"ဒီခံစားချက်က..."
လေ့ကျင့်ရေး ကွင်းထဲတွင် ချင်ဟန် တစ်ယောက် ကြောင်တောင်တောင်လေး ရပ်နေမိသည်။
သူ့ခန္ဓာကိုယ် အတွင်းမှ အပြောင်းအလဲများကို ခံစားမိပြီးနောက် အနည်းငယ် ငေးမောသွားခဲ့လေပြီ။
နွေးထွေးသော စွမ်းအင် စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာသကဲ့သို့ ထူးဆန်းသော လှုံ့ဆော်မှုကို ခံစားလိုက်ရသည်။ ဤသည်မှာ အလွန်တရာ ဆန်းသစ်ပြီး ထူးခြားသော ခံစားချက် တစ်ခုပင်။
ဤခံစားချက်နှင့် ပတ်သက်၍ သူက စိမ်းသက်နေသလို အာရုံခံစားမှု အားကောင်းနေပြန်၏။
"ဖြစ်နိုင်ပါ့မလား..."
ချက်ချင်းပင် ခန့်မှန်းချက် တစ်ခုက သူ့စိတ်ထဲ ထွက်ပေါ်လာပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"ဒီခန္ဓာကိုယ်က သူရဲကောင်း တစ်ယောက် ဖြစ်လာနိုင်တဲ့ ပါရမီ ရှိနေတာလား"
ဤလောကတွင် သူရဲကောင်း တစ်ယောက် ဖြစ်ချင်ပါက ပထမဦးဆုံး အနေဖြင့် ပါရမီ ရှိရန် လိုအပ်သည်။
သူရဲကောင်း ဖြစ်လာမည့် ပါရမီ ပါရှိမှသာ သူရဲကောင်း အသက်ရှူ ကျင့်စဉ်ကို သင်ယူနိုင်ပြီး သက်စောင့်စွမ်းအင်များကို ရရှိနိုင်မည် ဖြစ်၏။ သက်စောင့်စွမ်းအင်၏ လှုံ့ဆော်မှုအောက်တွင် သက်စောင့်မျိုးစေ့ကို နိုးထစေပြီး အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်လာနိုင်ပေမည်။
ယခင် ဇာတ်ကောင် ဝင်ရောက်မှု အတွေ့အကြုံများကြောင့် သူရဲကောင်း ပါရမီ ဆိုသည်မှာ အလွန်တရာ ရှားပါးကြောင်း သူ သိထားသဖြင့် ဤခန္ဓာကိုယ်တွင် ပါရမီ ပါလာလိမ့်မည် မဟုတ်ဟု တစ်ထစ်ချ မှတ်ယူထားခဲ့ခြင်းပင်။
သို့သော် ထိုသို့ ဟုတ်မနေခဲ့ချေ။
ချင်ဟန် တစ်ယောက် ထီပထမဆုကြီး ပေါက်သွားသည့် အလား အရိုင်းဆန်သော ဝမ်းမြောက်မှုမျိုးကို ခံစားလိုက်ရသည်။
သူ အမှန်တကယ်ကို အထူးဆု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း ချင်ဟန် ကောင်းစွာ နားလည်လိုက်၏။
ဤကိုယ်ပိုင်ရှင် အတွက် သူက အမှတ်သုံးဆယ်သာ အသုံးပြုခဲ့ရပြီး ယုတ္တိတန်တန် တွေးကြည့်မည် ဆိုပါက ဤကဲ့သို့ ပါရမီမျိုး ပါလာစရာ အကြောင်း မရှိပေ။
မည်သို့ပင်ဆိုစေ သူရဲကောင်း ပါရမီ ရွေးချယ်ခွင့်ကို ရယူလိုပါက အနည်းဆုံး အမှတ် တစ်ရာခန့် လိုအပ်သည် မဟုတ်ပါလား။
ယခုတွင်တော့ အမှတ် အရေအတွက်က အရာအားလုံး မဟုတ်ကြောင်း ပေါ်လွင်နေလေပြီ။
အမှတ်များများစားစား ရင်းနှီးမြှုပ်နှံမထားလျှင်ပင် ကောင်းမွန်သည့် အရာတစ်ခုမျှ မရနိုင်ဟု မဆိုလိုပေ... ဖြစ်နိုင်ချေ အနည်းငယ် နည်းပါးသွားရုံသာ ဖြစ်၏။
"နှမြောစရာပဲ... ငါသာ ဒါကို စောစောကတည်းက သိခဲ့မယ်ဆိုရင်..."
သူ့ခန္ဓာကိုယ် အတွင်းရှိ အပြောင်းအလဲများကို အာရုံခံမိချိန်တွင် ချင်ဟန် တစ်ယောက် အနည်းငယ် နှမြောတသ ဖြစ်သွားမိသည်။
ယခု ဇာတ်ကောင် ဝင်ရောက်မှုတွင် ဤခန္ဓာကိုယ်မှာ ယခင်အကြိမ် ကဲ့သို့ပင် မည်သည့် ထူးခြားသော ပါရမီမျှ ပါလာလိမ့်မည် မဟုတ်ဟု မှတ်ယူထားခဲ့၏။ ထို့ကြောင့် သူရဲကောင်း အသက်ရှူ ကျင့်စဉ်ကို အရန် အနေဖြင့်သာ အသုံးပြုခဲ့ပြီး အချိန်များများစားစား ရင်းနှီးမြှုပ်နှံခဲ့ခြင်း မရှိချေ။
သူ့ခွန်အား အများစုကို ခန္ဓာကိုယ် သန့်စင်ခြင်း၌သာ အသုံးပြုခဲ့သည်။ ထိုသို့မဟုတ်ပါက သူ့ထံတွင် သူရဲကောင်း ပါရမီ ရှိနေကြောင်း သိရှိရန် ဤမျှ အချိန်ကြာမြင့်နေလိမ့်မည် မဟုတ်ပေ။
ပုံမှန် အခြေအနေမျိုးတွင် ဆိုလျှင် ဤကဲ့သို့ ကိစ္စမျိုး ဖြစ်လာစရာ အကြောင်း မရှိချေ။
သာမန်အားဖြင့် ကိုယ့်ကိုယ်ကိုယ် သူရဲကောင်း ပါရမီ ရှိ၊ မရှိ သိချင်ပါက သက်စောင့်စွမ်းအင် ပိုင်ဆိုင်ထားသည့် သူရဲကောင်း တစ်ဦးက သူ့ ကိုယ်ပိုင် သက်စောင့်စွမ်းအင်များကို တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲ ထည့်သွင်း စစ်ဆေးပေးရန် လိုအပ်သည်။
မဟုတ်ပါက ယခင် ဇာတ်ကောင် ဝင်ရောက်မှုတွင် ကဲ့သို့ပင် အသက်စွမ်းအင် လှုံ့ဆော်ပေးနိုင်သည့် အထူး ဆေးဝါး အချို့ကို အသုံးပြု၍လည်း တူညီသော အကျိုးသက်ရောက်မှု ရယူနိုင်၏။
ပုံမှန်အားဖြင့် ၎င်းတို့မှာ အထိရောက်ဆုံးသော နည်းလမ်းများပင်။ ဤသည်မှလွဲ၍ သူရဲကောင်း အသက်ရှူ ကျင့်စဉ်ကို လေ့ကျင့်ပြီး ခန္ဓာကိုယ် အတွင်းရှိ သက်စောင့်စွမ်းအင်များကို လှုံ့ဆော်နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်ကြည့်၍လည်း ရနိုင်ပေသေးသည်။
ယခုတစ်ကြိမ်တွင် ချင်ဟန်ထံ၌ သက်စောင့်စွမ်းအင် ထည့်သွင်းပေးမည့် သူရဲကောင်း မရှိသလို ဆေးဝါးများလည်း ကင်းမဲ့နေသဖြင့် အခြေခံ အကျဆုံး နည်းလမ်းကိုသာ အသုံးပြုနိုင်ခဲ့၏။ ယခုမှသာ သူ အထူးဆု ပိုင်ဆိုင်ထားကြောင်း သိလိုက်ရခြင်း ဖြစ်တော့သည်။
သို့သော် အချိန် မနှောင်းသေးချေ။
ချင်ဟန်က ခန္ဓာကိုယ် လေ့ကျင့်ရေး ကျင့်စဉ်ကို ရပ်တန့်ရန် မတုံ့ဆိုင်းနေပေ။ ဓားကို ပြန်သိမ်းပြီးနောက် ထူးဆန်းသော လှုပ်ရှားမှု အချို့ကို စတင် လုပ်ဆောင်တော့၏။
သူ့လှုပ်ရှားမှုများမှာ အလွန်တရာ ထူးခြား ဆန်းကြယ်ပြီး လှုပ်ရှားနေစဉ် အတွင်း စိတ်ကိုလည်း အပြည့်အဝ စူးစိုက်ထားကာ ခန္ဓာကိုယ်ထဲ ပုန်းကွယ်နေသော သက်စောင့်စွမ်းအင်များကို လှုံ့ဆော်နိုင်ရန် ချီသွေးကြောများ လည်ပတ်ဖို့ ကြိုးပမ်းနေသည်။
သူ့ ကြိုးစား အားထုတ်မှု အောက်တွင် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား တစ်ခုက နိုးကြား တက်ကြွလာပြီး လှုပ်ရှား ရုန်းကန်လာကာ ချင်ဟန်အား ခံစားချက် အသစ်တစ်ခုကို ပေးစွမ်းလာခဲ့သည်။
ထိုခံစားချက်ကို အာရုံခံမိသည်နှင့် ချင်ဟန် တစ်ယောက် အတော်လေး စိတ်လှုပ်ရှားသွားပြီး သူ့ပင်ပန်း နွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားကာ လန်းဆန်း တက်ကြွမှုများ အစားထိုး ဝင်ရောက်လာခဲ့လေပြီ။
သူရဲကောင်း အသက်ရှူ ကျင့်စဉ်ကို အသုံးပြုစဉ်က ဤကဲ့သို့ ခံစားချက်မျိုး တစ်ခါမှ မရခဲ့ဖူးချေ။ ယခုမှသာ စတင် ထွက်ပေါ်လာခြင်း ဖြစ်ပြီး မယုံကြည်နိုင်လောက်အောင်လည်း ထင်ရှားလွန်းနေ၏။
သူက ကောင်းကင်ကြီး လင်းထိန်လာသည် အထိ ဆက်လက် လေ့ကျင့်နေခဲ့ပြီး နောက်ဆုံးမှသာ ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။
သူ ရပ်တန့်လိုက်ချိန်တွင် သူ့ဘေးပတ်လည်၌ လူအုပ်ကြီး တစ်ခု စုဝေးနေနှင့်ပြီး ဖြစ်နေ၏။
လူအများအပြားက ထိုနေရာတွင် ရပ်ကာ မျက်ဝန်းထဲ၌ လေးစား အားကျသည့် အရိပ်အယောင်များဖြင့် သူ့အား ငေးကြည့်နေကြသည်။
ထိုအကြည့်များကို ရင်ဆိုင်ရင်း ချင်ဟန်က ပြုံး၍သာ ရပ်တန့်နေလိုက်တော့၏။
ပြီးခဲ့သော နှစ်ဝက် အတွင်း သူ့ ပြောင်မြောက်လှသော ဓားသိုင်း ကျွမ်းကျင်မှုများကို ထုတ်ဖော် ပြသပြီးနောက်ပိုင်း လူအများအပြားက သူ့အား ဤကဲ့သို့သော အကြည့်များဖြင့် မကြာခဏ လာရောက် ကြည့်ရှုတတ်ကြသည် မဟုတ်ပါလား။
"စောပါသေးတယ်... အားလုံးပဲ ခဏလောက် ထပ်ပြီး အနားယူကြပါဦး" ချင်ဟန်က ပြုံး၍ ညင်သာစွာ ပြောလိုက်သည်။
လူတိုင်းက ခေါင်းညိတ်ပြကြပြီး ချင်ဟန် ထွက်ခွာသွားတော့မည်ကို မြင်လျှင် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။
သူ ထွက်ခွာသွားပြီးနောက် ထိုသူများ အားလုံး၏ မျက်နှာထက်တွင် အပြုံးများ ပေါ်လွင်ကျန်ရစ်ခဲ့သည်။
အချိန် အနည်းငယ် ကြာပြီးနောက် အော်မန်ဒို တစ်ယောက် လေ့ကျင့်ရေး ကွင်းဆီသို့ နောက်ကျမှ ရောက်လာခဲ့၏။
သူ ရောက်ရောက်ချင်း စစ်သည်များ စုဝေးမနေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားပြီး ဒေါသတကြီးဖြင့်...
"မင်းတို့အားလုံး အဲ့ဒီမှာ ထိုင်ပြီး ဘာလုပ်နေကြတာလဲ... မြန်မြန် ထပြီး သွားလေ့ကျင့်ကြစမ်း"
"သူကိုယ်တိုင် နောက်ကျနေတာကိုများ ငါတို့ကို လာရစ်နေသေးတယ်..."
လူအချို့မှာ သူတို့အချင်းချင်း တီးတိုး ရေရွတ်နေကြသော်ငြား မည်သူကမျှ အသံထွက်၍ မပြောရဲကြပေ။ အားလုံးက နာခံမှု ရှိစွာဖြင့် မတ်တပ်ထရပ်ကာ လေ့ကျင့်မှုများ စတင်ကြတော့သည်။
လေ့ကျင့်ရေး ကွင်းမှ ထွက်ခွာလာပြီးနောက် ချင်ဟန်က ခန်းမဆောင်ကြီး တစ်ခုဆီသို့ ရောက်ရှိလာ၏။
အချိန် စောလွန်းနေသေးသဖြင့် ခန်းမဆောင် တံခါးများ ဖွင့်မထားသေးချေ။
ချင်ဟန်က အတွင်းရှိ လူ နိုးထလာမည့် အချိန်ကို စိတ်ရှည် လက်ရှည်ဖြင့် စောင့်ဆိုင်းနေလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့လေပြီ။
ခဏအကြာတွင် အတွင်းဘက်မှ လူတစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။
"ကိုင်လင်း... မင်း ရောက်နေတာလား" အတွင်းမှ ထွက်ပေါ်လာသော အသံမှာ အနည်းငယ် အံ့အားသင့်နေပုံရပြီး...
"မြန်မြန် ဝင်ခဲ့လေ"
ထိုအသံကို ကြားသည်နှင့် ချင်ဟန်လည်း အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာပြီးနောက် အရှေ့ဘက်မှ မွှေးပျံ့သော ရနံ့တစ်ခု လွင့်ပျံလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
ချင်ဟန် အရှေ့သို့ လှမ်းကြည့်လိုက်သည်။
သူ့အရှေ့တွင် ကိုင်ဆန် မြို့စားကြီးက အနီရောင် ဝတ်ရုံ တစ်ထည်ကို ဝတ်ဆင်ထားပြီး တစ်ယောက်တည်း ထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။
သူ့ရှေ့တွင်တော့ ပေါင်မုန့် တစ်ပန်းကန်နှင့် ပြုတ်ထားသော အသား အနည်းငယ် ရှိနေသည်။
"မင်းက ဘာလို့ ဒီလောက်စောစော ရောက်နေတာလဲ"
ဝင်ရောက်လာသော ချင်ဟန်အား ကြည့်ရင်း ကိုင်ဆန် မြို့စားကြီး၏ အမူအရာမှာ ကြင်နာ နွေးထွေးနေပြီး ပြုံး၍... "မင်း ရောက်နေမှတော့ တစ်ယောက်ယောက်ကို ဘာလို့ လာမပြောခိုင်းတာလဲ"
"ကိစ္စမရှိပါဘူး အဖေ" ချင်ဟန်က လုံးဝ ဂရုမစိုက်ဟန်ဖြင့် ပြုံးရွှင်စွာ တုန့်ပြန်သည်။ "ကျွန်တော် နည်းနည်း စောရောက်သွားလို့ပါ... အဖေ့ရဲ့ အနားယူချိန်ကို မနှောင့်ယှက်ချင်လို့ပါ... အပြင်ဘက်မှာ ခဏလောက် ရပ်နေရတာကလည်း လူကို ပိုလန်းဆန်းသွားစေတာပဲလေ"
"မင်းကတော့လေ..."
ချင်ဟန်အား ကြည့်ရင်း ကိုင်ဆန် မြို့စားကြီး၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
ချင်ဟန် တစ်ယောက် လွန်ခဲ့သော နှစ်ဝက်ခန့် ကတည်းက ဤကဲ့သို့ ဖြစ်နေခဲ့ခြင်းပင်။
သူ ရောက်လာတိုင်း အမြဲတမ်း စောလေ့ရှိပြီး ဖခင်ဖြစ်သူကို စောင့်ဆိုင်းစေခြင်း သို့မဟုတ် သူ့ အနားယူချိန်ကို နှောင့်ယှက်ခြင်းမျိုး လုံးဝ မရှိခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ဖခင် တစ်ယောက် အနေဖြင့် သူ အနည်းငယ် အနေခက် ရှက်ရွံ့လာမိတော့သည်။
***