ပစ္စည်းအစုအဝေးအား သိမ်းဆည်းပြီးနောက် ချင်ယွမ်ဖုန်း သည် သိုလှောင်အိတ် အတွင်း၌ သေတ္တာငယ်တစ်လုံးကို ရှာဖွေတွေ့ရှိလေသည်။
"ဒါက ဘာများပါလိမ့်..." ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် ရေရွတ်မိ၏။ သိုလှောင်အိတ်အတွင်း၌ ထိုသေတ္တာငယ်မှတစ်ပါး အခြားပစ္စည်းဟူ၍ မရှိတော့ချေ။
ယင်းသိုလှောင်အိတ်အား မိမိအတွက် အသုံးမလိုသော်ငြား ချန်ဒါချောင် နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဖော်အတွက် အသုံးတည့်ပေလိမ့်မည်ဟု တွေးတောကာ သိမ်းဆည်းလိုက်၏။
သေတ္တာငယ်လေးမှာ အလွန်တရာ လက်ရာမြောက်လှပြီး မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကိုမူ ခွဲခြားရန် ခက်ခဲလှပေသည်။ သစ်သားလည်းမဟုတ်၊ ရွှေလည်းမဟုတ်ဘဲ လက်ထဲတွင် ဆုပ်ကိုင်ကြည့်ရာ၌ လေးလံထိုင်းမှိုင်းသော အထိအတွေ့ကို ပေးစွမ်းလေသည်။
ချင်ယွမ်ဖုန်းသည် ထိုသေတ္တာငယ်ကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ အံ့အားသင့်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရ၏။ သေတ္တာငယ်အတွင်း၌ မီးလျှံငယ်တစ်ခု တောက်လောင်နေသည် မဟုတ်လော။
အနီးကပ် ကြည့်ရှုစစ်ဆေးသော် မီးလျှံ၏ ဗဟိုချက်၌ သားရဲတစ်ကောင်၏ မှော်အမြူတေ နှင့် ဆင်တူသော ပုံဆောင်ခဲတစ်ခု ရှိနေသည်ကို တွေ့ရသည်။
"ဒါ... ဒါက သားရဲမီးလျှံ များလား..." ချင်ယွမ်ဖုန်းသည် အံ့ဩလွန်းသဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားရ၏။
သားရဲမီးလျှံအကြောင်းကို ကြားဖူးရုံမျှသာ ရှိသေးသော်လည်း ယခုမူ လက်ဝယ်ပိုင်ပိုင် ရရှိနေပြီ ဖြစ်သည်။
"ရှောင်လင်... ဒါ ဘာလဲဆိုတာ ကြည့်ပေးပါဦး" ဟု သူက မေးမြန်းလိုက်သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ အာရုံထဲတွင် ပေါ်လာပြီး တစ်ချက်ကြည့်ရုံမျှဖြင့် အဖြေကို သိရှိလေသည်။
"ဒါကတော့ အဆင့်မြင့် နဝမအဆင့်ရှိတဲ့ သားရဲတစ်ကောင်ရဲ့ မှော်အမြူတေပဲ၊ သားရဲမီးလျှံလို့လည်း ခေါ်ကြတယ်... သုံးရတာတော့ အတော်လေး အဆင်ပြေမှာပါ"
ရှောင်လင်၏ ပြောဆိုပုံကို ချင်ယွမ်ဖုန်း ယဉ်ပါးနေပြီဖြစ်၍ စိတ်ထဲမထားတော့ဘဲ ဤအရာသည် ဒဏ္ဍာရီလာ သားရဲမီးလျှံဖြစ်နေခြင်းအပေါ်၌သာ အာရုံရောက်နေတော့သည်။
ကြားဖူးနားဝရှိသည်မှာ သားရဲမီးလျှံသည် အလွန်တရာ ရှားပါးလှပြီး မီးဓာတ်အသုံးပြုသော သားရဲတိုင်း၌လည်း မရှိနိုင်ပေ။
သားရဲတစ်သောင်းတွင် တစ်ကောင်၌သာ ရှိခဲလှသော ရတနာဖြစ်ရာ ချင်ယွမ်ဖုန်းအတွက်မူ ကံထူးသည်ဟု ဆိုရပေမည်။ ၎င်းမှာ နဝမအဆင့် ပညာရှင်အဆင့် နှင့် ညီမျှသော အဆင့်မြင့် နဝမအဆင့် သားရဲ ထံမှ ရရှိခြင်းပင် ဖြစ်သည်။
ကျားလျန်ဖုန်း နှင့် အပေါင်းအပါနှစ်ဦး နန်ဝူးမြို့ သို့ လာရောက်ခြင်းမှာ ဤသားရဲမီးလျှံကို ရယူရန် ဖြစ်တန်ရာ၏။
"ဟားဟား... ငါ့ကံကတော့ တကယ်ကို ကောင်းလွန်းနေပြီ" ချင်ယွမ်ဖုန်းသည် ဝမ်းမြောက်ဝမ်းသာ ရယ်မောရင်း "ရှောင်လင်... ဒါကို ဘယ်လိုသုံးရမလဲ" ဟု မေးလိုက်သည်။
"ယေဘုယျအားဖြင့်တော့ သားရဲမီးလျှံရဲ့ စွမ်းအင်ကို စုပ်ယူဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လိုအပ်တယ်၊ အအေးဓာတ်ရှိတဲ့ ရှားပါးဆေးမြက်တွေကလည်း မရှိမဖြစ်ပဲ... စုပ်ယူပြီးသွားရင်တောင် မီးလျှံရဲ့ စွမ်းအားက အတော်လေး လျော့နည်းသွားမှာ၊ မူလစွမ်းအားရဲ့ ထက်ဝက်လောက်ကို ထိန်းထားနိုင်ရင်တောင် အတော်လေး ကံကောင်းတယ်လို့ ပြောရမယ်" ဟု ရှောင်လင်က အေးဆေးစွာ ရှင်းပြ၏။
"ဒါဆိုရင်တော့ အတော်လေး လက်ဝင်မှာပဲ" ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ဆိုသည်။
ရှောင်လင်ကမူ ပို၍ပင် စိတ်ပျက်ဟန်ဖြင့်
"အရှင်သခင်... ရှင်က အတော်လေး ဉာဏ်နည်းတာပဲ၊ ရှင့်မှာ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ် ရှိနေတာကို မေ့နေတာလား" ဟု ပြန်လည် ပြောကြားလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ချင်ယွမ်ဖုန်း၏ မျက်လုံးများ လင်းလက်သွားတော့သည်။ မှန်ပေသည်... မိမိတွင် သွေးစက်များကိုပင် စုပ်ယူနိုင်သော စွမ်းအင်စုပ်ယူခြင်း ပညာရပ် ရှိနေသည် မဟုတ်လော။
ထိုမျှလောက်သော မီးလျှံငယ်ကိုမူ မဆိုထားနှင့်တော့။
ဝမ်ချိုင်ခွေးဘုရင် ၏ ကျောပေါ်တွင် ထိုင်လျက်ပင် ချင်ယွမ်ဖုန်းသည် လက်ဝါးကို ဖြန့်ကာ သေတ္တာအတွင်းရှိ သားရဲမီးလျှံဆီသို့ ဦးတည်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ လက်ဝါးပြင်၌ ဟင်းလင်းပြင်အမည်းစက်ငယ်တစ်ခု ပေါ်လာပြီး စုပ်အားတစ်ခု ထွက်ပေါ်လာတော့သည်။
သားရဲမီးလျှံသည် စုပ်အားနှင့် ထိတွေ့ချိန်၌ အနည်းငယ် ခုခံနေသေးသဖြင့် ခဏတာမျှ စုပ်ယူ၍ မရနိုင်သေးဘဲ ဖြစ်နေ၏။
"ဒါက ဘာဖြစ်တာလဲ" ချင်ယွမ်ဖုန်းက မေးသည်။
"အဆင့်မြင့် သားရဲတွေက အသိဉာဏ် ရှိကြတယ်၊ သူတို့ သေဆုံးသွားရင်တောင် အသိဉာဏ်ရဲ့ အကြွင်းအကျန် ဒါမှမဟုတ် ဝိညာဉ်က မှော်အမြူတေထဲမှာ ကျန်နေတတ်တယ်၊ သားရဲမီးလျှံကလည်း မှော်အမြူတေ တစ်မျိုးပဲဆိုတော့ မွေးရာပါ ဗီဇအရ ခုခံနေတာပဲ" ဟု ရှောင်လင်က ရှင်းပြလေသည်။
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လိုက်ပြီး "နားလည်ပြီ... သူက သေပြီးသားပဲဥစ္စာ၊ ပြဿနာထပ်မရှာစမ်းပါနဲ့၊ ငါ့ရဲ့ စုပ်ယူခြင်းကိုသာ ခံလိုက်စမ်း" ဟု ဆိုကာ စုပ်အားကို မြှင့်တင်လိုက်ရာ သားရဲမီးလျှံသည် မခုခံနိုင်တော့ဘဲ ဟင်းလင်းပြင်အမည်းစက်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဝိညာဉ်စွမ်းအင်ပင်လယ် ပေါ်တွင် စုစည်းလျက် စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ် ကို လျင်မြန်စွာ လှည့်ပတ် ကျင့်ကြံလေတော့သည်။
သားရဲမီးလျှံသည် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ချင်ယွမ်ဖုန်းသည် မီးဖိုကြီးတစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံးသည်လည်း ပြုတ်ထားသော ကဏန်းတစ်ကောင်ကဲ့သို့ နီရဲလာတော့သည်။
"ပူလိုက်တာ... အန္တရာယ်များ ရှိမလားမသိဘူး" သူသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း စိတ်ကို တည်ငြိမ်စွာထားကာ ပညာရပ်ကိုသာ ဆက်လက် လှည့်ပတ်နေ၏။
သားရဲမီးလျှံသည် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင် နှင့်အတူ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့စီးဆင်းသွားလေသည်။
အချိန်အနည်းငယ် ကုန်လွန်ပြီးနောက် ဝမ်ချိုင်သည် မြေနက်မြေ သို့ ပြန်လည်ရောက်ရှိလာ၏။
ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ဝမ်ချိုင်၏ ကျောပေါ်တွင် ကျင့်ကြံနေသော ချင်ယွမ်ဖုန်းကို မြင်သောအခါ နားမလည်နိုင်အောင် ဖြစ်ကြရသည်။
ထိုစဉ်တွင် ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်ရှိ အနီရောင်များမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီ ဖြစ်သည်။ ညီအစ်မနှစ်ဖော်သည် ချင်ယွမ်ဖုန်းကို မနှောင့်ယှက်ဝံ့သဖြင့် ဝမ်ချိုင်အား သူ့ကို မြေပြင်ပေါ်သို့ အသာအယာ ချထားပေးရန်သာ ခိုင်းစေလိုက်ကြ၏။
ညဦးယံသို့ ရောက်သော်လည်း ချင်ယွမ်ဖုန်းမှာ နိုးထလာသည့် အရိပ်အယောင် မရှိသေးချေ။ ညီအစ်မနှစ်ယောက်စလုံး ဗိုက်ဆာလာကြသဖြင့် ချန်ရှောင်ချောင်က "အစ်မ... ကျွန်မတို့ တစ်ခုခု အရင်ချက်ပြုတ်ထားကြမလား" ဟု မေးသည်။
ချန်ဒါချောင်သည် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်စဉ်မှာပင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး ဦးခေါင်းထက်မှ မီးလျှံတစ်ခု ပွင့်ထွက်လာလေသည်။
ထိုမီးလျှံမှာ အပြာရောင်ဖြစ်နေသဖြင့် ချန်ရှောင်ချောင်မှာ အလန့်တကြား ဖြစ်သွားရ၏။ "ဒုက္ခပဲ... မီးလောင်နေပြီ" ဟု ဆိုကာ ချင်ယွမ်ဖုန်း၏ ဦးခေါင်းပေါ်မှ မီးကို ငြှိမ်းသတ်ရန် ကြိုးစားသော်လည်း မရချေ။
"ဖယ်လိုက်စမ်း... ငါလုပ်မယ်" ချန်ဒါချောင်သည် အပြေးအလွှား ရောက်လာပြီး လက်ဝါးတွင် စွမ်းအင်များကို စုစည်းကာ ရေခဲတုံးတစ်ခုသဖွယ် ဖန်တီး၍ ငြှိမ်းသတ်ရန် ကြိုးစားသော်လည်း အပြာရောင်မီးလျှံမှာ ရေခဲနှင့် မတည့်သည့်အလား လုံးဝ ငြိမ်းသတ်၍ မရနိုင်ဘဲ ရှိနေသည်။
"အစ်မ... ခဏလောက် နေပါဦး" ချန်ရှောင်ချောင်က နားမလည်နိုင်သော မျက်နှာပေးဖြင့် တားလိုက်သည်။
"ဘာဖြစ်လို့လဲ... ကြာရင် ဖုန်းအစ်ကို မီးလောင်ပြီး သေသွားလိမ့်မယ်" ဟု ချန်ဒါချောင်က စိုးရိမ်တကြီး ပြောသော်လည်း မကြာမီမှာပင် သူမပါ ရပ်တန့်သွားရ၏။
အကြောင်းမူကား မီးလျှံများ တောက်လောင်နေသော်လည်း ချင်ယွမ်ဖုန်း၏ ဆံပင်တစ်ပင်မျှပင် မီးကျွမ်းခြင်း မရှိသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
မီးလျှံသည် ဦးခေါင်းထက်မှ စတင်သော်လည်း သူ့အား ဘေးဥပဒ် မပေးနိုင်သည်မှာ ထူးဆန်းလှပေသည်။
ယင်းနောက်တွင်မူ မီးလျှံများသည် ချင်ယွမ်ဖုန်း၏ တစ်ကိုယ်လုံးကို ဝန်းရံသွားတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ မျက်နှာမှာ နာကျင်သည့် အရိပ်အယောင် မရှိသည့်အပြင် သူ၏ အဝတ်အစားများမှာလည်း တစ်စုံတစ်ရာ ပျက်စီးခြင်း မရှိချေ။
ညီအစ်မနှစ်ဖော်သည် နားမလည်နိုင်ဘဲ ထိုမီးလျှံကို လက်ဖြင့် ထိကြည့်ရာ အလွန်ပူပြင်းလွန်းသဖြင့် အော်ဟစ်ကာ လက်ကို ပြန်ရုပ်လိုက်ကြရသည်။
"ဒါက ဖုန်းအစ်ကို ကျင့်နေတဲ့ ကျင့်စဉ်ပညာရပ် များလား" ဟု ချန်ရှောင်ချောင်က မေးရာ ချန်ဒါချောင်ကလည်း "ဒါပဲ ဖြစ်နိုင်လိမ့်မယ်" ဟု အေးဆေးစွာ ပြန်ပြောလိုက်သည်။
သူတို့နှစ်ဦးသည် တစ်စုံတစ်ရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အနားမှ မခွာဘဲ စောင့်ကြည့်နေကြစဉ် ခဏအကြာ၌ မီးလျှံများသည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး ချင်ယွမ်ဖုန်း၏ လက်ဝါးအတွင်းသို့ ငုပ်လျှိုးကာ ပျောက်ကွယ်သွားလေတော့သတည်း။
***