မျက်တောင် တစ်ခတ်အတွင်းမှာပင် သုံးရက်တာ အချိန် ကုန်လွန်သွားခဲ့လေပြီ။
ဤသုံးရက်အတွင်း ချင်ဟန်က ထွေထွေထူးထူး မလုပ်ဖြစ်ဘဲ သူနှင့် ရင်းနှီးကျွမ်းဝင်သူများထံသို့သာ လှည့်လည် နှုတ်ဆက်နေခဲ့၏။
ပြီးခဲ့သည့် နှစ်ဝက် ကာလအတွင်း လူအများအပြားနှင့် ရင်းနှီးခဲ့သဖြင့် ဤသုံးရက်တာမှာ အတော်လေး အလုပ်ရှုပ်နေခဲ့ခြင်းပင်။
တတိယမြောက်နေ့ နံနက်စောစောတွင်တော့ ချင်ဟန် အပြင်သို့ ထွက်လာခဲ့သည်။
အိမ်တော် အပြင်ဘက်၌ တစ်စုံတစ်ယောက် ရောက်နှင့်နေပြီ ဖြစ်၏။
"သခင်လေး... ရောက်လာပြီကိုး"
ဂျစ်က ချင်ဟန်အား ကြည့်ရင်း ရိုသေလေးစားသော အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။
"ဦးလေးဂျစ်... ခင်ဗျားလည်း ရောက်နေတာပဲ" ချင်ဟန်က ပြုံး၍ သူ့ ပခုံးအား ပွတ်သပ်ရင်း...
"ကျုပ်ကြောင့် အလုပ်ရှုပ်ရတော့မယ်"
"ကိစ္စ မရှိပါဘူး" ဂျစ်က ခေါင်းခါယမ်း၍...
"တကယ်လို့ သခင်လေးသာ မရှိခဲ့ရင် ကျွန်တော့် အခြေအနေ အခုလောက်ထိ ကောင်းနေပါ့မလားတောင် မသိဘူး... အခု သခင်လေး ထွက်ခွာတော့မှာ ဆိုတော့ ကျွန်တော့်ဘက်က အနည်းဆုံးတော့ လမ်းတစ်ဝက်လောက်ထိ လိုက်ပို့ပေးရမှာပေါ့"
ထိုသို့ ပြောရင်း သူက ရယ်မောကာ...
"တကယ်တော့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး... သခင်လေး ထွက်သွားတော့မယ် ဆိုတာ ကြားတော့ ကျွန်တော့် ကလေး ငါးယောက်နဲ့ မိတ်ဆွေဟောင်းတွေ အကုန်လုံးက လိုက်ပို့ချင်ကြတယ်လို့ ပြောနေကြတာ"
"ဟုတ်လား"
ချင်ဟန်က ရယ်မောလိုက်သည်။ ထိုစကားများကို ကြားရချိန်တွင် သူ့ စိတ်ထဲ၌ ဝမ်းသာ ပီတိဖြစ်မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
"ကျုပ် ကိုယ်စား သူတို့ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး"
ဂျစ်က ပြုံး၍ ခေါင်းညိတ် သဘောတူလိုက်၏။
အချိန်စောနေသေးသောကြောင့် လူအများစုမှာ ပြင်ဆင်နေကြဆဲပင်။
ထို့ကြောင့် သူတို့ နှစ်ယောက်လည်း အေးအေးလူလူ စကားစမြည် ပြောဆိုနေလိုက်ကြသည်။
ခဏအကြာတွင် မြင်းခွာသံများနှင့်အတူ လူခြေသံ အများအပြား ထွက်ပေါ်လာတော့၏။
သခင်ဝှိုက်က လူအချို့အား ခေါ်ဆောင်၍ အလျင်အမြန် ရောက်လာခဲ့လေပြီ။
လူအများစု ရောက်လာခြင်း အပေါ် ချင်ဟန်က သိပ်ပြီး အံ့အားသင့်မနေခဲ့ချေ။
သို့သော် သူ့အား အံ့အားသင့်သွားစေသည်က သခင်ဝှိုက် အနောက်မှ လူလတ်ပိုင်း အရွယ် အမျိုးသားပင်။
"အဖေ... ဘာလို့ ဒီရောက်နေတာလဲ"
သူက အလျင်အမြန် လျှောက်သွားပြီး ရိုသေစွာ မေးလိုက်သည်။
မြို့စား ကိုင်ဆန်မှာ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာထား သိပ်မကောင်းပေ။ သူ့မျက်လုံး တစ်ဝိုက်တွင် ညိုမည်းနေပြီး မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့သည့် ပုံစံမျိုးပင်။
"အဖေ မင်းကို လိုက်ပို့ချင်လို့ပါ"
မြို့စား ကိုင်ဆန်က ခေါင်းခါယမ်းရင်း ပြောလာ၏။
ယခု သူ့ သားဖြစ်သူ ထွက်ခွာတော့မည် ဖြစ်ရာ ဖခင် တစ်ယောက် အနေဖြင့် မည်သို့များ စိတ်မပူဘဲ နေနိုင်မည်နည်း။
မနေ့ညက သူ ကောင်းကောင်း အိပ်မပျော်ခဲ့သလို ချင်ဟန်အား ဤနေရာတွင်သာ ဆက်လက် ထားရှိချင်စိတ်များပင် ဖြစ်ပေါ်နေခဲ့သည်။
သို့တိုင် နောက်ဆုံးတွင်တော့ သူ့ခံစားချက်များကို ထိန်းချုပ်ကာ အကျိုးအကြောင်း သင့်တင့်စွာဖြင့် ဆုံးဖြတ်နိုင်ခဲ့လေပြီ။
"ဒီခရီးမှာ ဂရုစိုက်ဖို့ မမေ့နဲ့နော်"
သူက ချင်ဟန်အား ကြည့်၍ ညင်သာစွာ သက်ပြင်းချလိုက်သည်။
"နားလည်ပါပြီ အဖေ"
ချင်ဟန်က ပြုံး၍ သက်သောင့်သက်သာ ရှိလှသော အမူအရာဖြင့် ခေါင်းညိတ်ပြ၏။
သူ တစ်စုံတစ်ရာအား စဉ်းစားပြီးနောက် မြို့စား ကိုင်ဆန် အရှေ့သို့ တိုးသွားလိုက်သည်။ ထို့နောက် သူ့ဖခင်အား ကြည့်၍ လေးနက်စွာဖြင့်...
"ဒီတစ်ခေါက် ထွက်သွားပြီးရင် အချိန်အတိုင်းအတာ တစ်ခုထိ ပြန်လာနိုင်မှာ မဟုတ်ဘူး ထင်တယ်... အဝေးတစ်နေရာက ငှက်ဖြူလေးတွေတောင် သူတို့ရဲ့ အိမ်၊ မိသားစုနဲ့ သူငယ်ချင်းတွေကို လွမ်းဆွတ်ကြတယ်လို့ ကြားဖူးတယ်... အခု ကျွန်တော်လည်း ဒီခံစားချက်ကို ကိုယ်တိုင် ကြုံတွေ့ရတော့မယ် ထင်ပါရဲ့..."
"ကျွန်တော် မရှိတဲ့ အချိန် အဖေ့ကျန်းမာရေးကို ဂရုစိုက်ပါလို့ တောင်းဆိုချင်ပါတယ်... ပြန်လာတဲ့ အခါကျရင်လည်း အဖေနဲ့အတူ ထမင်းလက်ဆုံ ဆက်စားခွင့် ရဦးမယ်လို့ မျှော်လင့်ပါတယ်..."
သူ့ အသံမှာ တိုးညှင်းနေပြီး မျက်နှာ အမူအရာကလည်း ရိုးသား လေးနက်လို့နေသည်။
ဘေးပတ်လည်ရှိ သခင်ဝှိုက်နှင့် အခြားသူများမှာ ချင်ဟန်၏ ရိုသေကိုင်းရှိုင်းမှုကြောင့် အတော်လေး စိတ်လှုပ်ရှား ခံစားသွားရချေပြီ။
မြို့စား ကိုင်ဆန်၏ မျက်လုံးများ နီရဲလာတော့၏။
သူက ချင်ဟန်အား ကြည့်ရင်း တစ်စုံတစ်ရာ ပြောရန် ပါးစပ် ဟလိုက်သည်။ သို့သော် နောက်ဆုံးတွင် မည်သည့် စကားမှ ထွက်မလာတော့ဘဲ ချင်ဟန်၏ ပခုံးအား ခပ်တင်းတင်း ပုတ်ကာ ဆို့နင့်နေသော အသံဖြင့်...
"ဂရုစိုက်ပါ"
သူ့မျက်လုံးများ အနည်းငယ် စိုစွတ်လာပြီး...
"ဘာပဲဖြစ်ဖြစ် ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ဖို့ပဲ အရေးကြီးတယ်"
"ပြန်လာခဲ့ပါ့မယ်"
ချင်ဟန် ပြုံး၍ လေးနက်စွာ တုံ့ပြန်လိုက်သည်။
အတန်ကြာပြီးနောက် ချင်ဟန်လည်း ခရီး စတင်ထွက်ခွာခဲ့တော့၏။
သူက မြင်းလှည်းပေါ် ထိုင်ကာ ဤနေရာမှ ထွက်ခွာလာခဲ့လေပြီ။
လှည်းပေါ်တွင်တော့ ဂျစ်နှင့် အခြားသူများက လိုက်ပါလာပြီး လှည်းမောင်းခြင်း၊ လမ်းညွှန်ခြင်း သို့မဟုတ် ခရီးစဉ်အတွင်း လိုအပ်သည့် အခြားကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပေးကြသည်။
မြို့စား ကိုင်ဆန် တစ်ယောက်သာ ထိုနေရာတွင် ကျန်ရစ်ခဲ့၏။
မနက်ခင်း လေအေးများ တိုက်ခတ်လာသောကြောင့် သူ အနည်းငယ် ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။
ထိုနေရာတွင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် နောက်ဆုံး၌ သူက သက်ပြင်းရှည်ကြီး တစ်ချက်ကိုသာ ချနိုင်တော့သည်။
ထိုစဉ် အဝေးမှနေ၍ တစ်စုံတစ်ယောက် လေ့ကျင့်ရေး ဆင်းနေသည့်အလား အော်ဟစ်သံများ ထွက်ပေါ်လာ၏။
"ဒါ ဘာအသံလဲ"
မြို့စား ကိုင်ဆန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"သခင်လေး အော်မန်ဒို စစ်သည်တွေကို လေ့ကျင့်ပေးနေတာပါ"
အစေခံ တစ်ယောက်က ပြန်ဖြေလေသည်။
"ငါမွေးတဲ့ ခွေးကောင်..." မြို့စား ကိုင်ဆန် ဒေါသထွက်သွားပြီး... "သူ့ညီလေး ခရီးဝေး ထွက်တော့မယ့်ဟာကို အစ်ကိုဖြစ်သူက နိုးနေတာတောင် လာမနှုတ်ဆက်ဘူးလား"
သူက ဒေါသတကြီးဖြင့် အသံလာရာဆီသို့ အလျင်အမြန် ထွက်သွားတော့၏။
ချင်ဟန်ကတော့ ဤကိစ္စများကို လုံးဝ သိရှိမည် မဟုတ်ပေ။
မြို့စား ကိုင်ဆန်၏ အနီးမှ ထွက်ခွာလာခြင်းက ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေသည်။
ဆိုးကျိုးကတော့ ရှင်းလင်း၏။ မြို့စား ကိုင်ဆန်အနီးမှ ထွက်ခွာလာပြီးနောက် ဟိုဘက်တွင် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ချင်ဟန် အနေဖြင့် မည်သို့မျှ ဝင်ရောက် စွက်ဖက်နိုင်မည် မဟုတ်တော့ချေ။
သို့သော် ထိုသို့ ဖြစ်လာရန် အလားအလာ သိပ်မရှိပေ။
လွန်ခဲ့သော နှစ်ဝက် ကာလအတွင်း မြို့စား ကိုင်ဆန် ဘေးရှိ လူအများစုမှာ ချင်ဟန်၏ လူများ ဖြစ်လာခဲ့ပြီး သူ့ဘက်သို့သာ ယိမ်းယိုင်နေကြပြီ ဖြစ်သည်။
ထို့အပြင် မြို့စား ကိုင်ဆန်၏ ကျန်းမာရေးမှာ အတော်လေး ကောင်းမွန်နေဆဲ ဖြစ်ပြီး ချက်ချင်း သေဆုံးသွားမည့် ပုံစံမျိုး မရှိပေ။
အော်မန်ဒို အတွက်ကတော့ သူ လုံးဝ စဉ်းစားနေစရာပင် မလိုချေ။
ချင်ဟန် မရှိတော့သည့် အချိန်တွင် ထိုကောင် တစ်ယောက်တည်း လွတ်လပ်စွာဖြင့် ကိစ္စများကို ရှုပ်ထွေးအောင် လုပ်ကောင်း လုပ်နေနိုင်ပေမည်။
အခြား တစ်ဖက်တွင်လည်း မြို့စား ကိုင်ဆန်ထံမှ ထွက်ခွာလာခြင်း၏ အကျိုးကျေးဇူးများမှာ ထင်ထင်ရှားရှားပင်။
ပထမအချက် အနေဖြင့် သူ ပြင်ပလောကကြီးကို တွေ့မြင်ခွင့် ရရှိခြင်း ဖြစ်သည်။
ဤလောကကြီးမှာ အလွန် ကျယ်ပြောလှပြီး ကူတူး မင်းနေပြည်တော် တစ်ခုတည်းကပင် အတော်လေး ကြီးမားလှသည်။ မြို့စား ကိုင်ဆန်မှာ သာမန် မှူးမတ်ငယ် တစ်ပါးသာ ဖြစ်ပြီး ကူတူး မင်းနေပြည်တော် တစ်ခုလုံးနှင့် ယှဉ်လျှင် ပြောပလောက်သည့် အဆင့်တွင်ပင် မရှိချေ။
မြို့စား ကိုင်ဆန်၏ ပိုင်နက်မှာ မသေးငယ်သော်ငြား ကန့်သတ်ချက်များ ရှိနေဆဲပင်။ အကယ်၍ ချင်ဟန်သာ ဤနေရာတွင် ဆက်နေပါက သူ့ အနာဂတ် တိုးတက်မှုအတွက် အကျိုးရှိမည် မဟုတ်ပေ။
ယခု သူ ကြိုတင် ထွက်ခွာခွင့် ရရှိပြီး ကူတူး မင်းနေပြည်တော်၏ အစည်ကားဆုံး မြို့တော်တွင် ပညာသင်ကြားခွင့် ရရှိခြင်းမှာ အလွန် ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်၏။
ထိုသည်က ချင်ဟန်၏ အနာဂတ်အတွက် အကျိုးရှိစေရုံသာမက သူ ရမှတ်များ ရှာဖွေရာတွင်လည်း များစွာ အထောက်အကူ ပြုပေလိမ့်မည်။
ဤသည်တို့မှာ အကျိုးကျေးဇူးများပင် ဖြစ်သည်။
သေချာသည်မှာ သူ မည်မျှ အကျိုးအမြတ် ရရှိမည် ဆိုခြင်းက သူ့အပေါ်တွင်သာ မူတည်နေ၏။
ထိုအထိ တွေးတောပြီးနောက် သူက အရှေ့သို့ လှမ်းကြည့်လိုက်သည်။
သူတို့က ကျဉ်းမြောင်းသော လမ်းကလေး တစ်ခုသို့ ရောက်လာခဲ့လေပြီ။
ပတ်ဝန်းကျင်မှာ အလွန် ကျဉ်းမြောင်းပြီး လူအနည်းငယ်သာ မတိုးမရှောင် ဖြတ်သန်းသွားနိုင်လောက်သည်။
မြေမျက်နှာသွင်ပြင်ကို ကြည့်ရင်း ချင်ဟန်လည်း တိတ်တဆိတ် မတ်မတ်ထိုင်ပြီး သူ့ လက်က ဘေးဘက်ရှိ ဓားဆီ အလိုအလျောက် ရောက်သွားကာ ဆုပ်ကိုင်လိုက်မိ၏။
မမျှော်လင့်ထားသော အပြောင်းအလဲများ အားလုံးကို ရင်ဆိုင်ရန် သူ ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် သူတို့ ထိုနေရာကို ဖြတ်သန်းလာသည့်တိုင် မည်သည့် ထူးခြားမှုမျှ ကြုံတွေ့ခဲ့ရခြင်း မရှိချေ။
သူတို့ ဖြတ်သန်းလာခဲ့သော ကျဉ်းမြောင်းသည့် ချောက်ကမ်းပါးကို ပြန်လည် ကြည့်ရှုရင်း ချင်ဟန်လည်း စိတ်ထဲမှသာ ခေါင်းခါယမ်းလိုက်သည်။
အော်မန်ဒိုမှာ အတော်လေး တုံးအသော်ငြား သူ့အား သတ်ဖြတ်ရန် လူလွှတ်ရလောက်သည့် အထိတော့ မမိုက်မဲလောက်ပေ။
ထွက်ခွာလာပြီးနောက် အော်မန်ဒို လူကိုယ်တိုင် ဦးဆောင်၍ လုပ်ကြံလာမည့် အရေးအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း သူ့ အစီအစဉ်များမှာ အလဟဿ ဖြစ်သွားခဲ့လေပြီ။
"နှမြောစရာပဲ..."
ချင်ဟန် ညင်သာစွာ သက်ပြင်းချလိုက်မိသည်။
အကယ်၍ အော်မန်ဒိုသာ သူ့အား သတ်ဖြတ်ရန် ဤနေရာအထိ ရဲရဲဝံ့ဝံ့ လာခဲ့မည် ဆိုလျှင် သူ့အနေဖြင့် ပြန်လည် တိုက်ခိုက်ပြီး ထိုကောင်အား ဖယ်ရှားပစ်ရန် အခွင့်အရေး ရရှိမည် မဟုတ်ပါလား။
ထိုသို့သာ ဖြစ်ခဲ့လျှင် သူ့အတွက် အားစိုက်ထုတ်ရမှု များစွာ သက်သာသွားပေလိမ့်မည်။
ကံမကောင်းစွာဖြင့် အော်မန်ဒိုမှာ ထိုအကြောင်းကို မတွေးမိခြင်း သို့မဟုတ် ထိုသို့ ပြုလုပ်ရန် သတ္တိမရှိခြင်းကြောင့် လာမရောက်ခဲ့ခြင်းပင်။
သို့တိုင် ဤသို့ ဖြစ်သွားသည်ကလည်း မဆိုးလှပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရလဒ်ကတော့ မည်သို့ပင်ဖြစ်စေ အတူတူသာ ဖြစ်လာပေလိမ့်မည်။
ချင်ဟန်က မြင်းလှည်းပေါ်တွင် ငြိမ်းချမ်းစွာ ထိုင်ရင်း သူ့ဘာသာ တိတ်တဆိတ် တွေးတောနေတော့သည်။
***