" ဟားဟားဟား.. အဆင့် E ပါရမီနဲ့ အမှိုက် လူဖန်က တကယ်ပဲ ဘော့စ်ကို စိန်ခေါ်ရဲတာလား.."
" လုဖန်းက ဘယ်ကနေ ဒီလောက် သတ္တိတွေ ရလာတာလည်း မသိဘူး .. ပြီးခဲ့တဲ့အခေါက် သူ ဘောစ့်ကြောင့် ဆေးရုံရောက်သွားတာ မမှတ်မိဘူးလား မသိဘူး .."
" ဟီးဟီးဟီး.. လူဖန်က လွန်ခဲ့တဲ့ သုံးလတုန်းက ပထမအဆင့်၅ ပဲရှိသေးတယ်.. ခုဆို အများဆုံး အဆင့် ၆ ပေါ့.. ငါတို့ဘောစ့်က ပထမအဆင့် အထွတ်အထိပ်မှာ .. ဘောစ့်သာ ရှုံးလို့ကတော့ ငါ ကင်းမီးကောက်ထောင်ပြီး ချီးစားပြမယ်.. "
ဆူညံသော ဆွေးနွေးမှုများက သူ့နားထဲတွင် ပဲ့တင်ထပ်နေ၏ ။ ဂူချန် မျက်လုံးဖွင့်ပြီး ပတ်ဝန်ကျင်အား ကြည့်လိုက်ပြီး မှင်သက်နေမိသည် ။
' ငါ လမ်းကူးနေတာလေ.. '
သူ မှောင်မိုက်မသွားခင် ' ငါတို့အားလုံး အသက်ရှင်ရန် ရုန်းကန်နေရသည် ' ဟူသော သီချင်းကိုပင် ကြားလိုက်ရသေး၏ ။ သူ မည်သို့ ဤနေရာသို့ ရောက်လာရပါသနည်း ။
' ဒါ..ဒါ..ငါ ကူးပြောင်းလာတာလား.. '
သူ အများကြီး မတွေးနိုင်လိုက် ။ မှတ်ညဏ်များက ဒီရေလှိုင်းသဖွယ် သူ့စိတ်ထဲသို့ စီးဝင်လာသည် ။
ဤသည်က သိုင်းပညာရပ်များ ထွန်းကားနေသည့် အဆင့်မြင့် သိုင်းကမ္ဘာတစ်ခုဖြစ်သည် ။ ခွန်အားကြီးသူများမှာ မြေရှိုး မိုးပျံနိုင်ကြ၏ ။ တန်ခိုးရှင်များကသာ အရာအားလုံးကို ကြီးစိုးထားသည် ။
သူ၏ ယခင် ခန္ဓာကိုယ် ပိုင်ရှင်က ချင်းဟယ်မြို့အခြေစိုက် ကြီးမားသည့် သိုင်းမိသားစုကြီး တစ်ခုမှ ဖြစ်သည် ။ ပါရမီရှိသော တစ်ဦးတည်းသော သားဖြစ်သဖြင့် နောက်လိုက်တစ်စုနှင့် အနိုင်ကျင့်တက်သူဖြစ်၏ ။
ယခု သူတိုက်ခိုက်ရန် ရောက်ရှိနေသည်က သူအနိုင်ကျင့်ခဲ့ဖူးသော လုဖန် ဆိုသူနှင့် လောင်းကြေးတိုက်ပွဲ တစ်ခုပင် ။
ဂူချန်က လုဖန်၏ ရည်းစားကို ကြောင်တောင်နိုက်ပြီး လုဖန်၏ ရှေ့တွင် ကြွားဝါခဲ့သဖြင့် ရန်ပွဲဖြစ်ခဲ့သည် ။ သို့သော်လည်း ပထမအဆင့် အထွတ်အထိပ်ဖြစ်သူ ဂူချန်အား ပထမအဆင့်၅ လုဖန်က မည်သို့ ယှဥ်နိုင်ပါမည်နည်း ။ လုဖန် ဆေးရုံသို့ ရောက်သွား၏ ။
ထို့နောက် လုဖန်က ပြန်လာရှာခဲ့ပြီး သုံးလအကြာတွင် တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည် ။
လောင်းကြေးမှာ ရှုံးနိမ့်သူက အနိုင်ရသူအား လူအများရှေ့တွင် အဖေခေါ်ကြေးပင် ။
' သုံးလကတိလား ..သောက်ကျိုးနည်း ဦးနှောက် မရှိတဲ့ကောင်.. '
ဂူချန်က မျက်မှောင်ကြုတ်လိုက်ပြီး သိုင်းဝတ်စုံကို ဝတ်ဆင်ကာ တံခါးတွန်းဖွင့်လိုက်သည် ။
သူ မည်သည့်အတွက်ကြောင့် ပါးရိုက်ခံရတော့မည့် ဗီလိန်တစ်ယောက်သဖွယ် ခံစားနေမိပါသနည်း ။ အရင်ခန္ဓာပိုင်ရှင်က မိုက်မဲလှ၏ ။ နောက်ခံကွာဟချက် ကြီးမားသော်လည်း ကတိအား လိုက်နာနေသည် ။ သူသာဆိုလျှင် ထိုညကတည်းက စိန်ခေါ်သူအား ဒုက္ခိတဖြစ်အောင်လုပ်ကာ မိသားစုတစ်ခုလုံးအား ဖမ်းချုပ်ထားမည်ဖြစ်သည် ။
ယခု သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက လုဖန်သည် အချိန်တိုအတွင်း အဆင့်များစွာတိုးလာပြီး သူ့အား အနိုင်ယူတော့မည် ။ သူ ပါးအရိုက်ခံရ ပေတော့မည် ။
" ဘောစ့် အဝတ်လဲပြီးပြီလား..အဲ့ခွေး လုဖန်ကို ဘယ်လိုရိုက်မလဲဆိုတာ ကျွန်တော် မြင်ချင်နေပြီ ဟီးဟီးဟီးး.."
ဂူချန် အဝတ်လဲခန်းမှ ထွက်လာလျှင် လက်ပါးစေတစ်ယောက်က ဖားလိုက်၏ ။
' ဟမ့်..မင်းမြင်ချင်တာက ငါအရိုက်ခံရတာကိုမှတ်လား.. '
ဂူချန်သည် ထိုလူကို ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည် ။ သူက ကပ်ဖားကို လျစ်လျူရှုပြီး ခေါင်းကုတ်ရင်း ထွက်လာခဲ့၏ ။
ပြိုင်ဘက်က အရင်လို မဟုတ်တော့မှန်း သူခန့်မှန်း မိသော်လည်း စင်ပေါ်သို့ တက်ရပေအုံးမည် ။
ချင်းဟယ်အထက်တန်းကျောင်း၏ ဘောစ့်ဖြစ်သည့်အပြင် မိသားစုဂုဏ်သိက္ခာလည်း ရှိသေးသည့်တွက် ဤတိုက်ပွဲအား သူရှောင်လွဲ၍ မရချေ ။
အရေးအကြီးဆုံးမှာ သူ သေလမ်းမရှာလျှင် အဆင်ပြေ၏ ။ လုဖန်က သန်မာလျှင်ပင် သူ့တွင် မိသားစုရှိနေသေးသည် ။ သူ ဂူချန်ကို မကြောက်သော်လည်း ဂူချန်၏ မိသားစုကို ထည့်တွက်ရအုံးမည်ဖြစ်သည် ။
ဒီအတွေးက ဂူချန်၏ စိတ်ထဲတွင် ပေါ်လာလျှင် ရုတ်တရက် မှိန်ဖျော့ဖျော့ မျက်နှာပြင်တစ်ခု သူ့ရှေ့တွင်ပေါ်လာသည် ။
[ ဒင်...]
[ ပိုင်ရှင်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားသဖြင့် ကမ္မစနစ် အသက်သွင်းလိုက်ပါပြီ..]
[ စေတနာအမှတ်များ ရရှိရန် စနစ်မှ အသိအမှတ်ပြုသော ကောင်းမှုကုသိုလ်များကို လုပ်ဆောင်ပါ..]
[ စေတနာအမှတ်များကို သင်၏ သိုင်းပါရမီ.. အဆင့်..သိုင်းပညာရပ်များနှင့် အခြားကဏ္ဍများတွင် ထည့်သွင်း၍ အဆင့်မြှင့်နိုင်သည်.. ]
[ လက်ရှိအဆင့်: ပထမအဆင့်အထွတ်အထိပ်.. ]
[ လက်ရှိသိုင်းပါရမီ: အစွန်းရောက်ခရမ်းရောင်မျက်လုံး ( အဆင့် B) ]
[ လက်ရှိသိုင်း: နေမင်းစကြာယန်ကျင့်စဥ် ( အဆင့် ၂) ၊ ကြိုးကြာပျံခြေလှမ်း ( ပြီးပြည့်စုံ) ၊ ဖရိုဖရဲဘုရင်လက်သီး ( အဓိကအောင်မြင်မှု ၅၆% ) ၊ ဖြောင့်မတ်သောချီလက်ဝါး ( အဓိကအောင်မြင်မှု ၈၄%) ၊ မိုးမခရွက် ဓားသိုင်း ( အဓိကအောင်မြင်မှု ၁၇% ) ]
[ ကမ္မအဆင့်: အဆင့်နိမ့် ၊ ဘဝနိမ့်]
[ လူသစ်မစ်ရှင် : စနစ်မှ အသိအမှတ်ပြုနိုင်သော ကောင်းမှုတစ်ခု လုပ်ဆောင်ပါ ..ပြီးမြောက်သည်နှင့် လူသစ်လက်ဆောင်ထုပ် ရမည်.. ]
[ ပိုင်ရှင်က မကောင်းမှုများစွာ လုပ်ဆောင်ထားပြီး အပြစ်ကြေးညော်များနှင့် ညစ်နွမ်းနေသည်ကို တွေ့ရှိရပါတယ်.. ကောင်းမှုကုသိုလ်များ အဆက်မပြတ်လုပ်ခြင်းဖြင့်သာ ဆေးကြောနိုင်ပါမယ်.. ယခုမှစ၍ ကောင်းမှုကုသိုလ်များ လုပ်ခြင်းဖြင့် ကမ္ဘာကြီးတစ်ခုလုံးအား သင်၏ ကုသိုလ်များနှင့် ဖုံးလွှမ်းသွားပါစေ.. ]
' အမ်...ဒါ...'
ဂူချန် မှင်သက်နေ၏ ။ ခဏနေမှ သူ၏ ခရမ်းရောင်မျက်လုံးများ တောက်ပလာသည် ။ ဤသည်က ကူးပြောင်းသူတို့၏ ရွှေလက်ချောင်းပင်လော ။ သို့သော်လည်း သူ၏ စိတ်နေစိတ်ထား ပြောင်းလဲသွားသည် ဆိုသည်က ဖြစ်နိုင်ပါ၏လော ။ ထို့အပြင် တိုက်ပွဲစတင်တော့မည်ဖြစ်ရာ ကောင်းမှုမည်သို့ လုပ်ရတော့မည်နည်း ။
ဂူချန်က သူ့အား မြှောက်ပင့်နေသူ ဆံပင်ရွှေရောင်နှင့် လက်ပါးစေ သုံးယောက်အား ကြည့်ပြီး အကြံတစ်ခု ရသွား၏ ။
.............
" ဘောစ့်.. အားကစားကွင်း ဝင်ပေါက်က ဟိုဘက်မှာ.. "
ကပ်ဖားတစ်ယောက်က ဂူချန် သူတို့ဆီ လျှောက်လာသည်ကို မြင်လျှင် လမ်းမှားနေသည်ဟုထင်ပြီး သတိပေးလိုက်၏ ။
" ငါ သိပါတယ်.. "
ဂူချန်က ပြုံးလိုက်ကာ ထိုလူငယ်ကို ပုခုံးပုတ်လိုက်ပြီး တည်ငြိမ်သောအသံဖြင့် ...
" လီကျိရန်.. မင်းအမေမှာ ကင်ဆာအကျိတ်တစ်ခု တွေ့တယ်လို့ မင်းပြောတာကို ငါမှတ်မိပါတယ်.. "
" ခွဲစိတ်မယ်ဆို ကုန်ကျစရိတ် ဘယ်လောက်ကျနိုင်လဲ..."
လီကျိရန်က ထိုမေးခွန်းကိုကြားလျှင် အံ့အားသင့်သွားပြီး မသိစိတ်ကဖြေလိုက်၏ ။
" တစ်သိန်း သုံးသောင်း.. "
" အင်း.."
ဂူချန်က ခေါင်းညိတ်လိုက်ပြီး အိပ်ကပ်ထဲမှ ကတ်တစ်ခုကို ထုတ်ပေးလိုက်ကာ...
" ရော့ ဒီကတ်ထဲမှာ နှစ်သိန်းရှိတယ်.. မင်းအမေကို ဆေးကုဖို့ ယူသွား.. "
လီကျိရန်က ရွှေရောင်အနားကွပ်ထားသော အနက်ရောင်ကတ်ကို ကြည့်ရင်း ထိတ်လန့် အံ့သြသွားကာ..
" ဘောစ့်.. ဒါ..ဒါ.. များလွန်းတယ်.. ကျွန်တော် မယူပါရစေနဲ့.. "
လီကျိရန်က ထိတ်လန့်နေပြီး ကတ်ကို ဂူချန်ဆီသို့ အတင်းပြန်ထိုးပေးနေ၏ ။ ဤသည်က မဟာမိတ်ဒင်္ဂါး၂ သိန်းဖြစ်သည် ။ သူ၏ မိသားစု တစ်နှစ်ဝင်ငွေမှာ တစ်သိန်းမပြည့် ။ သူဘဝ တစ်လျောက်လုံးပင် နှစ်သိန်းဟူသည့် ငွေကြေးကို မမြင်ဘူးပေ ။
" ယူလိုက်ပါ.. မင်း ငါ့နောက်လိုက်နေတာ ကြာပြီ.. ဒါဘယ်လောက်မှ မရှိဘူး.. "
ဂူချန်က ကတ်ကို ပြန်တွန်းပေးလိုက်ပြီး စနစ်မှ အသိအမှတ်မပြုသေးသဖြင့် အံ့သြနေ၏ ။ သူ သိသလောက်ဆိုလျှင် လီကျိရန်၏ မိသားစုသည် ဆေးကုသစရိတ် တစ်သိန်းသုံးသောင်းအား တက်နိုင်မည်မဟုတ် ။ ဤနှစ်သိန်းအား အသက်ကယ်ငွေဟု သတ်မှတ်နိုင်သည် ။ မည်သည့်အတွက်ကြောင့် စနစ်က အသိအမှတ်မပြုသည်နည်း ။
အချိန်သိပ်မရှိသော်လည်း လီကျိရန်က ဆက်ငြင်းနေသဖြင့် ဂူချန် ဒေါသထွက်လာပြီး ဆက်မပြောရန် လက်ကာပြလိုက်သည် ။
" ဘောစ့် ဒီကတ်ကို ကျွန်တော် တကယ်မယူနိုင်ဘူး.. "
လီကျိရန်က ရှေ့သို့ တိုးပြီး ဆက်ငြင်းသည် ။
" ဖြောင်း.."
အဝတ်လဲခန်းအပြင်တွင် ကြည်လင်သော ပါးရိုက်သံတစ်ခု ပဲ့တင်ထပ်သွားသည် ။
လီကျိရန် မြေပြင်ပေါ် လဲကျသွားပြီး အသံမထွက်ရဲတော့ ။
ဂူချန်က စိတ်မရှည်စွာဖြင့်...
" ယူဆို ယူလိုက်ပါလား.. ဘာလို့ အဓိပ္ပါယ်မရှိတာတွေ လျောက်ပြောနေတာလည်း.. "
ထိုအခိုက် စနစ် မျက်နှာပြင်က ဂူချန်၏ ရှေ့တွင် ပေါ်လာသည် ။
[ အတန်းဖော်တစ်ယောက်ကို အခမဲ့ မျက်နှာနှိပ်နယ်ပေး၍ စေတနာတန်ဖိုး +၁၀..]
[ ပထမဆုံးကောင်းမှုတစ်ခု လုပ်နိုင်ခဲ့သည့် ပိုင်ရှင်အတွက် ဂုဏ်ယူပါတယ်.. လူသစ်လက်ဆောင်ထုပ် ထုတ်ပေးပြီးပါပြီ.. ]
[ လူသစ် လက်ဆောင်ထုပ် - စေတနာတန်ဖိုး ၁၀၀..S အဆင့် ပါရမီမြှင့်တင်ရေးကတ် ၁ ခု.. ]
' သောက်ကျိုးနည်း.. ပထမဆုံးတာဝန်က ဒီလို ပြီးသွားတာလား.. '
ဂူချန် ချက်ချင်း သဘောပေါက်သွား၏ ။ စနစ်၏ ကောင်းမှု က လွဲနေပုံရသည် ။ ဤသို့ ဆိုလျှင် သူဟန်ဆောင်နေရန် မလိုအပ်တော့ချေ ။
" မင်းတို့ နှစ်ယောက် ဒီကို ခဏလာခဲ့အုံး.. "
ဂူချန်က ကျန်သည့် နှစ်ယောက်ကို လက်ယက်ခေါ်လိုက်၏ ။
ထိုစကားကို ကြားလျှင် သူတို့က တွန့်ဆုတ်သွားသော်လည်း အားတင်းပြီး ဂူချန်၏ အနားသို့ ကပ်လာကြသည် ။
ဤသည်က ချင်းဟယ်မြို့၏ သခင်လေးဖြစ်သည် ။ ပါးအရိုက်ခံရသည်က ကိစ္စမရှိ ။
" ဖြောင်း..ဖြောင်း.."
[ အတန်းဖော်တစ်ယောက်အား အခမဲ့ မျက်နှာ နှိပ်နယ်ပေးသည့်အတွက် စေတနာတန်ဖိုး + ၁၀]
[ အတန်း...... ]
[ လက်ရှိ စေတနာတန်ဖိုး.. ၁၃၀]
' ဒါဆို.. ဒီလိုပေါ့.. '
ဂူချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏ ။ စနစ်၏ ကောင်းမှုကို သူနားလည်သွားသည် ။
ထိုအခိုက် ဒိုင်လူကြီး၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
" ပွဲစတော့မယ်.. နှစ်ဖက်ပြိုင်ဘက်တွေ စင်ပေါ်တက်ပြီး ပြင်ဆင်ကြပါ.. "
ဂူချန်က နောက်လိုက်သုံးယောက်ကို လျစ်လျူရှုပြီး အားကစားကွင်းထဲသို့ သွားလိုက်သည် ။
' အချိန်ဆွဲပြီးတော့ မျက်နှာဖြတ်ရိုက်မယ့် အမှိုက်ဇာတ်ကောင်လား ..မင်းဘယ်လောက်စွမ်းမလဲ ကြည့်ရအောင်.. မင်းရဲ့ ဇာတ်လိုက်ကံကောင်းခြင်းကပဲ စွမ်းမလား ငါ့ရဲ့ ရွှေလက်ချောင်းကပဲ စွမ်းမလား.. '
တချိန်တည်းမှာပင် ဂူချန်က စနစ်မျက်နှာပြင်ကို ကြည့်၍...
' အမှတ်တွေ ပေါင်းထည့်လိုက်တော့.. '
***