တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည် ။ ပွဲကြည့်စင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆူညံပွက်လောရိုက်သံများ ချက်ချင်း ထွက်ပေါ်လာတော့၏ ။
“ဟ... ဘာဖြစ်သွားတာလဲ”
“ ဟားဟား.. လုဖန်က တစ်ကွက်တည်းနဲ့ အပြတ်ရှင်းခံလိုက်ရတာပဲ..ပြောစရာတောင် မလိုတော့ဘူး..”
“ ဘော့စ်ကတော့ မိုက်တယ်ဟေ့..”
“ငါ ထင်သားပဲ..လုဖန်က သုံးလအတွင်းမှာ ကျင့်စဉ်အဆင့် လေးဆင့်တောင် ဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလဲ.. အခုကြည့်ရတာ သူ ဆေးသောက်ပြီး အတင်းတက်ထားတာပဲ ဖြစ်ရမယ်.. သူ့အခြေခံက လုံးဝ မခိုင်မာဘူး.. ဂူချန်နဲ့ ယှဉ်ရင် အဝေးကြီး..”
“ ဟားဟားဟား... ငါ့အထင်တော့ ကလဲ့စားချေချင်ဇောနဲ့ ဆေးတွေသောက်ပြီး သူ့ရဲ့ အခြေခံအုတ်မြစ် ကို ဖျက်ဆီးပစ်လိုက်တာပဲ.. တကယ်ကို ရွံစရာကောင်းလိုက်တာ.."
“ နေဦး... မင်းတို့ သတိမထားမိဘူးလား.. ဂူချန်က ဒုတိယအဆင့် သိုင်းပညာရှင် ဖြစ်နေပြီ.. "
“ ဒါ ပုံမှန်ပါပဲဟ.. သူ့ဆီမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ငါတို့နဲ့ ယှဉ်ကြည့်လေ.. နောက်ပြီး သူက ပထမအဆင့်ရဲ့ အထွတ်အထိပ်မှာ နေလာတာလည်း ကြာလှပြီ .."
တိုက်ပွဲရလဒ်က မျှော်လင့်ထားသလို ဖြစ်သော်လည်း တိုက်ခိုက်ပုံမှာမူ လူတိုင်း၏ အထင်ထက် ပိုနေခဲ့သည် ။
ကျင့်စဉ်အဆင့် တူညီနေသည့်အတွက် လုဖန်သည် ကျောင်း၏ဘောစ့် ဂူချန်ကို အနည်းဆုံး တိုက်ကွက်အနည်းငယ်တော့ ယှဉ်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ တစ်ကွက်လေးပင် မခံနိုင်ခဲ့ချေ ။
ထို့အပြင် သူသည် ဆေးသောက်ပြီး အဆင့်တက်ထားသည်ဟုပင် သံသယဝင်ခံနေရ၏ ။
ပထမအဆင့်နှင့် ဒုတိယအဆင့်ကြား ခွန်အားကွာခြားချက်က အလွန်ကြီးမားသည်မဟုတ် ။ အထူးသဖြင့် ဂူချန်မှာ ဒုတိယအဆင့်သို့ လက်တလောတက်ထားခြင်းဖြစ်သဖြင့် အဆင့်က မတည်ငြိမ်သေးရာ ကွာဟချက်မှာ ပိုကျဉ်းမြောင်းသင့်သည် ။
သို့သော်လည်း လုဖန်က တစ်ချက်လေးပင် မခုခံနိုင်ခဲ့ခြင်းမှာ ဆေးသောက်ထားသည်ဆိုမှသာ အကြောင်းပြချက် ခိုင်လုံပေလိမ့်မည် ။
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်ပြီး...
“ သွားပြီ.. ဂူချန်က ဒုတိယအဆင့် ရောက်သွားပြီဆိုတော့ ငါတို့ဒုက္ခရောက်ကြတော့မယ်.."
ဂူချန်က သိုင်းပညာရှင် ပထမအဆင့်ဖြင့်ပင် သူတို့အား အနိုင်ကျင့်ခဲ့သည် မဟုတ်လော ။ ယခု ဒုတိယအဆင့် ရောက်သွားပြီဆိုလျှင် တစ်လောကလုံးကို ဗြောင်းဆန်အောင် လုပ်တော့မည်မှာ အသေအချာပင် ။
ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းရှိ ကျောင်းသားများထဲတွင် ဒုတိယအဆင့်သို့ ရောက်သူ တစ်ဒါဇင်ခန့်သာရှိပြီး ထိုထဲမှ တစ်ဝက်ကျော်မှာ ဂူချန်၏ နောက်လိုက်များ ဖြစ်ကြသည် ။
ယခုအချိန်တွင် အဆင့် ၁ ကျောင်းသူ မူရုံချင်းရွှယ် တစ်ဦးတည်းသာလျှင် သူ့ကို ထိန်းထားနိုင်ပေတော့မည် ။
ထိုအချိန်တွင် ပွဲကြည့်စင်ထောင့်၌ ထိုင်နေသော မူရုံချင်းရွှယ်သည် ထိုစကားများကို ကြားရသောအခါ မျက်မှောင်လေး ကြုတ်မိသွား၏ ။
လွန်ခဲ့သည့် သုံးလလုံးလုံး သူမသည် လုဖန်နှင့်အတူ ကျောင်းပြင်ပရှိ လေ့ကျင့်ရေးကွင်းတွင် အတူတူ လေ့ကျင့်ခဲ့ဖူးသဖြင့် လုဖန်၏ ကြိုးစားအားထုတ်မှုကို ကောင်းကောင်းသိသည် ။
သူ၏ အဆင့်မှာ ဆေးသောက်ပြီး တက်ထားခြင်း လုံးဝမဟုတ် ။
သို့သော်လည်း မည်သည့်အတွက်ကြောင့် ဂူချန်ကို တစ်ကွက်တည်းနှင့် ရှုံးနိမ့်သွားပါသနည်း ။ ဂူချန် တစ်ခုခု လုပ်ထားခြင်း ဖြစ်မည်လော ။
မူရုံချင်းရွှယ်က စိတ်ထဲမှ မှန်းဆနေမိသည် ။ ဂူချန်၏ အတိတ်က အကျင့်စရိုက်အရ ထိုသို့လုပ်ရန်မှာ လုံးဝ ဖြစ်နိုင်သည် ။ ဂူချန်ကို ကြည့်ရင်း သူမ ပိုရွံ့လာ၏ ။
အများအပေါ် အနိုင်ကျင့်ပြီး မသမာသော နည်းလမ်းများကိုသာ သုံးတတ်သည့် ဤသူဌေးသား လူယုတ်မာသည် အမှန်ပင် ရွံစရာကောင်းလှသည် ။
မူရုံချင်းရွှယ်သည် ပျို့တက်လာမှုကို အောင့်အီးထားရင်း နေရာမှ ဖြည်းညှင်းစွာ ထလိုက်ပြီး တိုက်ခိုက်ရေးစင်မြင့်ဆီသို့ လျှောက်သွားတော့သည် ။
...
ယခုအချိန်တွင်မူ စင်မြင့်အနား၌ သွေးအိုင်ထဲလဲနေသော လုဖန်မှာ သွေးများ တောက်လျှောက် အန်နေရင်း ဆွံ့အနေ၏ ။
' ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ ..'
' သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..'
သူ၏ သိုင်းအဆင့်နှင့် ကျင့်စဥ်မှာ ဂူချန်ထက် နိမ့်ကျနေသော်လည်း ဂူချန်ဆိုသည်က အပျော်အပါးလိုက်စားတက်သော ပျက်ဆီးနေသူဖြစ်၏ ။ သူ၏ တိုက်ပွဲအတွေ့အကြုံမှာ ဂူချန်ထက် များစွာ မြင့်မားနေသင့်သည် ။ မည်သည့်အတွက်ကြောင့် သူ၏ အားနည်းချက်ကို ချက်ချင်းတိုက်ခိုက်နိုင်ပါသနည်း ။ ဤသည်က ယုတ္တိမရှိ ။
လုဖန်က သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်လိုက်ရုံဖြင့် တစ်ကိုယ်လုံးက အသားတွေ ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည် ။
" အီး..."
လုဖန်က အံကို တင်းတင်းကြိတ်ပြီး မြေပြင်ပေါ်သို့ လက်ထောက်ကာ ပက်လက်လှန်နိုင်ရန် ကြိုးစားလိုက်သည် ။
" ဘုတ်. ဘုတ်..ဘုတ်.."
လေးလံသော ခြေသံများက သူ့နားထဲတွင် မြည်ဟည်းလာ၏ ။
လုဖန်၏ နှလုံးသား တုန်ယင်သွားသည် ။ သူ ခေါင်းကို မနည်း မပြီး ကြည့်လိုက်သောအခါ သူ အမုန်းဆုံး လူသားက သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည် ။
နတ်ဘုရားတစ်ပါးကဲ့သို့ အထက်စီးမှ ငုံ့ကြည့်နေရင်း ထိုသူ၏ ချောမောသော မျက်နှာပေါ်တွင် နွေဦးလေပြေလေညှင်းကဲ့သို့ ပြုံးယောင်သန်းနေသော်လည်း မျက်လုံးများထဲတွင်မူ လှောင်ပြောင်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည် ။
" အရှက်မရှိတဲ့ လူယုတ်မာ.."
လုဖန်၏ မျက်လုံးများမှာ နီရဲနေပြီး ရင်ထဲတွင် အမုန်းတရားများဖြင့် ပြည့်လျှံနေသည် ။
လုဖန် က ဒေါသတကြီးဖြင့် ထရန် ကြိုးစားသော်လည်း နောက်တစ်စက္ကန့်မှာပင် ဂူချန်က တန်ဖိုးကြီး ဖိနပ်စီးထားသော ခြေထောက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ နင်းချလိုက်တော့သည် ။
လုဖန်၏ မျက်လုံးမှာ ချက်ချင်း ကျဉ်းမြောင်းသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည် ။
“ မင်း... မင်း... လုပ်ရဲလား.."
သူ့ရဲ့ သွေးစွန်းနေတဲ့ မျက်နှာက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျသွားတော့သည် ။
" ဗျစ်..ဗျစ်..."
ဂူချန်က ပွတ်ချေနေသဖြင့် လုဖန်၏ ခေါင်းသည် ကြေမွနေသော မြေပြင်ပေါ်တွင် ဟိုဘက်ဒီဘက် လိမ့်နေ၏ ။
အသားစိုင်များမှာ ကျောက်ခဲများနှင့် ပွတ်တိုက်မိပြီး အနာပေါ် ဆားဖြူးသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည် ။
လုဖန်မှာ နာကျင်လွန်းသဖြင့် မျက်ရည်ပင် ဝဲလာရသည် ။ သို့သော်လည်း သူ ဘာမှ မတတ်နိုင်ဘဲ စိတ်ထဲမှသာ ဂူချန်၏ ဘိုးဘေးဘီဘင်များကို ဆဲဆိုနေမိတော့သည် ။
[ အိမ်ရှင် သည် အတန်းဖော်တစ်ဦးအား နောက်ဆုံးပေါ် မျက်နှာအနှိပ်ခန်း အတွေ့အကြုံကို အခမဲ့ ပေးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ အတန်းဖော်မှာ မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားနေပြီး သင်၏ မိဘများ ဘေးကင်းရေးကိုပင် စိတ်ပူပေးနေပါသည်။ အမှန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှ၏ ။ စေတနာတန်ဖိုး +၁၀၀ ]
' ငါ ထင်တာ မမှားဘူးပဲ..ငါလုပ်တဲ့ ကောင်းမှုက တစ်ဖက်လူအပေါ် သက်ရောက်မှု ဘယ်လောက်ကြီးမားသလဲဆိုတာပေါ် မူတည်ပြီး စေတနာတန်ဖိုးတွေ ပိုရတာပဲ.. အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတာက အမှတ်ပိုရလွယ်တယ်..'
ဂူချန်က သဘောပေါက်သွားပြီး ခြေထောက်ကို အားထည့်၍ ဖိနင်းလိုက်သည် ။
“ အာ... အားးးးးးးး...”
စူးရှသော အော်ဟစ်သံများက စင်မြင့်ပေါ်မှ အဆက်မပြတ် ထွက်ပေါ်လာသည် ။ အသံမှာ အလွန်ပင် နာကျင်နေသဖြင့် ဘေးနားရှိ ဒိုင်လူကြီးပင် တံတွေးကို ခက်ခက်ခဲခဲ မျိုချနေရ၏ ။
သို့သော်လည်း ဒိုင်လူကြီးက ပွဲကို ရပ်နားကြောင်း ကြေညာခြင်း မရှိ ။
အကြောင်းမှာ ပွဲမစမီကတည်းက ဂူချန်၏ လာဘ်ထိုးမှုကို ခံထားရခြင်းကြောင့် ဖြစ်သည် ။ ဂူချန်က ရပ်ခိုင်းမှ သို့မဟုတ် လူသေတော့မည့် အခြေအနေရောက်မှသာ သူ ဝင်ရောက် စွက်ဖက်မည်ဖြစ်သည် ။
ဂူချန်က သူ၏ ခြေထောက်ကို မလိုက်ပြီး အားပိုထည့်၍ နင်းရန် ပြင်လိုက်စဉ်မှာပင် လုဖန်က ရုတ်တရက် လက်ကိုမြှောက်ကာ ကျလာတော့မည့် ခြေထောက်ကို တားလိုက်သည် ။
" အမ်.."
ဂူချန် မျက်ခုံးအနည်းငယ် မြင့်သွားပြီး သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်သည် ။
လုဖန်၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သွေးများ စိုရွှဲနေသော်လည်း သူ့လက်မောင်း ကြွက်သားများမှာ သန်မာနေဆဲ ဖြစ်သည် ။
" အားးးးးးး..."
သူက ဟိန်းဟောက်ရင်း ဂူချန်၏ ဖိနပ်ကို တင်းတင်းဆုပ်ကိုင်ကာ အပေါ်သို့ တွန်းတင်လိုက်ပြီး မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ပြန်ထရန် ကြိုးစားနေသည် ။
သူ့တစ်ကိုယ်လုံးမှ ယခင်ကထက် ပိုမိုကြီးမားသော အင်အားများ ထွက်ပေါ်လာ၏ ။
“ ငါ... မ... ရှုံး... သေး... ဘူး..”
လုဖန်က ဟိန်းဟောက်သံနှင့်အတူ အံ့သြဖွယ်ကောင်းလောက်အောင် ပြန်ထလာပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ကွေးညွှတ်လာသည် ။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပေါက်ကွဲထွက်လာ၏ ။ ကျင့်စဉ်အဆင့်၏ အတားအဆီးမှာ ထိုအခိုက်အတန့်တွင် တိတ်တဆိတ် ကွဲအက်သွားပြီး ဒုတိယအဆင့် ဆီသို့ တဟုန်ထိုး တက်လှမ်းသွားတော့သည် ။
' နောက်တစ်လှမ်းပဲ..ငါပြန်ပြီး မတ်တပ်ရပ်နိုင်ရမယ်.. '
ဤသည်ကိုမြင်တော့ ပွဲကြည့်စင်က လူတွေ အားလုံး ငြိမ်ကျသွားပြီး အံ့သြသွားကြ၏ ။
" ဒါ.. ဒါ.. ဖြစ်နိုင်ပါ့မလား..."
ဤကဲ့သို့ အခြေအနေမျိုးတွင် ပြန်၍ တွန်းလှန်နိုင်တော့မည်လော ။
ဂူချန်ကို တားရန်ပြင်နေသော မူရုံချင်းရွှယ်သည် ခြေလှမ်းတန့်သွားပြီး လုဖန်ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်ရင်း စိတ်ထဲက ရေရွတ်နေမိ၏ ။
"ငါ သိတယ် ..နင်က ဒီလောက်နဲ့တော့ လဲကျသွားမှာ မဟုတ်ဘူး.."
သို့သော်လည်း ဂူချန်၏ မျက်လုံးထဲတွင်မူ ဤအရာအားလုံးမှာ အလွန်ပင် ရယ်စရာကောင်းလှသည် ။
“ အရေးမပါတာတွေ လုပ်နေတာ.."
ဂူချန်က လှောင်ပြောင်လိုက်သည်။
" နေမင်းစကြာယန်ကျင့်စဉ် .."
ချက်ချင်းပင် ဆူပွက်နေသော သွေးစွမ်းအင်များက ခြေဖဝါးဆီသို့ စုရုံးသွားသည်။ ပြင်းထန်သော အပူရှိန်ကြောင့် ဝတ်ထားသော ဖိနပ်ပင် အရည်ပျော်သွားရသည်။
ဂူချန်က ပြင်းထန်စွာ နင်းချလိုက်ရာ ပေါင်ထောင်ချီသော ဖိအားများက ချက်ချင်း သက်ရောက်သွားတော့သည် ။
" ဘုန်း..."
ခြေဖဝါးနှင့် လက်မောင်း ထိတွေ့သည့် နေရာမှ ပေါက်ကွဲသံနှင့်အတူ အဖြူရောင် လေလှိုင်းတစ်ခု ဂယက်ထသလို ထွက်ပေါ်လာသည် ။
လုဖန်၏ ကြိုးစားမှုမှာ လက်ခုပ်တစ်ဖက်တည်းနှင့် ဆင်ကို တားသကဲ့သို့ ဖြစ်သွားပြီး သူ၏ လက်မောင်းမှာ ချက်ချင်းပင် ပုံပျက်ပန်းပျက် ချိုးခံလိုက်ရတော့သည် ။
လုဖန်၏ ခေါင်းမှာ မော့ရုံရှိသေးသော်လည်း ဂူချန်၏ ခြေဖဝါးအောက်တွင် မြေပြင်ပေါ်သို့ ပြန်လည် ဆောင့်ကျသွား၏ ။ အလွန်ပြင်းထန်သော အပူစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိတွေ့မိသော နေရာတွင် အနီရောင်အလင်းတန်းများပင် တဖျတ်ဖျတ် လက်သွားသည် ။
သူ့ခေါင်းမှာ မြေကြီးထဲသို့ နစ်ဝင်သွားကာ အသက်ရှူရခက်ခဲလာပြီး သတိလစ်လုနီးပါး ဖြစ်သွားသည် ။
ဂူချန်က သူ့ခေါင်းကို နင်းထားရင်း အထင်အမြင်သေးစွာ ပြောလိုက်၏ ။
“ တစ်ရက်တာ အမှိုက်ဖြစ်ခဲ့ရင်... မင်းက တစ်သက်လုံး အမှိုက်ပဲ..”
[ အိမ်ရှင် သည် အတန်းဖော်တစ်ဦး အိပ်မပျော်သည့် ရောဂါရှိနေသည်ကို သတိပြုမိပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားအောင် ကူညီပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး +၈၀ ]
[ အိမ်ရှင် သည် အတန်းဖော်တစ်ဦးကို မိမိကိုယ်ကိုယ် မည်သည့်နေရာမှာ ရှိနေသည်ကို သိရှိနားလည်အောင် ကူညီပေးခဲ့ပါသည်။ စေတနာတန်ဖိုး +၂၀ ]
ထိုအခိုက်အတန့်တွင်...
ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး အသံလုံးဝ ထွက်မလာတော့ချေ။
***