ထိုခဏ၌ပင် ဝမ်ချိုင်သည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရုတ်ချည်း ခုန်အုပ်လိုက်ပြီးလျှင် ယင်း၏ အရှိန်အဝါတို့ကို ထုတ်ဖော်လိုက်ချေသည်။
ကြေးခွံပါ ဝံပုလွေသုံးကောင်တို့သည် မျက်လုံးအစုံ ပြူးကျယ်သွားကြလျက် အရှိန်ဖြင့် ပြေးဝင်လာရာမှ ရုတ်ခြည်း ရပ်တန့်သွားကြကုန်၏။
ယင်းတို့အပေါ်တွင် စီးနင်းလိုက်ပါလာသော ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦးတို့မှာလည်း အရှိန်မထိန်းနိုင်ဘဲ လွင့်စင်ကျသွားကြလေသည်။
"ဝမ်ချိုင်... တော်တယ်"
ချင်ယွမ်ဖုန်းသည် အေးစက်စွာ ပြုံးလိုက်မိ၏။ ဤသည်ကား စစ်ပွဲအစစ်အမှန်၏ နိဒါန်းမျှသာ ဖြစ်ချေသည်။
သူသည် လက်ရှိကိုင်ဆောင်ထားသော လုယန့်ဓားကို လေထဲ၌ တစ်ချက် ဝေ့ယမ်းကာ အထက်သို့ ပင့်မြှောက်လိုက်ရာ ခရမ်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကျားလျန်ဖုန်းနှင့် အပေါင်းအပါတို့ကို လွှမ်းခြုံသွားတော့၏။
ထိုသုံးဦးမှာ လေထဲတွင် ဟန်ချက်ပျက်နေသော်လည်း လျင်မြန်စွာပင် လှံရှည်များကို မြှောက်၍ ခုခံကာကွယ်လိုက်ကြသည်။
"တင်း တင်း တင်း"
ကျယ်လောင်သော အသံသုံးချက်နှင့်အတူ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်အားလုံး လွင့်ထွက်သွားကြရလေသည်။
"ထပ်လာစမ်း"
ချင်ယွမ်ဖုန်းသည် မိမိကိုယ်တွင်း၌ ကုန်ဆုံးနိုင်ဖွယ်မရှိသော ကိုယ်တွင်းစွမ်းအင်များ ပြည့်လျှံနေသကဲ့သို့ ခံစားရပြီး ဓားကိုဆွဲကာ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့၏။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်ခြင်းများ ပြည့်နှက်သွားကြချေပြီ။
နန်ဝူးမြို့၌ ကြေးခွံပါ ဝံပုလွေများ အဘယ်ကြောင့် ကြောက်လန့်တကြား ဝပ်စင်းခဲ့ကြသည်ကို ယခုမှပင် သူတို့ သဘောပေါက်နားလည်သွားကြတော့သည်။
ထိုသို့ဖြစ်ရသည်မှာ ချင်ယွမ်ဖုန်းကြောင့်မဟုတ်ဘဲ သူ၏ ခွေးကြောင့်သာ ဖြစ်ပေ၏။
ထိုစဉ် ဝမ်ချိုင်သည် ခေါင်းကိုငုံ့ကာ ပါးစပ်မှ ကြီးမားသော အရိုးတုတ်တစ်ခုကို ထုတ်လိုက်ပြီးနောက် အူဟောက်လျက် ကြေးခွံပါ ဝံပုလွေသုံးကောင်ထံသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်လေတော့သည်။
ဝံပုလွေသုံးကောင်မှာ ကြောက်လန့်လွန်းသဖြင့် တုန်တုန်ရင်ရင်နှင့် ဝပ်စင်းနေကြရုံမှတစ်ပါး ပြန်လည်ခုခံခြင်းငှာ မစွမ်းသာကြချေ။
ဝမ်ချိုင်သည် အရိုးတုတ်ကို ခဲလျက် ယင်းတို့ကို တစ်ကောင်ပြီးတစ်ကောင် ရိုက်နှက်နှိမ်နင်းလိုက်ရာ မကြာမီပင် ဝံပုလွေတို့မှာ ခေါင်း၌ ဗူးသီးလုံးခန့် ဖုထွက်လျက် မြေပြင်ပေါ်တွင် လဲကျကုန်ကြတော့သည်။
"အူးးးး..."
ဝမ်ချိုင်သည် ကောင်းကင်သို့ မော့ကြည့်ကာ အောင်ပွဲခံသည့်အလား ဟိန်းဟောက်လိုက်ချေသည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်များမှာမူ ထိုခွေးကြီးသည် အမှန်စင်စစ် အဆင့်မြင့်သော သားရဲတစ်ကောင် ဖြစ်နေကြောင်းနှင့် သူတို့အားလုံး အကဲဖြတ်မှားယွင်းခဲ့ကြောင်းကို နောက်ကျမှ သိလိုက်ကြရသည်။
သို့သော် သူတို့ စဉ်းစားနေရန် အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းသည် သူတို့ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ခြေလှမ်းများမှာလည်း မိုးတိမ်နင်းခြင်း ပညာရပ်ကြောင့် တိမ်တိုက်များ ဝေနေသကဲ့သို့ ထင်မှတ်ရကာ တစ္ဆေတစ်ကောင်အလား လျင်မြန်လှသောကြောင့် ဖြစ်၏။
"ခုတ်ပိုင်းစမ်း"
ချင်ယွမ်ဖုန်းသည် သူ၏ဓားရှည်ကို ဦးခေါင်းအထက်သို့ မြှောက်လျက် လေထဲတွင် စက်ဝိုင်းခြမ်းသဏ္ဍာန် အရှိန်အဝါတစ်ခု ချန်ရစ်ကာ ပြင်းထန်စွာ ခုတ်ချလိုက်ချေသည်။
ဓားချက်မကျရောက်မီမှာပင် ပြင်းထန်သော လေအဟုန်ကြောင့် မြေပြင်ပေါ်ရှိ ကျောက်ခဲနှင့် ဖုန်မှုန့်များမှာ လွင့်စင်သွားကြရ၏။
ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ချင်ယွမ်ဖုန်း၏ ဓားအရှိန်အဝါကို မခံနိုင်သည့်အလား တဖြဖြ လှုပ်ခတ်သွားကြသည်။ ကျားလျန်ဖုန်းသည် မျက်လုံးအစုံ ပြူးကျယ်သွားလျက် လှံကိုပင် မမြှောက်နိုင်သေးမီ ဓားချက်မှာ ကျရောက်လာခဲ့ချေပြီ။
ကျယ်လောင်သော အသံနှင့်အတူ ကျားလျန်ဖုန်းသည် ပြင်းထန်သော အားတစ်ခုကို ခံစားလိုက်ရပြီး ခြေထောက်များမှာ မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရရှာသည်။
ချင်ယွမ်ဖုန်းသည် လှောင်ပြုံးပြုံးလျက် ဓားကိုတစ်ဖန်မြှောက်ကာ ထပ်မံခုတ်ချလိုက်ပြန်ရာ တန်ဖိုးကြီးလှဟန်တူသော လှံရှည်မှာ နှစ်ပိုင်းပြတ်သွားတော့၏။
ထို့နောက် ချင်ယွမ်ဖုန်းသည် ကျားလျန်ဖုန်းကို ကန်ထုတ်လိုက်ရာ သူသည် လွင့်ထွက်သွားလေတော့သည်။
ကျန်ရှိသော တပည့်နှစ်ဦးမှာလည်း သတိဝင်လာပြီး လှံရှည်များကို ကိုင်စွဲလျက် ချင်ယွမ်ဖုန်းထံသို့ ထိုးနှက်တိုက်ခိုက်ကြသည်။
ချင်ယွမ်ဖုန်းသည် ဓားဆွဲခုတ်ချက် ပညာရပ်ကို အသုံးပြုရန် ဓားကို မြေပြင်ပေါ်တွင် တရွတ်တိုက်ဆွဲလျက် နောက်သို့ ဆုတ်လိုက်၏။
ချင်ယွမ်ဖုန်း နောက်ဆုတ်သွားသည်ကို မြင်သောအခါ ထိုနှစ်ဦးမှာလည်း အခွင့်အရေးကို လက်မလွှတ်ဘဲ လှံဦးများကို ချင်ယွမ်ဖုန်း၏ ကျောပြင်သို့ ပစ်မှတ်ထားကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။
သို့သော် ထိုခဏ၌ပင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ဓားရှည်ကို အလျားလိုက်ကိုင်စွဲကာ ခြေတစ်ဖက်ဖြင့် ထောက်လျက် နောက်သို့ လွှဲခုတ်လိုက်ချေသည်။
ထိုဓားချက်တွင် ပြင်းထန်လှသော စွမ်းအားများ စုစည်းနေသဖြင့် လုယန့်ဓားမှာ အလင်းတန်းတစ်ခုအလား ပြောင်းလဲသွားတော့၏။ ထိုနှစ်ဦးမှာ လျင်မြန်စွာပင် လှံများကို အရှေ့၌ ကာလျက် ခုခံလိုက်ကြသည်။
"ဓားဆွဲ ခုတ်ချက်"
ဤဓားချက်ကား ချင်ယွမ်ဖုန်း ကြာမြင့်စွာကတည်းက အားအင်များ စုစည်းထားသော ချက်ကောင်းဖြစ်ရာ ဓားချက်ထွက်ပေါ်လာသည်နှင့်အတူ ပြင်းထန်သော လေပြင်းများ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေထုပင် ကွယ်ပျောက်သွားသကဲ့သို့ ခံစားရချေသည်။
ဓားရှည်သည် လှံရှည်များနှင့် ထိတွေ့သွားသောအခါ ပဲပြားကို လှီးဖြတ်သကဲ့သို့ အလွယ်တကူပင် ပိုင်းဖြတ်သွားပြီး ထိုနှစ်ဦး၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားတော့၏။
နောက်ဆုံးခဏတွင် ချင်ယွမ်ဖုန်းသည် အားအနည်းငယ် လျှော့လိုက်သဖြင့် ထိုသူတို့ ခါးပြတ်မသွားသော်လည်း သွေးများ အဆက်မပြတ် စီးကျနေသော ထိတ်လန့်ဖွယ် ဒဏ်ရာများ ရရှိသွားကြလေသည်။
ချင်ယွမ်ဖုန်းသည် ဓားပေါ်ရှိ သွေးစက်များကို ခါထုတ်လိုက်ရာ ဓားမှာ မူလအတိုင်း ပြန်လည် စင်ကြယ်သွားတော့၏။ သူသည် ဓားကို ကျောပြင်ရှိ ဓားအိမ်ထဲသို့ အေးဆေးစွာ ပြန်ထည့်လိုက်ပြီး ထိုသုံးဦးကို လှည့်ပင်မကြည့်ဘဲ ဝမ်ချိုင်ရှိရာသို့ လျှောက်သွားလေသည်။
သို့သော် ကျန်းယုံချန်း၏ ဘေးမှ ဖြတ်သန်းသွားစဉ် သူက တစ်ချက် ကန်လိုက်သဖြင့် ကျန်းယုံချန်းမှာ လန့်ဖျပ်သွားရရှာ၏။
"ဝမ်ချိုင်... သွားရအောင်"
ချင်ယွမ်ဖုန်းသည် ကျောပြင်ကို ဟန်ပါပါ ပြသလျက် ထွက်ခွာသွားတော့သည်။ ကျန်းယုံချန်းမှာမူ သူ၏ဒဏ်ရာကို ဖိထားလျက် မျက်နှာတွင် နာကျည်းမှုနှင့် အာဃာတများ ပြည့်နှက်နေချေပြီ။
သူတို့သည် ချင်ယွမ်ဖုန်းကို သင်ခန်းစာပေးရန် ကြံရွယ်ခဲ့သော်လည်း ဤမျှလွယ်ကူစွာ ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
ဒဏ်ရာ အနည်းဆုံးဖြစ်သော ကျားလျန်ဖုန်းသည် အပြေးအလွှား ရောက်ရှိလာပြီး သူ၏ ဂျူနီယာညီလေးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို မြင်သောအခါ အလွန် စိုးရိမ်ပူပန်သွားလေတော့သည်။
"သွားကြစို့၊ နန်ဝူးမြို့ကို ပြန်ပြီး သမားတော် ရှာရမယ်"
ကျားလျန်ဖုန်းသည် သတိလစ်နေသော ဝံပုလွေသုံးကောင်ကို နှိုးလိုက်ပြီး သူ၏ ညီငယ်နှစ်ဦးကို ခေါ်ဆောင်ကာ နန်ဝူးမြို့သို့ ဦးတည်လျက် အပြေးအလွှား ထွက်ခွာသွားကြတော့၏။
သူတို့အားလုံး ဝေးရာသို့ ရောက်ရှိသွားသောအခါမှ ချင်ယွမ်ဖုန်းသည် တစ်ဖန် ပြန်လည် ပေါ်ထွက်လာချေသည်။ သူသည် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာသို့ သွားရောက်ကာ စေ့စေ့စပ်စပ် ရှာဖွေလေတော့၏။
"ဒီမှာ ရှိနေတာပဲ"
ချင်ယွမ်ဖုန်းသည် ပြုံးလျက် ဆိုလိုက်သည်။ သူ စောစောက ထွက်ခွာသွားစဉ် မြေပြင်ပေါ်၌ သိုလှောင်အိတ်တစ်ခုကို တွေ့ရှိခဲ့သဖြင့် မသိမသာ ကန်ထုတ်ခဲ့ခြင်း ဖြစ်၏။
ကျန်းယုံချန်းကမူ ချင်ယွမ်ဖုန်းက သူ့ကို အရှက်ခွဲသည်ဟု ထင်မှတ်နေခဲ့ခြင်းမှာ အမှန်စင်စစ် ချင်ယွမ်ဖုန်းအပေါ် မတရား စွပ်စွဲခြင်းပင် ဖြစ်ပေသည်။
ဤသုံးဦးမှာ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်များ ဖြစ်ကြရာ တိုက်ရိုက်သတ်ဖြတ်လိုက်ပါက အပြစ်သည် ချင်ယွမ်ဖုန်းထံသို့ ကျရောက်လာမည် ဖြစ်သောကြောင့် သူတို့ကို မသတ်ခဲ့ခြင်း ဖြစ်၏။
ချင်ယွမ်ဖုန်းသည် ထိုသိုလှောင်အိတ်ကို ယူဆောင်လျက် အမြန်ပင် ထွက်ခွာခဲ့တော့သည်။ ဝမ်ချိုင်၏ ကျောပေါ်၌ ထိုင်ရင်း အိတ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ နေရာအကျယ်အဝန်း များစွာမရှိသော်လည်း စတုတ္ထအဆင့် ရှိသော ဆေးမြက်ပင် ခုနစ်ပင်ကို တွေ့ရှိလိုက်ရသဖြင့် ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်လျှံသွားရ၏။
ထို့ပြင် သားရဲများ ကျင့်စဉ် တိုးတက်စေရန် အထောက်အကူပြုသော ဆေးလုံးများကိုလည်း တွေ့ရှိရသေးသည်။ ထိုဆေးမြက်နှင့် ဆေးလုံးများမှာ ရနံ့အလွန် ပြင်းထန်လှရာ အိတ်ကို ဖွင့်လိုက်သည်နှင့် ရနံ့များမှာ ပျံ့လွင့်လာချေသည်။
"သူတို့ ဘာလို့ ဒီဆေးမြက်တွေနဲ့ ဆေးလုံးတွေကို ယူထားကြတာလဲ၊ ဝိညာဉ်ကျောက်တုံးတွေကိုပဲ ပိုသုံးသင့်တာ၊ ဒါက ဖြုန်းတီးတာပဲ"
ချင်ယွမ်ဖုန်းသည် သားရဲများအတွက် ဆေးလုံးများကို မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ သန့်စင်သော နတ်ရေစင်မှာ သူ၏အတွက် အကောင်းဆုံးသော ဆေးတစ်ခွက် ဖြစ်နေသောကြောင့် ဖြစ်သတည်း။
***