ချင်ဟန်က အတန်းချိန် ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးချေ။
အလောင်းကို ကြည့်ရင်း သူ အချိန်အတော်ကြာသည့်တိုင် အသိစိတ် ပြန်မဝင်လာခဲ့ပေ။
ထို့နောက်မှာတော့ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
ဤသည်မှာ ကြီးမားသော အခွင့်အရေးကြီး တစ်ရပ်ပင်။
မီဒို မိသားစုမှာ ကူတူးတိုင်းပြည်တွင် အတော်လေး နာမည်ကြီးသည်။
တော်ဝင် မိသားစု မဟုတ်သည့်တိုင် တော်ဝင် မိသားစု၏ အောက်တွင် အမြင့်ဆုံး အဆင့်ရှိသော မိသားစုများထဲမှ တစ်ခု ဖြစ်သည်။
ထိုလူငယ်မှာ မီဒို မိသားစုမှ ဖြစ်ပြီး မြို့စားကြီး တစ်ဦး၏ အငယ်ဆုံးသားပင်။ သူ့ အဆင့်အတန်း မည်မျှ မြင့်မားကြောင်း သိသာ ထင်ရှားနေပြီး သေချာပေါက် သာမန် လူရာမဝင်သူ တစ်ယောက် မဟုတ်ပေ။
သို့သော် ကော်ရီပိုက ထိုကဲ့သို့သော လူမျိုးကို အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ စိတ်အလိုကျ သတ်ဖြတ်ခဲ့သည်။
သူက ဦးနှောက် မရှိသူ တစ်ယောက် မဟုတ်ကြောင်း သေချာလှ၏။ ထိုလူငယ်အား အလေးမထားရလောက်အောင် သူ့တွင် ကြီးမားသော ယုံကြည်မှုတစ်ခု ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုယုံကြည်မှုက ကြီးမားလှသော သူ့ခွန်အားကြောင့်လော သို့မဟုတ် အခြား တစ်စုံတစ်ရာကြောင့်လော ဆိုသည်ကိုမူ ချင်ဟန် မသိပေ။
သို့သော် ထိုယုံကြည်မှုက မည်သည့်နေရာမှ လာသည်ဖြစ်စေ ကော်ရီပိုနှင့်သာ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်မည် ဆိုပါက သူ့ အထောက်အပံ့ဖြင့် ပိုမိုမြင့်မားသော နေရာသို့ တက်လှမ်းရန် ကြာမြင့်မည့် အချိန်ကို လျှော့ချနိုင်မည်မှန်း ကောင်းစွာ သိထားသည်။
ဤသည်မှာ ကြီးကျယ်သော အခွင့်အရေး တစ်ရပ် ဖြစ်ကြောင်း ယုံမှားသံသယ ဝင်စရာ မလိုချေ။
"မင်းတို့ အားလုံး ကြောက်လန့်ပြီး အသိလွတ် သွားကြပြီလား..."
ကော်ရီပိုက ကြောင်အမ်းအမ်း ဖြစ်နေသော ကျောင်းသားများကို ကြည့်၍ အေးစက်စက် အသံဖြင့်... "ငါ အခုလေးတင် ပြောလိုက်တာကို အကုန် နားလည်ကြရဲ့လား..."
"န... နားလည်ပါတယ်..."
ချင်ဟန်၏ ဘေးတွင် လူငယ်တစ်ယောက်က စိုးရိမ်တကြီး တံတွေးမြိုချလိုက်သည်။ ကော်ရီပို၏ အေးစက်သော အမူအရာကို ကြည့်ရင်း သူက အလျင်အမြန် ခေါင်းညိတ်ပြသည်။
ကျောင်းသားများ အားလုံး အကြီးအကျယ် ထိတ်လန့်သွားပုံ ရပြီး ဤသည်မှာလည်း နားလည်ပေး၍ ရနိုင်သည်။
ဤအကယ်ဒမီသို့ ဝင်ရောက်လာသူ ကျောင်းသားတိုင်းမှာ မှူးမတ် မိသားစုများ နောက်ခံမှ လာကြသူများ မဟုတ်ပါလား။
မှူးမတ်များ ဖြစ်သည့်တိုင် အစောပိုင်းက သေဆုံးသွားသော ကျောင်းသားထက် အဆင့်အတန်း ပိုမြင့်သူဆို၍ လူအနည်းငယ်သာ ရှိပေလိမ့်မည်။
ကော်ရီပိုက မီဒို မိသားစု၏ ဆက်ခံသူကိုပင် သတ်ရဲသည် ဆိုမှတော့ သူတို့ကို သတ်ရန်လည်း ဝန်လေးနေမည် မဟုတ်ချေ။
သေရေးရှင်ရေး ခြိမ်းခြောက်မှုက မျက်စိရှေ့တွင် ရှိနေသောကြောင့် မကြောက်ဘဲ နေရန်မှာ မဖြစ်နိုင်ပေ။
"မနက်ဖြန် အချိန်မီ လာခဲ့ကြ..." ကော်ရီပိုက ခေါင်းညိတ်လိုက်ပြီး သူ့အေးစက်သော အမူအရာကို ထိန်းသိမ်းထားရင်း...
"မလာတဲ့လူတွေနဲ့ နောက်ကျတဲ့ လူတွေကို အတန်းကနေ နုတ်ထွက်သွားတယ်လို့ပဲ သတ်မှတ်မယ်..."
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားကြတော့သည်။
ဖရူဒိုပင်လျှင် ထိုနည်းတူပင်။
ချင်ဟန် တစ်ယောက်တည်းသာ ချက်ချင်း ထွက်မသွားခဲ့ချေ။ ထိုအစား သူက ရှေ့သို့ လျှောက်သွားပြီး ရိုသေစွာဖြင့်...
"မနက်ဖြန်မှ တွေ့ကြတာပေါ့ မစ္စတာ ကော်ရီပို..."
ချင်ဟန်ကို ကြည့်ရင်း ကော်ရီပို အနည်းငယ် အံ့အားသင့်သွား၏။ ဤကဲ့သို့ အချိန်မျိုးတွင် တစ်စုံတစ်ယောက်က သူ့ရှေ့သို့ လာရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် သူ ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ချင်ဟန်လည်း ဆက်မပြောတော့ပေ။
မျက်နှာသာ ပေးခံရမှု ရရှိရန်မှာ ပါးနပ်စွာ လုပ်ဆောင်ရမည့် အရာဖြစ်ပြီး အလွန်အမင်း ကြိုးစားလွန်းပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများသာ ဖြစ်ပေါ်စေလိမ့်မည်။
တဖြည်းဖြည်းချင်း လုပ်ဆောင်ခြင်းကသာ အကောင်းဆုံးပင်။
သူ တခြား ဘာမှမပြောဘဲ ထွက်ခွာလာခဲ့ပြီး များမကြာမီမှာပင် ဖရူဒို၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရတော့သည်။
"အရမ်း ကြောက်စရာ ကောင်းတာပဲ..." ဖရူဒိုက ချင်ဟန်ကို ဘေးတစ်ဖက်သို့ ခေါ်လာပြီးနောက် ပတ်ဝန်းကျင်တွင် အခြားမည်သူမှ မရှိကြောင်း သေချာသွားမှ သက်ပြင်းချလိုက်၏။
"အဲ့ဒီလူက ငါ့ကို အရမ်း အန္တရာယ်များတဲ့ ခံစားချက်ကို ပေးတယ်... သူက သေချာပေါက် အစစ်အမှန် သူရဲကောင်း တစ်ယောက်ပဲ..."
သူ့အမူအရာကို ကြည့်ရင်း ချင်ဟန် အတော်လေး အံ့အားသင့်သွားပြီး စမ်းသပ်သည့် အနေဖြင့်...
"ဖရူဒို... မင်း အရင်က အစစ်အမှန် သူရဲကောင်းကို မြင်ဖူးလို့လား..."
"မြင်ဖူးတာပေါ့..." ဖရူဒိုက ခေါင်းညိတ်၍ လေးနက်စွာဖြင့်... "ငါ့အဘိုးက အစစ်အမှန် သူရဲကောင်း တစ်ယောက်လေ..."
ချင်ဟန် မျက်လုံးများ ချက်ချင်း တောက်ပသွားရ၏။
ဖရူဒို၏ အဘိုးမှာ အမှန်တကယ်ပင် အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်နေသည်။
ဒါဆို သူက...
ချင်ဟန် နေရာတွင် ရပ်ကာ လယ်သမား တစ်ယောက်နှင့်တူသော အသားမည်းမည်း ဖရူဒိုအား ကြည့်ရင်း စိတ်ထဲ တွေးတောနေမိသည်။
"ဒါပေမဲ့ သူ ငါ့ကို ပေးတဲ့ ခံစားချက်က ငါ့အဘိုးထက် အများကြီး ပိုကြောက်စရာ ကောင်းနေတယ်..." ဖရူဒိုက စိုးရိမ်ထိတ်လန့်နေဆဲ ပုံစံဖြင့်... "သူက... ကြီးမြတ်သော သူရဲကောင်းတွေထဲက တစ်ယောက်လိုပဲ..."
"ကြီးမြတ်သော သူရဲကောင်း..." ချင်ဟန်က တည်ငြိမ်စွာဖြင့်... "အရမ်းကြီး စိတ်လှုပ်ရှား မနေပါနဲ့ ဖရူဒိုရာ... မင်းအဘိုးက အသက် အတော်လေး ကြီးနေလောက်ပြီလေ... မစ္စတာ ကော်ရီပိုကတော့ ငယ်ရွယ်သေးတယ်... အဲ့ဒါကြောင့် သူတို့က မင်းကို မတူညီတဲ့ ခံစားချက်တွေ ပေးတာ ဖြစ်နိုင်တယ်..."
"မဟုတ်ဘူး... အဲ့လို မဟုတ်ဘူး..."
ဖရူဒိုက ခေါင်းခါယမ်းလိုက်သော်လည်း ထိုစကား အဆုံးတွင် အတော်လေး စိုးရိမ်နေဟန် ရှိပြီး ဆက်မပြောတော့ပေ။
"ဒါနဲ့... မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ..." ဖရူဒို၏ တုံ့ပြန်မှုကို ကြည့်ရင်း ချင်ဟန်က ပြုံး၍ စကားလမ်းကြောင်း လွှဲလိုက်၏။ "မင်းကြည့်ရတာ ဒီအတန်းကို စိတ်ဝင်စားမယ့် ပုံစံမျိုး မဟုတ်ဘူး..."
ဖရူဒို၏ အဘိုးမှာ အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်နေသောကြောင့် သူ ငယ်စဉ်ကတည်းက ကောင်းမွန်သော သူရဲကောင်း သင်တန်းများ ရခဲ့သင့်သည်။ သူက အကယ်ဒမီ၏ သူရဲကောင်း သင်တန်း အတန်းကို စိတ်ဝင်စားနေခြင်းမှာ ထူးဆန်းနေသည်။
"ငါ အစက မလျှောက်ချင်ပါဘူး..." ဖရူဒိုက အတော်လေး ရှက်ရွံ့နေဟန်ဖြင့်... "ငါ့အဖေကြောင့်ပါ... ငါ မထွက်လာခင် သူက ဘာပဲဖြစ်ဖြစ် မစ္စတာ ကော်ရီပိုရဲ့ အတန်းကို တက်ရမယ်လို့ ပြောခဲ့တယ်..."
"အဲ့ဒါကြောင့် ငါ ဝင်လိုက်တာ..." စကားအဆုံးတွင် သူက ညင်သာစွာ သက်ပြင်းချ၍... "ငါ ဒီအတန်းကို တက်နိုင်ဖို့ အတွက် ငါ့အဖေက ပိုက်ဆံတချို့တောင် သွားချေးခဲ့ရသေးတယ်... ငါ့ရဲ့ အကယ်ဒမီ ကျောင်းလခတွေ အကုန်လုံး ငါ့အဖေ တခြားသူတွေဆီက ချေးလာခဲ့တာ..."
ထိုစကား ကြားလျှင် ချင်ဟန် ဘာပြောရမှန်း မသိတော့ဘဲ ဖရူဒို၏ ပခုံးကိုသာ ပုတ်ပေးလိုက်သည်။
သို့သော် ဖရူဒို၏ စကားများမှ တစ်ဆင့် ချင်ဟန် အချက်အလက် များစွာ သိရှိလိုက်ရ၏။
မြို့စား ကိုင်ဆန်နှင့် နှိုင်းယှဉ်လျှင် ဖရူဒို၏ ဖခင်တွင် အချက်အလက် ပိုများနေကြောင်း သိသာ ထင်ရှားသည်။ ထို့ကြောင့်သာ ဖရူဒိုကို ကော်ရီပို၏ အတန်းသို့ မဖြစ်မနေ တက်ရောက်ရန် အတင်းအကျပ် စေခိုင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ အတွင်းရေး အချက်အလက်များ ဖြစ်ဖို့ များသည်။
သူ့ရှေ့ရှိ ဖရူဒိုကို ကြည့်ရင်း ချင်ဟန် မှန်းဆချက် များစွာ ထုတ်လိုက်မိ၏။
ကြည့်ရသလောက် ဖရူဒိုတွင် ကြီးမားသော တန်ဖိုး ရှိနေပုံရပြီး သူ မူလက ထင်ထားသည်ထက် များစွာ ပိုအသုံးဝင်နေလေပြီ။
သူက ထူးကဲသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားရုံသာမက အရင်က သူရဲကောင်း သင်တန်းကိုပါ တက်ရောက်ခဲ့ဖူးဖို့ များသည်။ ထို့အပြင် မြောက်ပိုင်းရှိ အုပ်ချုပ်သူနှင့် ဆက်သွယ်နိုင်သော လမ်းကြောင်း တစ်ခု အဖြစ်လည်း လုပ်ဆောင်နိုင်သေး၏။ သူ့ အဘိုးမှာ အစစ်အမှန် သူရဲကောင်း တစ်ယောက်ပင် ဖြစ်နေသေးသည်။ သူ့မိသားစု တစ်ခုလုံးမှာ လုံးဝ ရိုးရှင်းပုံ မပေါ်ချေ။
ချင်ဟန်ကို သိချင်စိတ် ဖြစ်စေသည့် တစ်ခုတည်းသော အရာမှာ ဖရူဒို၏ မိသားစုတွင် အစစ်အမှန် သူရဲကောင်း တစ်ယောက် ရှိနေပါလျက်နှင့် အဘယ်ကြောင့် ဤမျှ ဆင်းရဲနွမ်းပါးနေရသနည်း ဆိုသည်ပင်။
မြောက်ပိုင်း နယ်မြေများမှာ အနည်းငယ် ခြောက်သွေ့နေလျှင်ပင် အကယ်ဒမီ ကျောင်းလခအတွက် ပိုက်ဆံချေးရသည် အထိ အခြေအနေ ဆိုးရွား မနေသင့်ပေ။
ထို့ကြောင့် ချင်ဟန်လည်း အချက်အလက်များ ပိုမိုရရှိရန် ဖရူဒိုနှင့် ဆက်လက်၍ စကားစမြည် ပြောဆိုနေမိသည်။
မကြာမီမှာပင် အဖြေကို သူ သိရှိသွားတော့၏။
ဖရူဒို၏ မိသားစုမှာ အလွန် ရှေးကျသော မိသားစု တစ်ခု မဟုတ်ပုံရသည်။
သူတို့ မိသားစု မှူးမတ်မျိုးနွယ် ဖြစ်လာခြင်းမှာ သူ့အဘိုး လက်ထက်မှသာ စတင်ခဲ့ခြင်း ဖြစ်သည်။
သူ့ အဘိုးမှာ မူလက သာမန် လယ်သမား တစ်ယောက်သာ ဖြစ်၏။ သူက လှည့်လည်သွားလာနေသော သူရဲကောင်း တစ်ဦး၏ အမွေအနှစ်ကို ရရှိခဲ့ပြီး ကောင်းမွန်သော သူရဲကောင်း ပါရမီလည်း ရှိနေခဲ့သည်။ ဆယ်စုနှစ်များစွာ ကြိုးစားပမ်းစား လေ့ကျင့်ပြီးနောက် ကူတူးတိုင်းပြည်၏ မှူးမိတ် မိသားစုများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
ရှေးကျသော မှူးမတ် မိသားစုများနှင့် နှိုင်းယှဉ်လျှင် သူတို့ ထိုအဆင့်အတန်း ရလာခဲ့သည်မှာ အချိန်သိပ်မကြာသေးသလို သူတို့ နယ်မြေမှာလည်း မြောက်ပိုင်းတွင် ရှိနေ၏။ သူတို့တွင် သူရဲကောင်း တစ်ယောက် ရှိနေသော်ငြား အတော်လေး ဆင်းရဲနွမ်းပါးကြသည်။
အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်း ဖရူဒို အဘိုး၏ ခန္ဓာကိုယ်မှာ တစ်နေ့တခြား ပိုအားနည်းလာပြီး သူတို့၏ နေ့ရက်များမှာလည်း ပို၍ ခက်ခဲလာခဲ့လေပြီ။
"တောင်ပိုင်းက ပိုကောင်းပါတယ်..."
မြောက်ပိုင်း အကြောင်း အစုံအလင် ပြောပြပြီးနောက် ဖရူဒိုလည်း မနေနိုင်တော့ဘဲ ညင်သာစွာ သက်ပြင်းချလိုက်၏။
"ရာသီဥတုက ပိုနွေးရုံတင် မကဘူး... ဟိုလူရိုင်းတွေလည်း မရှိတော့ အေးအေးချမ်းချမ်း တည်ဆောက်လို့ ရတယ်..."
"မြောက်ပိုင်းမှာလို နေ့တိုင်း ညဘက်အထိ တိုက်ခိုက်နေရတာမျိုး မဟုတ်ဘူး..."
သူက ချင်ဟန် လာရာဒေသအား အလွန် အားကျနေဟန်ဖြင့် လေးနက်စွာ သက်ပြင်းချလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် မြောက်ပိုင်းမှာ အမှန်တကယ်ပင် အတော်လေး ခြောက်ကပ်ပြီး လူသူကင်းမဲ့၏။ ထို့အပြင် အလွန်အမင်း အေးစက်ပြီး ကောက်ပဲသီးနှံများ ရှင်သန်ရန် ခက်ခဲသည်။ ရှင်သန်ခဲ့လျှင်ပင် အထွက်နှုန်း သိပ်မကောင်းပေ။
ထိုသည်က မြေဆီလွှာ တူညီပြီး ကောက်ပဲသီးနှံများ စိုက်ပျိုးရန် ကြိုးစားပမ်းစား အလုပ်လုပ်လျှင်ပင် တောင်ပိုင်းထက်စာလျှင် လူအနည်းငယ်ကိုသာ ကျွေးမွေးနိုင်စေသည်။
ဤမျှသာဆိုလျှင် ပြဿနာ သိပ်မကြီးသော်လည်း လူရိုင်းများ ရှိနေသေး၏။
ကူတူးတိုင်းပြည်၏ မြောက်ပိုင်းမှာ ခြောက်သွေ့သော ကန္တာရနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ထိုခြောက်သွေ့သော ကန္တာရထဲတွင် လူသားများကို ရန်သူများအဖြစ် သတ်မှတ်ထားသော လူရိုင်း အမျိုးမျိုး ရှိနေကြောင်း ပြောစမှတ် ပြုကြသည်။ ထို့ကြောင့် သူတို့က လူသားတို့၏ နယ်မြေများကို မကြာခဏ တိုက်ခိုက်လေ့ ရှိသည်။
ထို့ကြောင့် မြောက်ပိုင်း အုပ်ချုပ်သူများမှာ အလွန် ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရခြင်း ဖြစ်သည်။
"လူရိုင်းတွေ ဟုတ်လား..." ချင်ဟန်က စူးစမ်းလိုစိတ်ဖြင့်... "လူရိုင်းတွေက တကယ် ရှိတာလား..."
သူ ပုံရိပ်ယောင်ကမ္ဘာထဲ မဝင်ရောက်မီ လူရိုင်း မိသားစုတွင် မွေးဖွားရန် ရွေးချယ်စရာ တစ်ခု ရှိခဲ့သည်။
ယင်းမှာ သာမန် မိသားစု တစ်ခုနှင့် အတူတူပင် ဖြစ်ပြီး မည်သည့် အမှတ်မှ မလိုအပ်ပေ။
သို့သော် သာမန် မိသားစုကိုသာ ရွေးချယ်လေ့ ရှိသောကြောင့် ချင်ဟန်က ဤရွေးချယ်မှုကို မရွေးချယ်ခဲ့ချေ။ ပုံရိပ်ယောင်ကမ္ဘာထဲတွင်လည်း သူ လူရိုင်း တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထိုစကား ကြားလျှင် သူ အတော်လေး စူးစမ်းချင်စိတ် ဖြစ်ပေါ်လာမိသည်။
"ရှိတာပေါ့..." ဖရူဒိုက ခေါင်းညိတ်၍... "လူရိုင်းတွေ ဆိုတာက အမြဲတမ်း ရှိနေခဲ့တာ... ပြီးတော့ သူတို့ အရေအတွက်က တော်တော်လေး များတယ်..."
"သူတို့ အများစုက ခြောက်သွေ့တဲ့ ကန္တာရထဲမှာ နေကြတာ... မြောက်ပိုင်း အုပ်ချုပ်သူတွေက သူတို့ကို အမြဲ တားဆီးထားတော့ သိပ်မတွေ့ရတာ..." သူက အတော်လေး ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
ထို့နောက် သူ ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရသော လူရိုင်းများ အကြောင်းကို ရှင်းပြတော့သည်။
သူတို့ကို သိုးမည်းလူရိုင်းများဟု ခေါ်ဆိုပြီး အရပ် ၁.၅ မီတာခန့် ရှိသည်။ သူတို့မှာ သန်မာသော အမျိုးသား တစ်ယောက်လောက် သန်စွမ်းပြီး အတော်လေး ရိုင်းစိုင်းကြကာ မျိုးနွယ်စုများ အဖြစ် စုရုံး နေထိုင်တတ်ကြသည်။
ဤသူများမှာ မြောက်ပိုင်း အုပ်ချုပ်သူများ ရင်ဆိုင်ဖြေရှင်းနေရသော ရန်သူများပင်။
"သိုးမည်းလူရိုင်းတွေ..."
ချင်ဟန် ထိုနာမည်ကို ထပ်ခါတလဲလဲ ရေရွတ်ရင်း အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
နောက်ခံ ရွေးချယ်မှု အပိုင်းတွင် သူ ဤလူမျိုးစု၏ ရွေးချယ်မှုကို တွေ့ခဲ့ရသော်လည်း မရွေးချယ်ခဲ့ချေ။
"အဲ့ဒီ သိုးမည်းလူရိုင်းတွေက မယုံနိုင်လောက်အောင် ကြမ်းကြုတ်တယ်... သူတို့က အတော်လေး ယဉ်ကျေးမှု မရှိကြသလို ဓားတွေ၊ သံမဏိတွေလည်း မရှိကြပေမဲ့ သူတို့ အရေအတွက်က များတော့ အများကြီး ဖျက်ဆီးနိုင်တယ်..." ဖရူဒိုက သက်ပြင်းချရင်း ပြောလိုက်သည်။
သူတို့ အချိန်အနည်းငယ် ထပ်မံ စကားပြောပြီးနောက် လမ်းခွဲခဲ့ကြသည်။
နောက်တစ်နေ့ ကောင်းကင် လင်းစပြုလာချိန်တွင် ချင်ဟန် အိပ်ရာမှထကာ မနေ့က ရင်ပြင်ဆီသို့ လာခဲ့၏။
ထိုနေရာမှာ အတော်လေး ရှင်းလင်းနေပြီး တိတ်ဆိတ်နေဆဲပင်။
ချင်ဟန် တိတ်ဆိတ်စွာ ရှေ့သို့ လျှောက်သွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူ ပထမဆုံး ရောက်လာသူ ဖြစ်မည်ဟု တွေးထားမိ၏။
သို့သော် မထင်မှတ်စွာပင် ထိုနေရာ၌ ရင်းနှီးနေသော ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။
ကော်ရီပိုက မားမားမတ်မတ် ရပ်နေသော ထင်းရှူးပင် တစ်ပင်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ဟန်ဖြင့် ထိုနေရာတွင် ရပ်နေလေပြီ။
***