"ဂိုဏ်းချုပ်ဒုန်ဖန်းကတော့ တကယ်ကို ခန့်ညားထည်ဝါပါပေတယ်။ ဒါပေမဲ့ သားရဲမီးလျှံကိုတော့ ကိုယ့်ဘာသာပဲ ရှာဖွေပါတော့မယ်။ အကယ်၍များ အဲ့ဒီလူကိုသာ တွေ့ခဲ့ရင်တော့ သားရဲကိုပဲ အစာကျွေးပစ်လိုက်မှာပါ" ဟု ဝမ်မင်ကျိ က အေးစက်စက် ဆိုလေသည်။
ထိုသို့ ပြောဆိုပြီးနောက် ယင်းက လှည့်ထွက်သွားခဲ့ချေပြီ။
ကျားလျန်ဖုန်း နှင့် ကျန်နှစ်ဦးတို့သည်လည်း ထွက်ခွာသွားစဉ် ချင်ယွမ်ဖုန်း ကို ဒေါသတကြီး စိုက်ကြည့်သွားကြသေးသည်။
ဗဟိုခန်းမဆောင် အပြင်ဘက်ရှိ ရင်ပြင်သို့ ရောက်သောအခါ ဝမ်မင်ကျိသည် ဝမ်ချိုင်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ အရောင်တောက်သွားသော်လည်း တစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာသွားခဲ့သည်။
ယင်း၏ စီးတော်ယာဉ်မှာ မြေပြင်ကို ထိန်းချုပ်နိုင်စွမ်းရှိသော ကျားသဏ္ဌာန်ရှိ မြေပြင်ကျား အမည်ရှိ မှော်သားရဲတစ်ကောင် ဖြစ်ပေရာ၊ ယင်းက ပထမအဆင့် မြင့်မားသော သားရဲအဆင့်သို့ ရောက်ရှိနေပြီး အလွန်ပင် စွမ်းအားကြီးမားလှသည်။
ဝမ်မင်ကျိသည် ဆေးနတ်ဘုရားဂိုဏ်း သို့ ဤမျှတိုတောင်းသော အချိန်အတွင်း ရောက်ရှိလာနိုင်ခြင်းမှာလည်း ဤသားရဲ၏ မြန်ဆန်မှုကြောင့်ပင် ဖြစ်တန်ရာ၏။
"ဆရာ... ကျွန်တော်တို့က ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား" ဟု ကျားလျန်ဖုန်းက ရှေ့သို့ တိုးကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
ဝမ်မင်ကျိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း "အဲ့ဒီကလေးကို ခဏလောက် အစွမ်းပြခွင့် ပေးထားလိုက်ပါဦး။ သူ့ရဲ့ခွေးက တကယ်ကို ရတနာတစ်ပါးပဲ" ဟု ဆိုလေသည်။
"ရတနာ ဟုတ်လား။ ဆရာ... အဲ့ဒီခွေးက ဘယ်က ဆင်းသက်လာတာလဲ" ဟု ကျားလျန်ဖုန်းက သံသယများဖြင့် ပြည့်နှက်စွာ မေးပြန်သည်။
သူ၏ အကြေးခွံဝံပုလွေကို တုန်လှုပ်ခြောက်ခြားစေပြီး မလှုပ်ဝံ့အောင် ပြုနိုင်သည်ဆိုကတည်းက ယင်းမှာ သာမန်ခွေးတစ်ကောင် မဟုတ်သည်မှာ အမှန်ပင်။
"ငါလည်း အတိအကျ မသိဘူး။ ဒါပေမဲ့ အဲ့ဒီခွေးက အလွန်စွမ်းအားကြီးတယ်ဆိုတာကိုတော့ ငါပြောနိုင်တယ်"
ဝမ်မင်ကျိက နှစ်ကြိမ်မျှ လှောင်ရယ်လိုက်ပြီး "ချင်ယွမ်ဖုန်းဆိုတာ ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဝေယျာဝစ္စတပည့်ဖြစ်ပြီး မြေနက်မြေ မှာ နေထိုင်တယ်လို့ ငါကြားထားတယ်..." ဟု ဆိုသည်။
ကျားလျန်ဖုန်းသည် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာကာ "ဆရာက... "
"မှန်တယ်။ ဒီတစ်ခါတော့ သားရဲမီးလျှံရော အဲ့ဒီခွေးကိုပါ ငါအပိုင်ယူရမယ်" ဟု ဝမ်မင်ကျိက လက်သီးကို တင်းတင်းဆုပ်ကာ ဆိုလိုက်လေသည်။
၄င်းတို့ လေးဦး ဆေးနတ်ဘုရားဂိုဏ်း၏ တံခါးဝသို့ ရောက်သောအခါ ဝမ်မင်ကျိ၏ မြေပြင်ကျားမှာ စောင့်ကြိုနေလေပြီ။
ယင်း၏ အရွယ်အစားမှာ ချင်ယွမ်ဖုန်း ကြုံတွေ့ခဲ့ရသော ဧကရာဇ်မျောက်ဝံဖြူ ထက်ပင် ပိုမိုကြီးမားနေသေးသည်။
"သွားကြစို့" ဟု ဆိုကာ ဝမ်မင်ကျိသည် ကျားပေါ်သို့ ခုန်တက်လိုက်ပြီး တပည့်သုံးဦးလည်း နောက်မှ လိုက်ပါသွားကြသည်။
ထိုကျားသည် ဟိန်းသံတစ်ချက် ပေးလိုက်ရာ ယင်း၏ ပုံရိပ်သည် ဆယ်ပေခန့်အကွာသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားချေပြီ။
ဤကျားသဏ္ဌာန် သားရဲသည် မြေကျုံ့ခြင်း ပညာရပ် ကိုပင် အသုံးပြုနိုင်ပေ၏။
ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ကျားလျန်ဖုန်းနှင့် အခြားသူများသည် သနားစရာကောင်းဟန် ဆောင်ရန် အသုံးပြုခဲ့သော အဖြူရောင် ပတ်တီးစများကို ဆွဲခွာပစ်လိုက်ကြသည်။
၄င်းတို့မှာ အစကတည်းက ပြင်းထန်သော ဒဏ်ရာရရှိခဲ့ကြသည် မဟုတ်ဘဲ ကျန်းယုံချန်း ပင်လျှင် ကုသရေးဆေးလုံး အမြောက်အမြား သောက်သုံးပြီးနောက် အတော်ပင် သက်သာနေပြီ ဖြစ်သည်။
"ငါတို့ ဒီမှာပဲ သူ့ကို စောင့်နေကြမယ်" ဟု ဝမ်မင်ကျိက အေးစက်စက် ဆိုလိုက်သည်။
ထိုအချိန်တွင် ဆေးနတ်ဘုရားဂိုဏ်း၏ ဗဟိုခန်းမဆောင်အတွင်း၌ ချင်ယွမ်ဖုန်းသည် ဒုန်ဖန်းရှန့်မင်ကို လက်အုပ်ချီ ဦးညွှတ်လိုက်ပြီး "ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်" ဟု ဆိုလေသည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒါပေမဲ့ မင်းကတော့ ဒီနောက်ပိုင်း ပြဿနာတွေ အတော်လေး ရှာနေသလိုပဲနော်" ဟု ဒုန်ဖန်းရှန့်မင်က ချင်ယွမ်ဖုန်းကို ပြုံးစစဖြင့် ကြည့်ကာ ဆိုသည်။
ချင်ယွမ်ဖုန်းသည် ကျောရိုးထဲအထိ စိမ့်သွားသလို ခံစားလိုက်ရသည်။ အကြောင်းရင်းကို မသိသော်လည်း ဒုန်ဖန်းရှန့်မင်သည် သူ့ကို အတွင်းသိအပြင်သိ မြင်နေရသကဲ့သို့ ခံစားနေရခြင်းပင်။
"ကျွန်တော်က တမင်တကာ ပြဿနာရှာတာ မဟုတ်ပါဘူး။ ပြဿနာတွေကပဲ ကျွန်တော့်နောက်ကို အမြဲလိုက်နေလို့ မရှောင်သာတာပါ" ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့်လေသံဖြင့် ဆိုလိုက်သည်။
ဒုန်ဖန်းရှန့်မင်သည် ခေါင်းကို ခါယမ်းလိုက်ရင်း "အကယ်၍ မင်းသာ ဆေးနတ်ဘုရားဂိုဏ်းရဲ့ တိုက်ရိုက်သင်ကြားခွင့်ရ တပည့် အဖြစ် လက်ခံမယ်ဆိုရင်တော့ ဂိုဏ်းရဲ့ အကာအကွယ်ကို ချက်ချင်း ရရှိမှာ ဖြစ်သလို ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း ကလည်း မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ငါကိုယ်တိုင်လည်း မင်းကို သင်ကြားပေးမယ်။ ဘယ်လိုလဲ" ဟု အေးဆေးစွာ ဆိုလေသည်။
သို့သော် ချင်ယွမ်ဖုန်းက ဝေခွဲမနေဘဲ ငြင်းပယ်လိုက်သည်။ "နောက်နေတာလား ဂိုဏ်းချုပ်။ မြေနက်မြေမှာ ကန်တွေ၊ စိုက်ခင်းတွေနဲ့ အခြေကျစပြုနေပြီကို ကျွန်တော့်ကို ပြန်လာခိုင်းနေတာလား"
"ဟားဟား... မင်း ဒီလိုပဲ ဖြေမယ်ဆိုတာ ငါသိသားပဲ" ဟု ဒုန်ဖန်းရှန့်မင်က ရယ်မောကာ "ဒါပေမဲ့ မင်းက မြေနက်မြေကို တာဝန်ယူထားရတာဆိုတော့ သတ်မှတ်ထားတဲ့ ဆေးဘက်ဝင်အပင် အရေအတွက်ကိုတော့ အပ်နှံရလိမ့်မယ်။ မဟုတ်ရင်တော့ မင်းရဲ့ မြေကို ငါပြန်သိမ်းရလိမ့်မယ်" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းကတော့ ထိုမြေခွေးအိုကြီးကို စိတ်ထဲကနေ ကျိန်ဆဲနေမိတော့သည်။ ဒုန်ဖန်းရှန့်မင်သည် သူက မြေနက်မြေတွင် ဆေးပင်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်နေသည်ကို သိနေပုံရချေသည်။
"ဟုတ်ကဲ့... တပည့် နာခံပါ့မယ်" ဟု ချင်ယွမ်ဖုန်းက မတတ်သာဘဲ ဆိုလိုက်ရသည်။
"မစိုးရိမ်ပါနဲ့" ဒုန်ဖန်းရှန့်မင်သည် ချင်ယွမ်ဖုန်း၏ အတွေးကို သိနေဟန်ဖြင့် "ဆေးပင်တွေ လာသိမ်းတဲ့အခါ အိုင်ဖေးကိုပဲ လွှတ်လိုက်မယ်။ မင်းနဲ့ အဲ့ဒီကလေးက ရင်းနှီးပုံရတယ် မဟုတ်လား" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် ဝမ်းသာသွားသည်။ အခြားတပည့်များ မြေနက်မြေအကြောင်း သိသွားပြီး သတင်းများ ပြန့်နှံ့သွားမည်ကို သူအလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ ဒါနဲ့... အိုင်ဖေးက တကယ်တော့ ဘယ်သူလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား" ဟု ချင်ယွမ်ဖုန်းက ရုတ်တရက် မေးမြန်းလိုက်သည်။
"မင်းက သူ့ရဲ့ မိသားစုနောက်ခံကြောင့် သူ့ကို မိတ်ဆွေဖွဲ့ခဲ့တာလား" ဟု ဒုန်ဖန်းက ပြန်မေးလေသည်။
"လုံးဝ မဟုတ်ပါဘူး" ဟု ချင်ယွမ်ဖုန်းက ပြတ်ပြတ်သားသား ဖြေလိုက်သည်။
"ဒါဆိုရင်တော့ ပြီးတာပါပဲ။ အိုင်ဖေးက အိုင်ဖေးပဲပေါ့၊ သူ့မိသားစုနဲ့ ဘာဆိုင်လို့လဲ" ဟု ဒုန်ဖန်းက ပြုံးလျက် ဆိုလေသည်။
ချင်ယွမ်ဖုန်းလည်း ရယ်မောလိုက်ပြီး ဆက်လက်၍ မမေးမြန်းတော့ပေ။
"နောက် နှစ်လခွဲလောက်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ မင်းကို ပါဝင်စေချင်တယ်" ဟု ဒုန်ဖန်းက တည်ငြိမ်သော လေသံဖြင့် ဆိုသည်။
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်သွားကာ"ဘာကြောင့်လဲ"
"ဘာကြောင့်မှ မဟုတ်ပါဘူး။ မင်းရဲ့ စွမ်းအားအစစ်အမှန်ကို မြင်ချင်ရုံတင်ပါပဲ။ ပြီးတော့ ဆေးနတ်ဘုရားဂိုဏ်းထဲမှာ မင်းနဲ့ ယှဉ်ပြိုင်ချင်နေတဲ့ ပါရမီရှင်တွေလည်း အများကြီးရှိနေတာကိုး" ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် ဆိုသည်။
"ဟူး... တွေ့လား၊ ကျွန်တော်က မရှာပေမဲ့ ပြဿနာတွေကပဲ ကျွန်တော့်ဆီ လာနေတာ" ဟု ဆိုကာ ချင်ယွမ်ဖုန်း ခေါင်းခဲသွားရသည်။
ဤကာလအတွင်း သူသည် အမှိုက်ကောင်ဆိုသည့် နာမည်ဆိုးကို ဖယ်ရှားနိုင်ခဲ့ရုံမက ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်အဖြစ် ကမ်းလှမ်းချက်ကိုပင် ငြင်းပယ်ခဲ့သူ ဖြစ်ပေရာ၊ ပါရမီရှင်များစွာ၏ မျက်စိစပါးမွှေးစူးစရာ ဖြစ်လာခဲ့ချေပြီ။
ထိုစဉ် ချင်ယွမ်ဖုန်းသည် လူတစ်ယောက်ကို ရုတ်တရက် သတိရသွားပြီး "ဂိုဏ်းချုပ်... ချင်ဝူယန်း အခု ဘယ်မှာလဲဆိုတာ သိလား" ဟု မေးလိုက်သည်။
"ချင်ဝူယန်း ဟုတ်လား။ မင်းနဲ့ သူက ဘာပတ်သက်လို့လဲ"
"ကျွန်တော်လည်း ချင်မိသားစုဝင်တစ်ယောက်ပါပဲ။ အမျိုးအရဆိုရင် သူနဲ့ ကျွန်တော့်က ဝမ်းကွဲမောင်နှစ်မပါ" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဖြေသည်။
ဒုန်ဖန်းရှန့်မင်က ပြုံးလိုက်ရင်း "ချင်ဝူယန်းကတော့ နည်းနည်း ထူးခြားတယ်။ ဒါကြောင့် မင်းအနေနဲ့ သူ့ကို ဂိုဏ်းတွင်း ပြိုင်ပွဲတွေမှာ မြင်ရဖို့ မလွယ်ဘူး"
"ထူးခြားတယ် ဟုတ်လား" ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်မိသွားသည်။ ချင်ဝူယန်းတွင် ပါရမီအဆင့် မြင့်မားသည်ကိုသာ သူသိထားပြီး အခြား မည်သည့်အရာက ထူးခြားနေသည်ကိုမူ မသိပေ။
သို့သော် ဒုန်ဖန်းရှန့်မင်၏ အပြောအရ သူသည် ဆက်လက် မမေးမြန်းနိုင်တော့ပေ။
"အခြားကိစ္စ မရှိတော့ရင် ကျွန်တော် သွားခွင့်ပြုပါဦး" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်ပြလိုက်ပြီး ချင်ယွမ်ဖုန်း ခန်းမဆောင်ထဲမှ ထွက်ခွာခါနီးတွင် ယင်းက ရုတ်တရက် တစ်ခုကို မေးလိုက်လေသည်။
"သားရဲမီးလျှံ က အဆင်ပြေရဲ့လား"
ချင်ယွမ်ဖုန်း ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားသည်။ ဒုန်ဖန်းရှန့်မင်သည် အရာအားလုံးကို သိနေသည်မှာ အမှန်ပင်။
"အရမ်ကောင်းမွန်ပြီး စွမ်းအားကြီးမားပါတယ်" ဟု ချင်ယွမ်ဖုန်းက လှည့်ကြည့်ကာ ဆိုလိုက်သည်။
ထို့နောက် နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်ကာ မြေခွေးနှစ်ကောင်ကဲ့သို့ ပြုံးလိုက်ကြသည်။
"သွားတော့... ဒါပေမဲ့ ဂရုစိုက်ဦး" ဟု ဒုန်ဖန်းက အေးဆေးစွာ ဆိုလေသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြကာ ခန်းမဆောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။
မွန်းတည့်ချိန် မတိုင်မီတွင် ချင်ယွမ်ဖုန်းနှင့် အိုင်ဖေးတို့သည် ဂိုဏ်း၏ ဆေးဘက်ဝင်အပင် စိုက်ပျိုးရာနေရာသို့ ရောက်ရှိလာကြသည်။
ဆေးနတ်ဘုရားဂိုဏ်းတွင် မြေနက်မြေအပြင် အခြားသော ဆေးပင်စိုက်ခင်းများလည်း ရှိပေရာ၊ ချင်ယွမ်ဖုန်းသည် ဒုန်ဖန်းရှန့်မင်၏ ညွှန်ကြားချက်အရ ဆေးပင်အချို့ကို စိုက်ပျိုး၍ ဂိုဏ်းသို့ ပြန်လည်အပ်နှံရန် မျိုးစေ့များ လာရောက်တောင်းခံခြင်း ဖြစ်သည်။
အကြောင်းရင်းကို ရှင်းပြပြီးနောက် စိုက်ခင်းစောင့်တပည့်က ချင်ယွမ်ဖုန်းအား မျိုးစေ့အချို့ကို အလွယ်တကူပင် ပေးအပ်လိုက်သည်။
သို့သော် ထိုအပင်များမှာ အဆင့်သုံးနှင့် အထက် မဟုတ်ကြသလို ချင်ယွမ်ဖုန်းတွင် ရှိပြီးသား အမျိုးအစားများသာ ဖြစ်ကြသည်။
ကိစ္စရပ်များ ပြီးဆုံးသောအခါ ချင်ယွမ်ဖုန်းသည် အိုင်ဖေးကို နှုတ်ဆက်လိုက်ပြီး ဝမ်ချိုင်ကို စီး၍ ဆေးနတ်ဘုရားဂိုဏ်းမှ မြေနက်မြေဆီသို့ အမြန်ဆုံး ထွက်ခွာလာခဲ့လေတော့သည်။
***