ထိုလူ ဝင်ရောက်လာချိန်တွင် ခန်းမဆောင်ရှေ့၌ ရပ်နေသော ချင်ဟန်အား မြင်တွေ့လိုက်၏။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ထိုသူ့ မျက်နှာမှာ အေးစက်နေပြီး ခပ်ပြတ်ပြတ် လေသံဖြင့် မေးမြန်းလာသည်။
"ထူးထူးခြားခြားတော့ မရှိပါဘူး" ချင်ဟန်က အမြဲတမ်းလိုလိုပင် ပြုံးရွှင်စွာဖြင့်... "အဖေနဲ့ နေ့လယ်စာ အတူစားပြီးလို့ ခဏနေ စာသွားလုပ်မလို့ပါ"
"အသုံးမကျတဲ့ ကဗျာတွေကိုပဲ သွားဖတ်နေဦးမလို့လား"
ထိုလူ၏ မျက်နှာထားမှာ ပိုတင်းမာသွားပြီး အထင်အမြင် သေးဟန်ဖြင့် ခနဲ့လာ၏။ ထို့ထက်ပို၍ စကားရှည်မနေတော့ဘဲ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
ချင်ဟန်က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေဆဲ။ အစကတည်းက သူ့အမူအရာမှာ တစ်ချက်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ ထွက်ခွာသွားသော ထိုလူ၏ ကျောပြင်ကို ကြည့်ရင်း သူ့စိတ်ထဲ တိတ်တဆိတ် တွေးတောနေမိသည်။
ထိုသူမှာ ကိုင်ဆန် မြို့စားကြီး၏ သားအကြီးဆုံး ဖြစ်သလို လက်ရှိ ချင်ဟန် ဝင်ရောက်နေသော ခန္ဓာကိုယ် ပိုင်ရှင်၏ အစ်ကိုအရင်း အော်မန်ဒိုပင်။
သေချာသည်ကတော့ သူတို့မှာ သွေးသားရင်းချာ ညီအစ်ကိုများ ဖြစ်လင့်ကစား ဆက်ဆံရေးက အလွန်အမင်း ဆိုးရွားလှသည်။ နှစ်ယောက်စလုံးက အပေါ်ယံ ဟန်ပြ ဆက်ဆံရေး တစ်ခုကိုသာ ထိန်းသိမ်းထားပြီး တစ်ယောက်ကို တစ်ယောက် အကြည့်လွဲနေကြခြင်း ဖြစ်၏။
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့နှစ်ယောက်မှာ သူစိမ်းများကဲ့သို့ ဖြစ်နေပြီး ညီအစ်ကိုများဟုပင် ပြောရန် ခက်ခဲလှသည်။
သို့တိုင် ချင်ဟန် အထူးတလည် ဂရုစိုက်နေမိသည်မှာ အော်မန်ဒို၏ လက်ရှိ အဆင့်အတန်းပင်။
သူက မြို့စားကြီး၏ သားအကြီးဆုံး ဖြစ်ရုံသာမက အသက် သုံးဆယ် အရွယ်နှင့်ပင် မြို့စားပိုင် နယ်မြေ အစောင့်တပ်၏ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်နေလေပြီ။
ဤခေတ်ကာလ၏ စည်းမျဉ်းများအရ ကိုင်ဆန် မြို့စားကြီးသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူကသာ အရိုက်အရာ ဆက်ခံရမည့်သူ ဖြစ်ပေမည်။
ချင်ဟန် အတွက်ကမူ ဆော်ရန်ဒို ကဲ့သို့ပင် မည်သည့်အရာမျှ ရရှိမည် မဟုတ်ချေ။ မည်သို့ဆိုစေ သူက သားအကြီးဆုံး မဟုတ်သောကြောင့် ကြီးမားသည့် အမွေအနှစ်များကို ဆက်ခံခွင့် ရှိမည် မဟုတ်ပါလား။
ဖခင်ဖြစ်သူက သူ့အား အလိုလိုက် အချစ်ပိုလျှင် တစ်မျိုးတစ်ဖုံ အဆင်ပြေနိုင်သော်ငြား အကယ်၍ မျက်နှာသာ မပေးခဲ့ပါက သူ့ရှေ့ဆက်ရမည့် နေ့ရက်များမှာ လွယ်ကူမည် မဟုတ်တော့။
"စိတ်ဝင်စားစရာပဲ..."
အော်မန်ဒို၏ ကျောပြင်ကို ကြည့်ရင်း ချင်ဟန် တစ်ချက် ပြုံးလိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
…
"သခင်လေး... ဒီနေ့ သင်ခန်းစာ စရမယ့် အချိန်ရောက်ပါပြီ"
မွန်းတည့်ချိန်… တိတ်ဆိတ် ငြိမ်သက်နေသော အခန်းတစ်ခု အတွင်းသို့ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဝင်ရောက်လာပြီး ချင်ဟန်အား ကြည့်၍ သတိပေးလိုက်၏။
"ဒီနေ့ ဘာဘာသာရပ် သင်ရမှာလဲ" ချင်ဟန်က စာရေးစားပွဲတွင် ထိုင်နေရာမှ ခေါင်းမော့၍ ပြန်မေးလိုက်သည်။
"ဒီနေ့ သမိုင်းဘာသာရပ် ဖြစ်ပါလိမ့်မယ်" ထိုအမျိုးသားက ခဏတာ စဉ်းစားပြီးနောက် ဖြေလာသည်။
ချင်ဟန်က ညင်သာစွာ ပြုံးလိုက်ပြီး...
"ကျေးဇူးတင်ပါတယ် သခင်ဝှိုက်... ခင်ဗျား အများကြီး ပင်ပန်းနေရပြီ"
"ရပါတယ် သခင်လေး... ဒါက ကျွန်တော့် တာဝန်ပဲလေ" သခင်ဝှိုက်က ချင်ဟန်အား ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားပြီး ခဏတာ တွေဝေသွား၏။ အကြောင်းမှာ ယခင်က ကိုင်လင်းဆိုသော ဤလူငယ်လေးထံမှ ယခုလို စကားမျိုး တစ်ခါမှ မကြားခဲ့ဖူးသောကြောင့်ပင်။
"ကျွန်တော် ခင်ဗျားကို အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါ"
ချင်ဟန်က ခပ်ရေးရေး ပြုံးလိုက်ပြီး...
"ကျွန်တော့်အတွက် သခင်ဂျစ်နဲ့ တစ်ချက်လောက် ဆက်သွယ်ပေးပြီး လက်ဆောင်လေး တစ်ခုလောက် ပြင်ဆင်ပေးလို့ ရမလား... သခင်ဂျစ်ရဲ့ ဓားသိုင်းပညာက တော်တော်လေး ထူးချွန်တယ်လို့ ကျွန်တော် ကြားထားတယ်... ဒါကြောင့် သူ့ဆီမှာ အချိန်ကာလ တစ်ခုလောက် ဓားပညာ သွားသင်ချင်လို့ပါ... အဆင်ပြေနိုင်မလား မသိဘူး"
"ဒါကတော့ ပြဿနာ မရှိနိုင်ပါဘူး" သခင်ဝှိုက်က ခေါင်းညိတ်လိုက်သော်လည်း စကားပြောရင်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ဒါပေမဲ့ သခင်ဂျစ်က မကြာသေးခင်ကမှ ဒဏ်ရာ ရထားတာဆိုတော့ လမ်းလျှောက်ဖို့တောင် ခက်ခဲနေရှာတာ... သခင်လေးကို သင်ပေးဖို့ သိပ်မသင့်တော်လောက်ဘူး ထင်တယ်"
"ကိစ္စမရှိပါဘူး"
ချင်ဟန်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ့မျက်နှာထက်တွင် ဝမ်းနည်းနေသည့် အရိပ်အယောင်များ ပေါ်လွင်လာ၏။
"ဒါကြောင့်ပဲ သခင်ဂျစ်ကို ကျွန်တော့်ရဲ့ ဆရာအဖြစ် တင်မြှောက်ချင်တာပါ"
"ဟမ်..." သခင်ဝှိုက်မှာ ထိုစကားကြောင့် အနည်းငယ် ရှုပ်ထွေးသွားရသည်။
ထိုသည်ကို မြင်လျှင် ချင်ဟန်က ဆက်လက် ရှင်းပြလာသည်။
"သခင်ဂျစ်က အဖေ့ရဲ့ သစ္စာရှိတဲ့ လက်အောက်ငယ်သား တစ်ယောက်ပါ... ပြီးတော့ သူက အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်သလို ယုံကြည် အားထားရတဲ့ စစ်သည်ဟောင်းကြီး တစ်ဦးလည်း ဖြစ်တယ်လေ... ကျွန်တော် ကြားထားသလောက်ဆိုရင် သူ့မှာ ကလေး ငါးယောက် ရှိတဲ့အပြင် လုပ်ကျွေး ပြုစုရမယ့် ဖခင်အိုကြီး တစ်ယောက်လည်း ရှိသေးတယ်လို့ သိရတယ်... ဒါပေမဲ့ အခုလို ဒဏ်ရာ ရသွားတဲ့အတွက် သခင်ဂျစ် အနေနဲ့ အဖေ့ဆီမှာ ဆက်ပြီး အမှုမထမ်းနိုင်တော့ဘူးလေ... ဆိုလိုတာက သူ လစာ ဆက်ရမှာ မဟုတ်တော့ဘူး... ဒီလိုသာ ဆက်သွားရင် သူတို့ မိသားစုရဲ့ အနာဂတ်က အတော်လေး ခက်ခဲ ကြမ်းတမ်းသွားနိုင်တယ်..."
ချင်ဟန်၏ အမူအရာမှာ အတော်လေး ဝမ်းနည်းနေပုံရသည်။
"သူ့ရဲ့ နာကျင်မှုတွေကို ကျွန်တော် အစားထိုး မကုစားပေးနိုင်မှန်း သိပေမဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်ရုံပါ... အခုလို သစ္စာရှိတဲ့ စစ်သည်ဟောင်းကြီး တစ်ယောက်ကို ဒုက္ခတွင်းထဲ ကျဆင်းသွားတာမျိုး ကျွန်တော် မကြည့်ရက်ဘူး"
သခင်ဝှိုက်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး...
"သခင်လေးရဲ့ ကြင်နာတတ်တဲ့ စိတ်ထားက တကယ်ကို လေးစား ဂုဏ်ယူစရာ ကောင်းလှပါတယ်"
"ဒါက ကြင်နာတာ မဟုတ်ပါဘူး... ကိုယ်လုပ်သင့် လုပ်ထိုက်တာကို လုပ်တာပါ"
ချင်ဟန်က သခင်ဝှိုက်အား လေးနက်သော အကြည့်တို့ဖြင့် စူးစိုက်ကြည့်ကာ...
"ဒီကိစ္စအတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ... ဒါပေမဲ့ တခြား ဘယ်သူ့ကိုမှတော့ လျှောက်မပြောပါနဲ့... သခင်ဂျစ်ရဲ့ မိသားစု အပေါ်မှာ ဘာဖိအားမှ မသက်ရောက်စေချင်လို့ပါ"
"စိတ်မပူပါနဲ့ သခင်လေး" သခင်ဝှိုက်၏ မျက်နှာထားမှာလည်း ချက်ချင်းပင် တည်ကြည် လေးနက်သွားသည်။
"သခင်လေး အလိုကျ စီစဉ်ပေးပါ့မယ်... ဘယ်သူ့ကိုမှလည်း နှုတ်ဖောက်မှာ မဟုတ်ပါဘူး"
"ကျေးဇူးတင်ပါတယ်..." ချင်ဟန်က စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ပြီး သူ့မျက်နှာထက်တွင်လည်း ကျေနပ် ဝမ်းမြောက်နေသည့် အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် သခင်ဝှိုက်လည်း အခန်းထဲမှ ထွက်ခွာသွားရာ ချင်ဟန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေပြီ။
သူက အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေရင်း စားပွဲခုံအား လက်ချောင်းများဖြင့် စည်းချက်ကျကျ ခေါက်ကာ တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားနေမိသည်။
အချိန် အတန်ကြာပြီးနောက် ရိုးစင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် နူးညံ့လှပသော ရုပ်ရည်နှင့် မိန်းကလေး တစ်ဦး ချင်ဟန်အနီးသို့ ရောက်ရှိလာ၏။
"သခင်လေး..." ထိုမိန်းကလေးက ချင်ဟန်ဘေးသို့ တိုးကပ်လာပြီး အနည်းငယ် ထိတ်လန့် တုန်လှုပ်နေသော လေသံဖြင့် ခေါ်လိုက်သည်။
"ရောက်လာပြီလား တီနာ..."
မိန်းကလေးအား ကြည့်ရင်း ချင်ဟန်က ညင်သာစွာ ပြုံးပြီး သူမခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ချင်ဟန်၏ လက်ကမ်းလာမှုကို မြင်သည်နှင့် မိန်းကလေးမှာ အလိုအလျောက် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်ငြား မအောင်မြင်ခဲ့ပေ။
ချင်ဟန်က သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ရင်း နွေးထွေး ကြင်နာလှသော အကြည့်များဖြင့်...
"ဒီမှာ နေရတာ အသားကျသွားပြီလား"
"ဟုတ်ကဲ့... အသားကျနေပါပြီ သခင်လေး" တီနာမှာ ကိုယ်လေးကို အနည်းငယ် ကျုံ့ထားရင်း ချင်ဟန်အား မဝံ့မရဲ လှမ်းကြည့်လိုက်သည်။ သူမခေါင်းပေါ်ရှိ နွေးထွေးသော အထိအတွေ့ကြောင့် မျက်နှာလေးမှာလည်း ရဲတက်လာ၏။
"ကောင်းတာပေါ့..."
ချင်ဟန်က ကျေနပ်စွာ ပြုံးပြီး တစ်စုံတစ်ခုကို စဉ်းစားဟန်ဖြင့် ဘေးနားရှိ ပစ္စည်းတစ်ခုာအား ယူဆောင်ကာ တီနာထံ ကမ်းပေးလိုက်သည်။
"မင်း မိသားစုရဲ့ အခက်အခဲတွေကို ငါကြားရပါတယ်... မင်းရဲ့ မောင်လေး ကိစ္စအတွက်လည်း အများကြီး စိတ်မကောင်း ဖြစ်ရတယ်... ဒါပေမဲ့ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေက ပြင်လို့မှ မရတော့တာ... ရှေ့ဆက်ရမယ့် အနာဂတ်အတွက်ပဲ တွေးရမှာပေါ့... ဒါလေး ယူထားလိုက်ပါ... မင်းမိဘတွေ အဆင်ပြေအောင် ပေါင်မုန့်လေး ဘာလေး သွားဝယ်ပေးလိုက်ဦး..."
ထိုစကား ကြားလျှင် တီနာ တစ်ယောက် လွန်စွာ အံ့အားသင့်သွားပြီး...
"ဒါ... ဒါက ကျွန်မအတွက်လားဟင်" သူမ လက်ထဲရှိ ငွေအိတ်ငယ်လေး၏ လေးလံမှုကို ခံစားလိုက်ရချိန်တွင် တစ်ကိုယ်လုံး ကျောက်ရုပ် တစ်ရုပ်လို ငြိမ်သက်သွားတော့သည်။
ထူးဆန်းသော ခံစားချက် တစ်ခုက သူမ ရင်ထဲ တိုးဝင်လာပြီး ရုတ်တရက် မျက်ရည်များပင် ကျချင်လာမိ၏။
ဤလောကကြီးမှာ ရှေးကျသော ပဒေသရာဇ် စနစ်ကို ကျင့်သုံးသည့် နေရာတစ်ခု မဟုတ်ပါလား။ သူမကဲ့သို့ သာမန် ပြည်သူများမှာ ကျွန်များသဖွယ် ဆက်ဆံခံရပြီး ရိုက်နှက် သတ်ဖြတ်ခံရလျှင်ပင် မှူးမတ်များ အနေဖြင့် လျော်ကြေးငွေ အနည်းငယ် ပေးရုံဖြင့် ပြီးစီးသွားသည့် ခေတ်ကာလမျိုးပင်။ ယခင်က သူမ အနေဖြင့် ယခုကဲ့သို့ ကြင်နာ နွေးထွေးသော ဆက်ဆံမှုမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။
သူမ ရင်ထဲတွင် လွန်စွာ လှုပ်ရှားသွားပြီး ချင်ဟန်အား ဘာစကားမှ မဆိုနိုင်ဘဲ ကြောင်တောင်တောင်လေး ငေးကြည့်နေမိသည်။
"ဝမ်းနည်း မနေပါနဲ့တော့" ချင်ဟန်က ညင်သာစွာ ပြုံးရင်း သူမ ပခုံးလေးအား အသာအယာ ပုတ်ပေးလိုက်သည်။ သူ့အမူအရာမှာ အတိုင်းမသိ နူးညံ့ ကြင်နာနေပုံပင်။
"ကဲပါ... ငါ သခင်ဝှိုက်ကို ပြောပြထားလိုက်ပါ့မယ်... မင်း ဒီနေ့ အိမ်ကို စောစော ပြန်နားလိုက်တော့"
မျက်ရည်ဝဲနေသော မိန်းကလေး၏ မျက်ဝန်းများကို ကြည့်ရင်း သူက တိုးညှင်းစွာ...
"ဒါနဲ့ ငါ့ကို အကူအညီလေး တစ်ခုလောက် ပေးလို့ ရမလား"
သူ့လေသံမှာ အလွန်တရာ နူးညံ့ပြီး ဆွဲဆောင်မှု အပြည့် ရှိနေကာ တစ်ဖက်လူအား အလိုလို ယုံကြည်သွားစေနိုင်သည့် အစွမ်းမျိုး ရှိနေ၏။
များမကြာမီ ထိုမိန်းကလေးလည်း ချင်ဟန်၏ အခန်းထဲမှ ကျေးဇူးတင်စိတ် အပြည့်ဖြင့် ထွက်ခွာသွားလေပြီ။
အခန်းထဲတွင် ထိုင်နေသော ချင်ဟန်က ခဏတာ စဉ်းစားခန်း ဝင်ပြီးနောက် သူ့နေရာမှ ထရပ်ကာ အပြင်သို့ ထွက်လာခဲ့တော့သည်။
***