ဝမ်ယွန်းသည် လူအများ၏ မျက်ဝန်းအစုံ၌ ထင်ဟပ်နေတတ်သော အားကိုးရာမဲ့သည့် အရိပ်အယောင်တို့ကို မြင်တွေ့လိုက်ရလေသည်။
ယင်းမှာ ကုသ၍မရနိုင်တော့သော နောက်ဆုံးအဆင့် ရောဂါဝေဒနာ ခံစားနေရသူတို့၌သာ ရှိတတ်သည့် မျှော်လင့်ချက်မဲ့သော အကြည့်မျိုးပင် ဖြစ်ချေသည်။
ဝမ်ယွန်းသည် ရှေ့သို့တစ်လှမ်း တိုးလိုက်ရင်း တည်ငြိမ်အေးဆေးစွာဖြင့် “ဟဲ့... လူယုတ်မာ၊ သိပ်လည်း စိတ်ဓာတ်မကျပါနဲ့ဦး။ ငါ့အဖိုးက မျှော်လင့်ချက်ရှိတယ်လို့ ပြောတယ်ဆိုရင် အမှန်တကယ် မျှော်လင့်ချက် ရှိနေသေးလို့ပဲ” ဟု ဆိုလိုက်၏။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီးလျှင် “နားလည်ပါပြီ မိန်ကလေးဝမ်ယွန်း၊ ကျွန်တော် လက်လျှော့မှာ မဟုတ်ပါဘူး” ဟု ပြန်လည်ပြောကြားကာ ပေါင်အန်းဆေးခန်းအတွင်းမှ ဖြည်းညင်းစွာ လှမ်းထွက်ခဲ့လေသည်။
ဝမ်ယွန်းမှာမူ ချင်ယွမ်ဖုန်းကို မည်သို့နှစ်သိမ့်ရမည်ကို မသိနိုင်တော့သဖြင့် သက်ပြင်းသာ ချမိတော့သည်။
“ကောင်းကင်ဘုံရယ်... ဘာလို့ ငါ့ကို ဒီလောက်တောင် နောက်ပြောင်နေရတာလဲ။ ဝိညာဉ်ကူးပြောင်းပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားခွင့် ပေးခဲ့ပြီးမှ ဘာဖြစ်လို့ တစ်နှစ်တည်းသော အချိန်ကိုပဲ ပေးသနားရတာလဲ” ဟု ချင်ယွန်းဖုန်းသည် အလွန်အမင်း ဝမ်းနည်းပူဆွေးစွာ ကြံစည်မိလေသည်။
သို့ရာတွင် ထိုခဏ၌ပင် သူသည် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဖော်ကို လည်းကောင်း၊ ဝမ်ယွန်း ပြောခဲ့သော စကားများကို လည်းကောင်း၊ လျှို့ဝှက်ဆန်းကြယ်လှသော မုန့်ချီလော့နှင့် အိုင်ဖေးတို့ကို လည်းကောင်း ပြန်လည်အမှတ်ရမိရာ သူ၏ကိုယ်တွင်း၌ ခွန်အားသစ်များ ရုတ်ခြည်း စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
ဤရှန်းဝူ စကြဝဠာ တိုက်ကြီးအတွင်း၌ ချင်ယွမ်ဖုန်း မမြင်တွေ့ဖူးသေးသော အရာများစွာ ရှိနေပါသေးရာ ယင်းသို့ အချည်းနှီး သေဆုံးသွားရန် သူ လုံးဝ အလိုမရှိပေ။
“ကောင်းကင်ဘုံ... ငါ့ကို သေခွင့်လည်းမပေး၊ ရှင်ခွင့်လည်းမပေးဘူးဆိုရင်တော့ ကျွန်တော် ကောင်းကင်ကို ဆန့်ကျင်ပြီး ပြသရတာပေါ့” ဟု ချင်ယွမ်ဖုန်းသည် ကောင်းကင်သို့ လက်ညှိုးညွှန်ကာ ပြင်းပြင်းထန်ထန် ဟစ်ကြွေးလိုက်လေသည်။
ဖြတ်သန်းသွားလာနေသူတို့က ချင်ယွမ်ဖုန်းကို လူမိုက်တစ်ဦးကဲ့သို့ ကြည့်ရှုရင်း တီးတိုးပြောဆို ကဲ့ရဲ့ကြသဖြင့် သူ၏ ယုံကြည်မှုတန်ဖိုးများ ရုတ်တရက် တိုးပွားလာချေသည်။
“ယုံကြည်မှုတန်ဖိုး... ဟုတ်ပြီ၊ စနစ်အရောင်းဆိုင်ထဲမှာ ငါ့ကိုယ်ထဲက ဂူအဆိပ်ကို ကုသပေးနိုင်မယ့် အရာတစ်ခုခုများ ရှိမလား” ဟု ချင်ယွမ်ဖုန်းသည် စိတ်အာရုံထဲမှ ရှောင်လင်ကို အလောတကြီး ခေါ်ယူလိုက်၏။
သို့သော် ရှောင်လင် ပေါ်ထွက်လာသောအခါ ခေါင်းကိုသာ ခါယမ်းလိုက်ရင်း “အရှင်သခင်... သင့်ကိုယ်တွင်းက ဂူအဆိပ်ကို ဖယ်ရှားပေးနိုင်မယ့်အရာ စနစ်ထဲမှာ မရှိပါဘူး” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိ၏။ ယခုအခါ သူ၏ မျှော်လင့်ချက် အားလုံးသည် သန့်စင်ခြင်းဆေးလုံး အပေါ်၌သာ တည်မှီနေတော့သည်။
သို့သော် ထိုဆေးလုံး၏ အမည်ကို ကြားရတိုင်း နန်းတွင်းရှိ မိန်းမစိုးများကိုသာ ချင်ယွမ်ဖုန်း ပြေးမြင်မိနေတော့သည်။
စိတ်ထဲရှိသမျှ ဟစ်ကြွေးလိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ခွန်အားအချို့ ပြန်လည်ရရှိလာသည်။ တစ်နှစ်တာ အချိန်အတွင်း မည်သည့်နည်းဖြင့်ဖြစ်စေ သန့်စင်ခြင်းဆေးလုံးကို ရရှိအောင် အားထုတ်မည်ဟု ဆုံးဖြတ်လိုက်ချေပြီ။
ယင်းကား ရှင်သန်နိုင်ရေးအတွက်ပင် ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် ခဏမျှ စဉ်းစားပြီးနောက် သန့်စင်သော နတ်ရေစင်ကို ရောင်းချခဲ့စဉ်ကကဲ့သို့ပင် ဝတ်ရုံနက်တစ်ထည်ကို ဝယ်ယူဝတ်ဆင်ကာ ချန်ဟုန်း ကုန်သည်ကြီးများအသင်းသို့ ဦးတည်ခဲ့လေသည်။
ချန်ဟုန်း ကုန်သည်ကြီးများအသင်းထဲသို့ ဝင်ဝင်ချင်းမှာပင် အရောင်းဝန်ထမ်းငယ် ရှောင်ယားက အပြေးအလွှား ရောက်ရှိလာ၏။
ချင်ယွမ်ဖုန်းသည် သူ၏ အရှိန်အဝါကို အသာအယာ ထုတ်ဖော်လိုက်ရာ ရှောင်ယားမှာ ရှေ့မှ ဝတ်ရုံနက်ဝတ် လူစိမ်းကို အလွန်အမင်း ကြောက်ရွံ့သွားရလေသည်။
“ဘာများ အလိုရှိပါလဲ ဆရာ” ဟု ရှောင်ယားက တိုးညင်းစွာ မေးမြန်းရှာသည်။
ချင်ယွမ်ဖုန်းက လင်ဇီအာ ပေးအပ်ထားသော အနက်ရောင် ကတ်ပြားကို ထုတ်ပေးလိုက်၏။
ယင်းမှာ ချန်ဟုန်း ကုန်သည်ကြီးများအသင်း၏ အထူးဧည့်သည်တော်အဆင့်အတန်း၏ ပြယုဂ်ပင် ဖြစ်ချေသည်။
“မင်းတို့ တာဝန်ခံနဲ့ တွေ့ချင်တယ်” ဟု ချင်ယွမ်ဖုန်းက အသံကိုနှိမ့်၍ ဆိုလိုက်သည်။
အနက်ရောင် ကတ်ပြားကို မြင်သည်နှင့် ရှောင်ယားသည် ချင်ယွမ်ဖုန်းကို ခန်းမနောက်ဘက်ရှိ သီးသန့်ခန်းသို့ အမြန်ဖိတ်ခေါ်ပြီး လင်ဇီအာကို သွားရောက်အကြောင်းကြားလေသည်။
မကြာမီပင် လင်ဇီအာ ရောက်ရှိလာပြီး ချင်ယွမ်ဖုန်း၏ မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်၏။
“အို... မောင်လေးပါလား၊ ဒီတစ်ခါ ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲ” ဟု လင်ဇီအာက ညို့ဓာတ်ပြင်းသော အမူအရာဖြင့် ဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒီတစ်ခါ အစ်မကို လာတွေ့တာက အရေးကြီးကိစ္စတစ်ခု ရှိလို့ပါ” ဟု ပြန်လည်ပြောကြားလိုက်သည်။
“ပြောပါဦး... ဘာများလဲ” ဟု လင်ဇီအာက မေး၏။
ချင်ယွမ်ဖုန်းသည် သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော အဆင့်မြင့် ဝိညာဉ်ဆေးမြက်များ စာရင်းပါသည့် စက္ကူတစ်ရွက်ကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
“ကျွန်တော် ဒါတွေကို လိုချင်ပါတယ်။ အစ်မအနေနဲ့ ဒါတွေကို ရှာပေးနိုင်မလားလို့ သိချင်ပါတယ်” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
လင်ဇီအာသည် စက္ကူပေါ်တွင် ရေးထားသည်များကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရသည်။
“မောင်လေး... မနောက်ပါနဲ” ဟု လင်ဇီအာက ဆို၏။
“မနောက်ပါဘူး၊ ဒါတွေက ကျွန်တော့်အတွက် တကယ်လိုအပ်နေတာပါ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
“ဒါပေမဲ့ ဒီအရာတွေက အရမ်းကို အဖိုးတန်လွန်းတယ်။ အဋ္ဌမအဆင့် ဝိညာဉ်ဆေးမြက်မျိုးကို အစ်မက ဘယ်မှာသွားရှာရမှာလဲ” ဟု လင်ဇီအာက အားကိုးရာမဲ့စွာ ဆိုလေသည်။
“တစ်ခွင်လုံးမှာ ဩဇာလွှမ်းမိုးထားတဲ့ ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှာတောင် ဒီပစ္စည်းတွေ မရှိဘူးလား” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
လင်ဇီအာသည် သက်ပြင်းချရင်း “ဒီလိုအရာတွေက အလွန်ရှားပါးပြီး ရဖို့ခဲယဉ်းလှပါတယ်။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေရင်တောင် သူတို့က အလွယ်တကူ ထုတ်ရောင်းမှာ မဟုတ်ဘူး” ဟု ရှင်းပြ၏။
ချင်ယွမ်ဖုန်းသည် စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်ရင်း “အစ်မက လူမှုဆက်ဆံရေး ကျယ်ပြန့်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ဒါတွေကို အထူးဂရုစိုက်ပြီး စုံစမ်းပေးပါဦး။ သတင်းတစ်ခုခုရတာနဲ့ ဘယ်လောက်ပေးရပေးရ ကျွန်တော် လိုချင်ပါတယ်” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်း၏ တည်ကြည်လှသော အမူအရာကို မြင်သော် လင်ဇီအာလည်း အလေးအနက် ထားလာရသည်။ “ကောင်းပါပြီ၊ မောင်လေးအတွက် အစ်မ စုံစမ်းပေးပါ့မယ်။”
“ဒါက စရန်ငွေပါ”
ချင်ယွမ်ဖုန်းသည် လက်ကို ဝေ့ယမ်းလိုက်ရာ သန့်စင်သော နတ်ရေစင် ဆယ်ပုလင်း စားပွဲပေါ်သို့ ရောက်ရှိလာသည်။
လင်ဇီအာက ရယ်မောရင်း “မောင်လေးက တကယ်ကို လက်ဖွာတာပဲ။ မောင်လေးရဲ့ စစ်မှန်တဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို အစ်မ တကယ်ပဲ သိချင်လာပြီ” ဟု ဆိုကာ ချင်ယွမ်ဖုန်း၏ ဦးခေါင်းစွပ်ကို လှမ်း၍ ဆွဲဖယ်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ထိုစဉ်က အတွေးများဖြင့် အာရုံများနေသဖြင့် သတိမမူမိလိုက်ချေ။ ထို့ပြင် လင်ဇီအာမှာလည်း ပထမအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် လျင်မြန်လှသဖြင့် ချင်ယွမ်ဖုန်း၏ ဦးခေါင်းစွပ်ကို တိုက်ရိုက်ပင် ချွတ်လိုက်နိုင်လေသည်။
မွှေးပျံ့လှသော ရနံ့တစ်ခု ချင်ယွမ်ဖုန်း၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီးနောက် သူနှင့် လင်ဇီအာတို့မှာ အလွန်နီးကပ်သော အနေအထားသို့ ရောက်ရှိသွားကြရာ ပတ်ဝန်းကျင်လေထုမှာ ခေတ္တမျှ အနေရခက်စရာ ဖြစ်သွားရလေသည်။
“အစ်မ ဘာလုပ်တာလဲ” ဟု ချင်ယွမ်ဖုန်းက ဒေါသတကြီးဖြင့် ဝုန်းခနဲ ထရပ်လိုက်သည်။
လင်ဇီအာက တခစ်ခစ် ရယ်မောရင်း “မောင်လေးက ဒီလောက် ချောမောနေတာပဲ၊ ဘာလို့ ဝတ်ရုံကို အမြဲခြုံထားရတာလဲ” ဟု ပြန်ပြော၏။
ချင်ယွမ်ဖုန်းသည် စိတ်အနှောင့်အယှက် ဖြစ်သော်လည်း အခြားနည်းလမ်းမရှိသဖြင့် ပြန်လည်ထိုင်ချလိုက်ရသည်။
“ကောင်းပါပြီ... အစ်မက ကျွန်တော့်မျက်နှာကို သိသွားပြီဆိုတော့ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးလည်း အထူးတလည် လျှို့ဝှက်မနေသင့်တော့ဘူး မဟုတ်လား” ဟု ချင်ယွမ်ဖုန်းက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
“ဘယ်လိုမျိုး အထူးတလည် မလျှို့ဝှက်ရမှာလဲ” ဟု လင်ဇီအာက ခေတ္တမျှ နားမလည်နိုင် ဖြစ်သွား၏။
ချင်ယွမ်ဖုန်းက လင်ဇီအာ၏ ဖော်ပြမတတ်အောင် ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဝေ့ဝဲကြည့်ရှုလိုက်ရာ လင်ဇီအာ၏ မျက်နှာမှာ ရုတ်ချည်းပင် နီမြန်းသွားလေသည်။
“ငါ့မောင်လေးကတော့ လမ်းမှားကို ရောက်နေပြီထင်တယ်”
လင်ဇီအာသည် ပြုံးလိုက်သော်လည်း ဘာမျှမဆိုတော့ပေ။ ချင်ယွမ်ဖုန်းလည်း ပြုံးလျက် ထိုင်နေလေသည်။
“အဘိုးချန် ပြောပြတာတော့ ဆေးနတ်ဘုရားဂိုဏ်းမှာ ပါရမီထူးတဲ့ လူငယ်လေးတစ်ယောက် ရှိတယ်ဆိုပဲ။ အဲဒါ မောင်လေးများလား” ဟု လင်ဇီအာက ပြုံးလျက် မေးမြန်း၏။
ချင်ယွမ်ဖုန်းကလည်း ပြုံးရင်း “အစ်မက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ” ဟု ဆိုလိုက်သည်။
“စိတ်မပူပါနဲ့ မောင်လေး၊ အစ်မ သေချာပေါက် စုံစမ်းပေးပါ့မယ်” ဟု လင်ဇီအာက ကတိပေးလေသည်။
“ကျေးဇူးတင်ပါတယ် အစ်မ။ ဒါက ကျွန်တော့်ရဲ့ အသက်နဲ့သက်ဆိုင်တဲ့ ကိစ္စမို့လို့ အစ်မပဲ ကူညီပေးပါဦး” ဟု ချင်ယွမ်ဖုန်းက လက်အုပ်ချီ နှုတ်ဆက်ကာ ဝတ်ရုံကို ပြန်ခြုံပြီးလျှင် ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှ ထွက်ခွာခဲ့လေသည်။
လင်ဇီအာသည် ထွက်ခွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း အတွေးနက်နေတော့သည်။
ချင်ယွမ်ဖုန်းသည် ကုန်သည်ကြီးများအသင်းမှ ထွက်လာပြီးနောက် ယခင်ဝတ်စုံသို့ ပြန်လည်လဲလှယ်ကာ မျက်နှာပေါ်၌ ပြုံးရွှင်သော အမူအရာကို ဆင်မြန်းလိုက်၏။
ချန်ဟုန်း ကုန်သည်ကြီးများအသင်း၌ မရရှိနိုင်လျှင် ဆေးဖော်စပ်သူများအသင်းသို့ သွားရောက်စုံစမ်းရန် သူ ဆုံးဖြတ်လိုက်သည်။
သူသည် မြို့တွင်းရှိ ဆေးဖော်စပ်သူများအသင်းသို့ တိုက်ရိုက်ဝင်ရောက်သွား၏။ ယခုတစ်ကြိမ်တွင် ဂိတ်ဝ၌ စောင့်ကြပ်နေသူမှာ လင်းထျန်း မဟုတ်တော့ဘဲ လူလတ်ပိုင်း ဆေးဖော်စပ်သူတစ်ဦး ဖြစ်နေသည်။
“. ဘယ်သူ့ကို ရှာနေတာလဲဗျာ” ဟု ထိုသူက ချင်ယွမ်ဖုန်းကို ကြည့်၍ မေးမြန်းသည်။
“ရှောင်ဝမ်ကို ရှာတာပါ” ဟု ချင်ယွမ်ဖုန်းက ဆို၏။
“ရှောင်ဝမ် ဘယ်ရှောင်ဝမ်လဲ” ဟု ဆေးဖော်စပ်သူက မျက်မှောင်ကြုတ်၍ မေးသည်။ ဤနေရာ၌ ရှောင်ဝမ်ဟူသော အမည်ရှိသူများစွာ ရှိနေသောကြောင့် ဖြစ်၏။
“ဘယ်လို ရှင်းပြရမလဲ... သူက ကျွန်တော့်ထက် ငယ်ပေမဲ့ တတိယအဆင့် ဆေးဖော်စပ်သူတစ်ယောက်ပါ” ဟု ချင်ယွမ်ဖုန်းက အမြန်ပြောလိုက်သည်။ ထိုလူလတ်ပိုင်းမှာလည်း တတိယအဆင့်သာ ရှိသေးကြောင်း သူ သတိပြုမိလိုက်၏။
“ဪ... ဝမ်ကျင့်ကို ပြောတာကိုး။ သူက ငါတို့ ဆေးဖော်စပ်သူများအသင်းရဲ့ ပါရမီရှင်ပဲ” ဟု ထိုသူက ဂုဏ်ယူစွာ ဆိုလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းကို အမြန်ညိတ်ရင်း “ဟုတ်ပါလိမ့်မယ်၊ သူ ရှိလား” ဟု မေးရာ ထိုသူက ပြုံးလျက် “ရှိတာပေါ့၊ ငါ သွားခေါ်ပေးမယ်” ဟု ဆိုကာ ရှောင်ဝမ်ကို သွားရောက် ရှာဖွေပေးလေတော့သတည်း။
***