ချင်ဟန်လည်း လူအုပ်ကြားထဲတွင် ပြေးလွှားနေသည်။
လတ်တလောတွင် သူ့ပုံစံမှာ သိပ်ပြီး မျက်စိကျစရာ မရှိလှပေ။ သူက အရမ်းမြန်မြန်လည်း မပြေးသလို အရမ်းနှေးကွေးနေခြင်းလည်း မရှိဘဲ လူအုပ်၏ အလယ်ဗဟို၌သာ ပြေးနေသည်။ သူက ရှေ့ဆုံး၌ ရှိမနေသလို နောက်ကောက်ကျ ကျန်ရစ်နေခြင်းလည်း မရှိချေ။
လွန်ခဲ့သော နှစ်ဝက်အတွင်း သူက ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်အား အတိုင်းအတာ တစ်ခုအထိ လေ့လာထားခဲ့ပြီး ဖြစ်သည်။ လက်တွေ့ဘဝမှ သူ့စွမ်းရည်များနှင့် များစွာ ကွာဟနေသေးသော်ငြား သာမန်လူများထက်မူ များစွာ သာလွန်နေဆဲပင်။
ဤကဲ့သို့ လေ့ကျင့်ခန်းမျိုးက သူ့အတွက်တော့ ဘာမှမဟုတ်ပေ။
ပြေးလွှားနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ လူများကို အကဲခတ်ရန် သူ့တွင် ခွန်အားနှင့် အာရုံစူးစိုက်မှု အလုံအလောက် ရှိနေ၏။
သူ့ပတ်ပတ်လည်ရှိ လူတိုင်းမှာ အတော်လေး မြန်ဆန်စွာ ပြေးလွှားနေကြသည်။
အစပိုင်းတွင် သူတို့ကြားရှိ ကွာဟချက်မှာ သိပ်မသိသာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခွန်အား ကွာခြားချက်က ပို၍ ပို၍ သိသာ ထင်ရှားလာတော့သည်။
သတိမထားမိလိုက်ခင်မှာပင် ချင်ဟန်မှာ ရှေ့ဆုံးတန်းရှိ လူများထဲမှ တစ်ယောက် ဖြစ်လာခဲ့လေပြီ။
လက်ရှိတွင် ရှေ့ဆုံးမှ ပြေးနေသူမှာ ဖရူဒိုပင်။
ချင်ဟန်နှင့် နှိုင်းယှဉ်လျှင် ထိုလူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ လုံးဝကို ကွဲပြား ခြားနား၏။ အစမှ ယခုအချိန်အထိ သူက အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် မပြဘဲ ရှေ့ဆုံးမှချည်း ပြေးနေခဲ့ခြင်း ဖြစ်သည်။
ချင်ဟန်က သူ့နောက်မှ ကပ်လျက် လိုက်ပါလာပြီး နောက်ကောက်ကျ မကျန်ရစ်စေရန် အနီးကပ် ခြေကပ်နေခဲ့သည်။
သူတို့နှစ်ယောက် အပြင် နောက်တွင် အခြားလူ အနည်းငယ်လည်း ရှိနေသေးသည်။
ကျန်ရှိနေသော လူများထဲမှ ထက်ဝက်ခန့်မှာမူ တဖြည်းဖြည်း နောက်ကောက်ကျ ကျန်ရစ်ခဲ့ပြီး အချို့ဆိုလျှင် အမောတကောဖြင့် မြေပြင်ပေါ် ထိုင်ချနေကြလေပြီ။
ကော်ရီပိုက ဘေးတစ်ဖက်တွင် ရပ်၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
သူက နောက်ကောက်ကျနေသူများကို လှည့်ပင်မကြည့်ဘဲ ရှေ့ဆုံးမှ ပြေးနေသူများကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေ၏။
"မင်းတို့ လူနည်းစုက နေခဲ့လို့ရတယ်..." သူက ချင်ဟန်နှင့် ရှေ့ဆုံးမှ လူများကို လက်ညှိုးထိုးပြပြီးနောက် လက်လျှော့လိုက်သည့် ကျန်လူများကို ကြည့်၍...
"ကျန်တဲ့လူတွေ အကုန်လုံးကတော့ ထွက်သွားလို့ရပြီ..."
ထိုစကား ကြားလျှင် ငြင်းပယ်ခံလိုက်ရသော ကျောင်းသားများကြား ဆူညံ ပွက်လောရိုက်သွားတော့သည်။
"ဘာလို့လဲ..." လူတစ်ယောက်က ဝင်ပြောလာသည်။ "ကျွန်တော်တို့ ဒီအတန်းအတွက် အခကြေးငွေ ပေးထားတာနော်... ဘယ်လိုလုပ် ကျွန်တော်တို့ကို ဒီလိုကြီး နှင်ထုတ်ရက်တာလဲ..."
ထိုသူမှာ ရွှေချည်ငွေချည်များဖြင့် ယက်လုပ်ထားသော သပ်ရပ်သည့် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သူ့မိသားစု နောက်ခံမှာ အတော်လေး ချမ်းသာကြွယ်ဝကြောင်း သိသာ ထင်ရှားနေ၏။
ချင်ဟန်လည်း ထိုလူကို သိသည်။
ဤလူငယ်မှာ မြို့စားကြီး တစ်ဦး၏ အငယ်ဆုံးသား ဖြစ်ပုံရသည်။ သူ့အား မြို့စားကြီးက အလွန် အလိုလိုက်ထားသောကြောင့် ဤအကယ်ဒမီသို့ စေလွှတ်ခြင်း ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
သူက ထိုနေရာတွင် ရပ်ကာ ကော်ရီပိုအား ဒေါသတကြီး လက်ညှိုးထိုး၍...
"ခင်ဗျား ဘာလုပ်နေလဲ ဆိုတာကိုကော သိရဲ့လား... ခင်ဗျားက မီဒို မိသားစုရဲ့ ဆက်ခံသူကို စော်ကားနေတာပဲ... မီဒို မိသားစုရဲ့ ဒေါသကို ခင်ဗျား ရင်ဆိုင်ရလိမ့်မယ်..."
"မီဒို မိသားစု..." ကော်ရီပိုက အေးစက်စွာ ရယ်မောလိုက်သည်။ ဤသည်မှာ သူ့မျက်နှာ အမူအရာ ပထမဆုံးအကြိမ် ပြောင်းလဲသွားခြင်းပင်။
အမူအရာ တစ်ခုခု ပြောင်းလဲသွားချိန်တွင် ဖြစ်ပေါ်လာသော သူ့ရုပ်သွင်မှာ စိတ်ခံစားချက် ကင်းမဲ့နေချိန်ထက်ပင် ပို၍ ကျောချမ်းဖွယ် ကောင်းလှ၏။ ခပ်ဟဟ ပြုံးလိုက်ချိန်တွင်ပင် ထိုကဲ့သို့ ခံစားရစေသည်။
ချင်ဟန် စိုက်ကြည့်နေစဉ်မှာပင် သူက ခါးဆီသို့ လက်တစ်ဖက်အား ဖြည်းညှင်းစွာ လှမ်းလာသည်။
"ဖြစ်နိုင်ပါ့မလား..."
ကော်ရီပို၏ လှုပ်ရှားမှုများကို ကြည့်ရင်း ချင်ဟန် မျက်လုံးများ ပြူးကျယ်သွားရ၏။
နောက်တစ်ခဏတွင်တော့ သွေးထွက်သံယို မြင်ကွင်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
မှိန်ဖျော့သော ငွေရောင် ဓားအလင်းတန်း တစ်ခုက ကော်ရီပို၏ ခန္ဓာကိုယ်မှနေ၍ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ငွေရောင် လမင်းကြီး ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရသည်။
သွေးစက်များက နေရာအနှံ့ ပန်းထွက်သွား၏။
လူငယ်၏ ခေါင်းမှာ လေထဲ လွင့်စင်ထွက်သွားပြီး သူ့မျက်နှာထက်တွင် ထိတ်လန့် အံ့အားသင့်နေသော အမူအရာများ ကပ်ငြိနေဆဲပင်။ ကော်ရီပို တစ်ယောက် သူ့အား အမှန်တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချင်ဟန် ကိုယ်တိုင်လည်း ထိုသည်ကို လုံးဝ မမျှော်လင့်ထားခဲ့ချေ။
အချိန်တိုလေး အတွင်းမှာပင် မီဒို မိသားစုမှ လူငယ်လေးမှာ သေဆုံးသွားခဲ့ပြီး အေးစက်သော အလောင်း တစ်လောင်းအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ သူ့ ကျန်ရှိနေသော ခန္ဓာကိုယ်ကြီးမှာလည်း မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။
သူက မြို့စားကြီး တစ်ယောက်ရဲ့ အငယ်ဆုံးသားကို ဒီလိုကြီး သတ်ပစ်လိုက်တာလား...
သူက ဘယ်သူများလဲ...
အရေးပါသော လူတစ်ယောက်အား သတ်ဖြတ်လိုက်ရခြင်း မဟုတ်ဘဲ ဝက်တစ်ကောင်ကို သတ်လိုက်ရသကဲ့သို့ မတုန်မလှုပ် ရှိနေသော ကော်ရီပိုကို ကြည့်ရင်း ချင်ဟန်မှာ လုံးလုံးလျားလျား ထိတ်လန့် တုန်လှုပ်နေမိသည်။
ဒါ့အပြင် ခုနက တိုက်ခိုက်မှုက...
သူက ကော်ရီပို၏ တိုက်ခိုက်မှုအား ပြန်လည် စဉ်းစားကြည့်လိုက်သည်။
သူနှင့် ထိုလူငယ် ကြားတွင် မီတာများစွာ ကွာဝေးနေသော်လည်း ကော်ရီပို တိုက်ခိုက်လိုက်သည့် အခိုက်အတန့်မှာပင် လူငယ်၏ ခေါင်းမှာ လွင့်စင်သွားခဲ့သည်။ အရာအားလုံးက လျင်မြန်လွန်းသဖြင့် ချင်ဟန်ပင် သေသေချာချာ မမြင်လိုက်ရပေ။
ဤသည်မှာ သာမန်လူ တစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
သူရဲကောင်း တစ်ယောက်... အစစ်အမှန် သူရဲကောင်း တစ်ယောက်ပဲ...
ဤသူမှာ သက်စောင့်စွမ်းအင် နိုးထလာသူမျိုး သက်သက် မဟုတ်ဘဲ ထူးကဲသော ခွန်အားကို ပိုင်ဆိုင်ထားပြီး သက်စောင့်စွမ်းအင် မျိုးစေ့ကိုပါ နိုးထစေခဲ့သည့် အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်ပေလိမ့်မည်။
သူ့ ပထမဆုံးအကြိမ် ပုံရိပ်ယောင်ကမ္ဘာထဲ ဝင်ရောက်ခဲ့စဉ်က ချင်ဟန်မှာ ကြေးစား တစ်ယောက်အဖြစ် နေရာအနှံ့ ခရီးသွားခဲ့ဖူး၏။
သူ့ ခရီးစဉ်များ တစ်လျှောက် ကျွမ်းကျင်သူ များစွာနှင့် ဆုံတွေ့ခဲ့ဖူးပြီး သူရဲကောင်းများ ကြားရှိ ကြီးမားလှသော ကွာဟချက်ကိုလည်း ကောင်းစွာ နားလည်ထားသည်။
သူရဲကောင်းများတွင် အမျိုးအစား အမျိုးမျိုး ရှိသည်။
သက်စောင့်စွမ်းအင်ကိုသာ အသက်သွင်းနိုင်သော သူရဲကောင်းများအား တိတိကျကျ ဆိုရလျှင် ပညာသင် သူရဲကောင်းဟုသာ ခေါ်ဆိုနိုင်သည်။
ဥပမာအားဖြင့် ပထမဆုံး ပုံရိပ်ယောင်ကမ္ဘာထဲမှ သူရဲကောင်း အက်ဒဝပ် ဆိုလျှင် ထိုကဲ့သို့ အဆင့်မျိုးတွင် ရှိ၏။
သူတို့ အသက်ဝိညာဉ်၏ အဓိက အနှစ်သာရ ဖြစ်သော သက်စောင့်စွမ်းအင် မျိုးစေ့အား နိုးထစေနိုင်သူများသာလျှင် အစစ်အမှန် သူရဲကောင်း ဖြစ်သည်။
ထိုကဲ့သို့သော အဆင့်မျိုးတွင် သူရဲကောင်းများမှာ သူတို့၏ သက်စောင့်စွမ်းအင်ကို အမှန်တကယ် ထိန်းချုပ်နိုင်ပြီး သာမန်လူများ မလုပ်နိုင်သော အရာများစွာကို ပြုလုပ်နိုင်ကြသည်။
ချင်ဟန်မှာ ကြေးစား တစ်ယောက်အဖြစ် ဤသို့သော အဆင့်ရှိ သူရဲကောင်းများကို မြင်ဖူးခဲ့သော်လည်း သူတို့နှင့် ရင်ဆိုင် တိုက်ခိုက်ရန်မူ မဝံ့ရဲခဲ့ပေ။ တွေ့လိုက်ရသည့် အချိန်တိုင်း သူက အဝေးသို့ ချက်ချင်း ထွက်ပြေးလေ့ ရှိ၏။
သာမန် သူရဲကောင်းများ အထက်တွင် ကြီးမြတ်သော သူရဲကောင်းများ အမည်ရသည့် တည်ရှိမှုများ ရှိနေသေးကြောင်း ပြောစမှတ် ပြုကြသည်။
သို့သော် ကြေးစား တစ်ယောက်အဖြစ် နေရာအနှံ့ လှည့်လည် သွားလာခဲ့ဖူးသော ချင်ဟန်ပင်လျှင် ထိုကဲ့သို့ တည်ရှိမှုများ အကြောင်းကို ကြားသာ ကြားဖူးပြီး တစ်ခါမှ မျက်မြင် မတွေ့ခဲ့ဖူးချေ။
ကော်ရီပို ထုတ်ဖော်ခဲ့သော တိုက်ခိုက်မှုမှာ ပထမတန်းစား သူရဲကောင်း တစ်ယောက်သာ လုပ်နိုင်သည့် အရာမျိုး ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုပေ။ သူက သက်စောင့်စွမ်းအင် မျိုးစေ့ကို နိုးထစေခဲ့သည့် သူရဲကောင်း တစ်ယောက် ဖြစ်နေသည်မှာ သေချာလှသည်။
တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ပုဂ္ဂိုလ်ပဲ...
ချင်ဟန် ချက်ချင်းပင် အရာများစွာကို တွေးတောမိသွားပြီး ကြောက်လန့်တကြား အသိလွတ်သွားသူ တစ်ယောက်ကဲ့သို့ ထိုနေရာ၌ ကြောင်တောင်တောင် ရပ်နေမိတော့သည်။
သို့သော် လောလောဆယ်တွင် ဤသည်မှာ အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသူများ အားလုံးမှာလည်း သူနှင့် တစ်ပုံစံတည်း တုံ့ပြန်နေကြသောကြောင့်ပင်။
ထိုအချိန်တွင် ဖရူဒိုပင်လျှင် မှင်သက်နေခဲ့ရ၏။ သူလည်း ဘာလုပ်ရမှန်း မသိဘဲ ထိုနေရာတွင် ကြောင်အမ်းအမ်း ရပ်နေခဲ့သည်။
"သ… သူ… သူ လူသတ်လိုက်တယ်..."
မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ရင်း လူတိုင်း၏ မျက်နှာများမှာ ဖြူဖျော့နေပြီး သူတို့ ရင်ထဲ၌ ထိတ်လန့် ကြောက်ရွံ့မှုတို့ကို ခံစားနေကြရသည်။
ဤခေတ်ကြီးမှာ အတော်လေး ရိုင်းစိုင်း ကြမ်းတမ်းပြီး လူများ မကြာခဏ သေဆုံးလေ့ ရှိသော်ငြား တစ်စက္ကန့်လေး အတွင်း အသက်ရှင်လျက် စကားပြောနေသူ တစ်ယောက်မှာ နောက်တစ်စက္ကန့်တွင် သေဆုံးသွားသည်ကို မျက်မြင် တွေ့လိုက်ရခြင်းက အနည်းငယ်တော့ တုန်လှုပ်စရာ ကောင်းလွန်းလှ၏။
လူတိုင်း လုံးဝ မှင်သက်နေကြပြီး အများစုမှာ ကော်ရီပိုအား ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။
ကော်ရီပိုက ထိုအကြည့်များကို ဂရုစိုက်ပုံ မရပေ။ သူက မထီမဲ့မြင် ရယ်မောလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
သူ့ဘေးရှိ အစေခံ အနည်းငယ်မှာ အလျင်အမြန် ထွက်လာကြပြီး အလောင်းကို ယူဆောင်သွားကြတော့၏။
"ငါပြောတာ မကြားကြဘူးလား..."
ကြောင်အမ်းအမ်း ဖြစ်နေသော ကျောင်းသားများကို ကြည့်ရင်း ကော်ရီပို၏ အမူအရာမှာ အေးစက်နေပြီး နှာခေါင်းရှုံ့၍...
"ကဲ... ဘယ်သူတွေ ဘာပြောစရာ ရှိသေးလဲ..."
သူက တည်ငြိမ်စွာ စကားဆိုလိုက်သော်လည်း သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် လှိုင်းတစ်ခုက ပျံ့နှံ့ထွက်ပေါ်လာခဲ့လေပြီ။
လူတိုင်း၏ မျက်နှာများမှာ မယုံကြည်နိုင်လောက်အောင် ဖြူရော်သွားကြတော့သည်။
***