"ဒါပေမဲ့ ပြန်တွေးကြည့်ရင်... နည်းနည်း နောက်ကျကျန်ရစ်နေတဲ့ ဒေသတွေကလည်း ကောင်းတာပါပဲ..."
သူ ရရှိထားသော သတင်းအချက်အလက်များကို ပြန်လည် စဉ်းစားရင်း ခေါင်းညိတ်လိုက်၏။
ခေတ်နောက်ကျနေသော ဒေသများဆိုသည်မှာ သူတို့တွင် အင်အားတောင့်တင်းသော တပ်ဖွဲ့များ မရှိသည့်အပြင် စွမ်းအားကြီးမားသော သူရဲကောင်းများလည်း ရှိနေမည် မဟုတ်ကြောင်း ညွှန်ပြနေသည်။
ဤသည်မှာ သူ အနေဖြင့် ဤဒေသတွင် တစ်စုံတစ်ရာ ပြုလုပ်လိုပါက ထင်သလောက် ခက်ခဲမည် မဟုတ်ကြောင်း ဆိုလိုခြင်းပင်။
ချင်ဟန် စိတ်ထဲ တိတ်တဆိတ် တွေးတောနေစဉ် သူ့မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခုအား ဆက်လက် ထိန်းသိမ်းထားပြီး ဂျစ် အနေခက် မသွားစေရန် အဆက်မပြတ် စကားပြောဆိုနေခဲ့၏။
သူ့လေသံမှာ တည်ငြိမ်နေပြီး ဆက်ဆံရေးကလည်း ဖော်ရွေလှသည်။ စကားပြောဆိုရာတွင် မှူးမတ် တစ်ဦးဟူသော သူ့ အဆင့်အတန်းအပေါ် အာရုံမစိုက်ဘဲ မျိုးဆက်သစ် ကျောင်းသား တစ်ဦးကဲ့သို့သာ ပြုမူနေသဖြင့် ဂျစ် အနေဖြင့် သူ့အပေါ် များစွာ အထင်ကြီး လေးစားသွားတော့သည်။
သူ့ရှေ့ရှိ ချင်ဟန်အား ကြည့်ရင်း ဂျစ် တစ်ယောက် အော်မန်ဒိုကို မတွေးဘဲ မနေနိုင်တော့ချေ။
သူတို့မှာ ညီအစ်ကို အရင်းများ ဖြစ်လင့်ကစား အော်မန်ဒိုကမူ ဤကဲ့သို့ ချင်ဟန်နှင့်ပင် စကားပြောဆိုလိမ့်မည် မဟုတ်ပေ။
"တကယ်လို့ သခင်လေး အော်မန်ဒိုသာ ဆိုရင်... ငါ့ကို ဘယ်လို ဆက်ဆံမလဲ"
ထိုအကြောင်းကို သူ မစဉ်းစားဘဲ မနေနိုင်ခဲ့ချေ။
ထို့နောက် အစောပိုင်းက မြင်ကွင်းကို ပြန်လည် စဉ်းစားမိသွားသည်။ အော်မန်ဒို၏ အေးစက်သော အကြည့်ကို တွေးမိသည်နှင့် တိတ်တဆိတ် သက်ပြင်း မချဘဲ မနေနိုင်တော့ပေ။
လက်တစ်ဖက် ဆုံးရှုံးသွားသော သူ့အတွက် ထိုလူများ အမြင်တွင် အသုံးမကျသူ တစ်ယောက် ဖြစ်သွားခဲ့ပြီမို့ မည်သည့် ဂရုစိုက်မှု၊ စဉ်းစားပေးမှုမျိုးမှ တန်ဖိုး မရှိတော့ချေ။
ချင်ဟန် တစ်ယောက်တည်းကသာ သူ့အား ဤမျှ ဂရုစိုက်ပေးခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ထိုအထိ တွေးမိသွားချိန်တွင် သူ့ရင်ထဲ အနည်းငယ် လှုပ်ရှားသွားပြီး ချင်ဟန်အား ကြည့်သော အကြည့်တို့မှာ ပိုကျေးဇူးတင် လေးစားမှုများဖြင့် ပြည့်နှက်လာတော့၏။
ချင်ဟန်က ဤအပြောင်းအလဲကို သတိပြုမိလိုက်ပြီး စိတ်ထဲ တိတ်တဆိတ် ရယ်မောလိုက်သည်။
ဂျစ်ကို အိမ်ပြန်ပို့ပြီးနောက် ချင်ဟန်က သူ့မိသားစုကို တကူးတက သွားရောက် တွေ့ဆုံခဲ့၏။
သူ သိထားသလောက်ဆိုလျှင် ဂျစ်၏ မိသားစုတွင် လူအများအပြား ရှိလေသည်။ သူ့တွင် ကလေး ငါးယောက် ရှိသည့်အပြင် အိုမင်းနေသော ဖခင် တစ်ယောက်လည်း ရှိသေးသည် မဟုတ်ပါလား။
ယခင်က စစ်သည် တစ်ယောက် ဖြစ်နေချိန်မှာပင် ဂျစ်၏ ဘဝမှာ အတော်လေး ခက်ခဲခဲ့သော်ငြား အနိုင်နိုင်တော့ ရပ်တည်နိုင်ခဲ့သေး၏။
သို့သော် ယခုအခါ စစ်မြေပြင်တွင် ဒဏ်ရာရရှိခဲ့ပြီး မဖြစ်မနေ အနားယူလိုက်ရချိန်တွင် သူတို့ ဘဝများမှာ ပိုခက်ခဲ ကြမ်းတမ်းသွားခဲ့လေပြီ။
ချင်ဟန်က သူတို့ မည်သို့ နေထိုင်ကြကြောင်း မေးမြန်းပြီးနောက် လက်ဆောင် အဖြစ် ယူဆောင်လာသော ပစ္စည်းများလည်း ပေးအပ်ခဲ့သည်။ ထို့နောက် မထွက်ခွာမီ ပတ်ဝန်းကျင်ရှိ ဒေသခံများကိုလည်း အပေါ်ယံ သွားရောက် နှုတ်ဆက်ခဲ့၏။
သူ ထွက်ခွာလာချိန်တွင် ဒေသခံ အားလုံးက လာရောက် ပို့ဆောင်ပေးခဲ့ကြသည်။ ကြည့်ရသလောက် ထိုသူများ အနေဖြင့် မြို့စားကြီး၏ သားအငယ်ဆုံး အပေါ် အတော်လေး အမြင်ကောင်းနေပုံ ရသည်။
မြင်းလှည်းဖြင့် အပြန်လမ်းခရီးတွင် ချင်ဟန်အား အလုပ်အကျွေး ပြုနေသော အစေခံ တစ်ယောက်မှာ အတော်လေး ရှုပ်ထွေးနေမိ၏။
"သခင်လေး..." သူက ဆက်မပြောမီ ခဏတာ တုံ့ဆိုင်းနေပြီး... "သခင်လေးက ကျွန်တော်တို့ သာမန် ပြည်သူတွေ အပေါ် တော်တော် လွန်လွန်ကျူးကျူး ကောင်းနေသလိုပဲ..."
ချင်ဟန်၏ ရင်းနှီးနေသော မျက်နှာကို ကြည့်ရင်း သူ အလွန်အမင်း ရှုပ်ထွေးမနေဘဲ မနေနိုင်တော့ချေ။ အတိတ်က ကိုင်လင်းမှာ ဤသို့ မဟုတ်ခဲ့ပေ။
ယခင်က ကိုင်လင်းနှင့် အော်မန်ဒိုတို့မှာ အတော်လေး ဆင်တူကြ၏။ သူက အော်မန်ဒိုလောက် မအေးစက်လျှင်ပင် ဤသာမန် ပြည်သူများကို သိပ်ဂရုစိုက်လေ့ မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေ မှူးမတ်များ အဖို့ သာမန် ပြည်သူများဆိုသည်မှာ အမှိုက်သရိုက်များသာ ဖြစ်ပြီး ထည့်သွင်း ပြောဆိုရန်ပင် မတန်သည် မဟုတ်လော။
"မင်း နားမလည်ပါဘူး..."
သူ့အစေခံကို ကြည့်ရင်း ချင်ဟန်က ခပ်ဟဟ ပြုံး၍ ခေါင်းခါယမ်းလိုက်သော်လည်း ရှင်းပြမည့် ပုံပေါ်မနေခဲ့ပေ။
လက်တွေ့တွင် သူက အရာအားလုံးကို စမ်းသပ်နေရုံသာ ဖြစ်၏။ သူရရှိမည့် အမှတ် အရေအတွက်မှာ ဤလောကအပေါ် သက်ရောက်မည့် လွှမ်းမိုးမှုနှင့် တူညီနေသည် မဟုတ်ပါလား။
တနည်းအားဖြင့် ဆိုရလျှင် လူများကို လွှမ်းမိုးနိုင်လေလေ အမှတ်များ ပိုရရှိနိုင်လေလေပင်။ ဤသည်မှာ သူ ယခုလို လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်ပြီး အရာအားလုံးကို စမ်းသပ်နေခြင်းသာ ဖြစ်သည်။
သေချာသည်ကတော့ ထိုသူများ အနေဖြင့် သူ့အပေါ် အမြင်ကောင်း ရှိစေရန်လည်း သူ အလိုရှိနေသေး၏။
သာမန် ပြည်သူများမှာ အတော်လေး အားနည်းသော်ငြား သူတို့ အတူတကွ ပေါင်းစည်းသွားချိန်တွင် အထင်သေး၍ မရသော အင်အားစု တစ်ခု ဖြစ်လာဆဲပင်။ ဂုဏ်သတင်း ကောင်းမွန်ခြင်းမှာလည်း စွမ်းအား တစ်မျိုးပင် မဟုတ်ပါလား။
ဤသို့ ဖြစ်နေမှတော့ သူက အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ခြင်းကို ဆန့်ကျင်ရမည်နည်း။ ထို့အပြင် နောက်ဆုံးတွင် သူ့အတွက် ကြီးမားသော ကုန်ကျစရိတ်လည်း ရှိမနေခဲ့ပေ။
ကိုင်ဆန် မြို့စားကြီး၏ နယ်မြေသို့ ပြန်ရောက်လာပြီးနောက် လေထုမှာ ပြောင်းလဲသွားခဲ့လေပြီ။
ချင်ဟန် ကိုယ်တိုင်ကိုယ်ကျ ဂျစ်ကို လိုက်ပို့ပေးခဲ့သည်အား လူအများအပြား မြင်တွေ့ခဲ့ကြ၏။ ထိုသူများမှ တစ်ဆင့် ပိုမိုများပြားသော လူများကို ဆက်လက် ပြောပြခဲ့ကြသည်။
ထို့အပြင် တီနာအား ချင်ဟန် ပေးအပ်ခဲ့သော အရာများကလည်း တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှု ရှိနေပုံရသည်။
ဤစံအိမ်တွင် ဂျစ်၏ မိသားစု အပေါ် ချင်ဟန်က အတော်လေး ကိုယ်ချင်းစာခဲ့ပြီး ကရုဏာ သက်သောအားဖြင့် ဂျစ်အား သူ့ကို သင်ကြားပေးရန် တကူးတက တောင်းဆိုခဲ့ကြောင်း လူတိုင်း သိနေကြလေပြီ။
ထိုအကြောင်းကို ကြားသောအခါ ချင်ဟန်က ပြုံးလိုက်သော်လည်း ထူးထူးခြားခြား ဘာမှ မလုပ်ဆောင်ခဲ့ချေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။ သတိမထားမိလိုက်ခင်မှာပင် ငါးလဆိုသော အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။
ဤငါးလတာ ကာလ အတွင်း ချင်ဟန်ထံတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
ဇာတ်ကောင်ထဲ ဝင်ရောက်လာပြီးနောက် သူက သူ့ အကျင့်စရိုက်များ အားလုံးကို ပြောင်းလဲပစ်ခဲ့ပြီး အခြားသူများအား အံ့အားသင့်သွားစေမည့် အရာများစွာကို လုပ်ဆောင်ခဲ့၏။
သူက သူ့ကိုယ်သူ အလွန် ချွေတာတတ်ပြီး အခြား မှူးမတ် အများစုကဲ့သို့ ငွေကြေးများကို ဖြုန်းတီးခြင်း မရှိခဲ့ချေ။ သူက နေ့စဉ် ရေနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်ကိုသာ စားသုံးပြီး အစားအစာ တစ်နပ်စီတိုင်းအတွက် ငွေကြေး စုဆောင်းခဲ့သည်။
သို့သော် သူက သက်ကြီးရွယ်အိုများနှင့် အခက်အခဲ ကြုံတွေ့နေရသူများ အပေါ်တွင်မူ မယုံကြည်နိုင်လောက်အောင် ရက်ရောလှသည်။ တစ်ခါတစ်ရံတွင် သူ့မိတ်ဆွေများကို ကူညီပေးရန် သူ့ကိုယ်သူ ဒုက္ခခံရန်ပင် ဆန္ဒရှိနေခဲ့သည်။
သူက ဆရာအပေါ် အလွန်အမင်း ရိုသေ လေးစားပြီး ဆရာဖြစ်သူကို ကာကွယ်ပေးရန် သူ့အစ်ကို အော်မန်ဒိုနှင့်ပင် အချေအတင် စကားများခဲ့သေး၏။
ကုန်သည်များနှင့် ခရီးသွားများ အပေါ်တွင်လည်း အလွန် ဖော်ရွေလှသည်။ သူက လူများကို စေလွှတ်၍ ထိုသူများအား ဂရုစိုက် စောင့်ရှောက်စေရုံသာမက မကြာခဏဆိုသလို မြင်းစီး၍ ခက်ခဲသော လမ်းများတွင် ကိုယ်တိုင်ကိုယ်ကျ လမ်းပြပေးလေ့ ရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ ချင်ဟန်အပေါ် ထားရှိသည့် စံအိမ်ရှိ လူတိုင်း၏ သဘောထားများမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
အစေခံများ ဖြစ်စေ၊ စစ်သည်များ ဖြစ်စေ သို့မဟုတ် သာမန် ပြည်သူများပင် ဖြစ်စေ... ချင်ဟန် အကြောင်းကို ပြောဆိုလာတိုင်း သူတို့ မျက်နှာထက်တွင် ရိုသေမှုနှင့် လေးစား အားကျမှုများ ပြည့်နှက်နေတတ်၏။
အော်မန်ဒိုနှင့် ကိုင်ဆန်တို့ အပေါ်တွင်လည်း ထိုနည်းတူပင် ဖြစ်သော်ငြား ထိုသူတို့မှာ လုံးဝကို ကွဲပြား ခြားနားကြောင်း သူတို့ ကောင်းစွာ သိရှိထားကြသည်။
နံနက်စောစော အချိန်တစ်ခုတွင် နေမင်းက ယခုမှ စတင် ထွက်ပေါ်လာပြီး နံနက်ခင်း ဆီးနှင်းများကြောင့် မြေပြင်မှာ အနည်းငယ် စိုစွတ်နေပုံရ၏။
အချိန်က အလွန် စောနေသေးသောကြောင့် အနည်းငယ် မှောင်မိုက်နေဆဲပင်။ သို့သော် ချင်ဟန်က နိုးထနေနှင့်ပြီး ဖြစ်သည်။
သူက ဓားကို ကိုင်ဆောင်၍ လူသူကင်းမဲ့နေသော လေ့ကျင့်ရေး ကွင်းဆီသို့ လျှောက်လှမ်းလာခဲ့၏။ ဤသည်မှာ သူ့ အလေ့အကျင့် တစ်ခုပင်။
ပြီးခဲ့သော လအနည်းငယ် အတွင်း သူက နေ့စဉ် နေ့တိုင်း ပထမဆုံး နိုးထသူ ဖြစ်ခဲ့သည်။ နေ့စဉ် နေထွက်လာသည်နှင့် သူက အိပ်ယာမှ ထ၍ လေ့ကျင့်မှုများ စတင်လေ့ ရှိသည်။
ပြီးခဲ့သော နှစ်ဝက် အတွင်း သူ့ ကြိုးစား အားထုတ်မှုကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။ ဤသည်မှာ အော်မန်ဒိုနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
အကြိမ်တိုင်းတွင် သူက နောက်ဆုံးမှ ရောက်လာတတ်သူ ဖြစ်သည်။ စစ်သည်များ အားလုံး စုဝေးပြီးမှသာ ဤနေရာသို့ ရောက်လာလေ့ ရှိ၏။
ဤသည်မှာ ချင်ဟန်နှင့် လုံးဝကို ကွဲပြား ခြားနားနေသည် မဟုတ်ပါလား။
သေချာသည်ကတော့ ဤမျှ ကြီးမားသော ခြားနားချက် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ ချင်ဟန် ကိုယ်တိုင်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။
မည်သို့ပင်ဆိုစေ သူက နေ့စဉ် ဤနေရာတွင် လေ့ကျင့်ရသည့် အကြောင်းရင်းမှာ ထိုစစ်သည်များ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့အား ချက်ချင်း မြင်တွေ့သွားစေရန်ပင်။
ပြီးခဲ့သော နှစ်ဝက် အတွင်း သူက ဤအရာနှင့် အတော်လေး အသားကျနေခဲ့လေပြီ။
သူက ဓားကို တိတ်ဆိတ်စွာ ဆွဲထုတ်လိုက်ပြီး ဓားကို လွှဲယမ်းကာ လေ့ကျင့်မှုများ စတင်တော့သည်။
ဤအချိန်ကာလ အတွင်း သူက ဓားသိုင်း ကျွမ်းကျင်မှုများကို ပြန်လည် ရရှိခဲ့ပြီ ဖြစ်၏။ ယခုအခါ သူ့ ဓားသိုင်းများမှာ မည်သူနှင့်မျှ မနိမ့်ကျတော့ဘဲ ဤနယ်မြေအတွင်း အကျွမ်းကျင်ဆုံး စစ်သည်များပင်လျှင် သူ့အား ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။
သို့သော် ဤနေ့တွင် တိတ်ဆိတ်စွာ လေ့ကျင့်နေစဉ် ချင်ဟန် အနေဖြင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
"ဒီခံစားချက်က..."
လေ့ကျင့်ရေး ကွင်းထဲတွင် သူက ရုတ်တရက် ရပ်တန့်သွားတော့၏။
***