“ တော်လောက်ပြီ.. ”
တစ်ကွင်းလုံး တိတ်ဆိတ်နေသော်လည်း အေးစက်၍ ပြတ်သားသော အသံတစ်ခုက တိတ်တဆိတ်မှုကို ဖြိုခွင်းလိုက်သည် ။
လူတိုင်း ခေါင်းလှည့်ကြည့်လိုက်ကြရာ လှပကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ရင်သပ်ရှုမောဖွယ် မျက်နှာပိုင်ရှင် မိန်းကလေးတစ်ဦးမှာ တိုက်ခိုက်ရေးစင်မြင့်အောက်တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည် ။ သူမ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်ခက်ထန်နေ၏ ။
မူရုံချင်းရွှယ်သည် သူမ၏ ငန်းတစ်ကောင်ကဲ့သို့ ဖြူစင်ကျော့ရှင်းသော လည်တိုင်ကို မော့ကာ စင်မြင့်ပေါ်မှ ဒိုင်လူကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည် ။
“ လုဖန်က ဒီအခြေအနေအထိ ဖြစ်နေပြီပဲ.. ပွဲပြီးပြီလို့ ဆရာ မကြေညာသေးဘူးလား ..”
ဒိုင်လူကြီးက သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေဆဲပင် ။
ကျောင်း၏ အဆင့် ၁ ကျောင်းသူဖြစ်သည်က အထင်ကြီးစရာကောင်းသော်လည်း သူမ မည်မျှပင် ထူးချွန်စေကာမူ သူ့အတွက်တော့ အကျိုးအမြတ် ရှိလာမည်မဟုတ် ။ အခြားတစ်ဖက်တွင်မူ သခင်လေးဂူချန်၏ စကားတစ်ခွန်းက သူ့ကို အလုပ်ပြုတ်သွားစေနိုင်သည် ။
မည်သူ့ဘက်က ရပ်တည်ရမည်ဆိုသည်ကို သူ ကောင်းကောင်းသိ၏ ။
သူ့ဘက်က တုံ့ပြန်မှုမရှိသော်လည်း ပွဲကြည့်စင်ပေါ်မှ ကျောင်းသားများမှာမူ ဆူညံသွားကြသည် ။
“ဒါ မူရုံချင်းရွှယ် မဟုတ်လား..သူက ဘာလို့ လုဖန်လို အမှိုက်အတွက် ရှေ့ထွက်ပြောပေးနေတာလဲ..”
“ ချီးပဲ.. လုဖန်က ခွေးချေးနင်းမိလာတာလား.. မူရုံချင်းရွှယ်နဲ့တောင် ရင်းနှီးနေတာပဲ..”
“ တောက်..မိန်းမတစ်ယောက်ရဲ့ အကာအကွယ်ကိုတောင် ယူနေရတယ်.. အမှိုက်ကတော့ အမှိုက်ပဲ..”
“ ဂူချန်က လုဖန်ကို ဘယ်လိုဆက်ပြီး အရှက်ခွဲမလဲဆိုတာ ငါ ကြည့်ချင်နေတာ.. အခုတော့ မူရုံချင်းရွှယ် ရောက်လာပြီဆိုတော့ ကြည့်စရာ မရှိတော့ဘူးပေါ့..”
“ ဒါလည်း ပြောလို့မရသေးပါဘူးဟ.. အရင်က ဂူချန် မူရုံချင်းရွှယ်ကို လိုက်ခဲ့ဖူးပေမဲ့ ငြင်းခံခဲ့ရတာလေ.. အခု သူက အမှိုက်ကို ကာကွယ်ပေးနေတော့ ဂူချန် တော်တော် ဒေါသထွက်မှာပဲ.. ”
“...”
မူရုံချင်းရွှယ် ပေါ်လာသည်ကို မြင်သောအခါ ကျောင်းသားများ၏ မျက်လုံးများမှာ မနာလိုမှုကြောင့် နီရဲလာကြသည် ။ သူတို့၏ နတ်သမီးလေးက E အဆင့် ပါရမီသာရှိသော အမှိုက်အတွက် ရှေ့ထွက်၍ပြောပေးနေသည်လော ။ ဤ လောကကြီးတွင် တရားမျှတမှု မရှိ ။
ထိုအချိန်တွင် ဂူချန်သည် အေးစက်သော နတ်သမီးဟု တင်စားခံရသည့် ချင်းဟယ် အမှတ် ၁ အထက်တန်းကျောင်း၏ ထိပ်သီးကျောင်းသူကို ကြည့်ရင်း သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်နှင့် သူမကြားက ကိစ္စများကို ပြန်လည်အမှတ်ရလာကာ စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည် ။
မူလ ဂူချန်သည် ကျောင်းသို့ စတင်ဝင်ရောက်စဉ်ကပင် မူရုံချင်းရွှယ်၏ အလှအပနှင့် စွမ်းဆောင်ရည်ကို သတိပြုမိခဲ့ပြီး သူမကို သိမ်းပိုက်လိုစိတ်များ ပြင်းပြခဲ့သည် ။ ထို့ကြောင့် သူသည် နေ့စဉ် လက်ဆောင်များပေးကာ သူမနောက်သို့ တကောက်ကောက် လိုက်ခဲ့လေသည် ။
မူရုံချင်းရွှယ်သည် အသက် ၁၈ နှစ်အရွယ်တွင် ဒုတိယအဆင့် ၇ အထိ ရောက်ရှိခဲ့ခြင်းမှာ မူလဂူချန်ကြောင့် ထက်ဝက်ခန့် ပါဝင်သည်ဟု ဆိုနိုင်သည် ။ သူ ခြောက်လတိုင်တိုင် ပေးပို့ခဲ့သော အရင်းအမြစ်များသာ မရှိပါက သူမသည် ဤမျှ မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်မည်မဟုတ်သလို ကျောင်း၏ အဆင့် ၁ ဖြစ်လာရန်လည်း ခဲယဉ်းပေလိမ့်မည် ။
သို့ရာတွင် မုရုံချင်းရွယ်သည် လက်ဆောင်များကို လက်ခံသော်လည်း သိုင်းမိသားစုကြီးများမှ ဆင်းသက်လာသော လူငယ်သခင်လေးများကို အပျော်အပါးလိုက်စားသော အသုံးမကျသူများအဖြစ် အထင်သေးခဲ့၏ ။ ထို့ကြောင့် မူလဂူချန်က ခမ်းနားသော ဝန်ခံပွဲပြုလုပ်ကာ သူမကို ချစ်ခွင့်တောင်းသောအခါ သူမက ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ခြင်းဖြစ်သည် ။
' အင်း... လက်ဆောင်တွေကို ယူတာက ချစ်ခွင့်တောင်းတာကို လက်ခံရမယ်လို့ မဆိုလိုဘူးပေါ့လေ..'
ဂူချန် စိတ်ထဲမှ တွေးလိုက်သည် ။
' ဒီကျောင်းကတော့ ထူးထူးဆန်းဆန်း ဇာတ်ကောင်တွေနဲ့ တကယ့်ကို စိတ်ဝင်စားစရာပဲ ..'
' မင်းက ငါ့ဆီကို ကိုယ်တိုင်လာမှတော့ ငါအားမနာတက်လို့ အပြစ်မတင်နဲ့တော့ ..'
ထို့နောက် ဂူချန်သည် နင်းထားသော ခြေထောက်ကို လျှော့လိုက်ပြီး ကိုယ်ကိုကိုင်းကာ လုဖန်၏ ဦးခေါင်းမှ ဆံပင်များကို ဆွဲဆောင့်၍ ကျောက်ခဲပုံထဲမှ အတင်းဆွဲထူလိုက်သည် ။ လုဖန်၏ ခန္ဓာကိုယ်မှာ ခေါင်းနှင့်အတူ လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာတော့သည် ။
တစ်ချိန်တည်းမှာပင် လုဖန်၏ ခြေဖျားမှ သွေးများမှာ အဆက်မပြတ် စီးကျနေ၏ ။
ထို့နောက် ဂူချန်က မူရုံချင်းရွှယ်ဘက်သို့ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် လှည့်ကြည့်လိုက်ပြီး...
“ သူငယ်ချင်း... လုဖန်က အရှုံးမပေးသေးဘူးလေ.. ဒိုင်လူကြီးက အနိုင်အရှုံးကို မဆုံးဖြတ်နိုင်သေးသရွေ့တော့ ပွဲပြီးပြီလို့ ကြေညာလို့ မရဘူးပေါ့..”
[ အိမ်ရှင် သည် ပြိုင်ပွဲစည်းကမ်းများကို တက်ကြွစွာ လိုက်နာစောင့်ထိန်းပြီး အတန်းဖော်တစ်ဦး၏ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် အခြေခံအခွင့်အရေးကို ကာကွယ်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စေတနာတန်ဖိုး +၃၀ ]
" နင်...."
မူရုံချင်းရွှယ်သည် တစ်ဖက်လူ ဤမျှအရှက်မဲ့လိမ့်မည်ဟု မထင်ထားသဖြင့် ဒေါသ ထွက်သွားသည် ။
“ လုဖန်က နင်နှိပ်စက်လို့ဒဏ်ရာတွေ ဗရပွနဲ့ဖြစ်နေပြီ.. သူ့ရဲ့ ချီစွမ်းအင် ကလည်း အားနည်းနေသလို သူက လှုပ်တောင် မလှုပ်နိုင်တော့ဘူး..ဘယ်လိုလုပ် အနိုင်ရဖို့ မျှော်လင့်ချက် ရှိဦးမှာလဲ.."
“ သူ အခု စကားတောင် မပြောနိုင်တော့ဘူး.. အရှုံးပေးဖို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ.. ”
“အဲဒါတော့ ငါလည်း ဘယ်တက်နိုင်မလဲ.. "
ဂူချန်က အတည်ပေါက် ပြောလိုက်သည် ။
“ လုဖန်မှာ ဝှက်ဖဲတွေ ကျန်ပါသေးတယ်.. သူ ဆန်းကြယ်မှုတစ်ခုဖန်တီးနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်.. ငါတို့က အတန်းဖော်အပေါ် ယုံကြည်မှုရှိရမယ်လေ..”
[ အိမ်ရှင် သည် အတန်းဖော်တစ်ဦးအပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိပြီး ထိုကျောင်းသား၏ စွမ်းအားကို အသိအမှတ်ပြုပေးခဲ့သည် ။ ဤသည်က လူသားချင်းစာနာထောက်ထားမှု ပြသခြင်းပင် ။ ဆန်းကြယ်မှုကို ယုံကြည်သူများသည် ၎င်းတို့ကိုယ်တိုင်ပင် ဆန်းကြယ်မှုများ ဖြစ်လာနိုင်သည် ။ စေတနာတန်ဖိုး +၁၀၀ ]
[လက်ရှိ စေတနာတန်ဖိုး: ၃၈၀]
' ဒါတောင် ရသေးတာလား..'
ဂူချန် စိတ်ထဲမှ သက်ပြင်းချလိုက်သည် ။
' ဒီသိုးလေး ကတော့ အမွေးနုတ်လို့ တကယ်ကောင်းတာပဲ...'
ကျောင်း၏ အလှနတ်သမီး သည် သူ့အတွက် စေတနာတန်ဖိုး မည်မျှအထိ ထုတ်ပေးနိုင်မည်နည်းဟု သူ သိချင်လာ၏ ။
စနစ်၏ စည်းကမ်းချက်များအရ ခံစားချက်ပြင်းထန်လေ၊ ရာထူးနဲ့ စွမ်းအားကြီးမားလေ၊ လုပ်ရပ်ရဲ့ သက်ရောက်မှု ကြီးမားလေလေ စေတနာတန်ဖိုး ပိုရလေလေဖြစ်သည် ။
ဤကဲ့သို့ ဆိုလျှင် သူ မူရုံချင်းရွှယ်အား အတင်းအကျပ်တစ်ခုခု လုပ်လိုက်မိလျှင် စေတနာတန်ဖိုး ထောင်နှင့်ချီ၍ ရနိုင်မည်လော ။
သို့သော် နောက်တစ်စက္ကန့်မှာပင် ထိုအတွေးကို ဖျောက်လိုက်သည် ။
' အရေးပါတဲ့ ဇာတ်ကောင်တွေကို အရမ်းအတင်းအကြပ် လုပ်မိရင် ကောင်းကင်တာအိုက ငါ့ကို သတိထားမိသွားပြီး တစ်ခုခုဖြစ်လာရင် မကောင်းဘူး.. '
တစ်ဖက်တွင်မူ မုရုံချင်းရွှယ်သည် ဂူချန်၏ အရှက်မရှိသော စကားများကို ကြားသောအခါ ရွံရှာသွားပြီး သူ့ကို အကျိုးအကြောင်းပြောပြီး ရှင်းပြနေခြင်းကို ရပ်တန့်လိုက်သည် ။
သူမ စင်အောက်မှ အားကုန်ခုန်ကာ စင်ပေါ်သို့ တက်ရန် ကြိုးစားလိုက်သည် ။
" ဒုန်း..."
ဤသည်ကိုမြင်လျှင် ဒိုင်လူကြီးက မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ သူ၏ ကိုယ်ပွားပုံရိပ်များပင် ထင်ကျန်ရစ်ပြီး မူရုံချင်းရွှယ်ရှေ့တွင် ချက်ချင်း ပေါ်လာကာ လက်တစ်ဖက်ဖြင့် တားလိုက်သည် ။
“ ကျောင်းသား... ဒါက ပွဲချိန်လေ.. မသက်ဆိုင်တဲ့သူ စင်ပေါ်တက်ခွင့်မရှိဘူး..”
မူရုံချင်းရွှယ်က ဒိုင်လူကြီးကို လုံးဝ လျစ်လျူရှုထားလိုက်၏ ။ သူမက ကိုယ်ဖော့သိုင်းကို သုံးကာ လေထဲတွင် ခြေတစ်ချက်ကန်ပြီး ဒိုင်လူကြီးကို ကျော်ဖြတ်၍ စင်ပေါ်သို့ ဆင်းသက်လိုက်သည် ။ ထို့နောက် ဂူချန်ရှိရာသို့ အမြန်ပြေးသွားတော့သည် ။
ဒိုင်လူကြီးကလည်း အလျော့မပေး ။ သူ ချက်ချင်းလိုက်မီသွားပြီး သူမ၏ လမ်းကို ပိတ်ကာ ထပ်မံ သတိပေးလိုက်သည် ။
“ အခု ချက်ချင်း စင်ပေါ်က ဆင်းသွား..”
“ နောက်တစ်လှမ်း ထပ်တိုးရင်တော့ ငါ အားနာနေမှာ မဟုတ်တော့ဘူး..”
ပြောပြီးသည်နှင့် သူ၏ ကိုယ်ကို လှုပ်ခါလိုက်ရာ ဒုတိယအဆင့် အထွတ်အထိပ် အော်ရာများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ လေထုမှာပင် ဖိသိပ်ပုံပျက်သွားရသည် ။
“ ဒီနေ့ ကျွန်မ သူ့ကို ခေါ်သွားမယ်..”
မုရုံချင်းရွှယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် ။ သူမ၏ လက်ထဲတွင် အပြာရောင် ချီစွမ်းအင်များ စုစည်းလာပြီး လက်ဖဝါးပေါ်တွင် ဆီးနှင်းအလွှာပါးလေး တစ်ခု ဖုံးလွှမ်းသွားကာ ဒိုင်လူကြီးထံသို့ ရိုက်ချလိုက်သည် ။
ဒိုင်လူကြီးကလည်း သူမ၏ တိုက်ကွက်ကို တန်ပြန်တိုက်ခိုက်ရင်း ဂူချန်ကို လှမ်းကြည့်လိုက်သည် ။
အဓိပ္ပာယ်မှာ- သခင်လေး... ဒါက အပိုအလုပ်တွေနော်။ ပိုက်ဆံအပိုပေးဖို့ မမေ့နဲ့ဦး။
" ဖုန်း..ဖုန်း..ဖုန်း.."
လက်သီးနှင့် ခြေထောက်များ ရိုက်နှက်သံများနှင့်အတူ နှစ်ဦးသားမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုထဲသို့ ချက်ချင်း ရောက်ရှိသွားကြသည် ။
တစ်ဦးက ဆယ်စုနှစ်များစွာ ကျင့်ကြံလာသည့် ဒုတိယအဆင့် အထွတ်အထိပ်မှ ဆရာ၊ နောက်တစ်ဦးက ပါရမီထူးချွန်သည့် ကျောင်း၏ ထိပ်သီးကျောင်းသူ ။
ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ အံ့သြမှင်သက်သွားကြသည် ။
“ဟာ... သူတို့ တကယ်ချနေကြပြီ.. နတ်သမီးမုရုံက လုဖန်အတွက်နဲ့ ဒိုင်လူကြီးကို တိုက်ခိုက်နေတာပဲ..”
“ ဒါ ကျောင်းအလှလေးရဲ့ အချစ်အတွက်ကြိုးစားနေတာလား...”
“ ငါ့နတ်သမီးလေးကို ဒဏ်ရာမရစေနဲ့နော်..”
“ ငနွား... မင်းကတော့ မင်းရည်းစား အဖောက်ခံရတာကို တံခါးဝကနေ ချောင်းကြည့်ပြီး ဂုဏ်ယူနေမယ့် အမှိုက်ပဲ..”
“ ဟေး ဒီအတိုင်း ကြည့်မနေကြနဲ့ဟ ..ဆရာတွေ ဘယ်ရောက်ကုန်ပြီလဲ..ဆရာတွေကို သွားခေါ်ကြဦး..”
သူတို့နှစ်ယောက်၏ တိုက်ပွဲက ပိုမိုပြင်းထန်လာပြီး ချီစွမ်းအင် လှိုင်းလုံးကြီးများက ပွဲကြည့်စင်အနားရှိ ကျောင်းသားများကိုပင် ရိုက်ခတ်လာသည် ။
အနားတွင် တိတ်တဆိတ် စောင့်ကြည့်နေသော ဆရာများမှာ အခြေအနေ ပိုဆိုးသွားမည်ကို စိုးရိမ်သော်လည်း သူတို့၏ စွမ်းအားမှာ ဒိုင်လူကြီးထက်ပင် နိမ့်ပါးနေသဖြင့် ဝင်တားနိုင်စွမ်း မရှိကြ ။
စင်မြင့်ပေါ်ရှိ ဂူချန်သည်တော့ အေးအေးဆေးဆေးပင် ။ သူက လုဖန်ကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး လက်ခုပ်တီးလိုက်သည် ။
" ဖြောင်း..."
လူတိုင်း၏ အံ့သြနေသော အကြည့်များအောက်တွင် ပွဲကြည့်စင်၌ ထိုင်နေသော ကျောင်းသား ၁၀၀ ကျော်မှာ နေရာမှ ထလိုက်ကြသည် ။ ထို့နောက် ကိုယ်ဖော့သိုင်းများကို သုံးကာ စင်ပေါ်သို့ အမြန်ရောက်လာပြီး ဂူချန်၏ နောက်တွင် စီတန်းရပ်လိုက်ကြသည် ။
သူတို့ တစ်ဦးချင်းစီမှာ အနည်းဆုံး ပထမအဆင့် ၆ အထက်ရှိကြပြီး အချို့မှာ ဒုတိယအဆင့် စစ်သည်တော်များပင် ဖြစ်ကြသည် ။ လူပေါင်း ၁၀၀ ကျော် စုပေါင်းလိုက်လျှင် စင်ပေါ်က နှစ်ယောက်သည် ဒုတိယအဆင့် အထွတ်အထိပ် စွမ်းအားရှိသော်လည်း ဘာမှ တတ်နိုင်မည်မဟုတ်ပေ ။
" ဘုတ်..ဘုတ်..ဘုတ်.."
စင်ပေါ်တွင် ခြေသံများ ဆူညံသွားသည် ။ ဒိုင်လူကြီးနှင့် မူရုံချင်းရွှယ်မှာလည်း တိုက်ခိုက်နေခြင်းကို ရပ်တန့်ပြီး အသံလာရာသို့ မကြည့်ဘဲ မနေနိုင်တော့ချေ ။
သူတို့ မြင်လိုက်ရသည်မှာ ဂူချန်သည် ခြေတစ်ဖက်ဖြင့် လုဖန်၏ ခေါင်းကို နင်းထားပြီး လက်တစ်ဖက်ကို ဒူးပေါ်တင်ကာ အေးအေးလူလူ ရှိနေသည် ။ သူ့နောက်တွင်မူ ဝတ်စုံမျိုးစုံ ဝတ်ထားသော နောက်လိုက် ၁၀၀ ကျော်မှာ လူမိုက်ဂိုဏ်းကြီးတစ်ခုကဲ့သို့ အေးစက်ခက်ထန်သော အငွေ့အသက် များဖြင့် မတ်တပ်ရပ်နေကြသည် ။
ဂူချန်က ဖော်ရွေသော အပြုံးဖြင့် ပြုံးပြလိုက်၏ ။
' ဟာသတွေ လုပ်နေတာ..'
' နင့်မျက်လုံးသေချာဖွင့်ပြီး ဒီနေရာမှာ ဆရာကြီးက ဘယ်သူလဲဆိုတာ သေချာကြည့်စမ်း..'
***