ချင်ဟန် အတွက်ကတော့ အော်မန်ဒို တစ်ခုခု လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သိပ်ပြီး အရေးမကြီးပေ။
လက်ရှိ သူ့ အရှိန်အဟုန်အရ အော်မန်ဒို ဘာပဲလုပ်လုပ် နောက်ဆုံး ရလဒ်ကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။
မြို့စား ကိုင်ဆန် ပိုင်ဆိုင်သမျှ အရာအားလုံး သူ့လက်ထဲ ရောက်လာရန်မှာ အချိန်ပြဿနာ တစ်ခုသာ ဖြစ်၏။
ချင်ဟန်က ဓားကို ဆုပ်ကိုင်ထားရင်း တည်ငြိမ်သော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ တွေးတောနေတော့သည်။
မြို့စား ကိုင်ဆန်၏ ပိုင်နက်မှ ကူတူးအထိ ခရီးအကွာအဝေးမှာ အလွန်တရာ ရှည်လျားသည်။
ဝေးကွာလှသော ခရီးစဉ်နှင့် ဤလောကတွင် ခရီးသွားလာရ ခက်ခဲမှုတို့ကြောင့် ချင်ဟန် ခရီးဆုံးသို့ ရောက်ရှိရန် အလွန် ကြာမြင့်သော အချိန်တစ်ခုကို ပေးဆပ်လိုက်ရ၏။
ချင်ဟန် သူ့ ခရီးဆုံးသို့ ရောက်ရှိရန် နှစ်လတိတိ အချိန်ယူခဲ့ရလေပြီ။
ကူတူး မင်းနေပြည်တော်သို့ ရောက်ရှိပြီးနောက် သူ နေရာထိုင်ခင်း အရင်ချလိုက်တော့သည်။
"အတော်လေး စည်ကားတဲ့ပုံပဲ..."
ချင်ဟန်က မြို့ထဲတွင် ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေမိ၏။
သူ့ အမြင်အရ ဤမြို့တော်မှာ သိပ်ပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိပေ။ မြို့၏ တည်ဆောက်ပုံ အနေအထားမှာ အတော်လေး ရှုပ်ထွေးနေပြီး လူအသွားအလာများမှာလည်း ပရမ်းပတာ နိုင်လှသည်။ ရံဖန်ရံခါ အနံ့အသက် ဆိုးဝါးမှုများလည်း ရှိနေတတ်ရာ မြို့တော်၏ အမှိုက်သိမ်းစနစ်မှာလည်း သိပ်မကောင်းလှကြောင်း ထင်ရှားနေသည်။
သို့တိုင် မြို့စား ကိုင်ဆန်၏ ပိုင်နက်နှင့် နှိုင်းယှဉ်ပါက ဤနေရာမှာ အတော်လေး ကောင်းမွန်နေဆဲပင်။ အနည်းဆုံးတော့ အတော်လေး စည်ပင် ဝပြောပုံရပြီး ချင်ဟန် ယခင်က မြင်တွေ့ခဲ့ဖူးသော နေရာများထက် များစွာ သာလွန်နေသည် မဟုတ်ပါလား။
သေချာသည်မှာ ခေတ်သစ် လူ့အဖွဲ့အစည်းရှိ မြို့ပြများနှင့် ယှဉ်လျှင်မူ များစွာ လိုအပ်ချက်များ ရှိနေပြီး လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။
သို့သော် လောကနှစ်ခုကြား ကွာဟချက်များကို လျစ်လျူရှု၍ တိုက်ရိုက် နှိုင်းယှဉ်ခြင်းမှာလည်း တရားမျှတမှု မရှိပေ။
အနည်းဆုံးတော့ ဤလောကတွင် ဤမြို့တော်မှာ အတော်လေး ကောင်းမွန်သည့် အဆင့်၌ ရှိနေလေပြီ။
ယခင် ဘဝကူးသည့် အတွေ့အကြုံတွင် ကြေးစားစစ်သည် တစ်ယောက်အဖြစ် နေထိုင်ကာ နေရာအနှံ့ ခရီးသွားခဲ့ဖူးသဖြင့် ချင်ဟန်က ဤအချက်ကို ကောင်းကောင်းကြီး သေချာနေခဲ့၏။
ချင်ဟန်က သက်သောင့်သက်သာ လမ်းလျှောက်နေပြီး သူဝတ်ဆင်ထားသော အနီရောင် ဝတ်ရုံကို မြင်သူတိုင်းက ထူးဆန်းသည်ဟု မထင်ဘဲ လမ်းဖယ်ပေးခဲ့ကြသည်။
ကူတူး မင်းနေပြည်တော်တွင် အနီရောင်မှာ မှူးမတ်များသာ ဝတ်ဆင်နိုင်သော အရောင် တစ်ခုပင်။
မြို့စား ကိုင်ဆန်၏ ပိုင်နက်ထဲတွင် သာမန် အရပ်သားများမှာ အဖြူနှင့် မီးခိုးရောင်ကိုသာ ဝတ်ဆင်ခွင့် ရှိကြ၏။
သို့သော် ဤမြို့တော်တွင်မူ ထိုစည်းကမ်းများမှာ အနည်းငယ် လျော့ရဲနေပုံ ရသည်။
သူ့ အရှေ့တွင် ကန့်သတ်ချက် သိပ်မရှိသည့်အလား အရောင်အသွေး စုံလင်စွာ ဝတ်ဆင်ထားသော လူအများအပြားကို ချင်ဟန် မြင်တွေ့နေရ၏။
ဤသည်မှာလည်း အဓိပ္ပာယ် ရှိလှသည်။ မည်သို့ပင်ဆိုစေ ဤနေရာက ကူတူး မင်းနေပြည်တော်၏ မြို့တော် ဖြစ်ပြီး ကြီးငယ်မရွေး မှူးမတ် မိသားစုများ၊ ကုန်သည် အဖွဲ့အစည်းများနှင့် တိုင်းတစ်ပါးမှ ကြေးစားစစ်သည်များစွာ ရှိနေသည် မဟုတ်လော။
ထို့ကြောင့် ဝတ်စားဆင်ယင်မှု အပေါ် တင်းကျပ်စွာ ကန့်သတ်ခြင်းမှာ လက်တွေ့ ကျနိုင်မည် မဟုတ်ချေ။
ချင်ဟန်က လမ်းလျှောက်နေရင်း အရာအားလုံးကို တိတ်ဆိတ်စွာ အကဲခတ်နေတော့၏။
ကူတူး တော်ဝင် အကယ်ဒမီ၏ ကျောင်းသားသစ် လက်ခံမှုကြောင့် ပြင်ပမှ လူများစွာ မြို့ထဲသို့ ဝင်ရောက်လာကြပုံ ပေါ်သည်။
သူ မြင်တွေ့ရသလောက် ပစ္စည်းမျိုးစုံ ဝယ်ယူရန် အပြင်ဘက်မှ လာရောက်ကြသူများ အတော်လေး များပြားလှ၏။
ထိုစဉ် အပြာရောင် ဝတ်ရုံနှင့် လူငယ် တစ်ယောက်က ချင်ဟန်၏ အာရုံကို ဖမ်းစားသွားတော့သည်။
သူက သိပ်အသက်မကြီးလှဘဲ အသက် နှစ်ဆယ်ကျော် အရွယ်ခန့်သာ ရှိဦးမည်။ ချင်ဟန်ထက် နှစ်အနည်းငယ်မျှသာ ပိုကြီးပုံရ၏။
သူ့ပုံစံမှာ ပိုက်ဆံ သိပ်ရှိပုံ မပေါ်ပေ။ ဝတ်ရုံ ဝတ်ဆင်ထားသော်ငြား ဖာရာထေးရာ များစွာ ပါရှိနေသည်။ သူ့မျက်နှာမှာလည်း အနည်းငယ် ညိုမည်းနေပြီး အလုပ်ကြမ်းများ မကြာခဏ လုပ်ကိုင်ရသည့် ရုပ်သွင်မျိုးပင်။
ထိုလူငယ်အား ကြည့်ရင်း ချင်ဟန် အနည်းငယ် အံ့အားသင့်သွားမိ၏။
သူ့ အကြည့်များအရ ဤလူမှာ သာမန် လူတစ်ယောက် မဟုတ်မှန်း ချင်ဟန် ခန့်မှန်းမိလိုက်ချေပြီ။
သူက ကျောပေါ်တွင် အိတ်ကြီး တစ်လုံးကို လွယ်ထားပြီး လက်ထဲတွင်လည်း ဂုန်နီအိတ်ကြီး တစ်လုံးကို ကိုင်ဆောင်ထား၏။
သာမန် လူများ အနေဖြင့် သူ့ ထူးခြားမှုကို ရိပ်မိနိုင်မည် မဟုတ်သော်လည်း ထိုအရာများမှာ လုံးဝ ပေါ့ပါးမနေကြောင်း ချင်ဟန် ကောင်းကောင်း သိမြင်နိုင်သည်။
သာမန် လူများ ဆိုလျှင် ထိုမျှ အချိန်ကြာကြာ သယ်ပိုးနိုင်မည် မဟုတ်ချေ။ သို့သော် ထိုလူငယ်၏ ပုံစံမှာ တည်ငြိမ် အေးချမ်းနေပြီး အချိန်အကြာကြီး လမ်းလျှောက်လာသည့်တိုင် ပင်ပန်း နွမ်းနယ်သည့် အရိပ်အယောင် တစ်စွန်းတစ်စမျှ မတွေ့ရပေ။
ဤသည်မှာ သာမန် လူများ လုပ်ဆောင်နိုင်သည့် အရာ မဟုတ်ကြောင်း သိသာ ထင်ရှားလှ၏။
ချင်ဟန်က သူ့ဘာသာ တွေးတောနေပြီးနောက် အရှေ့သို့ လျှောက်သွားကာ ငွေဒင်္ဂါး တစ်ပြားကို ထုတ်ယူလိုက်တော့သည်။
"ဒီပစ္စည်းတွေက နည်းနည်း ဈေးကြီးလွန်းမနေဘူးလား" လူငယ်က သူ့အရှေ့ရှိ ဈေးသည်အား ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလာ၏။ "ဒါက သာမန် ဓားအိမ် တစ်ခုလေးကိုများ... ဒီလောက် ဈေးပေးရမှာလား"
"ဒါက အသက်သာဆုံး ဈေးပါပဲကွာ" ဈေးသည်မှာ အတော်လေး စိတ်ပျက်သွားဟန်ဖြင့်... "ဒါဆို မင်းက ဘယ်လောက်နဲ့ လိုချင်လို့လဲ"
လူငယ်က လက်တစ်ဖက်ကို ဆန့်တန်း၍ လေးနက်စွာဖြင့်...
"အများဆုံး ပေးနိုင်ရင် ကြေးဒင်္ဂါး ငါးပြားပဲ"
"ဒါကတော့..." ဈေးသည်မှာ ခဏတာ တွေဝေသွားပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်၍ ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီလေ"
လူငယ်၏ မျက်နှာမှာ သက်တောင့်သက်သာ ဖြစ်သွားပြီး ခေါင်းညိတ်ကာ ပိုက်ဆံပေးရန် ပြင်လိုက်၏။
"ခွင့်လွှတ်ပါ" အလွန် ညင်သာသော အသံတစ်သံက ဘေးဘက်မှ ထွက်ပေါ်လာတော့သည်။
ထိုအသံကို ကြားချိန်တွင် လူငယ်မှာ လန့်ဖြန့်သွားပြီး သတိဖြင့် လှမ်းကြည့်လိုက်မိ၏။
သူ့ဘေးတွင် လူငယ် တစ်ယောက် ရပ်နေခြင်းပင်။
ထိုသူမှာ အရပ်ရှည်ရှည်နှင့် မားမားမတ်မတ် ရှိသော ချောမောသည့် လူငယ် တစ်ယောက် ဖြစ်သည်။ သူ့မျက်နှာ သွင်ပြင်မှာ အတော်လေး ပြေပြစ်ပြီး ရပ်နေပုံကပင် သာမန် လူများနှင့် မတူသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ဤလူမှာ အတော်လေး ထူးခြားကြောင်း တစ်ချက်ကြည့်ယုံဖြင့် ချက်ချင်း သိနိုင်သည်။
သူက မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုဖြင့် ရပ်နေပြီး ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း တစ်ယောက်နှင့် ပုံစံတူလှ၏။
"တောင်းပန်ပါတယ်... ဒါ ခင်ဗျား ဟာလေးများလား"
ချင်ဟန်က ထိုနေရာတွင် ရပ်၍ လူငယ်အား ကြည့်ကာ ပြုံးရင်း မေးလိုက်ခြင်းပင်။
သူ့ လက်ထဲတွင်တော့ ငွေဒင်္ဂါး တစ်ပြား ရှိနေပြီး နေရောင်အောက်တွင် တလက်လက် တောက်ပနေ၏။
ထိုငွေဒင်္ဂါးအား ကြည့်ရင်း လူငယ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သွေးဆောင်ခံလိုက်ရသည့် ပုံစံပေါက်သွားချေပြီ။
ချင်ဟန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"ကျုပ် ဒီနားက ဖြတ်သွားရင်း မြေကြီးပေါ်ကနေ ကောက်ရလို့ပါ... ဒါကြောင့် ပတ်ဝန်းကျင်ကို လိုက်မေးကြည့်မလို့... ခင်ဗျားဟာ ဖြစ်နေမလားလို့လေ"
ချင်ဟန်က စကားပြောနေရင်း လူငယ်အား မသိမသာ အကဲခတ်နေမိ၏။
ထိုစကား ကြားလျှင် လူငယ်မှာ အတော်လေး အံ့အားသင့်သွားပြီး သူ့အရှေ့ရှိ လူအပေါ် လေးစားစိတ်များ ဖြစ်ပေါ်လာတော့သည်။
ငွေဒင်္ဂါး တစ်ပြား ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ချေ။
ကူတူး မင်းနေပြည်တော်တွင် အသုံးပြုသော ဒင်္ဂါး နှစ်မျိုး ရှိ၏။ ကြေးဒင်္ဂါးများနှင့် တိုင်းပြည် အသီးသီးမှ လာသော ငွေဒင်္ဂါးများပင်။
ချင်ဟန်၏ လက်ထဲရှိ ငွေဒင်္ဂါးမှာ သန့်စင်မှု အလွန် မြင့်မားပြီး ကီယန် တိုင်းပြည်မှ လာသော ငွေဒင်္ဂါးကြီး တစ်ပြား ဖြစ်သည်။ တန်ဖိုး အရ ကြည့်လျှင် ကူတူး မင်းနေပြည်တော်မှ ငွေဒင်္ဂါးငယ် တစ်ပြားထက် များစွာ တန်ဖိုး ပိုကြီးပြီး ကြေးဒင်္ဂါး ရာပေါင်းများစွာနှင့် ညီမျှ၏။
သူက ဤမျှ များပြားသော ငွေကြေး ပမာဏကို ကောက်ရခဲ့သည့်တိုင် ကိုယ်ကျိုးအတွက် မသိမ်းထားဘဲ ပိုင်ရှင် အစစ်အမှန်ကို လိုက်လံ ရှာဖွေနေခဲ့သည် မဟုတ်ပါလား။
သူက ဘယ်လောက်တောင် ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သနည်း။
ဘေးဘက်ရှိ ဈေးသည်မှာ ဤမြင်ကွင်းကို ကြည့်ရင်း တံတွေးမြိုချလိုက်မိပြီး လူငယ် ကိုယ်စား ထိုငွေဒင်္ဂါးကို ယူလိုက်ချင်စိတ်များပင် ပေါက်လာတော့၏။
သို့သော် နောက်ဆုံးတွင်တော့ လူငယ်က သွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့သည်။
သူက တံတွေးမြိုချရင်း ခေါင်းခါယမ်းကာ ပြောလာ၏။
"လူကြီးမင်း... ဒါ ကျွန်တော့်ဟာ မဟုတ်ပါဘူး... ခင်ဗျား လူမှားနေပြီ"
ချင်ဟန်၏ လက်ထဲရှိ ငွေဒင်္ဂါးအား ကြည့်ရင်း သူ့ မျက်လုံးများထဲတွင် နှမြောတသဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသော်ငြား ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့ပြီး ထိုငွေဒင်္ဂါးကို မယူခဲ့ပေ။
ချင်ဟန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
***