အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားကာ မျက်တောင် တစ်ခတ်အတွင်းမှာပင် ချင်ဟန် တစ်ယောက် ကူတူး မင်းနေပြည်တော်သို့ ရောက်ရှိနေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ဤပတ်ဝန်းကျင်နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့ပြီးနောက် ယနေ့တွင်မူ ကူတူး တော်ဝင် အကယ်ဒမီသို့ ကိုယ်တိုင် သွားရောက်၍ သတင်းပို့လိုက်တော့၏။
မြို့စား ကိုင်ဆန်ထံမှ ထောက်ခံစာ ပါရှိသောကြောင့် ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်များတွင် မည်သည့် ပြဿနာမျှ မရှိခဲ့ပေ။
ချင်ဟန်က ကူတူး တော်ဝင် အကယ်ဒမီသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ပြီး သူ့ သင်ခန်းစာများ အတွက် စတင် လေ့လာကြည့်လိုက်တော့သည်။
"အတန်းတွေ အကုန်လုံး ငါ့ဘာသာ ရွေးရမှာလား"
သူ့ အချိန်ဇယားအား ကြည့်ရင်း ချင်ဟန် မျက်မှောင်ကြုတ်လိုက်မိ၏။
သူ မျှော်လင့်ထားသည်နှင့် ကွဲလွဲစွာပင် အဓိက သင်ခန်းစာများမှလွဲ၍ ကျန်ရှိနေသော အတန်း အများစုမှာ ကိုယ်ပိုင် ငွေကြေး ပေးသွင်း၍ တက်ရောက်ရမည့် ရွေးချယ်စရာ ဘာသာရပ်များ ဖြစ်နေချေသည်။
"လူမှုရေး ယဉ်ကျေးမှု သင်တန်း တစ်ခုတည်းကိုတောင် ငွေဒင်္ဂါးကြီး တစ်ပြား ကျမယ်ပေါ့လေ..."
ဈေးနှုန်းအား ကြည့်ရင်း ချင်ဟန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤဈေးနှုန်းမှာ အတော်လေး ရယ်စရာ ကောင်းလွန်းလှ၏။
ချင်ဟန် အတွက်မူ ထို လူမှုရေး ယဉ်ကျေးမှု သင်တန်း ဆိုသည်များမှာ အပြင်ပန်းသာ လှပပြီး အနှစ်သာရ မရှိသည့် အရာများ ဖြစ်ရာ ငွေကြေး ရင်းနှီးမြှုပ်နှံရန် မတန်သလို ခံစားရသည်။
ဤကဲ့သို့သော ဈေးနှုန်းမျိုးမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်းနှင့် ဘာမှ မကွာခြားချေ။
သို့သော် အချို့သော အတန်းများမှာ ဓားပြတိုက်ခံရသလို ဖြစ်နေသည့်တိုင် မဖြစ်မနေ တက်ရောက်ရန် လိုအပ်နေဆဲပင်။
မထွက်ခွာမီက မြို့စား ကိုင်ဆန်က ဤအခြေအနေများနှင့် ပတ်သက်၍ သူ့အား ပြောပြထားခဲ့ဖူး၏။
ကူတူး တော်ဝင် အကယ်ဒမီမှာ ကျောင်းသားများကို ပျိုးထောင်ပေးရုံ သက်သက် မဟုတ်ဘဲ မျိုးဆက်သစ် မှူးမတ်များ အတွက် လူမှုရေး ဆက်ဆံမှုများ တည်ဆောက်ရန် အခွင့်အရေး တစ်ခု ဖန်တီးပေးထားခြင်း ဖြစ်သည်။
ဥပမာ အားဖြင့် ဤ လူမှုရေး ယဉ်ကျေးမှု သင်တန်းမှာ အသုံးမဝင်ဟု ထင်ရသော်ငြား တက်ရောက်မည့် ကျောင်းသား အများစုမှာ ရင်းနှီးကျွမ်းဝင်ထားသင့်သည့် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်နေတတ်သည်။
ဤအတန်းများမှ တစ်ဆင့် အဆက်အသွယ် ကွန်ရက်များ တည်ဆောက်နိုင်ခြင်းမှာပင် ဤသင်ခန်းစာများ၏ အဓိက ရည်ရွယ်ချက်ပင်။
ထို့ကြောင့် ငွေဒင်္ဂါးကြီး တစ်ပြား ဆိုသော ဈေးနှုန်းမှာ တကယ်တမ်း အဆင့်အတန်း စစ်ထုတ်သည့် ကန့်သတ်ချက် တစ်ခု ဖြစ်သည်။
ဤပမာဏကို တတ်နိုင်သူများမှာ အများအားဖြင့် အဆင့်အတန်း ရှိသော မိသားစုများမှ လာသူများသာ ဖြစ်ပေလိမ့်မည်။
ဤအရာက အခြေခံ ကန့်သတ်ချက် တစ်ခု ဖြစ်ပေါ်စေပြီး မည်သူမဆို အလွယ်တကူ ဝင်ရောက် တက်ရောက်နိုင်မည် မဟုတ်ချေ။
မထွက်ခွာမီက မြို့စား ကိုင်ဆန်က ချင်ဟန်အား ဤအတန်း အချို့ကို ရွေးချယ် တက်ရောက်ရန် မှာကြားခဲ့ပြီး ထိုအရာများက သူ့ အနာဂတ်အတွက် အကျိုးရှိစေမည်ဟု ဆိုခဲ့၏။
မြို့စား ကိုင်ဆန်၏ လမ်းညွှန်ချက်များကို ပြန်တွေးရင်း ချင်ဟန်လည်း အတန်း စာရင်းအား ဆက်လက် လေ့လာ ကြည့်ရှုနေလိုက်သည်။
"အိုး..."
မကြာမီမှာပင် အတန်း တစ်ခုပေါ်၌ သူ့ အကြည့်များ ရပ်တန့်သွားပြီး မျက်လုံး လွှဲ၍ပင် မရတော့ချေ။
"သူရဲကောင်း လေ့ကျင့်ရေး..." ထိုအတန်း အမည်အား ကြည့်ရင်း ချင်ဟန်၏ မျက်လုံးများ တောက်ပလာတော့သည်။
လူမှုရေး ယဉ်ကျေးမှု သင်တန်း ကဲ့သို့ပင် သင်တန်းကြေးမှာ ငွေဒင်္ဂါးကြီး တစ်ပြား ဖြစ်၏။
သို့သော် လူမှုရေး ယဉ်ကျေးမှု သင်တန်းနှင့် ယှဉ်လျှင် ဤအတန်းကို ချင်ဟန်က ပိုစိတ်ဝင်စားနေမိသည်။ အနည်းဆုံးတော့ ဤအတန်း အပေါ် အမြင်မကြည်လင်မှုမျိုး မခံစားရပေ။
ထို့အပြင် ဤအတန်းက သူ လိုချင်သည့် ရည်မှန်းချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါလား။
ချင်ဟန်တွင် အတန်းများကို မည်သို့ ရွေးချယ်ရမည် ဆိုသည်နှင့် ပတ်သက်၍ အခြေခံ အစီအစဉ် တစ်ခုသာ ရှိသေးပြီး မည်သည့် အတန်းကိုမဆို အတည်ပြု မရွေးချယ်မီ သေချာစွာ စုံစမ်း လေ့လာရန် လိုအပ်နေသေး၏။
မြို့စား ကိုင်ဆန်၏ အဆက်အသွယ် အချို့မှ တစ်ဆင့် ချင်ဟန်က ပြီးခဲ့သော ရက်အနည်းငယ် အတွင်း ဒေသခံ မှူးမတ် အချို့နှင့် သိကျွမ်းခဲ့ပြီး ဖြစ်သည်။ ယခု အချိန်တွင် ထိုအဆက်အသွယ်များကို အသုံးပြုနိုင်လေပြီ။
သူ့ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီးနောက် လှည့်၍ ထွက်ခွာလာခဲ့လိုက်သည်။
နောက်ရက် အနည်းငယ် အတွင်း ချင်ဟန် တစ်ယောက် အတော်လေး အလုပ်ရှုပ်နေတော့၏။
နေ့ခင်းဘက်များတွင် သူက သာမန် ကျောင်းသား တစ်ယောက် အလား အကယ်ဒမီ၌ ပညာ သင်ကြားလေ့ ရှိပြီး ရံဖန်ရံခါ အပြင်ထွက်ကာ သတင်း အချက်အလက် အချို့ကို လိုက်လံ စုဆောင်းလေ့ ရှိသည်။
ရက်အနည်းငယ် ကြာပြီးနောက် သတင်း အချက်အလက် အချို့ကို ရပြီးချိန်တွင် ချင်ဟန်လည်း သူရဲကောင်း လေ့ကျင့်ရေး အတန်းသို့ စာရင်းသွင်းရန် အပြတ်အသတ် ဆုံးဖြတ်လိုက်လေပြီ။
မွန်းတည့်ချိန်တွင် နေမင်းကြီးက ကောင်းကင်ယံ အထက်တည့်တည့်၌ သာထွန်းနေ၏။
နေရောင်ခြည်မှာ အလွန် တောက်ပနေပြီး အတော်လေး ပူပြင်းလှသည်။
ထိုကဲ့သို့သော ရာသီဥတု အောက်တွင် ချင်ဟန်က သူ့ အခန်းထဲမှ ထွက်လာပြီး ရင်ပြင်ငယ် တစ်ခုဆီ ရောက်ရှိလာခဲ့၏။
ထိုနေရာတွင် တစ်စုံတစ်ယောက် ရောက်နှင့်နေပြီ ဖြစ်သည်။
သူက အေးစက်စက် နိုင်ပြီး သနားညှာတာမည့်ပုံ မပေါ်သော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက်ပင်။
ပူပြင်းနေသည့်တိုင် သူက သားရေချပ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ အနည်းငယ်မျှ ပူအိုက်နေသည့် ပုံမပေါ်ချေ။
ဤလူအား ကြည့်ရင်း ချင်ဟန် အတော်လေး အံ့အားသင့်သွားမိသည်။
ချင်ဟန်မှာ အလွန် လုံ့လဝီရိယ ရှိပြီး အများအားဖြင့် မည်သည့် ကိစ္စကိုမဆို ပထမဆုံး ရောက်ရှိလေ့ ရှိသူပင်။
သူ့အရင် တစ်ယောက်ယောက် ကြိုရောက်နေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
"မင်းက ပထမဆုံးပဲ" သူ့အရှေ့မှ အသံတစ်သံ ထွက်ပေါ်လာ၏။
ထိုလူက ချင်ဟန်အား လှည့်ကြည့်လာချိန်တွင် သူ့ မျက်နှာပေါ်၌လည်း အံ့အားသင့်သည့် အရိပ်အယောင် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤမျှ စောစောစီးစီး တစ်စုံတစ်ယောက် ရောက်လာလိမ့်မည်ဟု သူကိုယ်တိုင်လည်း ထင်မှတ် မထားခဲ့ပုံရသည်။
"ခွင့်လွှတ်ပါ... လူကြီးမင်းက မစ္စတာ ကော်ရီပိုလား" ချင်ဟန်က ရိုသေလေးစားသော မျက်နှာထားဖြင့် လူလတ်ပိုင်း အမျိုးသားအား ကြည့်ကာ မေးလိုက်၏။
ထိုနေရာတွင် ရပ်နေရင်း အမျိုးသား၏ မျက်နှာထားမှာ အေးစက်နေဆဲ ဖြစ်ပြီး မည်သည့် စကားမှ မဆိုဘဲ ခေါင်းညိတ်ရုံသာ ညိတ်ပြလာပြသည်။
ထိုလူမှာ အလွန် နှုတ်ဆိတ်ပုံ ရသည်ကို မြင်လျှင် ချင်ဟန်လည်း ပါးနပ်စွာဖြင့် မည်သည့် စကားမှ ဆက်မပြောတော့ဘဲ ဘေးဘက်တွင် တိတ်ဆိတ်စွာ ရပ်ကာ လူလတ်ပိုင်း အမျိုးသားနှင့် အတူ ရက်စက်သော နေပူဒဏ်ကို အတူတကွ ခံစားနေလိုက်တော့သည်။
နေရောင်က သူ့ ခန္ဓာကိုယ် အပေါ်သို့ အဆက်မပြတ် ဖြာကျနေသဖြင့် သူ့ နဖူးပေါ်တွင် ချွေးများ ဖုံးလွှမ်းလာခဲ့လေပြီ။
သို့သော် ချင်ဟန်က မည်သည့် ညည်းညူသံ၊ အသံတစ်စွန်းတစ်စမျှ မပြုလုပ်ခဲ့ချေ။ ထိုနေရာတွင် သစ်သားတိုင် တစ်တိုင်အလား မားမားမတ်မတ် ဆက်လက် ရပ်နေခဲ့၏။
ဤသည်ကို မြင်လျှင် ကော်ရီပို တစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး စိတ်ထဲမှ တိတ်ဆိတ်စွာ ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။
ကော်ရီပိုက ချင်ဟန်အား အကဲခတ်နေချိန်တွင် ချင်ဟန်ကလည်း ကော်ရီပိုအား ပြန်လည် အကဲခတ်နေမိသည်။
နေရောင်မှာ အလွန် ပူပြင်းလှပြီး အပူချိန်ကလည်း အလွန် မြင့်မားလွန်းသဖြင့် လူတစ်ယောက်ကို အရှင်လတ်လတ် ကင်သတ်နိုင်မည့် အလားပင်။
သို့သော် ဤကဲ့သို့ မြင့်မားသော အပူချိန် အောက်တွင်ပင် ကော်ရီပိုက မည်သည့် တုံ့ပြန်မှုမျှ မပြသလို ချွေးတစ်ပေါက်မျှပင် ထွက်မလာခဲ့ချေ။
ဤသည်မှာ လုံးဝ သာမန် မဟုတ်ကြောင်း သိသာ ထင်ရှားနေ၏။
ကော်ရီပိုတွင် အထူး ခန္ဓာကိုယ် တစ်ခု ရှိနေခြင်း မဟုတ်လျှင် သူက သာမန် လူတစ်ယောက် လုံးဝ မဟုတ်ကြောင်း သေချာနေသည်။
ထို့နောက် ဤနေရာ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
သူတို့ နှစ်ယောက်သား မည်သူကမျှ စကားမဆိုဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြ၏။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ခြေသံများ ထွက်ပေါ်လာပြီး ကျောင်းသား အချို့ ထပ်မံ ရောက်ရှိလာကြသည်။
လူများ တစ်ယောက်ပြီး တစ်ယောက် စုဝေးလာခဲ့လေပြီ။
ချင်ဟန်အား အံ့အားသင့်သွားစေသည်မှာ ထိုကျောင်းသားများ အထဲတွင် ဖရူဒိုလည်း ပါဝင်နေခြင်းပင်။
ဖရူဒိုက ချင်ဟန်အား မြင်ချိန်တွင် အလွန် အံ့အားသင့်သွားပြီး နှုတ်ဆက်ရန် အနားသို့ လာလုနီးပါး ဖြစ်သွားသော်ငြား မြိုသိပ် ထိန်းချုပ်လိုက်သည်။
သူက ချင်ဟန် ကဲ့သို့ပင် ဘေးဘက်တွင် နာခံမှုရှိရှိ ရပ်ကာ ကျန်ရှိနေသော ကျောင်းသားများ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေ၏။
အတန်ကြာပြီးနောက် လူအကုန်လုံး စုံလင်သွားခဲ့လေပြီ။
"လူစုံပြီ ထင်တယ်..." ကော်ရီပိုက အချိန်ကို ကြည့်၍ ခေါင်းညိတ်လိုက်ပြီး… "စတင်ဖို့ အချိန်ကျပြီ"
သူက လူတိုင်းကို ကြည့်ပြီး အနီးအနားရှိ ကွင်းပြင်လွတ် တစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
"အခု ပြေးကြတော့"
ကျောင်းသား အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မကြာမီမှာပင် တစ်စုံတစ်ယောက်က မေးလာ၏။
"ဘယ်လောက် ကြာကြာ ပြေးရမှာလဲ"
"မင်းတို့ရဲ့ အကန့်အသတ်ကို ရောက်တဲ့အထိပဲ… မင်းတို့ရဲ့ အကန့်အသတ်တွေကို ငါ့ကို ပြကြစမ်း"
ကော်ရီပို၏စကား ကြားချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။
လူအချို့က တစ်ခုခု ပြောချင်နေသော်ငြား ကော်ရီပို၏ အေးစက်စက် မျက်နှာထားအား ကြည့်ပြီးနောက် မည်သူကမျှ ဘာမှ ထပ်မပြောရဲတော့ချေ။
ဤသို့ဖြင့် ကျောင်းသား အားလုံး ကွင်းပြင်ထဲ၌ စတင် ပြေးလွှားကြတော့၏။
***