အချိန် အနည်းငယ် ကုန်လွန်သွားခဲ့လေပြီ။
ဤလောကတွင် ပါရမီရှင်များ ရှိသည်ဆိုခြင်းကို သခင်ဂျစ် တစ်ခါမှ မယုံကြည်ခဲ့သလို ဓားကို ယခုမှ စတင် ကိုင်တွယ်ကာ နေ့လယ်ခင်း တစ်ခုစာ လေ့ကျင့်ရုံမျှဖြင့် သူ တစ်သက်လုံး စုဆောင်းလာခဲ့သော ကျွမ်းကျင်မှုများ အားလုံး တတ်မြောက်သွားနိုင်မည့်သူ ရှိလိမ့်မည်ဟုလည်း လုံးဝ မယုံကြည်ခဲ့ပေ။
သို့သော် ရိုးသားသော အမူအရာနှင့် တောက်ပသော အပြုံးကို ပိုင်ဆိုင်ထားသည့် ချင်ဟန်အား ကြည့်ရင်း သူ မယုံဘဲ မနေနိုင်တော့ချေ။
ချင်ဟန်က အမှန်တကယ်ကို စစ်မှန်သော ပါရမီရှင် တစ်ယောက်ပင်။
အချိန် အများကြီး မကြာလိုက်ဘဲ နေ့လယ်ခင်း တစ်ခုစာ အတွင်းမှာပင် သူက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
ထိုနေရာတွင် ရပ်နေရင်း သခင်ဂျစ် တစ်ယောက် အရာအားလုံးကို အံ့ဩဖွယ် ကောင်းလောက်အောင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။
အစပိုင်းတွင် ချင်ဟန်၏ လှုပ်ရှားမှုများမှာ အတော်လေး အဆင်မပြေဖြစ်ပြီး တောင့်တင်းနေခဲ့သော်ငြား သူက လျင်မြန်စွာပင် ပိုကျွမ်းကျင်လာကာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ဓားကို လွှဲယမ်းလိုက်တိုင်း သူ့ကဲ့သို့သော စစ်သည်ဟောင်းကြီး တစ်ဦးပင် အတော်လေး ကြောက်ရွံ့လာသလို ခံစားလိုက်ရတော့သည်။
ငယ်စဉ် ကတည်းက စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ပြီး အခြားသော လက်ရွေးစင် စစ်သည် အများအပြားကို သတ်ဖြတ်ခဲ့ဖူးသည့် လက်ရွေးစင် စစ်သည်များပင် ဤနည်းတူ ခံစားရပေလိမ့်မည်။
ချင်ဟန်မှာ သံသယ ဝင်စရာ မလိုအောင် စစ်မှန်သော ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း သေချာနေလေပြီ။
"သင်ကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
သတိမထားမိလိုက်ခင်မှာပင် ဤလေ့ကျင့်ရေး အချိန်လေး ပြီးဆုံးသွားခဲ့၏။
ချင်ဟန်က ဓားကို ပြန်သိမ်းပြီး သခင်ဂျစ်အား ကြည့်ကာ ရိုးသားသော အမူအရာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး" ချင်ဟန်ရှေ့တွင် သခင်ဂျစ်က အနည်းငယ် အနေခက်နေဆဲ ဖြစ်ပြီး လက်ကာပြရင်း... "သခင်လေးရဲ့ ပါရမီက ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ"
သူက ချင်ဟန်အား ကြည့်၍ အမြင့်မားဆုံး မှတ်ချက် ပေးလာ၏။
"တကယ်လို့ သခင်လေးသာ စစ်မြေပြင်ကို ဝင်ရောက်မယ်ဆိုရင် သေချာပေါက် အတော်ဆုံး လက်ရွေးစင် စစ်သည် တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ"
"ချီးကျူးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ချင်ဟန်က ခပ်ဟဟသာ ပြုံးလိုက်ပြီး ထိုစကားအား စိတ်ထဲ အများကြီး မထားခဲ့ပေ။ ကောင်းကင်ကို ကြည့်ရင်း သူက ပြုံး၍...
"အချိန်လည်း လင့်နေပြီ... ခင်ဗျားကို အိမ်ပြန်ပို့ပေးပါရစေ"
သူတို့နှစ်ယောက် နေ့လယ်ခင်း တစ်ခုလုံး လေ့ကျင့်ခဲ့ကြရာ ယခုဆိုလျှင် အတော်လေး မှောင်စ ပြုနေလေပြီ။
အပြင်လူ တစ်ယောက် ဖြစ်သောကြောင့် သခင်ဂျစ်၏ အိမ်မှာ ဤနယ်မြေအတွင်း၌ မရှိဘဲ သူ့ရှေ့တွင် ခရီးရှည်ကြီး တစ်ခု ကျန်နေသေး၏။
ညဘက် ခရီးသွားရသည်မှာ သိပ်မလုံခြုံပေ... သူက ကြောက်မက်ဖွယ် သားရဲကောင်များနှင့် ကြုံတွေ့ရနိုင်ခြေ အလွန်များပြားသည်။
ထို့ကြောင့် ဂျစ် တစ်ယောက်တည်း အိမ်ပြန်ရမည်ဆိုပါက အတော်လေး အန္တရာယ် များပေလိမ့်မည်။
"ဒီလောက်ထိ အလုပ်ရှုပ်ခံပြီး မပို့ပါနဲ့တော့..." သခင်ဂျစ်မှာ အလိုအလျောက် ငြင်းဆန်လိုက်မိသည်။ သူက ချင်ဟန်အား ဒုက္ခမပေးရဲသော်ငြား သူ့စကား မဆုံးခင်မှာပင် ချင်ဟန်က သူ့လက်ကို ဆွဲကိုင်လာ၏။
"အားနာမနေပါနဲ့ဗျာ" ချင်ဟန်က ပြုံးရွှင်စွာဖြင့်... "ကျွန်တော်လည်း အပြင်ထွက်ချင်နေတာနဲ့ အတော်ပဲ... ခရီးကြုံလို့ လိုက်ပို့တာပါ"
သူက ငြင်းဆန်ခွင့် မပေးတော့ချေ။
ထို့နောက် သူတို့နှစ်ယောက် လမ်းမကြီး အတိုင်း လျှောက်ထွက်လာခဲ့ကြသည်။
တိုက်ဆိုင်စွာပင် အနီးအနား၌ လူတစ်စု စုဝေး၍ လေ့ကျင့်ရေး ဆင်းနေကြသည်ကို မြင်တွေ့လိုက်ရ၏။
အော်မန်ဒို၏ မြင့်မားသော ပုံရိပ်က မြင်ကွင်း အလယ်ဗဟိုတွင် ရပ်နေပြီး သူ့လက်အောက် ငယ်သားများကို တည်ကြည် ပြင်းထန်သော အမူအရာဖြင့် ဆူပူ ကြိမ်းမောင်းနေသည်။
သခင်ဂျစ် တစ်ယောက် ထိုသူများအား ငေးမကြည့်ဘဲ မနေနိုင်တော့ချေ။
ထိုအထဲတွင် သူနှင့် ရင်းနှီးကျွမ်းဝင်သူ အများအပြား ပါဝင်နေပြီး အားလုံးမှာ ယခင် တပ်ဖွဲ့မှ သူ့ရဲဘော်ရဲဘက်များ ဖြစ်ကြ၏။
ထိုသူများအား မြင်တွေ့လိုက်ရချိန်တွင် သူ့မျက်ဝန်းထဲ၌ လွမ်းဆွတ် တသမှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။
ချင်ဟန်က သူ့ပခုံးအား အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ဤမြင်ကွင်းကို လေ့ကျင့်ရေး ဆင်းနေသော စစ်သည်များ လှမ်းမြင်သွားကြ၏။ ထိုအခိုက်အတန့်တွင် ထိုသူများ၏ မျက်ဝန်းများမှာ တောက်ပသွားသည်။
မည်သည့် နေရာတွင် ဖြစ်ပါစေ အားနည်းပြီး အဆင့်အတန်း နိမ့်ကျသူများကို ဂရုစိုက် ဖေးမတတ်သူများမှာ လူတိုင်း၏ လေးစားမှုကို ခံရစမြဲပင်။
အထူးသဖြင့် ဂျစ်ကဲ့သို့ အခြေအနေမျိုး ကြုံတွေ့နေရချိန်တွင် ပို၍ပင် မှန်ကန်လှ၏။
တပ်ဖွဲ့၏ မူလ ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးသူ့ လက်ရှိ အခြေအနေမှာ ဤစစ်သည် အများစု ကြုံတွေ့ရမည့် အနာဂတ် ဖြစ်လာနိုင်သောကြောင့် ခံစားချက်များက ပိုပြင်းထန် နက်ရှိုင်းနေခြင်း ဖြစ်သည်။
သခင်ဂျစ်အား ဤမျှ ရင်းနှီး နွေးထွေးစွာနှင့် လေးလေးစားစား ဆက်ဆံပေးနေသည်ကို မြင်တွေ့ရချိန်တွင် သူတို့ မျက်ဝန်းများ တောက်ပသွားပြီး ချင်ဟန် အပေါ် ထားရှိသည့် အမြင်များစွာ တိုးတက် ကောင်းမွန်လာတော့သည်။
ထိုသူများ၏ တုံ့ပြန်မှုကို သတိထားမိသည့် အလား ချင်ဟန်က သဘာဝကျကျ ပြုံးရွှင်နေဆဲပင်။ သူ့ချောမောလှပသော ရုပ်ရည် သွင်ပြင်နှင့်ပါ ပေါင်းစပ်လိုက်ချိန်တွင် သူ့အား မြင်တွေ့ရသူတိုင်း ကြည်နူး နှစ်သက်စိတ်များ မဖြစ်ပေါ်ဘဲ မနေနိုင်တော့ချေ။
ချင်ဟန် အနီးသို့ ရောက်လာသည်နှင့် အော်မန်ဒိုလည်း သူတို့ကို လှမ်းမြင်သွား၏။
အစပိုင်းတွင် သူ့မျက်နှာထားမှာ တည်ကြည် ခက်ထန်နေဆဲပင်။ သို့သော် ဂျစ်၏ ပြတ်တောက်နေသော ဘယ်ဘက် လက်မောင်းကို မြင်လိုက်ရချိန်တွင် အထင်အမြင် သေးဟန်ဖြင့် လှမ်းကြည့်ပြီး ဘာစကားမှ မဆိုခဲ့ပေ။
သူက သူတို့ကို နှုတ်ဆက်မည့် အရိပ်အယောင်ပင် မပြချေ။
အော်မန်ဒို၏ ပုံစံကို မြင်လျှင် ချင်ဟန်က ခပ်ဟဟ ပြုံး၍ ခဏတာ စဉ်းစားလိုက်ပြီးနောက် အစေခံ တစ်ဦးအား ခေါ်ယူကာ...
"ဒီလောက် ပူအိုက်တဲ့ နေ့ကြီးမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာ သိပ်ကို ပင်ပန်းလွန်းမနေဘူးလား...
ဒီပင်ပန်းနွမ်းနယ်နေတဲ့ စစ်သည်တွေ အမောပြေသွားအောင် အေးမြတဲ့ သောက်စရာ တစ်ခုခု သွားယူခိုင်းလိုက်စမ်းပါ"
ထိုအစေခံလည်း အလျင်အမြန် ထွက်ခွာသွားပြီး ချင်ဟန်က ဂျစ်အား မြင်းလှည်းပေါ် တက်နိုင်ရန် ကူညီပေးလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် အတော်လေး ရှည်လျားသော ခရီးစဉ်ကို စတင် ထွက်ခွာလာခဲ့ကြတော့သည်။
ခရီးစဉ်မှာ အတော်လေး လှုပ်ခါနေပြီး လမ်းခရီးကလည်း ကြမ်းတမ်းလှ၏။
မြင်းလှည်းမှာ တုန်ခါမှု ကာကွယ်သည့် စနစ် ကောင်းမွန်စွာ မပါရှိသည့်အပြင် လမ်းကလည်း အတော်လေး ကျဉ်းမြောင်းလွန်းရာ လမ်းတစ်လမ်းတည်း ရှိသည်ဟုပင် ဆိုနိုင်သည်။
မြင်းလှည်းပေါ် စီးနှင်လာရင်း ချင်ဟန်က ပြင်းထန်သော တုန်ခါမှုများကို ခံစားနေရသဖြင့် အတော်လေး သက်သောင့်သက်သာ မရှိဖြစ်နေမိသည်။
သို့သော် ဂျစ် အဖို့တော့ အတော်လေး အဆင်ပြေနေပုံရ၏။
မည်သို့ပင်ဆိုစေ ဤလမ်းကြမ်းကြီးကို ခြေလျင် လျှောက်ရသည်ထက် ထိုင်စီးလာရခြင်းက များစွာ ပိုသက်သောင့်သက်သာ ရှိသည် မဟုတ်ပါလား။
အထူးသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် ဤကဲ့သို့ လမ်းမျိုးအား ခြေလျင် လျှောက်ရခြင်းမှာ အလွန်တရာ အန္တရာယ် များပြားလှသည်။
ထို့အပြင် သူ အပျင်းတေနေရမည် မဟုတ်ချေ။
မြင်းလှည်း အတွင်း၌ ချင်ဟန်က သူ့အား မေးခွန်းများ အဆက်မပြတ် မေးမြန်းနေခဲ့သည်။
ဂျစ်မှာ စစ်သည်ဟောင်းကြီး တစ်ဦး ဖြစ်သလို ကိုင်ဆန် မြို့စားကြီး လက်အောက်တွင်လည်း အချိန် ကြာမြင့်စွာ အမှုထမ်းခဲ့ဖူးသူ ဖြစ်၏။
ဤသည်မှာ သူ့တွင် လုပ်ငန်း အတွေ့အကြုံ များပြားရုံသာမက အဆက်အသွယ် အများအပြား ရှိပြီး အကြောင်းအရာ စုံလင်စွာ သိရှိထားကြောင်း ညွှန်ပြနေသည်။
အခြေအနေ အရပ်ရပ်အား နားလည် သဘောပေါက်စေရန် ချင်ဟန်ကို ကူညီပေးရာတွင် သူက အလွန်တရာ အသုံးဝင်သည်။
ဂျစ် ပြောပြသည်များကို နားထောင်ပြီးနောက် ချင်ဟန်လည်း တဖြည်းဖြည်း သဘောပေါက် နားလည်လာခဲ့၏။
ကိုင်ဆန် မြို့စားကြီး၏ နယ်မြေမှာ အလွန်အမင်း မကြီးမားသော်လည်း အတွင်း၌ နေထိုင်သူ အများအပြား ရှိပြီး ခန့်မှန်းခြေ လူဦးရေ တစ်သောင်းခန့် ရှိသည်။
သေချာသည်ကတော့ ဤလူ တစ်သောင်းမှာ နေရာ အနည်းငယ်တွင်သာ စုဝေး နေထိုင်ကြပြီး အများစုမှာ နယ်မြေ အနှံ့အပြားသို့ ပြန့်ကျဲ နေထိုင်ကြခြင်း ဖြစ်၏။
ကိုင်ဆန် မြို့စားကြီး၏ အုပ်ချုပ်မှု အောက်တွင်မူ လူနှစ်ရာခန့် ပါဝင်သော အစောင့်တပ်ဖွဲ့ တစ်ခု ရှိလေသည်။
ဤစစ်သည်များကို ကိုင်ဆန် မြို့စားကြီး ကိုယ်တိုင်က ရန်ပုံငွေ ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး ယာယီ စုဆောင်းထားသည့် ပြည်သူ့စစ်များနှင့် လုံးဝကို ကွဲပြား ခြားနားလှသည်။
တိုက်ပွဲများ ဖြစ်ပွားလာပါက ဤလူနှစ်ရာ ပါဝင်သော တပ်ဖွဲ့မှာ အဓိက အင်အားစု ဖြစ်ပြီး ပြည်သူ့စစ်များကိုပါ ပေါင်းထည့်လိုက်လျှင် လူတစ်ထောင်ခန့် ပါဝင်သော စစ်တပ် တစ်ခု အဖြစ် ဖွဲ့စည်းနိုင်စွမ်း ရှိ၏။
ထိုအထိ နားထောင်ပြီးနောက် ချင်ဟန်က ခဏတာ တွေးတောလိုက်ပြီး... "အစစ်အမှန် သူရဲကောင်းတွေမှာ ကြီးမားတဲ့ စွမ်းအားတွေ ရှိပြီး စစ်တပ် တစ်တပ်လုံးကို တစ်ယောက်တည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်... အဲ့ဒါ တကယ်ပဲလား"
"ဒါက..." ချင်ဟန် ထိုကဲ့သို့ မေးခွန်းမျိုး မေးလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဂျစ် ခဏတာ တုံ့ဆိုင်းသွားသည်။
သို့သော် သူက လျင်မြန်စွာပင် ပြန်ဖြေလာ၏။
"ဒီလို ဒဏ္ဍာရီတွေ ရှိနေတာတော့ အမှန်ပါပဲ" ဂျစ်က ခေါင်းညိတ်လိုက်ပြီး... "ကျွန်တော်လည်း ဒီလို ပုံပြင်မျိုးတွေ ကြားဖူးပါတယ်... ဒါပေမဲ့ အဲ့ဒီလို လူမျိုးကိုတော့ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မတွေ့ဖူးသေးဘူး"
သူ့အဖြေက သတင်းအချက်အလက် အချို့ကို ဖော်ပြနေခဲ့သည်။ ၎င်းမှာ ဤဒေသတွင် သူရဲကောင်းများ ရှိနေသော်ငြား အရေအတွက် အားဖြင့် များများစားစား မရှိပေ။
ဤသည်မှာ သိပ်တော့ မထူးဆန်းလှ။
ပထမဆုံး အကြိမ် ဇာတ်ကောင် ဝင်ရောက်မှုတွင် ချင်ဟန်မှာ ကြေးစား စစ်သည် တစ်ယောက် အဖြစ် နေရာအနှံ့ ခရီးသွား၍ တိုက်ပွဲဝင်ခဲ့ဖူးသည်။
အလှမ်းဝေးသော ဒေသများတွင် စစ်မှန်သည့် သူရဲကောင်းများနှင့် သူရဲကောင်း အမွေအနှစ်များ ပိုင်ဆိုင်ထားသော မှူးမတ် မိသားစုများ ကင်းမဲ့နေတတ်ကြောင်း သူ ရှာဖွေ တွေ့ရှိခဲ့၏။
သူ လက်ရှိ ရောက်ရှိနေသော ဒေသမှာလည်း ခေတ်နောက်ကျ ကျန်ရစ်နေသော နယ်မြေ တစ်ခု ဖြစ်ရန် အလားအလာ များနေလေပြီ။
***