ကိုင်လင်းမှာ မြို့စား ကိုင်ဆန်၏ သားတစ်ယောက် ဖြစ်၏။
မြို့စား ကိုင်ဆန်၏ အငယ်ဆုံးသား ဖြစ်သည့်အလျောက် သူက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ အချစ်ကို အများဆုံး ရရှိခဲ့ပြီး အချစ်တော်လေးလည်း ဖြစ်သည်။
ယခုအချိန်တွင်တော့ မြို့စား ကိုင်ဆန်၏ အငယ်ဆုံးသား အနေဖြင့် သူနှင့်အတူ နေ့လယ်စာ စားသုံးနေခြင်းပင်။
"ဒီအစမှတ်က အရင် သရုပ်ဖော်ကမ္ဘာထက် အများကြီး ပိုကောင်းတဲ့ပုံပဲ…" ချင်ဟန်က သူ့ မှတ်ဉာဏ်အသစ်များကို ပြန်လည် ဆန်းစစ်ပြီးနောက် တိတ်တဆိတ် တွေးလိုက်မိသည်။
ဤတစ်ကြိမ်တွင်တော့ သူက မှူးမတ် မိသားစု တစ်ခု၌ မွေးဖွားလာခဲ့၏။ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော်ငြား သူ့ ဖခင်မှာ ကိုယ်ပိုင် နယ်မြေတစ်ခု ပိုင်ဆိုင်ထားသော မြို့စား တစ်ယောက် ဖြစ်သည်။
ဤအစမှတ်က ဆော်ရန်ဒို၏ အထောက်အထားထက်ပင် ပိုကောင်းမွန်နေသေးသည် မဟုတ်ပါလား။
အနည်းဆုံးတော့ ဂုဏ်ပုဒ်အရ ကြည့်မည်ဆိုလျှင် ဆော်ရန်ဒို၏ ဖခင်မှာ သူရဲကောင်း တစ်ယောက်သာ ဖြစ်သည်။
သေချာပေါက် ဤသည်မှာ အပေါ်ယံ အခြေအနေသာ။
မှတ်ဉာဏ်များ ပြန်လည် ဆန်းစစ်ပြီးချိန်တွင် သူ့ ဖခင်မှာ မြို့စား တစ်ယောက် ဖြစ်သော်ငြား အချို့သော အပိုင်းများ၌မူ သူရဲကောင်း စီစီလီထက်ပင် နိမ့်ကျနေကြောင်း တွေ့လိုက်ရသည်။
အနည်းဆုံး သူရဲကောင်း စီစီလီမှာ အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်ပြီး သူ့ လက်အောက်တွင် အက်ဒဝပ်လို သစ္စာရှိသော သူရဲကောင်း တစ်ယောက် ရှိနေသေး၏။
သို့သော် မြို့စား ကိုင်ဆန်၌မူ ဘာတစ်ခုမှ ရှိနေပုံ မပေါ်ချေ။
သူ့ထံတွင် ကိုယ်ပိုင် နယ်မြေတစ်ခု ရှိနေသော်ငြား အလွန် မကြီးမားလှသလို နေထိုင်သူ အရေအတွက်လည်း သိပ်မများပေ။
ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ရှိသော်လည်း လူရာပေါင်းများစွာ အနက် သူရဲကောင်း တစ်ယောက်မျှ ပါဝင်ခြင်း မရှိချေ။
ဤသည်မှာ သူရဲကောင်း စီစီလီထက် လူအင်အား ပိုများနေပုံ ရသော်ငြား လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
အကယ်၍ သူရဲကောင်း တစ်ယောက်သာ လူတစ်စုကို ဦးဆောင်လာခဲ့ပါက ဤရာနှင့်ချီသော တပ်ဖွဲ့မှာ ချက်ချင်းပင် ပြိုကွဲသွားမည် ဖြစ်ပြီး ထိုလူများ၏ ပြိုင်ဘက် လုံးဝ ဖြစ်လာမည် မဟုတ်ချေ။
"ငါတို့က မှူးမတ်တွေ ဆိုပေမဲ့ နာမည်ခံ သက်သက်လောက်ပဲ သူရဲကောင်းတွေထက် အဆင့်မြင့်နေတာ…" မှတ်ဉာဏ်များကို ဆန်းစစ်ပြီးနောက် ချင်ဟန် ဘာပြောရမှန်းပင် မသိဖြစ်သွားတော့၏။
"ပြီးတော့ သူရဲကောင်း အသက်ရှူ ကျင့်စဉ်တောင် မရှိဘူးတဲ့လား"
အစပိုင်း သူ့ အထောက်အထားကို သိလိုက်ရချိန်တွင် ချင်ဟန် အတော်လေး စိတ်လှုပ်ရှားခဲ့ပြီး သူရဲကောင်း အသက်ရှူ ကျင့်စဉ် တစ်ခုပင် အလကား ရနိုင်တော့မည်ဟု ထင်မှတ်ထားခဲ့မိသည်။
သို့သော် လက်တွေ့ အခြေအနေက သူ တွေးတာများသွားကြောင်း သက်သေပြနေခဲ့လေပြီ။
မြို့စား ကိုင်ဆန်မှာ အမှန်တကယ်ပင် မှူးမတ် တစ်ယောက် ဖြစ်သော်ငြား သူ့ထံတွင် နာမည်ကျော်ကြားသော ဘိုးဘေးဘီဘင်များ မရှိခဲ့သလို မိသားစု အဆက်ဆက် လက်ဆင့်ကမ်းလာသည့် သူရဲကောင်း အသက်ရှူ ကျင့်စဉ်မျိုးလည်း ရှိမနေခဲ့ပေ။
ကြည့်ရသည်မှာ မှူးမတ်များ ကြားရှိ ကွာဟချက်မှာလည်း အတော်လေး ကြီးမားလှပုံပင်။
ချင်ဟန် စိတ်ထဲ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
"ထင်တဲ့အတိုင်းပဲ… အမှတ် ၃၀ တည်းနဲ့ ဝယ်ထားတဲ့ အထောက်အထား တစ်ခုကနေ ကြီးကျယ်တဲ့ အံ့ဩစရာတွေ ယူလာပေးလိမ့်မယ်လို့ မျှော်လင့်နေတာ ငါ အရမ်း အကောင်းမြင်လွန်းသွားတာပဲ…"
မည်သို့ပင်ဆိုစေ သူက ဤအထောက်အထားအတွက် အမှတ် ၃၀ သာ အသုံးပြုခဲ့ရသည် မဟုတ်ပါလား။
အမှတ် ၃၀ မျှဖြင့် သင့်တင့်လျောက်ပတ်သော အစမှတ်တစ်ခု ရရှိခြင်းကပင် အလွန် ကောင်းမွန်နေပြီ ဖြစ်ရာ သူရဲကောင်း အသက်ရှူ ကျင့်စဉ်ပါ လိုချင်နေသေးသည်လား။ အိပ်မက် မက်နေလိုက်ဦး။
"ကိုင်လင်း… ငါ့ကလေး… ဘာဖြစ်လို့လဲ" သူ့ ရှေ့မှနေ၍ နွေးထွေးသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဤအသံကို ကြားချိန်တွင် ချင်ဟန် အလိုအလျောက် ခေါင်းမော့ကြည့်လိုက်မိ၏။
ခန်းမဆောင်၏ အလယ်ဗဟို၌ အသက် လေးဆယ်၊ ငါးဆယ်ခန့် အရွယ်ရှိ လူတစ်ယောက် ထိုင်နေသည်။ ထိုသူမှာ အနည်းငယ် ပိန်ပါးပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ လတ်တလောတွင် သူ့အား လှမ်းကြည့်နေလေသည်။
သူ့ အသက်မှာ ငါးဆယ် နီးပါးခန့် ရှိနေပြီ ဖြစ်ပြီး ဤကမ္ဘာတွင် ထိုအရွယ်မှာ အတော်လေး အသက်ကြီးနေပြီဟု ဆိုရပေမည်။ သို့တိုင် သူ့ ပုံစံက တက်ကြွနေဆဲ ဖြစ်ပြီး မျက်လုံးများထဲတွင်လည်း နွေးထွေးမှုတို့ ပြည့်နှက်နေ၏။
"တောင်းပန်ပါတယ် အဖေ" ချင်ဟန်က အနည်းငယ် ပြုံးကာ တုံ့ပြန်လိုက်သည်။
သူက ကိုင်ဆန်အား ကြည့်၍ တိုးညှင်းစွာ ရယ်မောရင်း စကားဆိုလာ၏။
"ဒီနေ့ သင်ယူရမယ့် စာတွေအကြောင်း တွေးနေရင်း စိတ်လွင့်သွားလို့ပါ"
"အို" ကိုင်ဆန် အတော်လေး စိတ်ဝင်စားသွားဟန်ဖြင့် ပြန်မေးလာသည်။ "ဘာလဲ… မင်းက သင်ယူရတာတွေကို မကြိုက်ဘူး မဟုတ်ဘူးလား"
"မကြိုက်တာနဲ့ပဲ အဲ့ဒီအကြောင်း မတွေးရတော့ဘူးလို့ ဆိုလိုတာမှ မဟုတ်တာပဲ"
ချင်ဟန်က မြို့စား ကိုင်ဆန်၏ အကြိုက်များကို ပြန်လည် စဉ်းစားပြီးနောက် ခဏတာ တွေးတောကာ ဆက်ပြောလိုက်၏။
"ကြိုက်နှစ်သက်မှုနဲ့ မကြိုက်နှစ်သက်မှု ဆိုတာတွေက အလိုအလျောက် ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေပါပဲ… ဘယ်သူကမှ ခြောက်ကပ်ပြီး ပျင်းစရာကောင်းတဲ့ ဗဟုသုတတွေ အများကြီးကို ရင်မဆိုင်ချင်ကြဘူး"
"ဒါပေမဲ့ ကြိုက်၊ မကြိုက်ကို ဘေးဖယ်ထားလိုက်မယ် ဆိုရင် ဒီအရာတွေက အရမ်း အသုံးဝင်လို့သာ တည်ရှိနေကြတာလို့ ကျွန်တော် ခံစားရတယ်"
"ဒါကြောင့်လည်း အဲ့ဒီအကြောင်း တွေးနေမိတာက ဆိုးရွားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး" သူက အမူအရာ တစ်ချက် မပျက်ဘဲ ပြောလိုက်သည်။
ဤစကားများ အားလုံးမှာ ဗြောင်ကျကျ လိမ်ညာနေခြင်းသာ ဖြစ်သည်။
တကယ်တမ်း သူ သင်ယူလေ့လာနေရသည်များမှာ ကဗျာများ၊ ရွတ်ဖတ်မှုများနှင့် ရှေးဟောင်း အနုပညာ ကဲ့သို့သော အရာများသာ ဖြစ်၏။ ထိုအရာများက အလွန် အသုံးဝင်သလို မခံစားရပေ။
အချို့သော နေရာများတွင် အသုံးဝင်သည် ဆိုခြင်းကို သူ မငြင်းဆန်လိုသော်လည်း လူအများစု အတွက်တော့ သိပ်ပြီး အကျိုးမရှိချေ။
ပုံမှန် အားဖြင့်ဆိုလျှင် ၎င်းတို့မှာ ချင်ဟန် တစ်ချက်ပင် စောင်းငဲ့ကြည့်မည် မဟုတ်သော အရာများ ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့ အခြေအနေများက ကွဲပြားနေခဲ့လေပြီ။
မြို့စား ကိုင်ဆန်က ဤကဲ့သို့သော စကားမျိုးများကို ကြားချင်နေမှတော့ သူ ပြောရမည်သာ။
ထင်မှတ်ထားသည့် အတိုင်းပင် မြို့စား ကိုင်ဆန်က အနည်းငယ် ပြုံးကာ ထောက်ခံလာ၏။
"တကယ်ပါပဲ"
"ကိုင်လင်း… ငါ့ကလေး… မင်းဆီကနေ ဒီလို ထိုးထွင်းသိမြင်နိုင်တဲ့ စကားမျိုးတွေ ထွက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး"
"မင်းကို နောက်ထပ် မေးခွန်းတစ်ခု မေးမယ်" သူက ခေါင်းမော့၍ ချင်ဟန်အား ကြည့်ကာ ဆက်မေးလာ၏။ "ကဗျာတွေနဲ့ ဓားတွေ… ဒီနှစ်ခုထဲက ဘယ်အရာက ပိုအရေးကြီးတယ်လို့ ထင်လဲ"
ချင်ဟန် ခဏတာ ဆွံ့အသွားပြီး ဤမေးခွန်းကြောင့် အတော်လေး အံ့အားသင့်သွားရသည်။
သူ ခဏတာ စဉ်းစားလိုက်ပြီးမှ…
"သေချာပေါက် အခြေအနေပေါ် မူတည်တာပေါ့"
"ကဗျာတွေက ဖရိုဖရဲ ဖြစ်နေတဲ့ လူတွေကို ငြိမ်းချမ်းသွားစေနိုင်ပြီး ဓားတွေကတော့ သူတို့ကို သတ်ဖြတ်နိုင်တယ်…"
"ဘယ်အရာက ပိုအရေးကြီးသလဲ ဆိုတာက ရည်ရွယ်ချက်နဲ့ အခြေအနေပေါ်မှာပဲ မူတည်နေပါတယ်"
"ဒါပေမဲ့…" ချင်ဟန် စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြော၏။
"ကဗျာတွေကို ကောင်းကောင်း အသုံးချတတ်သူပဲ ဖြစ်ဖြစ်၊ ဓားတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သူပဲ ဖြစ်ဖြစ်… နှစ်ယောက်စလုံးက ကြီးကျယ်ခမ်းနားတဲ့ လူတွေ ဖြစ်လာနိုင်ကြတာပါပဲ"
"ဘာပဲဖြစ်ဖြစ် ကဗျာနဲ့ ဓားဆိုတာ အချင်းချင်း ဆန့်ကျင်နေတဲ့ အရာတွေမှ မဟုတ်တာ… ဒါဆို နှစ်ခုလုံးကို ဘာလို့ မပိုင်ဆိုင်နိုင်ရမှာလဲ" ချင်ဟန်က ခေါင်းငုံ့၍ တိုးညှင်းစွာ စကားဆိုလိုက်သည်။
ခန်းမဆောင် တစ်ခုလုံး အချိန်အတန်ကြာ တိတ်ဆိတ်သွားတော့သည်။
ပင်မ ထိုင်ခုံပေါ်တွင် ထိုင်နေသော ကိုင်ဆန်က ချင်ဟန်အား ထူးဆန်းသော အကြည့်များဖြင့် အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သက်ပြင်းချရင်း ခေါင်းညိတ်ကာ စကားဆိုလာ၏။
"မင်းပြောတာ မှန်ပါတယ်… ငါတို့ အိုက်လန် မိသားစုက ဒီနေရာမှာ အခြေချလာခဲ့တာ နှစ်ရာချီ ကြာမြင့်နေခဲ့ပြီ…"
"ဒီလောက် ရှည်လျားတဲ့ အချိန်ကာလ တစ်လျှောက်လုံး ငါတို့က ကဗျာတွေကို ကျွမ်းကျင် ပိုင်နိုင်ခဲ့ပြီး ပိုကြီးကျယ်တဲ့ အုပ်ချုပ်သူတွေရဲ့ အကူအညီပေးသူတွေ ဖြစ်လာခဲ့တယ်… ဒါပေမဲ့ ငါတို့ဆီမှာ ဓားတွေ လိုအပ်နေသေးတယ်…"
တစ်စုံတစ်ရာကို စဉ်းစားမိသွားသည့်အလား သူ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး အနည်းငယ် ဝမ်းနည်းနေသည့် အသွင်ပေါ်လာသည်။
အတန်ကြာပြီးနောက် ချင်ဟန် တစ်ယောက် ခန်းမဆောင်ထဲမှ ထွက်ခွာလာခဲ့၏။
အပြင်သို့ ရောက်သည်နှင့် အလျင်စလို လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသည်။
သူ မော့ကြည့်ရာ သံချပ်ကာ ဝတ်ဆင်ထားသော အရပ်မြင့်မြင့် လူရိပ်တစ်ခုက ချင်ဟန် ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။
သူ့ ခြေလှမ်းများ ပိုမြန်ဆန်လာသည်နှင့်အမျှ သူ့ ရုပ်သွင်ကို ထင်ရှားစွာ မြင်တွေ့လာရတော့သည်။
ဤသူမှာ အလွန် အရပ်မြင့်မားသော လူငယ်တစ်ယောက် ဖြစ်ပြီး အသက် သုံးဆယ် အစောပိုင်း အရွယ်သာ ရှိဦးမည်။ သူ့ ခွန်အားများ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်လည်း ဖြစ်ပေမည်။
သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်အမင်း ရဲရင့် ခန့်ညားလှ၏။ ခန့်ညား တက်ကြွသည့် အသွင်ဖြင့် ဝက်ဝံ တစ်ကောင်နှင့်ပင် အနည်းငယ် တူနေသေးသည်။
***