ကတိစာချုပ်ပါ ရက်ပြည့်ရန် ၃ ရက်သာ လိုတော့၏။ ထိုညတွင် ကျင်းဝူပြန်း၏ ရောဂါအခြေအနေ အလွန် ဆိုးရွားလာသည်။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် ဝက်ရူးပြန်သကဲ့သို့ တက်ခြင်းများ ဖြစ်ပေါ်လာသည်။
ဆီးထဲတွင် သွေးများ ပါလာပြီး နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ခါကာ ချွေးစေးများ ပြန်နေ၏။ အဖျားမှာလည်း လုံးဝ မကျပေ။ သမားတော်များ အားလုံး လက်မှိုင်ချထားရ၏။
“လာကြပါအုံး။ သခင်လေး သတ်သေပြန်ပြီ။ သတ်သေပြန်ပြီ။”
အစေခံတစ်ယောက်၏ အော်ဟစ်သံကြောင့် လေခွင်းကတော်၊ လန်ပိနှင့် နတ်ဆရာလန်တို့ အခန်းထဲသို့ ပြေးဝင်လာကြသည်။
ကျင်းဝူပြန်း၏ လက်ကောက်ဝတ်မှ သွေးများ ပန်းထွက်နေသည်ကို တွေ့လိုက်ရချိန်မှာတော့ နတ်ဆရာလန်သည် အကောင်းစား သွေးတိတ်ဆေးကို ထုတ်၍ ဒဏ်ရာကို ကုသပေးလိုက်၏။
“ကျုပ်ကို ဘာလို့ ကယ်နေကြတာလဲ။ သေခွင့်ပြုကြပါ။ သေပါရစေတော့။” ကျင်းဝူပြန်းသည် နာကျင်စွာ အော်ဟစ်လိုက်သည်။
“နာတယ်ဗျာ။ အရမ်းနာတယ်။ အဖေကြီး... ကျုပ်ကို ကယ်ပါအုံး။” ကျင်းဝူပြန်းသည် နတ်ဆရာလန်ကို အားကိုးတကြီး ကြည့်ကာ တောင်းပန်လိုက်၏။
လေခွင်းကတော်ကလည်း တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ “ဆရာလန်... ကယ်ပါဦးရှင်... သူ့ကို ကယ်ပါအုံး။ ဒီကလေးက ဆရာ့ရဲ့ ဆရာသခင် ကျေးဇူးကြောင့် လူဖြစ်လာခဲ့ရတာပါ။ ဆရာတို့နဲ့ ရေစက် ပါပါတယ်။”
လွန်ခဲ့သော နှစ်ပေါင်းများစွာက မြို့စားကျင်းအဲ့သည် သားသမီး မရနိုင်ခဲ့ပေ။ ထိုစဉ်က နတ်ဆေးဆရာတစ်ဦး ရောက်လာပြီး သူသတ်ဖြတ်ခဲ့သော အကုသိုလ်များကြောင့် သားသမီး မရနိုင်ခြင်း ဖြစ်ကြောင်း ဟောကိန်း ထုတ်ခဲ့၏။
ထိုဟောကိန်းကြောင့် ကျင်းအဲ့သည် စစ်တိုက်ခြင်းကို ခေတ္တရပ်နားလိုက်ရာ အမှန်တကယ်ပင် သားယောက်ျားလေး ရရှိခဲ့၏။ ထိုနတ်ဆေးဆရာမှာ ယခု နတ်ဆရာလန်၏ ဆရာသခင် ဖြစ်လေသည်။
ထိုအကြောင်းရင်းကြောင့်ပင် နတ်ဆရာလန်သည် မြို့စားအိမ်တော်တွင် အထူးအခွင့်အရေး ရရှိထားခြင်း ဖြစ်သည်။ ကျင်းဝူပြန်းကလည်း သူ့ကို ဖခင်တစ်ယောက်သဖွယ် လေးစားအားကိုး၏။
ကျင်းဝူပြန်း၏ တောင်းပန်သံကို ကြားချိန်မှာတော့ နတ်ဆရာလန်သည် ဆေးပုလင်းငယ် တစ်လုံးကို ထုတ်ယူ လိုက်သည်။ ထို့နောက် ကျင်းဝူပြန်း၏ ပါးစပ်ထဲသို့ ဆေးရည် အနည်းငယ် လောင်းထည့်ပေးလိုက်၏။
အံ့ဩဖွယ်ရာပင်။ ကျင်းဝူပြန်း၏ နာကျင်မှုများ ပျောက်ကွယ်သွားပြီး သက်သောင့်သက်သာ ဖြစ်သွားပုံ ရသည်။
လေခွင်းကတော်နှင့် ကျင်းဝူပြန်းတို့၏ မျက်လုံးများတွင် လေးစားအားကိုးမှုများ အထင်းသား ပေါ်လာသည်။ တကယ့် နတ်ဆေးဆရာပင်။ သူဖော်စပ်ထားသော ဆေးသည် အစွမ်းထက်လွန်းလှ၏။
“ကျေးဇူးပါ အဖေကြီး။ ကျုပ်ကို ထပ်ကယ်လိုက်ပြန်ပြီ။” ကျင်းဝူပြန်းသည် မျက်လုံးများ မှေးစင်းလျက် ပြောလိုက်သည်။
“အိပ်လိုက်ပါတော့ ကလေးရယ်။ အိပ်လိုက်ပါတော့။” နတ်ဆရာလန်က ကြင်နာစွာ ပြောလိုက်၏။
ကျင်းဝူပြန်းသည် မျက်လုံးများကို မှိတ်ကာ အိပ်ပျော်သွားတော့သည်။
အကယ်၍ ယွင်ကျုံးဟဲ့သာ ရှိနေပါက ထိုဆေးရည်သည် ဘိန်းရည်နှင့် မေ့ဆေး ရောစပ်ထားသော အရာဖြစ်ကြောင်း ချက်ချင်း သိပေလိမ့်မည်။
ထိုအရာသည် နာကျင်မှုကို သက်သာစေရုံသာ ရှိပြီး ရောဂါကို မကုသနိုင်ပေ။ ထို့အပြင် ဘေးထွက်ဆိုးကျိုးများ ရှိပြီး ဦးနှောက်ကို ပျက်စီးစေနိုင်သည့် အစွမ်းရှိ၏။
ကျင်းဝူပြန်း အဘယ့်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိုရူးလာသနည်း။ နတ်ဆရာလန်၏ ‘နတ်ဆေး’ ကြောင့်ပင် ဖြစ်သည်။ ကျင်းဝူပြန်း၏ ကိုယ်ခံအားစနစ် ယခုကဲ့သို့ ကျဆင်းသွားရခြင်း၏ အဓိက တရားခံမှာလည်း ထိုဆေးရည်ပင် ဖြစ်သည်။
………………
မြူခိုးများ ဖုံးလွှမ်းနေသော အဆောင်တစ်ခုတွင်...
“ဆရာ... ဟို ယွင်အောက်ထျန်း ဆိုတဲ့ကောင်က အခုထိ ဖရဲသီးပုပ်တွေနဲ့ ဆေးဖော်နေတုန်းပဲ။ တစ်အိမ်တော်လုံးရဲ့ လှောင်စရာ ဖြစ်နေပြီ။ သူ့ခြံဝင်းက အနံ့ဆိုးတွေတောင် ထွက်နေတယ်။” တပည့်ဖြစ်သူ တာအိုဆရာလေး လန်ယွီက ပြောလိုက်၏။
နတ်ဆရာလန်က အေးစက်စွာ ပြန်ပြောသည်။ “လူပြက်တစ်ယောက်ပါကွာ။”
လန်ယွီက ပြောလိုက်၏။ “ဒါပေမဲ့ သခင်လေးက သူ့ကို ခင်နေသလိုပဲနော်။”
နတ်ဆရာလန်က ပြောလိုက်သည်။ “အရူးချင်းပဲ။ ခင်မှာပေါ့။ ဒါပေမဲ့ စိတ်မပူနဲ့။ နောက်လေးရက်နေရင် အဲဒီအရူး သေတော့မှာ။”
ယွင်ကျုံးဟဲ့ ကိုယ်တိုင် လက်မှတ်ထိုးထားသော ကတိစာချုပ်အရ ၁၅ ရက်အတွင်း ရောဂါ မပျောက်ပါက အသတ်ခံရမည် မဟုတ်ပါလား။
လန်ယွီက မေးလိုက်၏။ “သခင်လေးက သူ့ကို သတ်ခွင့်ပေးပါ့မလား။”
နတ်ဆရာလန်က ဖြေလိုက်သည်။ “သူ မသတ်ရင် ငါ သတ်မယ်။ လန်ပိ သတ်လိမ့်မယ်။”
လန်ယွီက ထပ်မေးလိုက်၏။ “ဆရာ... သခင်လေး ဒီတစ်ခါ ခံနိုင်ပါအုံးမလား။”
နတ်ဆရာလန်က ဖြေလိုက်သည်။ “မခံနိုင်တော့ဘူး။ အဖျားကြီးနေတယ်။ သွေးတွေလည်း အန်နေပြီ။ သေမှာ သေချာတယ်။”
လန်ယွီက စိုးရိမ်စွာဖြင့် မေးလိုက်၏။ “ဒါဆို ဘယ်လိုလုပ်မလဲ။ သခင်လေးက ဆရာ့ကို အဖေလို ကိုးကွယ်ထားတာ။ သူသေသွားရင် ဆရာ့ရဲ့ ဂုဏ်သိက္ခာ ကျသွားမှာပေါ့။”
နတ်ဆရာလန်က ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “သူသေလည်း ကိစ္စမရှိပါဘူး။ ငါက ပိုပြီး ရာထူးကြီးတဲ့ လူနဲ့ ချိတ်ဆက်မိပြီးသား။”
လန်ယွီက ချီးကျူးလိုက်မိ၏။ “ဆရာကတော့ တကယ့်ကို အမြော်အမြင် ကြီးပါပေတယ်။”
နတ်ဆရာလန် မျက်လုံးမှိတ်လိုက်သည်။ ‘ဝူပြန်း... မင်းကို တမင်သတ်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းကို ထိန်းချုပ်ဖို့အတွက် ဒီဆေးကိုပဲ သုံးရမှာ ဖြစ်နေလို့ပါ။ ကံကောင်းတာက ငါ ခြေကုပ်မြဲနေပြီမို့လို့ မင်းသေသွားလည်း ငါတို့ရဲ့ စီမံကိန်းကြီးကို ထိခိုက်မှာ မဟုတ်တော့ဘူး။’
………………..
ယွင်ကျုံးဟဲ့သည် အချိန်နှင့်အမျှ တိုက်ပွဲဝင်နေရ၏။ ထမင်းစားချိန်၊ အိမ်သာသွားချိန်ပင် မရှိတော့ချေ။ စက္ကန့်တိုင်းသည် တန်ဖိုးရှိလှ၏။
သူတစ်ယောက်တည်း ပင်နီဆီလင် ယူနစ် သန်းချီ ထုတ်လုပ်ရသည်မှာ လူကို ရူးသွားစေနိုင်၏။ သို့သော်ငြား သူသည် သေမင်းနှင့် ပြိုင်ဆိုင်နေရသောကြောင့် မနားမနေ ကြိုးစားနေရသည်။
ကျင်းဝူပြန်း လုံးဝ သေ၍ မဖြစ်ချေ။ သူသေပါက ယွင်ကျုံးဟဲ့၏ စီမံကိန်းများ အားလုံး ပျက်စီးသွားပေလိမ့်မည်။
ယခု အောင်မြင်လုနီးပါး ဖြစ်နေပြီ။ နောက်ဆုံးအဆင့် ပြီးစီးရန် နာရီအနည်းငယ်သာ လိုတော့သည်။ ပထမဆုံး ပင်နီဆီလင် အသုတ် ထွက်လာတော့မည်။ ပထမအသုတ် ထွက်လာသည်နှင့် နောက်ထပ် ဆက်တိုက် ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။
‘ကျင်းဝူပြန်း... ကျေးဇူးပြုပြီး မသေပါနဲ့အုံး။’
ယွင်ကျုံးဟဲ့သည် တစ်စက္ကန့်ကိုမှ အလဟဿ မဖြစ်စေဘဲ အလုပ် လုပ်နေရ၏။
သို့သော်ငြား “ဝုန်း...” ခြံတံခါး ရုတ်တရက် ပွင့်သွား၏။ စစ်သည်အချို့ ဝင်ရောက်လာပြီး ယွင်ကျုံးဟဲ့ကို အတင်းအဓမ္မ ဆွဲခေါ်သွားကြလေသည်။
“ခင်ဗျားတို့ ဘာလုပ်တာလဲ။ ကျုပ် နောက်ဆုံးအဆင့် ရောက်နေပြီ။ သခင်လေးကို ကယ်မယ့် နတ်ဆေး ရတော့မယ်။” ယွင်ကျုံးဟဲ့ ဒေါသတကြီး အော်ဟစ်လိုက်၏။
စစ်သည်ခေါင်းဆောင်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။ “မင်းရဲ့ ဖရဲသီးပုပ်တွေနဲ့ သခင်လေးကို ကယ်မယ် ဟုတ်လား။ အိပ်မက်မက်နေလိုက်။”
သူတို့သည် ယွင်ကျုံးဟဲ့၏ ရုန်းကန်မှုကို ဂရုမစိုက်ဘဲ ဆွဲခေါ်သွားကြ၏။
ယွင်ကျုံးဟဲ့က ရုန်းကန်နေရင်း ပြောလိုက်သည်။ “နောက်ထပ် နှစ်နာရီပဲ လိုတော့တာပါ။ နှစ်နာရီပဲ စောင့်ပေးပါ။ သခင်လေးကို ကယ်လို့ရပြီ။ မဟုတ်ရင် ခင်ဗျားတို့ လူသတ်သမားတွေ ဖြစ်ကုန်လိမ့်မယ်။”
စစ်သည်ခေါင်းဆောင်က ပြန်ပြောလိုက်၏။ “ကျုပ်တို့က နောက်ဆုံးခရီးကို လိုက်ပို့ပေးဖို့ လာခေါ်တာပါ။”
...................
၁၅ မိနစ်ခန့် ကြာချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ခမ်းနားထည်ဝါသော လူနာခန်းဆောင်သို့ ရောက်ရှိ သွားသည်။
သူ့ကို ဖမ်းခေါ်လာသော စစ်သည်များမှာ ကျင်းဝူပြန်း၏ ကိုယ်ရံတော်များ ဖြစ်ကြပြီး ယွင်ကျုံးဟဲ့ကို သခင်လေး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်စေရန် ခေါ်ဆောင်လာကြခြင်းပင်။
ရက်အနည်းငယ် မတွေ့ရသည့် အတောအတွင်း ကျင်းဝူပြန်း၏ အခြေအနေမှာ များစွာ ဆိုးရွားသွားခဲ့သည်။ တစ်ကိုယ်လုံး ဖောရောင်နေပြီး အနာများ ဖြစ်နေ၏။
မျက်လုံးများ နီရဲနေပြီး အသက်ရှူနေသည်မှာ ဝင်လေထက် ထွက်လေက ပိုများနေသည်။ အဖျားကြီးနေ သောကြောင့် အပြုတ်ခံထားသော ပုဇွန်ကဲ့သို့ တစ်ကိုယ်လုံး နီရဲနေလေ၏။ တစ်နေ့တာလုံးတွင် သူ သတိရသောအချိန်မှာ တစ်နာရီပင် မပြည့်တော့ချေ။
“ယွင်အောက်ထျန်း... ငါ သေတော့မယ်။”
ကျင်းဝူပြန်းက အားယူပြီး ပြောလိုက်သည်။ “ငါ သေရမှာကို ဝမ်းမနည်းပါဘူး။ ဒါပေမဲ့ ခံစားချက်က တစ်မျိုးကြီးပဲ။ ချေးပါပြီး မကုန်သလိုလို... ဟာတာတာကြီးနဲ့ တစ်ဆို့ဆို့ကြီး ဖြစ်နေတယ်။”
‘သောက်ကျိုးနည်း... သေခါနီးအချိန်မှာတောင် ဒီလို ရွံစရာ ဥပမာတွေ ပေးနေရသေးလား။’
ကျင်းဝူပြန်းက ပြောလိုက်သည်။ “မသေခင် မင်းကို မေးစရာ ရှိတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “မေးလေ။”
ကျင်းဝူပြန်းက မေးလိုက်သည်။ “မင်း အရင် ကြွားတုန်းက စာပေဘက်မှာ တိုင်းပြည်အုပ်ချုပ်နိုင်ပြီး သိုင်းပညာဘက်မှာ ကာလသားရောဂါ ကုနိုင်တယ် ဆိုတာလေ။ ငါ သိပ်သိချင်နေတာ။ ဘာလို့ သိုင်းပညာနဲ့ ကာလသားရောဂါက ဆက်စပ်နေတာလဲ။ ဒါကို မရှင်းရင် ငါ သေလို့ ဖြောင့်မှာ မဟုတ်ဘူး။”
‘သောက်ကျိုးနည်း... တကယ့် အရူးပါလား။ သေခါနီး ဖြစ်နေတာတောင် ဒီလို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းကို မေးနေသေးတယ်။’
ယွင်ကျုံးဟဲ့က တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်၏။ “အရင်တုန်းက ကာလသားရောဂါဆိုတာ ကုမရဘူးလေ။ ဒါကြောင့် ကျုပ် ပြောတဲ့ ကုသနည်းဆိုတာက ဖြတ်ပစ်လိုက်တာကို ပြောတာ။ ဓားကို သုံးရတော့ သိုင်းပညာနဲ့ ဆိုင်တယ်လို့ ပြောတာပေါ့။”
“ဟား... ဟား... ဟား... အဲဒီလိုကိုး။” ကျင်းဝူပြန်း ရယ်မောလိုက်ရာ သွေးများ အန်ထွက်လာပြီး ချောင်းဆိုး လာလေသည်။ ရက်ပိုင်းအတွင်း အဆုတ်အထိ ပိုးဝင်သွားသည်မှာ အံ့ဩစရာမဟုတ်ချေ။ ကိုယ်ခံအားစနစ် ဤမျှအထိ ဆိုးရွားစွာ ကျဆင်းနေသောကြောင့်ပင်။
ကျင်းဝူပြန်းက မေးလိုက်သည်။ “ဖြတ်ပစ်လိုက်ရင် ပျောက်သွားရောလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မပျောက်ပါဘူး။ ဒါပေမဲ့ သူများကို ဒုက္ခမပေးတော့ဘူးပေါ့။”
“ဟုတ်သားပဲ။ ဟုတ်သားပဲ။”
ကျင်းဝူပြန်းက ပြောသည်။ “အောက်ထျန်း.... မင်းက သိပ်ရယ်ရတာပဲ။ မင်းနဲ့ စောစောမတွေ့ရတာ နာတာပဲ။”
စကားတစ်ခွန်း ပြောလိုက်တိုင်း သူ၏ အသက်စွမ်းအင်များ လျော့နည်းသွားသကဲ့သို့ ခံစားနေရ၏။
“ငါ သေရမှာ နောင်တမရပါဘူး။ ငါ့ဘာသာ သတ်သေဖို့ ကြိုးစားခဲ့တာလည်း မနည်းတော့ဘူးလေ။ ဒါပေမဲ့ ငါ စိတ်အပူဆုံးက မင်းပဲ။”
‘ဟမ်... သေခါနီး လူမမာကြီးက ဘာလို့ ဒီလောက် နူးညံ့ကြင်နာတဲ့ စကားတွေ ပြောနေရတာလဲ။’ ယွင်ကျုံးဟဲ့ ကြက်သီးမွေးညှင်း ထသွားသော်လည်း ရင်ထဲတွင်မူ ဝမ်းနည်းသလို ခံစားလိုက်ရသည်။
ကျင်းဝူပြန်းက ဆက်ပြောလိုက်၏။ “ငါ့အမေ၊ ငါ့အစ်မ၊ လန်ပိနဲ့ အဖေကြီးတို့က အစွမ်းထက်တဲ့ လူတွေပါ။ သူတို့အတွက် ငါ ပူစရာ မလိုဘူး။ မင်းတစ်ယောက်တည်းပဲ ရှိတာ။ မိဘမဲ့၊ ပြီးတော့ အရူး။ ငါ့လို အသုံးမကျတဲ့ကောင်က ကာကွယ်ပေးနိုင်တာ မင်းလို အဖော်မဲ့နေတဲ့ အရူးလေး တစ်ယောက်ပဲ ရှိတယ်။
ငါ သေတာနဲ့ အဖေကြီးက မင်းကို သတ်လိမ့်မယ်။ လန်ပိကလည်း သတ်လိမ့်မယ်။ ဒါကြောင့် ငါ အသက် ရှိနေတုန်းလေး မင်းကို နောက်ဆုံးအကြိမ် ကာကွယ်ပေးလိုက်မယ်။ သွားတော့။ သွားတော့။”
ကျင်းဝူပြန်းသည် ချောင်းတစ်ချက် ဆိုးလိုက်ပြီး တုန်ယင်သော အသံဖြင့် အမိန့်ပေးလိုက်သည်။ “လာကြစမ်း။ ယွင်အောက်ထျန်းကို ခေါ်ထုတ်သွားကြ။ မြို့စားအိမ်တော် အပြင်ဘက်ကို ပို့လိုက်။ လေခွင်းမြို့နဲ့ ဝေးနိုင်သမျှ ဝေးဝေးကို ပို့လိုက်။ သွား... သွား။ အသက်ရှင်အောင် နေရစ်ခဲ့...”
..................
ယွင်ကျုံးဟဲ့၏ ရင်ထဲတွင် ကြည်နူးမှုနှင့် အားနာမှုတို့ ရောထွေးနေလေ၏။ သူက ပြောလိုက်သည်။ “မလုပ်နဲ့။ ကျုပ်သွားစရာ မလိုဘူး။ ကျုပ်မှာ နည်းလမ်း ရှိတယ်။ ခင်ဗျားကို ကျုပ် ကုပေးနိုင်တယ်။”
သို့သော်ငြား ကျင်းဝူပြန်း မကြားနိုင်တော့ပေ။ စောစောက စကားများကို အားကုန်သုံး၍ ပြောဆိုခဲ့ပြီးနောက် သူ သတိလစ် မေ့မြောသွားတော့၏။
ကိုယ်ရံတော် စစ်သည်များက ယွင်ကျုံးဟဲ့ကို ဂုန်နီအိတ်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းလိုက်ကြသည်။
ယွင်ကျုံးဟဲ့က ရုန်းကန်နေ၏။ “ဟေ့လူတွေ... ခင်ဗျားတို့ ဘာလုပ်ကြတာလဲ။ ကျုပ်ရဲ့ နတ်ဆေးက ပြီးတော့မှာကွ။ နောက်ထပ် နည်းနည်းလေးပဲ လိုတော့တာ။ သခင်လေး ကျင်းဝူပြန်းကို ကျုပ် ကယ်နိုင်တယ်။ ခင်ဗျားတို့ လွှတ်စမ်း။
ကယ်ကြပါအုံး။ နတ်ဆရာလန်ရေ... ခင်ဗျား လာသတ်ပါတော့။ ကျုပ်ကို လာသတ်ပါ။ အစ်မလန်ပိ... လာသတ်ပါဗျာ။ ကျုပ်ကို သတ်လိုက်ပါ။”
စစ်သည်တစ်ယောက်က ငေါက်ငမ်းလိုက်သည်။ “သေခါနီးအချိန်လေးမှာတောင် သခင်လေးက မင်းကို ကယ်တင်ဖို့ ကြိုးစားနေတာ။ ကျေးဇူးကန်းတဲ့ကောင်... တိတ်စမ်း။”
ပြောပြောဆိုဆိုနှင့် ယွင်ကျုံးဟဲ့၏ ပါးစပ်ထဲသို့ အဝတ်စုတ်တစ်ခု ထိုးထည့်လိုက်ပြီး ကြိုးဖြင့် တုပ်နှောင်လိုက်လေ၏။
“သောက်ကျိုးနည်း...” ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး လှုပ်မရတော့သလို အသံလည်း မထွက်နိုင်တော့ပေ။
စစ်သည်များသည် ဂုန်နီအိတ်ကို ထမ်းကာ မြင်းလှည်းပေါ်သို့ ပစ်တင်လိုက်ကြသည်။ ထို့နောက် မြင်းလှည်းကို မောင်းနှင်ကာ မြို့စားအိမ်တော် အပြင်ဘက်သို့ ထွက်ခွာသွားကြသည်။
လေခွင်းမြို့နှင့် ဝေးနိုင်သမျှ ဝေးရာ၊ ပိုင်ရှင်မဲ့ နယ်မြေ၏ အပြင်ဘက်သို့ ပို့ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ လမ်းစရိတ်အဖြစ် ငွေစ ငါးရာကိုပင် ထည့်ပေးလိုက်သေး၏။
ယွင်ကျုံးဟဲ့၏ ရင်ထဲတွင် ကျင်းဝူပြန်းအတွက် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသော်လည်း တစ်ဖက်တွင်မူ ဒေါသထွက်မိပြန်သည်။
သူသည် ဉာဏ်နီဉာဏ်နက် များပြားလှသူ ဖြစ်သော်လည်း ယခုကဲ့သို့သော တဇွတ်ထိုးသမားများ၊ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဆိုသည့်လူများနှင့် တွေ့ချိန်မှာတော့ ပညာထုတ်ခွင့် မရတော့ပေ။
ပညာရှိနှင့် စစ်သည် တွေ့လျှင် ဆင်ခြေပေး၍ မရသလို၊ အရူးနှင့် စစ်သည် တွေ့လျှင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
***