောက်ပြီးနောက် သူက စကားများများစားစား မပြောတော့ဘဲ သူ့ အခန်းဆီသို့သာ တန်းသွားလိုက်၏။ ထို့နောက် စာအုပ်ကို ကောက်ယူကာ အလေးအနက်ထား၍ စတင် ဖတ်ရှုတော့သည်။
ချင်ဟန် တစ်ယောက် အာရုံစိုက် ဖတ်ရှုနေသည်နှင့်အမျှ ကျမ်းစာပါ အကြောင်းအရာများမှာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပေပြီ။
"ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ဦးစွာ ခန္ဓာကိုယ် အပြင်ပိုင်းကို သန့်စင်ရမည်… ထို့နောက် အဓိက ကိုယ်တွင်းအင်္ဂါများကို သန့်စင်ရမည်… အတွင်းရော အပြင်ပါ ပူးတွဲ ကျင့်ကြံရမည်…"
"ဤသိုင်းကျောင်းတော်၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်အား သိုင်းကျောင်းတော် တည်ထောင်သူ ဆရာသခင် ဖန်းရှီမှ ကျောက်တုံးမိစ္ဆာကို သတ်ဖြတ် လေ့လာကာ ကျောက်တုံး နှလုံးသား ထုတ်ယူပြီးနောက် ဖန်တီးခဲ့ခြင်း ဖြစ်သည်…"
"ကျောက်တုံးမိစ္ဆာကို သတ်ဖြတ်ပြီး ကျောက်တုံး နှလုံးသားကို ထုတ်ယူတယ် ဟုတ်လား"
ချင်ဟန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ သူ့ စိတ်ထဲ မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဆရာသခင် ဖန်းရှီ"
ဤကမ္ဘာကြီးမှာ အစပိုင်းက သူ ထင်မှတ်ထားခဲ့သလောက် ရိုးရှင်းမနေကြောင်း သေချာသွားလေပြီ။
ဤကျောက်တုံးမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွင် မှတ်တမ်းတင်ထားသော ကျောက်တုံးမိစ္ဆာ ဖြစ်စေ၊ အခြားသော အရာများ ဖြစ်စေ ထိုသည်တို့မှာ ချင်ဟန် ယခင်က တစ်ခါမျှ မကြုံတွေ့ဖူးခဲ့သော အရာများသာ ဖြစ်နေ၏။
ဤအရာအားလုံးမှာ ကမ္ဘာကြီး၏ မျက်နှာပြင်အောက်တွင် ဖုံးကွယ်နေပြီး ပြင်ပလူများ လုံးဝ မသိနိုင်သော ကိစ္စရပ်များ ဖြစ်ကြောင်း သိသာထင်ရှားသည်။
"အတွင်းရော အပြင်ပါ ပူးတွဲ ကျင့်ကြံရမယ်…"
ထိုအပိုင်းကို ဖတ်ရှုပြီးနောက် ချင်ဟန် ခေါင်းညိတ်လိုက်၏။
အတွင်းရော အပြင်ပါ ပူးတွဲ ကျင့်ကြံရမည် ဆိုသည်မှာ နားလည်ရန် လွယ်ကူလှသည်။
မည်သို့ပင်ဆိုစေ လူတစ်ယောက် အနေဖြင့် အားကောင်းသော သက်စောင့်စွမ်းအင် ပိုင်ဆိုင်လိုပါက ဘက်စုံ ထက်မြက်နေရန် လိုအပ်သည်။ အကယ်၍ နေရာတစ်ခုတည်း၌သာ အစွမ်းထက်နေမည် ဆိုပါက ဟန်ချက်ညီမည် မဟုတ်ဘဲ ရေရှည်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိလာမည် မဟုတ်ချေ။
ထိုအထိ ဖတ်ပြီးသွားချိန်တွင် ချင်ဟန် တစ်ယောက် ယခင် သရုပ်ဖော်ကမ္ဘာရှိ သူရဲကောင်း အသက်ရှူ ကျင့်စဉ် အကြောင်းကို သတိမရဘဲ မနေနိုင်တော့ပေ။
ယခု ပြန်တွေးကြည့်လျှင် သူရဲကောင်း အသက်ရှူ ကျင့်စဉ်မှာ လုံးဝ ဟန်ချက်မညီကြောင်း တွေ့ရသည်။
အစောပိုင်း အဆင့်များတွင် ကျင့်ကြံသူ၏ သက်စောင့်စွမ်းအင်ကို အတင်းအဓမ္မ လောင်ကျွမ်းစေကာ အလားအလာများကို လှုံ့ဆော်ပေးသည့် အလွန် ကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုထားသည်။ ၎င်းက လူတစ်ယောက်ကို ပိုအစွမ်းထက်လာစေသည် ဆိုသော်ငြား လူ့ခန္ဓာကိုယ်၏ ခံနိုင်ရည် ရှိ၊ မရှိ ဆိုသည့် အချက်ကိုမူ ထည့်သွင်း စဉ်းစားထားခြင်း မရှိပေ။
ထို့အပြင် သက်စောင့်စွမ်းအင်ကို ကျင့်ကြံခြင်းက ခန္ဓာကိုယ်အား အကြီးအကျယ် ချည့်နဲ့သွားစေသည်။ တိုက်ပွဲဝင်တိုင်း သက်စောင့်စွမ်းအင် အသုံးပြုကြခြင်းကြောင့် သူတို့ ခန္ဓာကိုယ်များကို ပျက်စီးခြင်းဆီ အဆက်မပြတ် တွန်းပို့နေသကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့်သာ ထိုသရုပ်ဖော်ကမ္ဘာရှိ သူရဲကောင်းများ၏ သက်တမ်းမှာ အလွန် တိုတောင်းနေခဲ့ရခြင်း ဖြစ်သည်။
သူတို့တွင် သာမန် လူများထက် များစွာ သာလွန်သည့် ခွန်အားများ ရှိကြသော်လည်း ၎င်းတို့၏ သက်တမ်းမှာမူ အများကြီး ပိုတိုတောင်းနေခဲ့လေပြီ။
ဤသည်မှာ ဟန်ချက်မညီမျှမှု၏ ဆိုးကျိုးပင်။
ထိုအထိ တွေးမိပြီးနောက် ချင်ဟန် ခေါင်းခါယမ်းလိုက်သည်။
သူ့ ခန္ဓာကိုယ်ထဲတွင် ကျောက်တုံးမာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်အပြင် ပြီးပြည့်စုံသော သူရဲကောင်း အသက်ရှူ ကျင့်စဉ်လည်း ရှိနေသေးသည်။
ဤသူရဲကောင်း အသက်ရှူ ကျင့်စဉ် မိတ္တူမှာ ဆော်ရန်ဒိုထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဆော်ရန်ဒိုကို သတ်ဖြတ်ပြီးနောက် ချင်ဟန်က သူ့ အလောင်းထံမှ ဤပြီးပြည့်စုံသည့် ကျင့်စဉ် အပြည့်အစုံကို ရယူနိုင်ခဲ့ခြင်းပင်။
ဝမ်းနည်းစရာ ကောင်းသည်မှာ သူ့ မူလ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာပြီးနောက် ချင်ဟန် အနေဖြင့် ထိုကျင့်စဉ်ကို စမ်းသပ် လေ့ကျင့်ကြည့်ခဲ့ပြီး ဖြစ်သည်။
သရုပ်ဖော်ကမ္ဘာထဲက ကဲ့သို့ပင် သူ့ ခန္ဓာကိုယ်၌ သူရဲကောင်း တစ်ယောက် ဖြစ်လာရန် ပါရမီ ရှိမနေခဲ့သလို ထိုအသက်ရှူ ကျင့်စဉ်ကိုလည်း အသုံးပြု၍ မရနိုင်ခဲ့ချေ။
ဤသည်မှာ အနည်းငယ်တော့ နှမြောစရာ ကောင်းလှ၏။
ချင်ဟန် တိုးညှင်းစွာ သက်ပြင်းချပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။
လက်ရှိ အမှတ်များ - ၅၀
စာကြောင်း အချို့က သူ့ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
လေ့ကျင့်ရာတွင် အချိန်အတန်ကြာ ကုန်ဆုံးပြီးနောက် သူ့ အမှတ်များက နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာခဲ့ပြီး ယခုအခါ အမှတ် ၅၀ ရှိနေလေပြီ။
ထိုစာသားများကို ကြည့်ရင်း ချင်ဟန် အသက်ပြင်းပြင်း ရှူသွင်းပြီး သရုပ်ဖော်ကမ္ဘာထဲသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်တော့သည်။
"ကျေးဇူးပြု၍ သင်၏ ကမ္ဘာကို ရွေးချယ်ပါ..."
ရင်းနှီးနေသော မျက်နှာပြင် တစ်ခု ထွက်ပေါ်လာ၏။
ကမ္ဘာများ၏ အမည်များက ချင်ဟန် မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
သို့သော် ယခင်အကြိမ်နှင့် မတူညီဘဲ တစ်ခုတည်းသာ လင်းလက်နေသည် ဖြစ်ရာ သူ ဝင်ရောက်နိုင်သည့် ကမ္ဘာ တစ်ခုသာ ရှိနေကြောင်း ညွှန်ပြနေသည်။
မှော်ဆရာများ ကမ္ဘာ။
ထိုစာသားများမှာ အလွန်အမင်း တောက်ပနေခဲ့၏။
ချင်ဟန် တွေဝေမနေတော့ဘဲ မှော်ဆရာများ ကမ္ဘာကို ရွေးချယ်လိုက်သည်။
ထို့နောက် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီး သူ့ အမှတ်များထဲမှ ၂၀ လျော့ကျသွားလေသည်။
ယင်းနောက် ရင်းနှီးနေသော ရွေးချယ်စရာများက သူ့ ရှေ့တွင် ပေါ်ထွက်လာပြန်၏။
"ကျေးဇူးပြု၍ သင်၏ ကိုယ်ပိုင် အထောက်အထားကို ရွေးချယ်ပါ..."
ဤတစ်ကြိမ်တွင်တော့ ချင်ဟန်က ကျော်မသွားခဲ့ပေ။ ထိုအစား ရွေးချယ်စရာများကို အလေးအနက်ထား ကြည့်ရှုပြီး ရွေးချယ်မှု အချို့ ပြုလုပ်လိုက်သည်။
ဝင်ခွင့် လက်မှတ် ဝယ်ယူပြီးနောက် သူ့ထံတွင် အမှတ် ၃၀ သာ ကျန်တော့၏။
သူ ပိုင်ဆိုင်ထားသော အမှတ် အရေအတွက်ဖြင့် ကောင်းမွန်သည့် အထောက်အထား တစ်ခုကို ဝယ်ယူရန်မှာ မဖြစ်နိုင်ချေ။ အနိမ့်ဆုံး မှူးမတ် အထောက်အထား တစ်ခုကပင် အမှတ် ၁၀၀၀ လိုအပ်သည် မဟုတ်ပါလား။
ချင်ဟန်၏ လက်ရှိ ပိုင်ဆိုင်မှုများဖြင့် ထိုအရာကို ငေးကြည့်ရုံသာ တတ်နိုင်သည်။
သို့သော် သာမန် မိသားစု တစ်ခု ဖြစ်နေလျှင်ပင် သူ့ အခြေအနေများကို ပိုကောင်းမွန်အောင် ပြုလုပ်နိုင်သေး၏။
ခဏတာ တွေးတောပြီးနောက် ချင်ဟန် ခေါင်းမော့လိုက်ပြီး ကျန်ရှိနေသော အမှတ် ၃၀ အား သာမန် မိသားစု အထောက်အထား တစ်ခုပေါ်တွင် တွေဝေခြင်းမရှိ အသုံးပြုလိုက်တော့သည်။
သူ့ ရှေ့ရှိ အမှတ်များမှာ ချက်ချင်းပင် သုညသို့ ပြောင်းလဲသွားပြီး ရွေးချယ်စရာ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
မကြာမီမှာပင် ပုံသဏ္ဍာန်မဲ့ တံခါးတစ်ချပ်က ချင်ဟန်၏ မျက်စိရှေ့တွင် ပွင့်လာခဲ့သည်။
ဝုန်း...
ကမ္ဘာကြီး လည်ထွက်သွားပြီး သူ့ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်သွားတော့၏။
အမှောင်ထုထဲတွင် ချင်ဟန် မျက်လုံးများ ဖွင့်ပြီး ပတ်ပတ်လည်ကို သတိထားကာ အကဲခတ်ကြည့်လိုက်သည်။
သူ့ ဘေးပတ်လည်ရှိ မြင်ကွင်းများမှာ တဖြည်းဖြည်း ပေါ်လွင်လာခဲ့၏။
သူ့ ရှေ့တွင် ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခု ရှိနေသည်။
၎င်းမှာ ကြီးမားသော ခန်းမဆောင်ကြီး တစ်ခုနှင့် တူပြီး အတော်လေး ခမ်းနား ထည်ဝါလှသည်။
သူက ထိုင်ခုံ တစ်လုံးပေါ်တွင် ထိုင်နေပြီး ရှေ့သို့ ငေးမောကာ ကြည့်နေမိ၏။
"ကိုင်လင်း… ငါ့ကလေး… ဘာဖြစ်လို့လဲ" သူ့ ရှေ့မှနေ၍ နွေးထွေးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ရင်းနှီးနေသလိုလို စိမ်းသက်နေသလိုလို။
ဤအသံကို ကြားချိန်တွင် ချင်ဟန် အသိစိတ် ပြန်ဝင်လာပြီး မှတ်ဉာဏ်များက သူ့ ဦးနှောက်ထဲသို့ အဆက်မပြတ် စီးဝင်လာတော့သည်။
သူ့ စိတ်ထဲတွင် မှတ်ဉာဏ်များက နိမ့်ချည် မြင့်ချည် ဖြစ်ပေါ်နေပြီး ခံစားချက် အသစ်တစ်ခု ဝင်ရောက်လာကာ သူ့ လက်ရှိ အခြေအနေကို နားလည်စေရန် ကူညီပေးနေခဲ့သည်။
***