အချိန် အနည်းငယ် ကုန်လွန်သွားခဲ့လေပြီ။
စာသင်ခန်းထဲမှ ထွက်လာပြီးနောက် ချင်ဟန်က အနည်းငယ် ပင်ပန်းနွမ်းနယ်နေသလို ခံစားရသဖြင့် သူ့ခေါင်းကို ဖိနှိပ် နယ်ဖတ်လိုက်သည်။
အော်မန်ဒိုနှင့် ချင်ဟန် ဝင်ရောက်နေသော ယခင်ကိုယ်ပိုင်ရှင်တို့ အဘယ်ကြောင့် ဤသင်ခန်းစာများကို မနှစ်သက်ရသနည်းဆိုသည့် အချက်မှာ အကြောင်းပြချက် ရှိနေကြောင်း ဝန်ခံရပေမည်။
အချိန်တိုလေးသာ ကြာမြင့်သော သင်ခန်းစာ တစ်ခုကပင် ချင်ဟန်အား အလွန်အမင်း ပင်ပန်း နွမ်းနယ်သွားစေ၏။
စာသင်ပေးသော ဆရာမှာလည်း မှူးမတ် တစ်ဦး ဖြစ်သော်ငြား သူ့နယ်မြေကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ သူက အတော်လေး အသက်အရွယ် ရနေပြီ ဖြစ်သောကြောင့် ကိုင်ဆန် မြို့စားကြီး၏ နယ်မြေသို့ လာရောက် အလုပ်လုပ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။
ချင်ဟန် အမြင်အရ ဤဆရာမှာ အတော်လေး သာမန်ဆန်လွန်းသည်။ သူက အလွန်အမင်း ပျင်းစရာ ကောင်းရုံသာမက သင်ကြားပေးသော အကြောင်းအရာများမှာလည်း ရိုးရှင်းလွန်းသဖြင့် ချီးကျူးစရာ တစ်ကွက်မျှ မရှိပေ။
ထိုသူ သင်ကြားပေးသော အရာများစုမှာ လက်တွေ့ အခြေအနေ အများစုတွင် အသုံးမဝင်ကြောင်း ချင်ဟန် ခံစားနေမိသည်။
သေချာသည်ကတော့ ဤလောကတွင် အမှန်တကယ် အသုံးမကျသော လူဟူ၍ မရှိချေ။
ထိုသူမှာ ညံ့ဖျင်းသော ဆရာတစ်ဦး ဖြစ်လင့်ကစား ကိုင်ဆန် မြို့စားကြီးနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး သူတို့နှစ်ယောက်မှာ ယခင်က ရင်းနှီးသော မိတ်ဆွေဟောင်းများ ဖြစ်ခဲ့ပုံရ၏။ ထို့ကြောင့် ဤဆရာမှ တစ်ဆင့် ကိုင်ဆန် မြို့စားကြီး အပေါ် အနည်းနှင့်အများ လွှမ်းမိုးနိုင်စွမ်း ရှိကောင်း ရှိလာနိုင်ပေမည်။
ဤသည်မှာ ချင်ဟန်က သင်ခန်းစာကို သည်းခံ နားထောင်ခဲ့ရသည့် အကြောင်းရင်းပင်။ သင်ခန်းစာ ပြီးဆုံးအောင် တက်ရောက်ခဲ့ရုံသာမက အလွန် စိတ်ဝင်စားဟန် ဆောင်ကာ ဆရာဖြစ်သူအား ကျေနပ် ဝမ်းမြောက်သွားစေရန်ပင် ပြုလုပ်ပေးခဲ့သေး၏။
စာသင်ခန်းမှ ထွက်ခွာလာပြီးနောက် ချင်ဟန်က သူ့အခန်းသို့ ပြန်လာရင်း အကြောင်းအရာ အချို့ကို တွေးတောနေမိသည်။
ယခု ဇာတ်ကောင် ဝင်ရောက်မှုတွင် သူ့အစပျိုး အခြေအနေမှာ ယခင် အကြိမ် နှစ်ခေါက်ထက် သံသယ ဝင်စရာ မလိုအောင် ပိုကောင်းမွန်နေခဲ့သည်။
သို့တိုင် ပြဿနာများစွာ ရှိနေဆဲပင်။
ဤလောကသို့ ဝင်ရောက်လာပြီးနောက် ချင်ဟန်၏ အဓိက ရည်မှန်းချက်မှာ သဘာဝကျကျပင် အမှတ်များ ရယူရန် ဖြစ်၏။
သူ့ပထမဆုံး အတွေ့အကြုံအရ အမှတ်များ ရယူချင်ပါက သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် အရာဝတ္ထုများ အပေါ် ကြီးမားသော လွှမ်းမိုးမှု တစ်ခု သက်ရောက်နိုင်ရန် လိုအပ်ကြောင်း ချင်ဟန် ကောင်းစွာ သိထားသည်။
အကယ်၍ လုံလောက်သော လွှမ်းမိုးမှုမျိုး ရယူလိုပါက အာဏာနှင့် အဆင့်အတန်း လိုအပ်ပေမည်။
ချင်ဟန်၏ လက်ရှိ အဆင့်အတန်းအရ ရှေ့ဆက် တက်လှမ်းရန် ရွေးချယ်စရာ နည်းလမ်း တစ်ခုတည်းသာ ရှိနေပုံရတော့သည်။
"စွမ်းအားပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလို့ ရတော့မယ်... ဒါပေမဲ့ ငါ့အဆင့်အတန်း မြင့်တက်လာဖို့ အတွက်ကတော့ အစီအစဉ် တချို့ ရှိထားပြီးသားပါ..."
စားပွဲခုံရှေ့တွင် ထိုင်ရင်း သူ့စိတ်ထဲ တိတ်တဆိတ် တွေးတောနေလိုက်သည်။
ယခုတစ်ကြိမ် သူရရှိထားသော ခန္ဓာကိုယ် ပိုင်ရှင်မှာ မြို့စားကြီး တစ်ဦး၏ အငယ်ဆုံးသား ဖြစ်သည်။
ဤအချက်မှာ ကံဆိုးမှုနှင့် ကံကောင်းမှု နှစ်ခုစလုံး ဒွန်တွဲနေသည်။
ကံဆိုးသည်ဟု ဆိုရခြင်းမှာ သူ့တွင် အရိုက်အရာ ဆက်ခံခွင့် မရှိသလို ဖခင်၏ ဘွဲ့ထူး ဂုဏ်ပုဒ်များကိုလည်း ဆက်ခံနိုင်မည် မဟုတ်သောကြောင့်ပင်။
သို့သော် သူ ကံကောင်းနေသည်က သူ့အထက်ရှိ အရိုက်အရာ ဆက်ခံမည့်သူများသာ သေဆုံးသွားခဲ့ပါက ဖခင်ဖြစ်သူ၏ နေရာကို ဆက်ခံ၍ ဤနယ်မြေအား လွှဲပြောင်း ရယူနိုင်မည် ဖြစ်သည်။
အကယ်၍ ထိုရည်မှန်းချက်ကို အကောင်အထည် ဖော်လိုပါက သူ့ရှေ့တွင် အတားအဆီး တစ်ခုတည်းသာ ရှိတော့၏။
အော်မန်ဒို...
ထိုနာမည်ကို တွေးမိသည်နှင့် သူ အလိုအလျောက် ရယ်မောမိသွားပြီး ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်မျိုးကိုပါ ရရှိလိုက်သည်။
ယခင်က ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးသလို ခံစားနေရသည်။
သူ့လက်ရှိ အခြေအနေမှာ ယခင်က ဝင်ရောက်ခဲ့ဖူးသော ဆော်ရန်ဒို၏ အခြေအနေနှင့် အလွန် တူညီနေသည် မဟုတ်ပါလား။
သေချာသည်က အခြေအနေချင်း ဆင်တူနေသော်ငြား ချင်ဟန်၏ လက်ရှိ ဝန်းကျင်မှာ အတော်လေး ကွာခြားလှသည်။
အနည်းဆုံးတော့ ဆော်ရန်ဒိုနှင့် နှိုင်းယှဉ်လျှင် သူ့ဖခင် ကိုင်ဆန် မြို့စားကြီးမှာ ကျန်းကျန်းမာမာ ရှိနေသေးပြီး မည်သည့် ပြဿနာမျှ ရှိနေပုံ မပေါ်ချေ။
ထိုသည်က ချင်ဟန် အနေဖြင့် အချိန် အများကြီး ရထားပြီး ဖြည်းဖြည်းချင်း အစီအစဉ် ဆွဲနိုင်ကြောင်း ညွှန်ပြနေ၏။
ထိုအထိ တွေးတောပြီးနောက် အခြားသော ကိစ္စရပ်များကိုပါ ဆက်လက် စဉ်းစားနေလိုက်သည်။
နေမင်းကြီး ဝင်ရောက်စ ပြုလာချိန်တွင် ချင်ဟန်က အပြင်ဘက်ရှိ လူသူကင်းမဲ့သော လွတ်လပ်သည့် နေရာတစ်ခုဆီ ထွက်လာခဲ့သည်။
ထိုနေရာတွင် စစ်သည်ဟောင်းကြီး တစ်ဦး ရပ်စောင့်နေ၏။
သူက အရပ်မြင့်မြင့်နှင့် လူလတ်ပိုင်း အရွယ် ဖြစ်ပြီး အသက် လေးဆယ် သို့မဟုတ် ငါးဆယ် ဝန်းကျင်ခန့်၊ ကိုင်ဆန် မြို့စားကြီးနှင့် ရွယ်တူလောက် ရှိပေမည်။ သူ့အသားအရေမှာ ညိုမည်းနေပြီး မျက်နှာထားမှာလည်း သပ်သပ်ရပ်ရပ် မရှိပေ။ သူ့ကြံ့ခိုင်သော ရုပ်သွင်က စစ်သည်ဟောင်းကြီး တစ်ဦး၏ စိတ်ဓာတ်ကို ဖော်ပြနေသကဲ့သို့ပင်။
သူက ဖာထေးထားသော နေရာအချို့ ပါဝင်သည့် စုတ်ပြတ်နေသော မီးခိုးရောင် ဝတ်ရုံ တစ်ထည်ကို ဝတ်ဆင်ထားသည်။ ကြည့်ရသလောက် သူတို့၏ စီးပွားရေး အခြေအနေမှာ အတော်လေး ဆိုးရွားနေပုံရ၏။
အထင်ရှားဆုံး အချက်က သူ့ဘယ်ဘက် အင်္ကျီလက်မှာ ဟာလာဟင်းလင်း ဖြစ်နေခြင်းပင်။ သူ့ဘယ်ဘက် လက်တစ်ဖက်လုံး ပြတ်တောက်သွားခဲ့လေပြီ။
ချင်ဟန် သူ့အား မြင်လိုက်ချိန်တွင် ထိုသူကလည်း ချင်ဟန်ကို သတိထားမိသွားသည်။
တစ်ဖက်လူ ဘာစကားမှ မဆိုရသေးခင်မှာပင် ချင်ဟန်က အနီးသို့ တိုးသွားကာ တောက်ပစွာ ပြုံးရွှင်ရင်း...
"ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာပါတယ် သခင်ဂျစ်"
"သခင်လေး ကိုင်လင်း... မင်္ဂလာပါ..."
ချင်ဟန်အား ကြည့်ရင်း ဂျစ် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အဆင်မပြေစွာဖြင့် ပြုံးပြလာသည်။
ယခင်က ချင်ဟန်နှင့် အများကြီး ဆက်ဆံခဲ့ဖူးခြင်း မရှိချေ။ သူတို့ကြားတွင် ဘာပတ်သက်မှုမှ မရှိခဲ့ဟုပင် ဆိုရပေမည်။
သို့တိုင် ဤအလုပ်မှာ သူ မဖြစ်မနေ လက်ခံရမည့် အရာတစ်ခု ဖြစ်နေပုံရ၏။
ထို့အပြင် ချင်ဟန်မှာ ဤနယ်မြေကို အုပ်ချုပ်သူ့ သားတစ်ယောက် ဖြစ်သည်။ အကယ်၍ သူသာ ဒဏ်ရာမရဘဲ အစောင့်တပ်ဖွဲ့တွင် ရှိနေဆဲ ဖြစ်လျှင်ပင် ရိုသေ လေးစားမှု ပြသရမည့်သူ တစ်ဦး ဖြစ်နေသေးသည် မဟုတ်ပါလား။
"ဒီလောက်ထိ ရိုသေနေစရာ မလိုပါဘူးဗျာ" သခင်ဂျစ် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် အနေဖြင့် ချင်ဟန်က မာနထောင်လွှားခြင်း၊ အထက်စီးမှ ဆက်ဆံခြင်းမျိုး မရှိပေ။ သူ့အစ်ကို ဖြစ်သူနှင့် လုံးဝကို ကွဲပြား ခြားနားနေ၏။
သူ့တွင် နူးညံ့ပြီး သိမ်မွေ့သော သဘောထား ရှိသည့်အပြင် မျက်နှာထက်တွင် အမြဲတမ်း အပြုံးတစ်ခု ချိတ်ဆွဲထားသဖြင့် ဘေးပတ်လည်ရှိ လူများကို သက်တောင့်သက်သာ ဖြစ်စေသည်။
ချင်ဟန်ကို ကြည့်ရင်း ဂျစ်လည်း စိတ်သက်သာရာ ရသွားပြီးနောက်...
"အချိန်လည်း လင့်နေပြီဆိုတော့ ကျွန်တော်တို့ စလိုက်ကြရအောင်"
"ကောင်းပါပြီ" ချင်ဟန်က ခေါင်းညိတ်ပြီးနောက် သူ့ထံ ကမ်းပေးလာသော ဓားတို တစ်လက်ကို လှမ်းယူလိုက်သည်။
"လေ့ကျင့်မှုတွေ မစခင် သခင်လေးရဲ့ လက်ရှိ အရည်အချင်းတွေကို အရင်ဆုံး စမ်းသပ်ကြည့်ချင်ပါတယ်..." ဂျစ်က ချင်ဟန်အား ကြည့်၍ လိမ္မာပါးနပ်စွာ အကြံပြုလာ၏။
သူက စတင် မသင်ကြားပေးမီ ချင်ဟန်၏ လက်ရှိ ကျွမ်းကျင်မှု အဆင့်ကို အရင် သိချင်နေခြင်းပင်။
သူက ချင်ဟန်အား အခြေခံမှစ၍ သင်ကြားပေးရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ မည်သို့ပင်ဆိုစေ ချင်ဟန်၏ ရုပ်သွင်ကို ကြည့်ရသလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်သူ သို့မဟုတ် ဓားသိုင်း လေ့ကျင့်ထားသူ တစ်ယောက်နှင့် မတူသောကြောင့် ဖြစ်၏။
သို့သော် သူ မြင်တွေ့လိုက်ရသော မြင်ကွင်းက သူ့အား ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
ချင်ဟန်က ဓားကို ဆွဲထုတ်၍ တစ်ချက်ချင်းစီ ဖြည်းဖြည်းချင်း လွှဲယမ်းနေလိုက်သည်။ သူက ဓားသိုင်းများနှင့် သိပ်မရင်းနှီးဘဲ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းနေသော်ငြား မူမမှန်လောက်အောင် ကျွမ်းကျင်နေသကဲ့သို့ ခံစားရ၏။ ဓားကို ယခုမှ စတင် ကိုင်တွယ်သူ တစ်ယောက်နှင့် မတူဘဲ ကျွမ်းကျင်သူ တစ်ဦးနှင့် ပိုတူနေသည်။
ဤသည်မှာ ပုံမှန် လေ့ကျင့်ခန်း မလုပ်သူ တစ်ယောက် မဟုတ်ပေ... သေချာပေါက် ပုံမှန် လေ့ကျင့်နေသူ တစ်ယောက်၏ ကျွမ်းကျင်မှုများပင် ဖြစ်သည်။
သခင်ဂျစ် တစ်ယောက် ချက်ချင်းပင် ဆွံ့အသွားတော့သည်။
ပုံမှန်အားဖြင့် အတော်လေး သာမန်ဆန်ပြီး အပျော်အပါး မက်ပုံရသော မြို့စားကြီး၏ သားအငယ်ဆုံးထံတွင် ယခုလို စွမ်းရည်မျိုး ရှိလိမ့်မည်ဟု သူ တစ်ခါမှ မထင်မှတ်ထားခဲ့ချေ။
"သခင်လေး အနေနဲ့ ပုံမှန်ဆိုရင် အရမ်း ကြိုးစားလေ့ကျင့်ပေမဲ့ အပြင်လူတွေကို ပေးမသိတာ ဖြစ်ရမယ်"
ချင်ဟန်အား ကြည့်ရင်း သခင်ဂျစ်လည်း အံ့အားသင့်စွာ သက်ပြင်းချလိုက်မိပြီး... "ဓားသိုင်း ကျွမ်းကျင်မှု အရဆိုရင် သခင်လေးက သခင်လေးရဲ့ အစ်ကိုထက်တောင် သာလွန်နေလောက်ပြီ...
ဒါပေမဲ့ ပြဿနာ သေးသေးလေး တချို့တော့ ရှိနေသေးတယ်"
သူက ချင်ဟန်အား ကြည့်၍ ခဏတာ စဉ်းစားပြီးနောက် ချို့ယွင်းချက် အနည်းငယ်ကို ထောက်ပြလာသည်။
ဤချို့ယွင်းချက် အချို့မှာ ချင်ဟန် တမင်တကာ ထုတ်ဖော် ပြသထားခြင်း ဖြစ်ပြီး အချို့မှာမူ သူ့ခန္ဓာကိုယ်၏ အခြေအနေကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူက ဤခန္ဓာကိုယ်ထဲသို့ ယခုမှ ဝင်ရောက်လာခြင်း ဖြစ်သောကြောင့် သူ့လှုပ်ရှားမှု အချို့မှာ အတော်လေး တောင့်တင်းနေသည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။
သာမန်လူများ အနေဖြင့် ချို့ယွင်းချက် များများစားစား မြင်တွေ့နိုင်မည် မဟုတ်သော်ငြား သခင်ဂျစ် ကဲ့သို့သော အတွေ့အကြုံရင့် စစ်သည် တစ်ယောက် အတွက်မူ အလွန် ထင်ရှားလွန်းနေလေပြီ။
***