"ဒီလိုကိုး..."
လမ်းမပေါ် လျှောက်လှမ်းနေရင်း ဘေးနားရှိ ချင်ဟန်အား ကြည့်ကာ ဖရူဒို အတော်လေး အံ့အားသင့်နေမိ၏။
"မင်းလည်း ကူတူး တော်ဝင် အကယ်ဒမီကို တက်ဖို့ လာခဲ့တာပဲ"
"ဟုတ်တယ်" ချင်ဟန်၏ မျက်နှာပေါ်တွင် ခပ်ရေးရေး အပြုံးတစ်ခု ထွက်ပေါ်နေပြီး... "မင်းလည်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး"
ချင်ဟန်၏ ကြိုးပမ်းမှုအောက်တွင် သူတို့နှစ်ယောက် အတော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့ကြလေပြီ။
အချိန်တိုလေး အတွင်းမှာပင် ချင်ဟန်၏ ပါးနပ်သော မေးခွန်းများမှတစ်ဆင့် ထိုလူငယ်က သူ့ နောက်ခံ အကြောင်းအရာ များစွာကို ပြောပြလာခဲ့၏။
သူ့အမည်မှာ ဖရူဒို ဖြစ်ပြီး မြောက်ပိုင်းရှိ အုပ်ချုပ်သူ တစ်ဦး၏ ဆွေမျိုးဆက်ခံသူ တစ်ယောက်ပင်။ ချင်ဟန် ကဲ့သို့ပင် သူက မြို့စား တစ်ပါး၏ သားဖြစ်ပြီး ကူတူး တော်ဝင် အကယ်ဒမီသို့ တက်ရောက်ရန် လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ချင်ဟန်နှင့် နှိုင်းယှဉ်ပါက သူ့ အခြေအနေမှာ များစွာ ဆိုးရွား သနားစရာ ကောင်းနေပြီး ဤနေရာသို့ ရောက်လာပြီးနောက် သိကျွမ်းသူ တစ်ယောက်မျှပင် မရှိချေ။
"မင်းအဖေက မင်းအတွက် လမ်းပြ တစ်ယောက်မှ စီစဉ် မပေးလိုက်ဘူးလား" ချင်ဟန်က စူးစမ်းလိုစိတ်ဖြင့် မေးလာ၏။
ဖရူဒိုက ခေါင်းခါယမ်း၍ ချင်ဟန်အား ရှင်းပြလေတော့သည်။
ဖရူဒို၏ မိသားစုမှာ မှူးမတ်များ ဖြစ်ကြသော်ငြား သူတို့ နေထိုင်ရာ မြောက်ပိုင်းမှာ မြေရိုင်း ဒေသများနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းပင်။
မြို့စား ကိုင်ဆန်၏ ပိုင်နက်နှင့် မတူညီစွာပင် မြေရိုင်း ဒေသများတွင် ရာသီဥတု ဆိုးရွားရုံသာမက ကြောက်မက်ဖွယ် ကောင်းလှသော တိုင်းတစ်ပါးသား မျိုးနွယ်စုံလည်း ရှိနေကြသည်။
ထိုနေရာမှာ ဆင်းရဲနွမ်းပါးသည့် အပြင် ထွက်ကုန်လည်း သိပ်မရှိပေ။ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် အန္တရာယ်များကြောင့် ခရီးသွား ကုန်သည်များလည်း သိပ်မလာကြသဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ဆိုက်ရောက်နေရခြင်း ဖြစ်ချေသည်။
ထို့ကြောင့် ထိုနေရာရှိ အုပ်ချုပ်သူ ကိုယ်တိုင်ပင် အလွန် ဆင်းရဲနွမ်းပါးလှ၏။
ဖရူဒို၏ မိသားစု အခြေအနေမှာလည်း ထိုနည်းတူပင်။
ဖရူဒို အဆိုအရ သူ ကူတူးသို့ ရောက်လာနိုင်ခဲ့ခြင်း အကြောင်းရင်းမှာ ကုန်သည် အဖွဲ့တစ်ဖွဲ့ ဖြတ်သန်းသွားစဉ် သူတို့နှင့်အတူ ခရီးကြုံ လိုက်ပါလာခဲ့ရခြင်းကြောင့်သာ ဖြစ်သည်။
မဟုတ်လျှင် သူ ဘယ်အချိန်မှ ဤနေရာသို့ ရောက်လာနိုင်မည်မှန်း သူ့ကိုယ်သူပင် သိမည် မဟုတ်ချေ။
ထိုအကြောင်းများ နားထောင်ရင်း ချင်ဟန် ကိုယ်တိုင်ပင် ဆွံ့အသွားရလေပြီ။
သို့တိုင် သူ့ ဇာတ်လမ်းမှာ အတော်လေး လက်တွေ့ကျပုံ ရသည်။
ယခင်ကတည်းက ကူတူး မင်းနေပြည်တော် မြောက်ပိုင်းရှိ ဆင်းရဲနွမ်းပါးမှုများ အကြောင်း သူ ကြားဖူးထားခဲ့သည် မဟုတ်ပါလား။
လူများက ချဲ့ကား ပြောဆိုနေကြသည်ဟုသာ ထင်မှတ်ထားခဲ့သော်လည်း ဤသည်မှာ အမှန်တရား ဖြစ်နေပုံ ရချေသည်။
"ဒါနဲ့ တောင်ပိုင်းက တကယ်ပဲ အဲ့ဒီလောက်တောင် ချမ်းသာကြွယ်ဝတာလား" ဖရူဒိုက အားကျသော လေသံဖြင့် မေးလာ၏။
ငွေကြေး အပေါ် ဂရုမစိုက်တတ်သည့် ချင်ဟန်၏ စိတ်နေသဘောထားကို သူက လွန်စွာ အားကျ လေးစားနေမိတော့သည်။
သူတို့ ပိုင်နက်တွင် ငွေဒင်္ဂါးကြီး တစ်ပြား ဆိုသည်မှာ မယုံနိုင်လောက်အောင် များပြားလှသော ငွေကြေး ပမာဏပင်။
"အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး" ချင်ဟန်က ပြုံး၍ ခေါင်းခါယမ်းလိုက်ပြီး... "ငါ့အဖေရဲ့ အခြေအနေက မင်းတို့ထက် နည်းနည်း ပိုကောင်းတာ မှန်ပေမယ့် အရမ်းကြီး ချမ်းသာနေတာတော့ မဟုတ်ဘူး"
"တကယ်တမ်း ပြောရရင် ငါ ထွက်လာတုန်းက ငွေဒင်္ဂါး သုံးပြားပဲ ပါလာခဲ့တာ" သူက မျက်နှာ အမူအရာ တစ်ချက် မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါပေမဲ့ မင်းက..." ဖရူဒိုက စကားစလိုက်ပြီးနောက် အလွန် အံ့အားသင့်သွားဟန်ဖြင့် ရပ်တန့်သွားတော့သည်။
"ဘာလို့လဲဆိုတော့ လူတွေက အမြဲတမ်း ပိုလိုချင်နေကြလို့လေ"
ဖရူဒိုအား ကြည့်ရင်း ချင်ဟန် ပြုံးလိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ...
"အမှန်တိုင်း ပြောရရင် ငါ့အတွက်လည်း ငွေဒင်္ဂါးကြီး တစ်ပြားက အများကြီးပါပဲ... တစ်နှစ်ပတ်လုံး စုရင်တောင် အဲ့ဒီလောက် ရချင်မှ ရမှာ... ဒါပေမဲ့ ဒီလောက် များပြားတဲ့ ငွေကြေးကို ရလိုက်လို့ ဝမ်းသာရမယ့် အစား... တခြားလူတွေ ဒီကိစ္စကြောင့် ဒုက္ခရောက်နေတာကို ငါ မမြင်ချင်ဘူး"
"စဉ်းစားကြည့်လေ... ဒါက တခြားလူ တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု အကုန်လုံး ဖြစ်နေနိုင်တယ်... သူတို့က ဒီပိုက်ဆံကို သုံးပြီး သူတို့ဘဝကို ပြောင်းလဲဖို့ မျှော်လင့်နေတာ ဖြစ်နိုင်သလို လူတစ်ယောက်ရဲ့ အသက်က ဒီပိုက်ဆံ အပေါ်မှာ မူတည်နေတာမျိုးလည်း ဖြစ်နိုင်တယ်လေ... ငါ့အတွက်က ဒီပိုက်ဆံ မရလိုက်လို့ ဘာမှ မဖြစ်သွားပေမယ့် တခြားလူတွေ အတွက်ကျတော့ ဒါကို ဆုံးရှုံးလိုက်ရတာ အရာအားလုံး ဆုံးရှုံးလိုက်ရတာနဲ့ တူတူပဲ ဖြစ်နေလိမ့်မယ်..."
ချင်ဟန် ညင်သာစွာ သက်ပြင်းချလိုက်ပြီး တိုးညှင်းစွာ ပြောလာတော့သည်။
"အဲ့လိုမျိုး ဖြစ်တာကို ငါ မမြင်ချင်ဘူး... တကယ်လို့ အဲ့လိုသာ ဖြစ်သွားခဲ့ရင် ငါ့ရဲ့ ဝမ်းသာမှုက အပြစ်မကင်းတဲ့ စိတ်ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး... ပြီးတော့ စိတ်အေးချမ်းသာစွာ ရှင်သန်နိုင်မှာလည်း မဟုတ်ဘူး"
ဖရူဒို နောက်တစ်ကြိမ် ဆွံ့အသွားရပြန်ချေပြီ။
ချင်ဟန်က အလွန် ချမ်းသာကြွယ်ဝလွန်းသဖြင့် ငွေကြေးကို ဂရုမစိုက်သောကြောင့် ယခုလို ပြုမူခဲ့ခြင်း ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့မိ၏။
သို့သော် အခြေအနေက ထိုသို့ မဟုတ်မှန်း ထင်ရှားနေသည်။
ဤလူမှာ တခြားသူများ ဒုက္ခမရောက်စေရန် သူကိုယ်တိုင် အနစ်နာခံမည့် လူစားမျိုးပင်။
အကယ်၍ သူသာ ဘာမှ မလုပ်ဘဲ နေလိုက်ပါက ဤငွေများကို သူ့ကိုယ်ပိုင်အဖြစ် အလွယ်တကူ သိမ်းပိုက်ထားနိုင်မည် မဟုတ်ပါလား။ သို့တိုင် သူက ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ မူလ ပိုင်ရှင်အား ဒုက္ခမရောက်စေလိုသဖြင့် ပိုင်ရှင်ကိုသာ လိုက်လံ ရှာဖွေနေခဲ့၏။
ဘယ်လောက်တောင် ဖြောင့်မတ် မှန်ကန်ပြီး ကြင်နာတတ်တဲ့ လူလဲ။
ချင်ဟန်အား ကြည့်ရင်း ဖရူဒို၏ စိတ်ထဲတွင် အလွန်တရာ လေးစားမှုများ ဖြစ်ပေါ်လာပြီး ဘာပြောရမည်မှန်းပင် မသိတော့ချေ။
"မင်းက တကယ့်ကို ကြီးမြတ်တဲ့ လူတစ်ယောက်ပဲ" အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူက စကားစလာ၏။
"ကြီးမြတ်တယ်... ဟင့်အင်း... လုံးဝ မဟုတ်ရပါဘူး"
ချင်ဟန်က နွေးထွေးစွာ ပြုံးလိုက်သည်။
"တကယ်လို့ ငါ့အဖေသာ ဒီကိစ္စကို သိသွားရင် သေချာပေါက် ဓားဆွဲထုတ်ပြီး ငါ့ကို အရူးလို့ ခေါ်မှာပဲ... တခြားလူတွေလည်း အတူတူပဲ ဖြစ်မှာ သေချာတယ်" သူက သွားဖြီးရင်း ရယ်မောကာ ပြောလိုက်၏။
ဖရူဒို ရယ်မောလိုက်ပြီး လေးနက်စွာဖြင့်...
"လူအများစု အတွက်တော့ ဒါက မိုက်မဲတယ်လို့ ထင်ရပေမယ့် ငါကတော့ မင်းရဲ့ လုပ်ရပ်က အတော်လေး မြင့်မြတ်တယ်လို့ ခံစားရတယ်… ကြင်နာတတ်တဲ့ လူတွေက လေးစားမှုနဲ့ ထိုက်တန်ပါတယ်"
ချင်ဟန်အား ကြည့်ရင်း သူက တည်ကြည်စွာ ပြောလာသည်။
ထိုနေရာတွင် ရပ်၍ ဖရူဒို၏ အမူအရာကို ကြည့်ရင်း ချင်ဟန်က မည်သည့် စကားမှ မဆိုတော့ဘဲ ပြုံးသာ ပြုံးနေလိုက်သည်။
သူ ကူတူးသို့ ငွေဒင်္ဂါး သုံးပြားသာ ယူဆောင်လာခဲ့သည်မှာ မှန်သော်ငြား ဖရူဒိုအား သူ မပြောပြခဲ့သည့် အရာကား မြို့စား ကိုင်ဆန် အနေဖြင့် မကြာမီတွင် သူ့ထံ ငွေဒင်္ဂါး ဆယ်ပြား ပို့ပေးမည် ဖြစ်ပြီး နောင်နှစ်များတွင်လည်း နှစ်စဉ် ပို့ပေးမည် ဆိုသည့် အချက်ပင်။
ထို့အပြင် ဤငွေဒင်္ဂါး ပိုင်ရှင် အစစ်အမှန်မှာ အမှန်တကယ် ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ အရာအားလုံးမှာ သူ ဖန်တီးထားသည့် လှည့်ကွက်များသာ ဖြစ်ကြောင်းကိုလည်း ဖရူဒိုအား မပြောပြခဲ့ချေ။
သေချာသည်မှာ သူ နှုတ်မှ မဟသရွေ့ ဖရူဒို တစ်ယောက် ဘယ်တော့မှ သိရှိနိုင်မည် မဟုတ်ပေ။
"ကျေးဇူးပါပဲ"
ချင်ဟန်က ဝမ်းသာအားရ ပြုံးလိုက်တော့၏။
"အဲ့ဒါတွေ အကုန်လုံး ဘေးဖယ်ထားလိုက်... မင်းနဲ့ သိရတာ အရမ်း ဝမ်းသာတယ်... မင်းက ကူတူးမှာ ငါ့ရဲ့ ပထမဆုံး သူငယ်ချင်းပဲ" သူက လက်ဆန့်တန်းရင်း ပြောလိုက်သည်။
ဖရူဒို ခဏတာ ငေးကြည့်နေပြီးနောက် ပြုံး၍ ချင်ဟန်၏ လက်အား ခပ်တင်းတင်း ဆုပ်ကိုင် နှုတ်ဆက်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် ခိုင်မာသော မိတ်ဆွေ သံယောဇဉ် တစ်ခု ဖြစ်တည်လာခဲ့ချေပြီ။
ထို့နောက် ချင်ဟန်နှင့် ဖရူဒိုတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် အချိန်အကြာကြီး သိကျွမ်းခဲ့ဖူးသူများ အလား စကားများ ဖောင်ဖွဲ့နေကြတော့၏။
အချိန်အတော်ကြာပြီးနောက် ကောင်းကင် မှောင်စပြုလာချိန်မှသာ ဖရူဒို ထွက်ခွာသွားခဲ့သည်။
ဖရူဒို၏ ပျောက်ကွယ်သွားသော ကျောပြင်အား ကြည့်ရင်း ချင်ဟန်က ထိုနေရာတွင် ရပ်ကာ သူ့ဘာသာ တိတ်ဆိတ်စွာ တွေးတောနေမိ၏။
"ပျိုးပင်ကောင်း တစ်ပင်ပဲ"
သူက ပြုံးလိုက်ပြီး စိတ်ထဲတွင် အတော်လေး ကျေနပ် ဝမ်းမြောက်နေမိသည်။
သူတို့ အချင်းချင်း သိကျွမ်းခဲ့သည်မှာ တစ်ရက်သာ ရှိသေးသော်ငြား ချင်ဟန်က အချက်အလက် များစွာကို ရရှိခဲ့ပြီး ဖြစ်၏။
ဖရူဒိုမှာ အသက် သိပ်မကြီးသေးဘဲ အချို့သော နေရာများတွင် ရိုင်းစိုင်းသည့် ပုံပေါက်နေသော်လည်း သူ့ထံတွင် ကြီးမားသော အလားအလာများ ရှိနေသည် မဟုတ်ပါလား။
သူက ဤနေရာသို့ ပညာသင်ကြားရန် လာရောက်နိုင်ခြင်းမှာ တစ်နေ့နေ့တွင် သူ့ဖခင်၏ အရိုက်အရာကို ဆက်ခံနိုင်ခြေ ရှိနေကြောင်း ညွှန်ပြနေခြင်းပင်။
ထို့အပြင် မြောက်ပိုင်းမှ မှူးမတ်များမှာ နှိုင်းယှဉ်ချက်အရ ပိုဆင်းရဲနွမ်းပါးကြသော်လည်း သူတို့၏ ကိုယ်ပိုင် အားသာချက်များ ရှိနေကြသည်။
ဖရူဒို ထံတွင်လည်း သူ့ ကိုယ်ပိုင် အားသာချက်ကောင်းများ ရှိနေ၏။
တင်းကျပ်သော လက်ဆွဲနှုတ်ဆက်မှုနှင့် ဖရူဒို၏ လက်ပေါ်ရှိ အသားမာများကို တွေးမိချိန်တွင် ချင်ဟန် ပြုံးလိုက်မိပြီး သူ့ မူလ သံသယများ အပေါ် ပိုယုံကြည်ချက် ရှိလာခဲ့တော့သည်။
***