မကြာမီပင် ထိုဆေးဖော်စပ်သူသည် ဝမ်ကျင့်အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ချေသည်။ ချင်ယွမ်ဖုန်းကို မြင်သည်နှင့် ဝမ်ကျင်သည် လင်းထျန်း၏ စကားများကို ပြန်လည်အမှတ်ရမိကာ တစ်ကိုယ်လုံး တုန်ရင်သွားရရှာ၏။
"သခင်လေးချင်... ဘယ်လိုကိစ္စမျိုးရှိလို့ ဒီကို ကြွလာရတာလဲ" ဝမ်ကျင်သည် တတိယအဆင့် ဆေးဖော်စပ်သူ၏ နောက်ကွယ်၌ ပုန်းကွယ်ရင်း မဝံ့မရဲ မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် "ရှောင်ဝမ်... မင်း ဘာဖြစ်နေတာလဲ၊ ငါ့ကို ဘာလို့ ကြောက်နေရတာလဲ" ဟု ဆို၏။
"မဟုတ်... မဟုတ်ပါဘူး သခင်လေးချင်၊ ဘာမှမဟုတ်ပါဘူး၊ သိလိုတာရှိရင် မေးပါ" ဟု ဝမ်ကျင်က တုံ့ပြန်လေသည်။
ဝမ်ကျင်သည် မိမိအား တစ်စုံတစ်ခု ဖုံးကွယ်ထားကြောင်း ချင်ယွမ်ဖုန်း ရိပ်မိလိုက်ပေရာ "ငါ ပြောစရာရှိတယ်၊ ဒါပေမဲ့ ဒါက အတော်လေး လျှို့ဝှက်တဲ့ကိစ္စမို့ မင်းနဲ့ နှစ်ယောက်တည်း သီးသန့် စကားပြောချင်တယ်" ဟု ဆိုလေသည်။
ဝမ်ကျင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ရှေ့သို့လှမ်းလာကာ ချင်ယွမ်ဖုန်းနောက်သို့ လိုက်ပါသွားတော့၏။
"သခင်လေးချင်... ပြောစရာရှိတာကိုသာ ပြောပါ"
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် "ငါ မေးပါရစေဦး၊ ဆေးဖော်စပ်သူတွေထဲမှာ အဋ္ဌမအဆင့် ဆေးဖော်စပ်သူများ ရှိလား" ဟု မေးမြန်းလိုက်သည်။
ဝမ်ကျင်သည် ချင်ယွမ်ဖုန်းကို နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ကာ "ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ သူတို့က ဆေးဖော်စပ်သူများအသင်းရဲ့ ဌာနချုပ်မှာပဲ ရှိကြတာပါ၊ အားလုံးက အသင်းရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေဆိုတော့ တွေ့ဆုံဖို့က အလွန်ကို ခဲယဉ်းလှပါတယ်" ဟု ဖြေကြားလေသည်။
ချင်ယွမ်ဖုန်းက ပို၍ပင် မျက်မှောင်ကြုတ်သွားပြီး "အဋ္ဌမအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ဖို့အတွက် အဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ယောက်ကို အကူအညီတောင်းချင်လို့ပါ၊ အဲ့ဒါ ဖြစ်နိုင်ပါ့မလား" ဟု မေးပြန်သည်။
ဝမ်ကျင်က ခေါင်းခါယမ်းလျက် "ခက်ပါလိမ့်မယ်၊ အဲ့ဒီ အဋ္ဌမအဆင့် ဆေးဖော်စပ်သူကြီးတွေက အင်မတန် အတွေ့ရခဲပြီး လူမြင်ကွင်းကိုလည်း ထွက်လေ့မရှိကြပါဘူး၊ သူတို့ကို အကူအညီတောင်းဖို့ နေနေသာသာ ရှာဖွေဖို့တောင် ခက်ခဲလှပါတယ်" ဟု ဆို၏။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး "အင်း... ဒါဆိုရင် သူတို့ကို အကူအညီတောင်းနိုင်မယ့် နည်းလမ်းများ ရှိဦးမလား"
"ဒါကိုတော့ ကျွန်တော်လည်း မသိပါဘူး၊ ဒါပေမဲ့ အဘိုးလင်းကိုတော့ မေးကြည့်ပေးလို့ ရပါတယ်" ဟု ဝမ်ကျင်က ဆိုသည်။
"ကောင်းပြီလေ၊ ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်" ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သော်လည်း ဝမ်ကျင်ကမူ မျက်မှောင်ကြုတ်ကာ "အဘိုးလင်းက သခင်လေးကို တွေ့ချင်မှ တွေ့မှာပါ..." ဟု တားမြစ်ရှာသည်။
"စိတ်မပူပါနဲ့၊ အကြီးအကဲလင်းက ငါ့ကို ကျိန်းသေပေါက် တွေ့မှာပါ" ချင်ယွမ်ဖုန်းက မိမိရင်ဘတ်ကို ပုတ်လျက် ယုံကြည်ချက်အပြည့်ဖြင့် ဆိုလေ၏။
ဝမ်ကျင်သည်လည်း ခေါင်းညိတ်ရုံမှတစ်ပါး အခြားမရှိတော့ပေ၊ ယင်းနောက် ချင်ယွမ်ဖုန်းကို ခေါ်ဆောင်ကာ ဆေးဖော်စပ်သူများအသင်း ပင်မဆောင်ကြီး၏ နောက်ကွယ်ရှိ ဆေးဖော်စပ်သူများ နေထိုင်ရာနှင့် ဆေးဖော်စပ်ရာ နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
ဝမ်ကျင့်သည် ထောင့်အစွန်ဆုံးရှိ အိမ်ကလေးတစ်လုံး၏ တံခါးကို ခေါက်လိုက်ရာ "ဝင်ခဲ့" ဟူသော လင်းထျန်း၏ အသံသည် အခန်းတွင်းမှ ထွက်ပေါ်လာလေသည်။
ဝမ်ကျင် တံခါးဖွင့်၍ ဝင်သွားသည်နှင့် ချင်ယွမ်ဖုန်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့၏။
"ဪ... ရှောင်ဝမ်ပါလား၊ ဘာကိစ္စရှိလို့လဲ" လင်းထျန်းက ပြုံးလျက် မေးလိုက်သော်လည်း ဝမ်ကျင်၏ နောက်ကွယ်မှ ချင်ယွမ်ဖုန်းကို မြင်သည်နှင့် မျက်မှောင်ကြုတ်သွားကာ "မင်းပါလား ကောင်လေး၊ ဘာလာလုပ်တာလဲ" ဟု အေးစက်စွာ ဆိုလိုက်သည်။
"စီနီယာကြီးကို အကူအညီတောင်းစရာ ရှိလို့ပါ" ချင်ယွမ်ဖုန်းသည် ဖားလိုဖားလို အမူအရာဖြင့် လင်းထျန်း၏ ဘေးသို့ အပြေးအလွှား သွားရောက်ကာ အဘိုးအို၏ ခြေထောက်နှင့် ကျောပြင်ကို နှိပ်နယ်ပေးတော့၏။
လင်းထျန်းက ချင်ယွမ်ဖုန်းကို စောင်းငဲ့ကြည့်ကာ "ကဲ... ပြောစမ်းပါဦး" ဟု ဆိုလေသည်။
"ကျွန်တော် သိချင်တာက အဋ္ဌမအဆင့် ဆေးဖော်စပ်သူတစ်ယောက်ကို ဆေးဖော်ပေးဖို့ ဖိတ်ကြားနိုင်မယ့် နည်းလမ်းများ ရှိမလားဆိုတာပါ စီနီယာကြီး" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
"အဋ္ဌမအဆင့် ဆေးလုံး ဟုတ်လား၊ မင်း ဘာလုပ်မလို့လဲ ကောင်လေး" လင်းထျန်းက အေးစက်စွာ ထပ်မံမေးမြန်းပြန်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် "စီနီယာကြီး... ကျွန်တော် အဋ္ဌမအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ လိုနေလို့ပါ၊ ဒါက ကျွန်တော့်အတွက် အလွန် အရေးကြီးပါတယ်၊ ဒါကြောင့် နည်းလမ်းလေး တစ်ခုလောက် ရှာပေးပါဦးလို့ တောင်းဆိုချင်တာပါ"
"ဘယ်လောက်အထိ အရေးကြီးလို့လဲ" လင်းထျန်းက စနောက်သည့် သဘောဖြင့် မေးလိုက်သော်လည်း ချင်ယွမ်ဖုန်း၏ မျက်နှာသည် ချက်ချင်းပင် တည်ကြည်သွားကာ "အသက်နဲ့ သေခြင်းတရားကို ဆုံးဖြတ်မယ့် ကိစ္စပါ" ဟု ပြန်လည် ဖြေကြားလိုက်သည်။
ချင်ယွမ်ဖုန်း အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း လင်းထျန်း နားလည်သွားပြီး သူ၏ မျက်နှာပေးမှာလည်း တည်တံ့သွားကာ "ကောင်လေး... မင်း ဘာဖြစ်နေတာလဲ" ဟု မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် "ကျွန်တော် 'ကောင်းကင်ဘုံသုဉ်း ဂူ' အဆိပ် အဆိပ်ခတ်ခံထားရလို့ပါ" ဟု ဆို၏။
လင်းထျန်းသည် 'ကောင်းကင်ဘုံသုဉ်း ဂူ' အကြောင်းကို ကျိန်းသေပေါက် ကြားဖူးနားဝ ရှိပေရာ ရုတ်တရက် ဆွံ့အသွားရသည်။ "ဘယ်သူက မင်းကို ဒီလို ရက်စက်တဲ့ အဆိပ်မျိုး ခတ်ခဲ့တာလဲ" ဟု သူက အေးစက်စွာ မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းကာ လက်သီးကို တင်းတင်းဆုပ်လျက် "ဘယ်သူလဲဆိုတာ ကျွန်တော် မသိသေးပါဘူး၊ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် လိုက်ရှာမှာပါ" ဟု ဆိုလေသည်။
"ဟူး... ကယ်တင်နိုင်မယ့် နည်းလမ်းများ ရှိသေးရဲ့လား" လင်းထျန်းက မေးမြန်းသည်။
ချင်ယွမ်ဖုန်းသည် ဝမ်ရှူးကျူး ပေးထားသော 'သန့်စင်ခြင်းဆေးလုံး' ဖော်စပ်နည်းကို ထုတ်ယူကာ လင်းထျန်းထံ ကမ်းပေးလိုက်၏။
လင်းထျန်းက ခေါင်းခါယမ်းကာ "ဒီ သန့်စင်ခြင်းဆေးလုံးက အလုပ်ဖြစ်ရင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် မဖြစ်ရင်လည်း မဖြစ်ဘူး" ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းချကာ "ဒါပေမဲ့ ကျွန်တော်ကတော့ အမြဲတမ်း မျှော်လင့်ချက် ထားနေရတာပါပဲ၊ လောလောဆယ်တော့ ဒါက ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ" ဟု ဆိုရှာ၏။
"အားမလျှော့ပါနဲ့ဦး၊ ဒီဆေးလုံးက အလုပ်ဖြစ်မဖြစ် ငါမသေချာပေမဲ့ အဲ့ဒီ ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေကို ဆေးဖော်ပေးဖို့ တောင်းဆိုနိုင်မယ့် နည်းလမ်းတစ်ခုတော့ ငါ့မှာ ရှိပါတယ်" ဟု လင်းထျန်းက တည်ငြိမ်စွာ ဆိုလေသည်။
"ဘယ်လိုနည်းလမ်းလဲ" ချင်ယွမ်ဖုန်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားတော့၏။
"နောက်ဆယ်လကြာရင် ဆေးဖော်စပ်သူများအသင်းကနေ ဆေးဖော်စပ်ခြင်း ပြိုင်ပွဲတစ်ခု ကျင်းပလိမ့်မယ်၊ ပဉ္စမအဆင့်နဲ့ အထက်ရှိတဲ့ ဆေးဖော်စပ်သူတွေ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြတယ်၊ အကယ်၍ မင်းသာ အနိုင်ရခဲ့ရင် အသင်းဘက်ကနေ မင်းရဲ့ လွန်လွန်ကျူးကျူး မဟုတ်တဲ့ တောင်းဆိုချက်တစ်ခုကို ဖြည့်ဆည်းပေးလိမ့်မယ်" ဟု လင်းထျန်းက ဆိုသည်။
"ပဉ္စမအဆင့် ဆေးဖော်စပ်သူ..." ချင်ယွမ်ဖုန်းက သွားကြိတ်လျက် "ကောင်းပါပြီ၊ ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားရမှာပေါ့" ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
"အင်း... ဆက်ပြီး ကြိုးစားပေါ့၊ ဒီဘက်ခေတ်မှာ မင်းလို စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်မျိုးက ရှားပါတယ်" ဟု လင်းထျန်းက ပေါ့ပေါ့ပါးပါးပင် ဆို၏၊ ချင်ယွမ်ဖုန်းကဲ့သို့သော လူငယ်မျိုးသည် ဤကဲ့သို့ လှည့်ကွက်ကလေးတစ်ခုနှင့် သေဆုံးသွားလိမ့်မည် မဟုတ်ဟု သူ ခံစားနေရသည်။
"ဒါနဲ့ စီနီယာကြီး... ဆေးဖော်နည်းမှာပါတဲ့ ဆေးဘက်ဝင် အပင်တွေကိုလည်း တစ်ချက်လောက် ကူညီစောင့်ကြည့်ပေးပါဦးလို့ တောင်းဆိုချင်ပါတယ်၊ ကျွန်တော် ဘယ်လိုတန်ဖိုးမျိုးနဲ့ပဲဖြစ်ဖြစ် အဲ့ဒါတွေကို ရအောင် ယူပါ့မယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလေသည်။
"ငါ စောင့်ကြည့်ပေးပါ့မယ်၊ သတင်းထူးရှိရင် မင်းကို အကြောင်းကြားမယ်လေ" ဟု လင်းထျန်းက ခေါင်းညိတ်၍ ကတိပေးလိုက်၏၊ ဆေးဖော်စပ်သူများအသင်းသည် ဆေးမြက်များနှင့် အထိတွေ့ဆုံးဖြစ်၍ လင်းထျန်းကလည်း လွယ်လွယ်ကူကူပင် သဘောတူလိုက်ခြင်း ဖြစ်သည်။
"ဒါတွေကတော့ စီနီယာကြီးအတွက် ကျွန်တော့်ရဲ့ ဂါရဝပြု လက်ဆောင်လေးတွေပါ" ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သန့်စင်သော နတ်ရေစင် ဆယ်ပုလင်းသည် လင်းထျန်းရှေ့ရှိ စားပွဲပေါ်သို့ ကျရောက်လာတော့၏။
လင်းထျန်းသည် ကျောက်စိမ်းပုလင်းငယ် ဆယ်ပုလင်းကို ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "ဒါ... ဒါတွေက နတ်ရေစင်တွေလား" ဟု မေးလေသည်။
"အစစ်အမှန်ပါပဲ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြ၏။
"ဟေ့လူလေး... ဒါတွေကို မင်း ဘယ်က ရခဲ့တာလဲ" လင်းထျန်းက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းကာ "ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပါ၊ စီနီယာကြီးအနေနဲ့လည်း ဒါကို လျှို့ဝှက်ပေးထားဖို့ တောင်းဆိုချင်ပါတယ်" ဟု ဆိုလေသည်။
"စိတ်မပူပါနဲ့၊ ငါ လျှို့ဝှက်ပေးထားပါ့မယ်" လင်းထျန်းက ပြုံးလျက် ဆို၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် "စီနီယာကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်၊ နောက်ဆယ်လကြာရင် ကျင်းပမယ့် ဆေးဖော်စပ်ခြင်း ပြိုင်ပွဲကို ကျွန်တော် ကျိန်းသေ တက်ရောက်ပါ့မယ်"
"ဒါကတော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ်မှာပဲ မူတည်မှာပေါ့" ဟု လင်းထျန်းက ပြုံးလျက် ဆိုလေသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လျက် နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် နဂါးဖမ်းဆေးမီးဖိုကို ထုတ်ယူလိုက်ပြီး "စီနီယာကြီး... ဒီဆေးမီးဖိုအတွက် တကယ်ပဲ ကျေးဇူးတင်ရမှာပါ၊ မဟုတ်ရင် ဒီလို ရတနာမျိုးကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးရာတည်းနဲ့ ဘယ်မှာ ဝယ်နိုင်ပါ့မလဲ" ဟု ဆိုကာ တဟားဟား ရယ်မောလျက် လှည့်ထွက်သွားတော့၏။
လင်းထျန်းသည် နဂါးဖမ်းဆေးမီးဖိုကို ကြည့်လိုက်မိကာ နှလုံးရပ်မတတ် ခံစားလိုက်ရပြီး သူ၏ ရင်ဘတ်ကို ဖိလျက် ကုလားထိုင်ပေါ်သို့ ပြိုလဲကျသွားရှာသည်။
ဝမ်ကျင်က အပြေးအလွှား သွားရောက်တွဲထူကာ "အဘိုးလင်း... ဘာဖြစ်တာလဲ" ဟု မေးမြန်းလိုက်ရာ "အဲ့ဒါက မှော်လက်နက်ကွ၊ မှော်လက်နက်ကြီး..." ဟု လင်းထျန်းက နာကျင်ခံခက်စွာဖြင့် အော်ဟစ်လိုက်တော့၏။
ချင်ယွမ်ဖုန်းသည် လင်းထျန်းထံမှ ဝိညာဉ်ကျောက်တုံး ငါးရာ လိမ်လည်ယူခဲ့ခြင်းအတွက် အတော်လေးကို စိတ်ကျေနပ်သွားရသည်။
အကယ်၍ သူသာ နောက်ဆယ်လအတွင်း ပဉ္စမအဆင့် ဆေးဖော်စပ်သူ မဖြစ်လာနိုင်ခဲ့လျှင်သော်လည်းကောင်း၊ ပြိုင်ပွဲ၌ ပထမမရခဲ့လျှင်သော်လည်းကောင်း၊ ထိုဆေးမြက်များကို မရှာနိုင်ခဲ့လျှင်သော်လည်းကောင်း သူသည် သေရမည်သာ ဖြစ်သည်။
သို့ဖြစ်ပေရာ ချင်ယွမ်ဖုန်းသည် ယခုအခါတွင် နေ့ရက်တိုင်းကို သူ၏ နောက်ဆုံးနေ့ရက်ကဲ့သို့ မှတ်ယူကာ မိမိကို ပျော်ရွှင်စေမည့်အရာမှန်သမျှကိုသာ လုပ်ဆောင်ရန် ဆုံးဖြတ်ထားတော့၏။
လင်းထျန်းတစ်ယောက် သွေးအန်မတတ် ခံစားနေရမည်ကို တွေးတောမိရုံမျှဖြင့် ချင်ယွမ်ဖုန်းသည် အလွန်အမင်း ပျော်ရွှင်နေမိတော့သတည်း။
***