ခန်းမဆောင်ထဲတွင် ချင်ဟန်က လက်ထဲ၌ စာအုပ်အဟောင်း တစ်အုပ်ကို ကိုင်ထားရင်း အေးချမ်းစွာ ထိုင်နေ၏။
သူ့အရှေ့တွင်မူ မြို့စား ကိုင်ဆန်က ချင်ဟန်အား စိုက်ကြည့်ကာ အစားစားရင်း အတွေးနက်နေသည်။
"ငါ မင်းကို ဒီကို ဘာလို့ ခေါ်လိုက်လဲ ဆိုတာ သိလား"
သူက လက်ထဲရှိ ခက်ရင်းနှင့် ဓားကို ချလိုက်ပြီး ဖြည်းညှင်းစွာ မေးလာ၏။
"ဘာအကြောင်းကြောင့်များလဲ အဖေ"
ချင်ဟန်က စာအုပ်ကို အောက်ချပြီး ရိုသေလေးစားသော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။
"ကူတူး တော်ဝင် အကယ်ဒမီရဲ့ နောက်တစ်ကြိမ် ကျောင်းသားသစ် လက်ခံတဲ့ အစီအစဉ်က မကြာခင် စတော့မယ်"
ကိုင်ဆန်က ချင်ဟန်အား ကြည့်ရင်း အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် စကားဆက်လာ၏။ "တိုက်တိုက်ဆိုင်ဆိုင် ငါ့ဆီမှာ နေရာတစ်နေရာ ရထားတယ်... မင်း သွားချင်လား ဆိုတာ သိချင်လို့... သွားချင်စိတ် ရှိလား"
ထိုစကား ကြားလျှင် ချင်ဟန် အတော်လေး အံ့အားသင့်သွားရချေပြီ။
ကူတူး တော်ဝင် အကယ်ဒမီမှာ ကူတူး မင်းနေပြည်တော်တွင် အကောင်းဆုံး သင်တန်းကျောင်း ဖြစ်ပြီး ကူတူး တော်ဝင်မိသားစုမှ ရန်ပုံငွေ ထောက်ပံ့ပေးထားခြင်းပင်။ လွန်ခဲ့သော နှစ်တစ်ရာ ကာလတစ်လျှောက်လုံး ထိုကျောင်းမှာ အနီးအနား ပတ်ဝန်းကျင်၌ အကောင်းဆုံး ပညာသင်ကြားရာ နေရာတစ်ခု ဖြစ်ခဲ့၏။
ထိုကဲ့သို့သော သင်တန်းကျောင်းမျိုးမှာ မယုံနိုင်လောက်အောင် တင်းကျပ်သည့် စည်းကမ်းများ ရှိပြီး သာမန်လူများ ဝင်ရောက်ရန် အလွန် ခက်ခဲလှသည်။
ကိုင်ဆန်က ဤနေရာ ရရှိရန်အတွက် များစွာသော အားထုတ်မှုများ ပြုလုပ်ခဲ့ရမည်မှာ သေချာလှ၏။
ငါ့ကို အဝေး ပို့ပစ်ချင်နေတာလား။
မြို့စား ကိုင်ဆန်၏ စကားများကို ကြားပြီးနောက် ချင်ဟန်က သူ့ဘာသာ တိတ်တဆိတ် တွေးတောနေမိတော့သည်။
သူ့ပထမဆုံး တုံ့ပြန်မှုမှာ မြို့စား ကိုင်ဆန်က အော်မန်ဒို အရိုက်အရာ ဆက်ခံရန် ပိုလွယ်ကူသွားစေရန် သူ့အား အဝေးသို့ ပို့ဆောင်လိုခြင်း ဖြစ်သည်ဟု တွေးမိခြင်းပင်။
ဤသို့ တွေးမိခြင်းမှာလည်း အကြောင်းပြချက် မရှိဘဲ မဟုတ်ချေ။
ဤနှစ်ဝက် ကာလအတွင်း ချင်ဟန်၏ စွမ်းဆောင်ရည်မှာ ထူးချွန်လွန်းသောကြောင့် လူများစွာက သူ့အား ချီးကျူး မြှောက်စားခဲ့ကြပြီး အချို့ဆိုလျှင် ချင်ဟန်အား ဤပိုင်နက်၏ ဆက်ခံသူအဖြစ် ခန့်အပ်ရန် မြို့စား ကိုင်ဆန်ကိုပင် တိုက်တွန်း ဖျောင်းဖျချင်နေကြပြီ မဟုတ်ပါလား။
ဤကိစ္စနှင့် ပတ်သက်၍ မြို့စား ကိုင်ဆန်မှာ အတော်လေး တွေဝေနေခဲ့ပြီး မည်သည့် ဆုံးဖြတ်ချက်မှ မချမှတ်နိုင်ခဲ့ပေ။
သံယောဇဉ် အပိုင်းတွင် ပြောရလျှင် ချင်ဟန်က သူအချစ်ဆုံး သားတစ်ယောက် ဖြစ်ပြီး ငယ်စဉ်ကတည်းက ပို၍ မျက်နှာသာပေး ခံခဲ့ရသူပင်။
ယခုအချိန်တွင်မူ အရည်အချင်း၊ ပညာရေး သို့မဟုတ် ဂုဏ်သတင်း မည်သည့် အပိုင်းတွင်မဆို ချင်ဟန်က အော်မန်ဒိုထက် များစွာ သာလွန်နေခဲ့လေပြီ။
ချင်ဟန်တွင် လိုအပ်နေသော တစ်ခုတည်းသော အရာမှာ သူက သားအကြီးဆုံး မဟုတ်ခြင်းသာ။
ထိုကြောင့် မြို့စား ကိုင်ဆန်မှာ စိတ်တွင်း ပဋိပက္ခများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ရပြီး ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား မချနိုင်ခဲ့ခြင်း ဖြစ်၏။
ချင်ဟန်၏ စိတ်ထဲတွင် အတွေးပေါင်း များစွာ လျင်မြန်စွာ ဖြတ်သန်းသွားသော်ငြား သူက တွေဝေခြင်း အလျဉ်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော် သွားချင်ပါတယ်"
မြို့စား ကိုင်ဆန် တွေးချင်ရာ တွေးနေပါစေ ချင်ဟန်၏ အမြင်တွင်မူ ထိုအရာများက အရေးမကြီးတော့ချေ။
သူ သူရဲကောင်း ပါရမီ နိုးထလာသည့် အချိန်ကတည်းက မြို့စား ကိုင်ဆန်၏ အရိုက်အရာ ဆက်ခံသူမှာ သတ်မှတ်ပြီးသား ဖြစ်နေခဲ့လေပြီ။
သားတစ်ယောက်မှာ သူရဲကောင်း ပါရမီ ပါရှိပြီး အစွမ်းထက် သူရဲကောင်း တစ်ယောက် ဖြစ်လာနိုင်စွမ်း ရှိ၏။ အခြား တစ်ယောက်မှာမူ သာမန်သာ ဖြစ်သည့် အော်မန်ဒိုပင်။ ဤကွာဟချက်က ကြီးမားလွန်းလှသည်။
အကယ်၍ မြို့စား ကိုင်ဆန်သာ ဤအကြောင်းကို သိရှိသွားပါက သူ အရူးတစ်ယောက် မဟုတ်သရွေ့ မည်သူ့ကို ရွေးချယ်ရမည်မှန်း ကောင်းကောင်း သိပေလိမ့်မည်။
ထို့အပြင် ယခုလို အချိန်မျိုးတွင် မြို့စား ကိုင်ဆန်၏ ကိုယ်ပိုင် သဘောထားကပင် သိပ်ပြီး အရာမရောက်တော့ပေ။
ဘာပဲဖြစ်ဖြစ် ဤလောကတွင် ပြဿနာများကို လက်သီးဖြင့်သာ ဖြေရှင်းလေ့ ရှိကြသည် မဟုတ်ပါလား။
ပြီးခဲ့သော နှစ်ဝက် ကာလအတွင်း ဂျစ်မှတစ်ဆင့် ချင်ဟန်က ကိုင်ဆန်၏ ဘေးတွင်ရှိသော စစ်သည်များနှင့် အရာရှိများစွာ၏ သစ္စာခံမှုကို ရရှိခဲ့ပြီး ဖြစ်သည်။
ထိုစစ်သည်များမှ အစပြု၍ မြို့စား ကိုင်ဆန် ဘေးနားရှိ လူများအထိ အားလုံးက ချင်ဟန်အား အဆုံးမရှိ ချီးကျူး မြှောက်စားခဲ့ကြပြီး သူ့ကို အပြည့်အဝ ထောက်ခံခဲ့ကြ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ချင်ဟန်၏ ကိုယ်ပိုင် စွမ်းအားကိုပါ ပေါင်းထည့်လိုက်လျှင် ကိစ္စရပ် များစွာကို ကိုင်တွယ် ဖြေရှင်းရန် လုံလောက်နေခဲ့လေပြီ။
မြို့စား ကိုင်ဆန်၏ သဘောထားမှာ ချင်ဟန်အတွက် ယခင်ကလောက် အရေးမပါတော့ချေ။
သေချာသည်မှာ ဤအရာများ အားလုံး ရှိနေသည့်တိုင် သူ့ဖခင်၏ အရိုက်အရာကို တရားဝင် ဆက်ခံနိုင်လျှင်တော့ အကောင်းဆုံးပင်။
အင်အားသုံး၍ သိမ်းပိုက်ခြင်းက ပိုလွယ်ကူသော်လည်း သူ့နာမည်ကို အမည်းစွန်း ထင်စေမည် ဖြစ်ပြီး သူ့အနာဂတ် တိုးတက်မှုအတွက်လည်း အကျိုးရှိမည် မဟုတ်ပေ။
ထိုကြောင့် သူက ဟန်ဆောင်သင့်သည့် အချိန်တွင် ဟန်ဆောင်နေရဦးမည်။
လောလောဆယ်တွင် ချင်ဟန်က လိမ္မာရေးခြားရှိသော သားကောင်း တစ်ယောက်အဖြစ် ဆက်လက် ပြုမူနေထိုင်ရန် ဆုံးဖြတ်ထားလိုက်၏။
ချင်ဟန် တစ်ယောက် နာခံမှုရှိရှိ ထိုင်နေသည်ကို မြင်လျှင် မြို့စား ကိုင်ဆန်က ညင်သာစွာ သက်ပြင်းချရင်း...
"ဒီအခွင့်အရေး ရဖို့အတွက် အဖေ ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရတယ်... အဲ့ဒီကို ရောက်သွားရင် မင်း သတိထားနေထိုင်ပြီး မင်းအနာဂတ်အတွက် အကျိုးရှိစေမယ့် လူတချို့နဲ့ ရင်းနှီးအောင် အစွမ်းကုန် ကြိုးစားရမယ်"
ထိုစကားများ ကြားချိန်တွင် ချင်ဟန်က မြို့စား ကိုင်ဆန်၏ အတွေးများကို အနည်းနှင့်အများ နားလည်သဘောပေါက် သွားလေပြီ။
လွန်ခဲ့သော နှစ်ဝက်အတွင်း သူ့ စွမ်းဆောင်ရည်များကြောင့် မြို့စား ကိုင်ဆန်၏ စိတ်နှလုံးမှာ သူ့ဘက်သို့ ယိမ်းယိုင်နေခဲ့ခြင်းပင်။
မဟုတ်လျှင် ဤအခွင့်အရေးကို အငယ်ဆုံးသား ဖြစ်သည့် သူ့ထံသို့ မပေးဘဲ သားအကြီးဆုံး အော်မန်ဒိုထံသာ ပေးအပ်ခဲ့ပေလိမ့်မည်။
တကယ်တမ်း ဤသည်မှာ အခွင့်အရေး တစ်ခု ဖြစ်သလို စမ်းသပ်မှု တစ်ခုလည်း ဖြစ်နေ၏။
အကယ်၍ ချင်ဟန်သာ ကူတူး တော်ဝင် အကယ်ဒမီတွင် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပါက မြို့စား ကိုင်ဆန် အနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်နိုင်ဖွယ် ရှိသည်။
သို့သော် သူသာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့ပါက ရလဒ်မှာ တခြားစီ ဖြစ်သွားနိုင်သည်။
ချင်ဟန်က အခြေအနေကို ချက်ချင်း သဘောပေါက်သွားသော်ငြား သူ့မျက်နှာပေါ်တွင်မူ တောက်ပသော အပြုံးတစ်ခုကို ထိန်းသိမ်းထားဆဲပင်။ ထိုအပြုံးမှာ မယုံကြည်နိုင်လောက်အောင် ရိုးသား ပွင့်လင်းနေပုံပေါ်ပြီး ဖခင်၏ လမ်းညွှန်မှုများကို သေချာစွာ နားထောင်နေသည့် ကလေးငယ် တစ်ယောက်နှင့်ပင် တူနေတော့သည်။
အဝေးမှနေ၍ သခင်ဝှိုက်က ထိုသားအဖ နှစ်ယောက်၏ မြင်ကွင်းကို ကြည့်ရင်း အလိုအလျောက် ပြုံးလိုက်မိ၏။
ထိုအခိုက်အတန့်တွင် ချင်ဟန်က သူ့ အကြည့်ကို သတိထားမိသွားသည့်အလား လှည့်ကြည့်လာပြီး အတော်လေး ဖော်ရွေသော အမူအရာဖြင့် ပြန်လည် ပြုံးပြလာခဲ့သည်။
သခင်ဝှိုက်လည်း အံ့အားသင့်သွားပြီး ချင်ဟန်အား ခေါင်းညိတ်ပြကာ အခြား ကိစ္စရပ်များ ကိုင်တွယ် ဖြေရှင်းရန် လှည့်ထွက်သွားတော့သည်။
သူ့အရှေ့တွင်မူ မြို့စား ကိုင်ဆန်က စကားပြောနေဆဲပင်။
ချင်ဟန်အား ကြည့်ရင်း သူက အကြံဉာဏ်များစွာ ပေးကာ အဆက်မပြတ် ပြောဆိုနေ၏။
"မင်း နောက်သုံးရက် နေရင် ထွက်သွားလို့ ရပြီ"
နောက်ဆုံးတွင် သူက ချင်ဟန်အား ကြည့်၍ ညင်သာစွာ သက်ပြင်းချရင်း...
"အချိန်ကျလာရင် အဖေ ကိုယ်တိုင် မင်းကို လိုက်ပို့ပေးမယ်"
"ဟုတ်ကဲ့ပါ အဖေ"
ချင်ဟန် ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် မြို့စား ကိုင်ဆန်နှင့် အတန်ကြာ ဆက်လက် စကားစမြည် ပြောဆိုနေလိုက်သည်။
ထို့နောက် ချင်ဟန်လည်း မတ်တပ်ရပ်၍ ထွက်ခွာလာခဲ့၏။
ခန်းမဆောင်ထဲမှ ထွက်လာပြီးနောက် သူ့အခန်းဆီသို့သာ တိုက်ရိုက် ပြန်လာခဲ့သည်။
သူ့အခန်းထဲတွင် တံမြက်စည်း လှည်းနေသံများ ထွက်ပေါ်နေပြီး တစ်စုံတစ်ယောက်က သန့်ရှင်းရေး လုပ်နေပုံရသည်။
ချင်ဟန် တံခါးကို ဖွင့်လိုက်ချိန်တွင် လက်ထဲ၌ တံမြက်စည်း ကိုင်ထားပြီး အခန်းကို လုံ့လဝီရိယရှိရှိ သန့်ရှင်းရေး လုပ်နေသော မီးခိုးရောင် အဝတ်အစားနှင့် မိန်းကလေး တစ်ယောက်အား မြင်လိုက်ရသည်။
ထိုသူမှာ တီနာပင်။ လွန်ခဲ့သော နှစ်ဝက် ကာလအတွင်း သူမက ချင်ဟန်၏ ဘေးနားရှိ လူယုံတစ်ယောက် ဖြစ်လာခဲ့ပြီး သူ့အား ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် အနီးကပ် ပြုစုပေးခဲ့သူ ဖြစ်၏။
"စောစောစီးစီး ရောက်နေတာလား" ချင်ဟန်က အထဲသို့ လျှောက်ဝင်လာရင်း ပြုံး၍ သူ့အလိုလို တီနာ၏ ခေါင်းလေးအား ပွတ်သပ်ကာ မေးလိုက်သည်။ "ထမင်းစားပြီးပြီလား"
"ဟင့်အင်း... မစားရသေးဘူး" တီနာက ချင်ဟန်အား ကြည့်၍ ခေါင်းငုံ့ကာ မေးလာ၏။ "ဘာလို့ ရုတ်တရက်ကြီး ဝင်လာတာလဲ"
"မင်း အလုပ်ရှုပ်နေတာ မြင်လို့ မနှောင့်ယှက်ချင်လို့ပါ" ချင်ဟန်က ရယ်မောရင်း ပြောလိုက်သည်။
"ကဲပါ... သွားနားလို့ ရပါပြီ"
တီနာက ချင်ဟန်အား မော့ကြည့်လိုက်ပြီး သူ့ ချောမောသော မျက်နှာလေးအား မြင်ချိန်တွင် သူမ၏ အကြည့်တို့က အနည်းငယ် တွေဝေ ငေးမောသွားတော့သည်။ သို့သော်လည်း သူမက စကားကို နာခံစွာဖြင့် ထွက်ခွာသွားခဲ့လေပြီ။
ချင်ဟန်က ပြုံးပြီးနောက် ဝင်ထိုင်လိုက်တော့၏။
***