ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးနောက် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ ယင်းက မီးခိုးငွေ့များအလား ထွက်ပေါ်လာချေသည်။
"ဖုန်းအစ်ကို... အဆင်ပြေရဲ့လား" ဟု ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ညီအစ်မနှစ်ဖော်က အနားသို့ အပြေးအလွှား ရောက်ရှိလာကာ စိုးရိမ်တကြီး မေးမြန်းကြလေသည်။
ချင်ယွမ်ဖုန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ သူသည် သားရဲမီးလျှံကို စုပ်ယူနေစဉ်အတွင်း၌ပင် ဒါချောင်နှင့် ရှောင်ချောင်တို့၏ ပြုမူဆောင်ရွက်ပုံများကို မြင်တွေ့ခဲ့ရသည်။
"မစိုးရိမ်ကြပါနဲ့၊ ငါ ဘာမှမဖြစ်ပါဘူး" ဟု ချင်ယွမ်ဖုန်းက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
"ခုနက အစ်ကို့ကိုယ်ထဲက ထွက်လာတဲ့ မီးတောက်တွေက ဘာတွေလဲဟင်" ဟု ရှောင်ချောင်က စပ်စုလိုစိတ်ဖြင့် မေးမြန်းပြန်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် "အဲဒါကို သားရဲမီးလျှံလို့ ခေါ်တယ်၊ အခုတော့ ငါ စုပ်ယူနိုင်သွားပြီ" ဟု ဖြေကြားလိုက်၏။
"သားရဲမီးလျှံ ဟုတ်လား" ဒါချောင်နှင့် ရှောင်ချောင်တို့မှာ မျက်မှောင်ကြုတ်သွားကြသည်၊
ထိုအမည်ကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ချေ။
"ဟုတ်တယ်၊ ကြည့်လိုက်လေ"
ချင်ယွမ်ဖုန်းက လက်ချောင်းကို တောက်တစ်ချက် ခတ်လိုက်ရာ သူ၏ လက်ညှိုးပေါ်တွင် သေးငယ်သော မီးတောက်ကလေးတစ်ခုမှာ မှော်ဆန်စွာ ထွက်ပေါ်လာတော့သည်။
"ဝါး... ဖုန်းအစ်ကိုက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ" ရှောင်ချောင်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီး၍ ကြိုဆိုလေသည်။
ထိုအခါ ချင်ယွမ်ဖုန်းသည် အနီးရှိ ကျောက်တုံးကြီးတစ်တုံးကို လှမ်းကြည့်ကာ လက်ညှိုးကို ခတ်ထုတ်လိုက်ရာ ထိုမီးတောက်ကလေးသည် ကျောက်တုံးကြီးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့၏။
ကျောက်တုံးကြီးနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် မီးလျှံများမှာ ရုတ်ချည်းပင် ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားပြီး ခဏချင်းအတွင်း၌ပင် ထိုကျောက်တုံးကြီးမှာ အဖြူရောင် ပြာပုံဘဝသို့ ပြောင်းလဲသွားချေသည်။
"ဝါး... အရမ်းပူတာပဲ" ဒါချောင်က အံ့သြတုန်လှုပ်စွာ အော်ဟစ်မိသည်။
ချင်ယွမ်ဖုန်းသည် သားရဲမီးလျှံ၏ အပူရှိန်ကို များစွာ ကျေနပ်မိသည်။
ကျောက်တုံးကိုပင် ပြာဖြစ်အောင် လောင်ကျွမ်းစေနိုင်သည်မှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။ လူအများအပြားက သားရဲမီးလျှံကို အဘယ်ကြောင့် အလိုရှိနေကြသည်မှာ မဆန်းတော့ချေ။
ယင်းက အစွမ်းထက်သော တိုက်ခိုက်ရေးနည်းလမ်းသစ်တစ်ခု ဖြစ်ရုံသာမက ဆေးဖော်စပ်ခြင်း အတတ်ပညာ၌လည်း များစွာ အထောက်အကူပြုနိုင်ပေသည်။
အနည်းဆုံးတော့ ဆေးဖော်စပ်ရန်အတွက် လောင်စာပစ္စည်းများကို ဝယ်ယူရန် မလိုအပ်တော့သဖြင့် ဝိညာဉ်ကျောက်တုံး မြောက်မြားစွာကို သက်သာစေမည် ဖြစ်တန်ရာ၏။
"ဖုန်းအစ်ကို... ဗိုက်ဆာနေပြီလား၊ ကျွန်မ သွားပြီး ချက်ပြုတ်လိုက်ဦးမယ်နော်" ဟု ဒါချောင်က ဆိုသည်။
ချင်ယွမ်ဖုန်းက ဒါချောင်ကို အမြန်လှမ်းခေါ်ကာ သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်ပြီး—
"ဒီသိုလှောင်အိတ်ကို အရင်သုံးထားလိုက်၊ ထဲမှာ ငါဝယ်ထားတဲ့ စားစရာအချို့ ရှိတယ်" ဟု ပြုံးလျက် ပြောလိုက်သည်။
ဒါချောင်နှင့် ရှောင်ချောင်တို့ကို သိုလှောင်အိတ် အသုံးပြုပုံ သင်ကြားပေးပြီးနောက် သူတို့နှစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် ဟင်းချက်ရန် ထွက်ခွာသွားကြတော့သည်။
ချင်ယွမ်ဖုန်းသည် သားရဲမီးလျှံကို စုပ်ယူပြီးနောက် ယခုအခါ ယင်းက သူ၏ ဝိညာဉ်စွမ်းအင်ပင်လယ် အတွင်း၌ ငြိမ်သက်စွာ လောင်ကျွမ်းလျက်ရှိရာ စိတ်အလိုရှိတိုင်း အသုံးပြုနိုင်ပြီဖြစ်သည်။
သူ၏ ကိုယ်တွင်းစွမ်းအင် များ ပြည့်ဝနေသရွေ့ ထိုသားရဲမီးလျှံကို မကုန်မခမ်းနိုင်အောင် ထုတ်ဖော်နိုင်ပေလိမ့်မည်။
ထို့အပြင် သူသည် စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်ကို အသုံးပြု၍ ဤသားရဲမီးလျှံကို စုပ်ယူခဲ့ခြင်းဖြစ်ရာ အခြားသူများကဲ့သို့ နှိမ်နင်းခြင်းမျိုး မဟုတ်သဖြင့် မီးလျှံ၏ အစွမ်းသတ္တိမှာ လျော့ပါးသွားခြင်း အလျဉ်းမရှိချေ။
"ရှောင်လင်... ငါ့ရဲ့ အရည်အချင်းပြကွက်ကို တစ်ချက်လောက် ပြပါဦး"
* သခင် : ချင်ယွမ်ဖုန်း
* အသက် : ၁၈ နှစ်
* ကျင့်စဉ်အဆင့် : တတိယအဆင့် မဟာဆရာ
* တိုက်ခိုက်ရေးပညာရပ် : ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်းပညာရပ်၊ မိုးတိမ်လွင့်ပညာရပ်၊ အလောင်းကောင်ရုပ်သေးပညာရပ်၊ သားရဲမီးလျှံ
* ကျင့်စဉ် : စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်
* ယုံကြည်မှုတန်ဖိုး : ၂၄၅၃၆၆
ချင်ယွမ်ဖုန်း သေချာကြည့်လိုက်သောအခါ သူ၏ ကျင့်စဉ်အဆင့်မှာ တိုးတက်လာခြင်း မရှိသော်လည်း တိုက်ခိုက်ရေးပညာ ကဏ္ဍတွင် 'သားရဲမီးလျှံ' ဆိုသည့် အချက်အသစ်တစ်ခု တိုးလာသည်ကို တွေ့ရသည်။
စနစ် ကလည်း သားရဲမီးလျှံကို တိုက်ခိုက်ရေးပညာရပ်တစ်ခုအဖြစ် သတ်မှတ်လိုက်ပုံရချေသည်။
"ရုတ်တရက်တာဝန်ကို အခုပဲ အပြီးသတ်နိုင်ပေမယ့် နောက်ကျနေပြီဆိုတော့ မနက်ဖြန်မှပဲ လုပ်တော့မယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုရင်း သူ၏ သိုလှောင်အိတ်ထဲမှ နှစ်ပေါက်ပါ ဆေးမီးဖိုကို ထုတ်ယူလိုက်သည်။
ထိုဆေးမီးဖိုမှာ ဟောင်းနွမ်းကာ ဂျီးများ ထူထပ်နေသဖြင့် အလွန်ညစ်ပတ်နေသော်လည်း ရှောင်လင်ကိုယ်တိုင်ကပင် အကောင်းစားဖြစ်ကြောင်း ပြောခဲ့သဖြင့် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်ရမည်ဟု သူ သိရှိထားသည်။
ချင်ယွမ်ဖုန်းသည် ခဏမျှ စဉ်းစားပြီးနောက် လက်ညှိုးကို ခတ်ထုတ်လိုက်ရာ သားရဲမီးလျှံ တစ်စက ဆေးမီးဖိုအတွင်းသို့ လွင့်ပျံဝင်ရောက်သွားတော့၏။
ဆေးမီးဖိုအတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သားရဲမီးလျှံမှာ ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားပြီး အတွင်းခန်းတစ်ခုလုံးကို ရုတ်ချည်း ဖုံးလွှမ်းသွားသည်။
မီးလျှံများ တောက်လောင်လာသည်နှင့်အမျှ ထိုဆေးမီးဖို၏ ပုံသဏ္ဌာန်မှာလည်း ပြောင်းလဲလာတော့၏။
မူလက တစ်ပေပတ်လည်မျှသာရှိသော ဆေးမီးဖိုမှာ ဖြည်းဖြည်းချင်း ကြီးထွားလာလေသည်။
"အပူကြောင့် ပွလာတာလား" ချင်ယွမ်ဖုန်းမှာ အခြေအနေကို နားမလည်နိုင်ဘဲ မျက်လုံးအပြူးသား ဖြစ်သွားရသည်။
မကြာမီမှာပင် ဆေးမီးဖိုသည် အကြီးဆုံး ပုံသဏ္ဌာန်သို့ ရောက်ရှိသွားရာ အမြင့် သုံးပေ၊ အလျား နှစ်ပေနှင့် အနံ နှစ်ပေရှိသော ဆေးမီးဖိုကြီး တစ်လုံး ဖြစ်လာတော့သည်။
ဆေးမီးဖိုပေါ်ရှိ အစွန်းအထင်းများမှာ သားရဲမီးလျှံ၏ အပူရှိန်ကြောင့် တဖြည်းဖြည်း မာခဲလာကြသည်။
ခဏမျှ လောင်ကျွမ်းပြီးနောက် ချင်ယွမ်ဖုန်းက လက်ဝှေ့ယမ်း၍ ဆေးမီးဖိုအတွင်းမှ သားရဲမီးလျှံကို ငြှိမ်းသတ်လိုက်သည်။
မီးတောက်များ ငြိမ်းသွားသောအခါ ဆေးမီးဖိုမှာလည်း မူလအရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားချေသည်။
ချင်ယွမ်ဖုန်းသည် ထိုဆေးမီးဖို၏ ထူးခြားပုံကို များစွာ အံ့သြမိသည်။
သူက ဆေးမီးဖိုကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်ရာ "ဒုန်း" ဟူသော အသံနက်ကြီး ထွက်ပေါ်လာ၏။ မျက်နှာပြင်ပေါ်တွင် ကပ်ငြိနေသော ဖုန်မှုန့်နှင့် ဂျီးတုံးများမှာ ကွာကျသွားပြီး မူလအသွင်အပြင်ကို ပေါ်လွင်စေတော့သည်။
"ဒါက... မှော်လက်နက်ပဲ" ရှောင်လင်၏ အသံမှာ ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ဟိန်းထွက်လာသည်။
"မှော်လက်နက် ဟုတ်လား" ချင်ယွမ်ဖုန်းသည် ရှေ့မှ ဆေးမီးဖိုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
ဒဏ္ဍာရီများအရ မှော်လက်နက် ဆိုသည်မှာ ရတနာလက်နက်များထက်ပင် သာလွန်ကာ အံ့မခန်းသော စွမ်းဆောင်ရည်များ ရှိကြပြီး အချို့မှာ ဝိညာဉ်နှင့်ပင် ဆက်သွယ်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ထိုအချိန်တွင် ဆေးမီးဖိုမှာ မှောင်မိုက်ထဲ၌ မှိန်ပျပျ အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် တက်ကြွလှုပ်ရှားနေသော နဂါးရုပ်ကြီးတစ်ရုပ်ကို ထွင်းထုထားသည်ကို တွေ့ရသည်။
ထို့အပြင် ချင်ယွမ်ဖုန်းက ဆေးမီးဖိုကို မယူကာ အနီးကပ် ကြည့်ရှုသောအခါ ပေါက်နှစ်ပေါက်သာမကဘဲ ပတ်ပတ်လည်တွင် အပေါက်ငယ်လေးများ တန်းစီလျက် ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ထိုအပေါက်များမှာ အလွန်ပင် သေးငယ်လှရာ နဂါးရုပ်ကြွ၏ အကြေးခွံများကြားတွင် ဖုံးကွယ်နေသဖြင့် အနီးကပ် သေချာမကြည့်လျှင် မမြင်နိုင်ပေ။
ချင်ယွမ်ဖုန်းသည် ရေကန်ဆီသို့ အပြေးအလွှား သွားကာ ဆေးမီးဖိုကို ဂရုတစိုက် ဆေးကြောပြီးနောက် ရင်ခွင်ထဲတွင် ပိုက်ထားလိုက်သည်။
"ဒါက တကယ့် ရတနာပဲ၊ ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရမလဲ မသိဘူး" ချင်ယွမ်ဖုန်းက လောဘဇောတက်သော မျက်နှာဖြင့် ဖြီးပြုံးကာ ပြောလိုက်သည်။
"ဒါကို ရောင်းလို့ မရဘူးနော်၊ မှော်လက်နက်တွေက အဖိုးဖြတ်လို့ မရတဲ့အပြင် ဒီဆေးမီးဖိုမှာ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိနေသေးလဲဆိုတာ မသိသေးဘူး" ဟု ရှောင်လင်က အမြန် သတိပေးလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်၍ "သိပါတယ်၊ ငါက အပျော်ပြောတာပါ" ဟု ပြန်ပြောလိုက်၏။ သူသည် ရင်ခွင်ထဲမှ ဆေးမီးဖိုကို မယားငယ်လေးအား ပိုက်ထားသကဲ့သို့ မလွှတ်တမ်း ဆုပ်ကိုင်ထားသည်။
"ဒါနဲ့ သခင်... မှော်လက်နက်တွေက သခင် အသုံးပြုနိုင်ဖို့အတွက် အထူး 'အသိအမှတ်ပြုခြင်း အခမ်းအနား' တစ်ခု လိုအပ်တယ်" ဟု ရှောင်လင်က ဆိုသည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် "အသိအမှတ်ပြု အခမ်းအနား ဟုတ်လား၊ ဘာလုပ်ရမှာလဲ" ဟု မေးမြန်းလိုက်သည်။
"အရှင်သခင့်ရဲ့ သွေးကို ဆေးမီးဖိုပေါ်မှာ သုတ်လိမ်းလိုက်ရင် စိတ်ကြိုက် အသုံးပြုနိုင်ပြီ" ဟု ရှောင်လင်က ရှင်းပြသည်။
"လွယ်ပါတယ်"
ချင်ယွမ်ဖုန်းသည် သူ၏ လုယန့်ဓားကို ထုတ်ယူကာ လက်ဝါးကို လှီးဖြတ်လိုက်ရာ သွေးများမှာ ပန်းထွက်လာတော့၏။ သူသည် ဆေးမီးဖို၏ ထောင့်တိုင်းကို သွေးများဖြင့် ဂရုတစိုက် သုတ်လိမ်းလေသည်။
သွေးမလောက်မည် စိုးသဖြင့် အခြား လက်တစ်ဖက်ကိုပါ ထပ်မံ လှီးဖြတ်လိုက်ပြန်သည်။
"သခင်... ဘာလုပ်နေတာလဲ" ရှောင်လင်က လူအတစ်ယောက်ကို ကြည့်သကဲ့သို့ မေးမြန်းလိုက်သည်။
"သွေးသုတ်ခိုင်းလို့ ငါ သုတ်နေတာလေ" ဟု ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောသည်။ သူသည် သွေးထွက်လွန်၍ မျက်နှာမှာ ဖြူဖျော့နေသည်ကိုပင် သတိမမူမိချေ။
"သွေးတစ်စက်ဆိုရင် ရပါပြီ၊ အများကြီး သုတ်လည်း အာနိသင်က အတူတူပါပဲ" ဟု ရှောင်လင်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလေတော့သည်။
***