ညမှောင်မှောင်တွင် မြင်းလှည်းသည် လေခွင်းမြို့အပြင်ဘက်သို့ ဦးတည် မောင်းနှင်သွားလေ၏။ စစ်သည်များသည် သူတို့ကိုယ်သူတို့ သူရဲကောင်းကြီးများအဖြစ် မှတ်ယူနေကြပြီး သခင်လေး၏ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးရသောကြောင့် ကျေနပ်နေကြ၏။
“သောက်ကျိုးနည်း…” ယွင်ကျုံးဟဲ့သည် အတင်းရုန်းကန်ကာ မြင်းလှည်း နံရံကို ခြေထောက်ဖြင့် ကန်နေသော်လည်း အချည်းနှီးဖြစ်လို့နေသည်။
‘တစ်ယောက်ယောက် လာတားပေးပါတော့လား။ ဘယ်သူပဲ ဖြစ်ဖြစ်၊ လာတားပေးကြပါဗျာ။’
ကံကောင်းထောက်မစွာပင် ရှေ့မှ မြင်းခွာသံများ ကြားလိုက်ရပြီး အသံမာမာတစ်ခု ထွက်ပေါ်လာ၏။ “ဘာလုပ်နေကြတာလဲ။”
လန်ပိ၏ အသံပင်။ ယွင်ကျုံးဟဲ့ ဝမ်းသာအားရ ဖြစ်သွားပြီး မြင်းလှည်းနံရံကို အားပြင်းပြင်းဖြင့် ကန်လိုက်သည်။
“အရှင်လန်ပိကို ဂါရဝပြုပါတယ်။” စစ်သည်များက မြင်းပေါ်မှ ဆင်းကာ ဒူးထောက် အရိုအသေ ပြုလိုက်ကြ၏။
လန်ပိက လေသံမာမာဖြင့် မေးလိုက်သည်။ “ငါမေးနေတယ်လေ။ လှည်းထဲမှာ ဘာပါလဲလို့..”
စစ်သည်ခေါင်းဆောင်က တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်၏။ “အရှင်လန်ပိ... ဒါက... ဒါက သခင်လေးရဲ့ နောက်ဆုံး ဆန္ဒပါ။”
“ဟိုအရူးလား။” လန်ပိက မေးလိုက်သည်။
စစ်သည်ခေါင်းဆောင် တိတ်ဆိတ်နေ၏။
လန်ပိက ပြောလိုက်သည်။ “ကတိစာချုပ် ချုပ်ထားပြီးသားပဲ။ အရှုံးကို လက်ခံရမယ်။ ဆွဲထုတ်ခဲ့...”
ဤအမျိုးသမီးသည် ရက်စက်လွန်းလှသည်။ ဓားကို ဆွဲထုတ်လိုက်ပြီး ယွင်ကျုံးဟဲ့၏ ခေါင်းကို ဖြတ်ကာ ကျင်းဝူပြန်းအတွက် အသက်စတေးရန် ပြင်လိုက်၏။
စစ်သည်ခေါင်းဆောင်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ “သခင်လေးက မှာလိုက်ပါတယ်။ သူက အသုံးမကျတဲ့လူပါတဲ့။ ဒီတစ်သက်မှာ သူ ကာကွယ်ပေးနိုင်တာဆိုလို့ ဒီမိဘမဲ့ အရူးလေး တစ်ယောက်ပဲ ရှိပါတယ်တဲ့။ သူ့ကို ကယ်လိုက်နိုင်ရင် သခင်လေးရဲ့ ဘဝဟာ အဓိပ္ပာယ်မဲ့ မနေတော့ပါဘူးတဲ့။”
လန်ပိ၏ လှပသော မျက်နှာလေးသည် အနည်းငယ် တုန်ယင်သွားသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “သွားတော့။ ဝေးနိုင်သမျှ ဝေးဝေးကို သွားကြ။ ဒီနယ်မြေ အပြင်ဘက်ကို ရောက်အောင် သွား။”
“ကျေးဇူးတင်ပါတယ် အရှင်လန်ပိ...” စစ်သည်ခေါင်းဆောင်က ဝမ်းသာသွားသည်။ ထို့နောက် သူက မြင်းလှည်းကို ဆက်လက် မောင်းနှင်ရန် ပြင်လိုက်သည်။
လန်ပိကလည်း မြင်းကို လှည့်ကာ အိမ်တော်ဘက်သို့ ပြန်ရန် ပြင်လိုက်၏။
ယွင်ကျုံးဟဲ့ ရင်ပူလာသည်။ သူ၏ တစ်ခုတည်းသော လက်နက်မှာ သူ၏ လျှာဖြစ်၏။ ယွင်ကျုံးဟဲ့သည် ပါးစပ်ထဲရှိ အဝတ်စကို လျှာဖြင့် အတင်းထိုးထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “လန်ပိ... ကျုပ် မသွားဘူး။ ကျုပ် ခင်ဗျားကို လိုချင်တယ်။ ကျုပ် ခင်ဗျားနဲ့ အတူတူ အိပ်ချင်တယ်။”
ရုတ်တရက် လေထုက အေးစက်သွားသည်။ လန်ပိသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှည့်လာပြီး ဓားကို ဆွဲကာ ယွင်ကျုံးဟဲ့ထံသို့ ပြေးဝင်လာ၏။
“ရွှပ်...”
ဓားချက်တစ်ချက်ဖြင့် ယွင်ကျုံးဟဲ့ကို တုပ်နှောင်ထားသော ကြိုးများ ပြတ်တောက်သွားသည်။
“ပြန်တွေ့ကြပြန်ပြီနော်... သခင်မလေးလန်။” ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်၏။
လန်ပိက ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ “ဒီလောက်တောင် သေချင်နေတာလား။ ဘာသဘောလဲ။ ကျွန်မက ရှင့်ရဲ့ ခွေးအသက်ကို ချမ်းသာပေးလိုက်ပြီလေ။ ဘာလို့ ပြန်လာချင်တာလဲ။ ရှင့်မှာ ဘာရည်ရွယ်ချက် ရှိလဲ။ ရှင် ဘယ်သူ့လူလဲ။”
ဤမိန်းမသည် ကြောက်စရာ ကောင်းလှသည်။ ဒေါသထွက်နေသည့်ကြားမှ ယွင်ကျုံးဟဲ့ကို ချက်ချင်း မသတ်ဘဲ သံသယ ဝင်နေသေး၏။
“နောက်ထပ် နှစ်နာရီပဲ လိုတော့တယ်။ ကျုပ်ရဲ့ နတ်ဆေး ပြီးတော့မယ်။ သခင်လေး ကျင်းဝူပြန်းကို ကယ်လို့ရပြီ။” ယွင်ကျုံးဟဲ့သည် နောက်ပြောင်ခြင်း မပြုတော့ဘဲ လေးနက်စွာ ပြောလိုက်သည်။
လန်ပိက သတိပေးလိုက်၏။ “ရှင် အခု ထွက်သွားရင် အသက်ရှင်ရမယ်။ ကောင်းကောင်းမွန်မွန် နေရမယ်။ အိမ်တော်ထဲ ပြန်ဝင်ရင်တော့ သေလမ်းပဲ ရှိတယ်။ ရှင် လောင်းကြေးထပ်ရဲလား။ ကျင်းဝူပြန်းမှာ အချိန်မရှိတော့ဘူး။ သူ သေတာနဲ့ ရှင်လည်း သေရမယ်။”
ယွင်ကျုံးဟဲ့ ဘာမှ ပြန်မပြောတော့ဘဲ မြင်းလှည်းပေါ်မှ ဆင်းကာ မြို့စားအိမ်တော်ဘက်သို့ ဦးတည် လျှောက်သွားလေတော့သည်။
.............
အိမ်တော်သို့ ပြန်ရောက်သည်နှင့် ယွင်ကျုံးဟဲ့သည် ရူးသွပ်မတတ် အလုပ် လုပ်တော့သည်။ ပင်နီဆီလင် ထုတ်လုပ်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်၏။
သူသည် အမှန်တကယ် အသက်ကို ပုံအော၍ လောင်းကစားနေခြင်း ဖြစ်သည်။ ကျင်းဝူပြန်း၏ အခြေအနေမှာ အလွန် ဆိုးရွားနေပြီး မည်သည့်အချိန်တွင် အသက်ထွက်သွားမည်ကို မသိနိုင်ချေ။
ပင်နီဆီလင်ဖြင့် ကယ်တင်နိုင် မကယ်တင်နိုင် ဆိုသည်မှာလည်း မသေချာသေးပေ။ ကံကိုသာ ပုံချရတော့မည်။
လင်ပိက ပြောလိုက်၏။ “နောက်ထပ် နှစ်နာရီကြာရင် ကျွန်မ ဆေးလာယူမယ်။ အဲဒီအချိန်မှာ ဆေးမရရင် ရှင် သေမယ်။ ဆေးရပြီးလို့ သခင်လေး မသက်သာရင်လည်း ရှင် သေမယ်။”
လန်ပိသည် သဲနာရီအကြီးကြီး တစ်ခုကို ယွင်ကျုံးဟဲ့ ရှေ့တွင် ချပေးထားခဲ့သည်။ သဲကုန်ရန် နှစ်နာရီခန့်သာ လိုတော့သည်။ အချိန်လုပွဲ စတင်ပြီ ဖြစ်သည်။
……………….
လူနာဆောင် အတွင်း၌ သမားတော် ဆယ်ယောက်ခန့်နှင့် နတ်ဆရာလန်တို့သည် နောက်ဆုံး ကြိုးစားမှု အနေဖြင့် ကုသနေကြ၏။
လေခွင်းကတော်မှာ ငိုရှိုက်နေပြီး နတ်ဆရာလန်ကို တောင်းပန်နေသည်။ “ဆရာလန်... နတ်ဆေးဆရာကြီး... ရှင်က တန်ခိုးကြီးတယ်ဆို... ကျွန်မ သားလေးကို ကယ်ပေးပါအုံး။ ကယ်ပေးပါအုံး။ သူက အသုံးမကျဘူး ဆိုပေမယ့် ကျွန်မရဲ့ တစ်ဦးတည်းသော သားလေးပါရှင်... ကျွန်မရဲ့ သွေးသားရင်းပါ။”
“ဆရာ့ရဲ့ ဆရာသခင်ရော။ သူက ကောင်းကင်မြေကြီးကိုတောင် ပြောင်းလဲနိုင်တယ်ဆို။ သူ့ကို သွားခေါ်ပေးပါလားရှင်...” လေခွင်းကတော်သည် ဒူးထောက်၍ပင် တောင်းပန်လိုက်၏။
နတ်ဆရာလန်သည် အလျင်အမြန် ဝင်ရောက် တွဲထူလိုက်ပြီး ပြောသည်။ “မလုပ်ပါနဲ့ သခင်မကြီး။ မလုပ်ပါနဲ့။ ကျုပ်ကို ငရဲမပို့ပါနဲ့။”
“အမှန်အတိုင်း ဝန်ခံရရင်... သခင်လေး ဝူပြန်း ဒီလောကထဲ ရောက်လာတာက ကံတရားရဲ့ အလှည့်အပြောင်း တစ်ခုပါ။ ဒီနေ့အထိ အသက်ရှင်နိုင်ခဲ့တာကလည်း ကျုပ်ရဲ့ ကုသိုလ်ကံတွေ၊ အသက်စွမ်းအင်တွေကို ပေးဆပ်ပြီးမှ ရခဲ့တာပါ။ အခု သခင်လေးရဲ့ ကံကုန်ချိန်က ကောင်းကင်ဘုံက သတ်မှတ်ထားတာမို့ ကျုပ်လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။”
“ဒါဆို... ဒါဆို ကျွန်မရဲ့ သားလေးက တကယ်ပဲ သေရတော့မှာလား။” လေခွင်းကတော် တုန်ယင်စွာဖြင့် မေးလိုက်၏။
“မကယ်နိုင်တော့ပါဘူး။ ကျုပ်နဲ့ သခင်လေးက သားအဖလို ဖြစ်နေတာပါ။ တကယ်လို့ ကယ်နိုင်မယ်ဆိုရင် ကျုပ်အသက်ကို ပေးရပေးရ ကယ်မှာပါ။” နတ်ဆရာလန်က မျက်ရည်စက်လက်ဖြင့် ပြောလိုက်သည်။
လေခွင်းကတော်သည် ကုတင်ပေါ်မှ သားဖြစ်သူကို ကြည့်ကာ မျက်ရည်သုတ်လိုက်၏။ “ငါ့သားလေး... မင်း ထွက်သွားတာလည်း ကောင်းပါတယ်လေ။ ဒါနဲ့ ကျင်းကျုံးယွဲ့ရော... သူ့မောင်လေး သေတော့မှာကို ဘာလို့ ပြန်မလာသေးတာလဲ။”
လန်ပိက ဝင်ပြောလိုက်သည်။ “သခင်မကြီး... မြို့စားမင်းက ပိုင်ရှင်မဲ့နယ်မြေက မြို့စားများအစည်းအဝေးကို သွားတက်နေတာပါ။ နောက်ထပ် ၁၀ ရက်နေမှ ပြန်ရောက်မှာပါ။ အခုက အရေးအကြီးဆုံးအချိန် ဖြစ်နေလို့ပါ။”
မြို့စားများအစည်းအဝေးသည် အလွန် အရေးကြီးသည်။ ပိုင်ရှင်မဲ့နယ်မြေ၏ အနာဂတ်နှင့် လေခွင်းမြို့၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့်ပွဲပင်။
“ကောင်းတယ်။ ကောင်းတယ်။ အလုပ်ရှုပ်နေတာ ကောင်းတယ်။” လေခွင်းကတော်သည် မျက်ရည်များ စီးကျလာပြီးနောက် သတိလစ် မေ့မြောသွားလေတော့၏။
“သခင်မကြီး... သခင်မကြီး...” သမားတော်များ ဝိုင်းအုံလာကြသည်။
“လာကြစမ်း... သခင်မကြီးကို အဆောင်ပြန်ပို့ပေးလိုက်ကြ။” လန်ပိက အမိန့်ပေးလိုက်၏။
အမျိုးသမီး စစ်သည်အချို့ ရောက်လာပြီး လေခွင်းကတော်ကို ချီပွေ့ကာ ခေါ်ဆောင်သွားကြသည်။
လန်ပိသည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သဲနာရီကို လှမ်းကြည့်လိုက်၏။ “ဆရာလန်... သမားတော်တို့... သခင်လေးကို တကယ် မကယ်နိုင်တော့ဘူးလား။”
နတ်ဆရာလန်နှင့် သမားတော်များ အားလုံး ခေါင်းခါလိုက်ကြသည်။ သေမိန့်ချလိုက်ပြီ ဖြစ်သည်။
လန်ပိက ပြောလိုက်၏။ “ကောင်းပြီလေ။ ဒါဆိုရင် သူ့ရဲ့ နောက်ဆုံးအချိန်ကို ဒီနေရာကနေပဲ စောင့်ပေးလိုက်ကြတာပေါ့။”
ထိုစဉ် အခန်းအပြင်ဘက်မှ လူများအားလုံး၏ ရုတ်တရက် ဒူးထောက်လိုက်သံကို ကြားလိုက်ရသည်။ လေထု တစ်ခုလုံး တင်းမာသွားပြီး အေးစက်သွားသည်။
သင်းပျံ့သော ရနံ့တစ်ခု လွင့်ပျံ့လာ၏။ အလိုအလျောက်ပင် အခန်းထဲမှ လူများအားလုံး မတ်တတ် ရပ်လိုက်ကြပြီးနောက် ခါးကို ကိုင်းညွှတ်လိုက်ကြသည်။ တောအုပ်ထဲတွင် သားရဲဘုရင် လာနေသောကြောင့် သတ္တဝါငယ်များ ကြောက်ရွံ့သွားသည့်အလား ခံစားလိုက်ရသလိုပင်။
တံခါးပွင့်သွားပြီး လူရိပ်တစ်ခု ဝင်ရောက်လာသည်။ ကောင်းကင်မှ လမင်းကြီး အခန်းထဲ ဆင်းသက်လာသလို၊ အခန်းတစ်ခုလုံး လင်းထိန်သွားသလို ခံစားလိုက်ရ၏။
ပြိုင်ဘက်ကင်း အလှပဂေး တစ်ဦး၊ ကောင်းကင်မှ နတ်သမီးသဖွယ် ပြီးပြည့်စုံသော အလှတရားများနှင့် အမျိုးသမီး တစ်ဦးပင်။
သူမသည် ဖြူဖွေးသန့်စင်သော မြို့စားဝတ်ရုံကို ဝတ်ဆင်ထားသည်။ ခရီးဝေးမှ လာခဲ့သော်လည်း ဖုန်မှုန့် တစ်စက်ပင် မတင်ကျန်ရစ်ခဲ့ပေ။
ထူးဆန်းသော အခြေအနေသို့ ရောက်ရှိနေ၏။ အားလုံး အသက်ရှူမှားကုန်ကြသည်။ သမားတော်တစ်ယောက် လေလည်ချင်နေသော်လည်း အောင့်ထားလိုက်ရသောကြောင့် အူထဲသို့ ပြန်ဝင်သွားလေသည်။
“မြို့စားမင်းကို ဂါရဝပြုပါတယ်။” အားလုံး တညီတညွတ်တည်း ဒူးထောက်လိုက်ကြ၏။
ဤအမျိုးသမီးကား ပိုင်ရှင်မဲ့နယ်မြေ၏ တစ်ဦးတည်းသော အမျိုးသမီး မြို့စားမင်း၊ စတုရန်းမိုင် သောင်းချီ ကျယ်ဝန်းသော နယ်မြေနှင့် ပြည်သူ သိန်းချီကို အုပ်ချုပ်နေသော ဘုရင်မ၊ လူပေါင်းများစွာကို မျက်တောင် မခတ်ဘဲ သတ်ဖြတ်ခဲ့သော မိန်းမလှ ဓားပြခေါင်းဆောင် ကျင်းကျုံးယွဲ့ပင် ဖြစ်သည်။
သူမ ပေါ်လာသည်နှင့် လူတိုင်း၏ လည်ပင်းအေးစက်သွားကြသည်။ သူမနှင့် ပတ်သက်၍ ထူးဆန်းသော ဒဏ္ဍာရီတစ်ခု ရှိသေး၏။ “သူမက အိပ်မက်ထဲမှာ လူသတ်ရတာ ကြိုက်တယ်။” ဟူသော စကားပင်။
တကယ်လည်း သူမသည် အိပ်မက် မက်ရင်း ထ၍ယောင်ကာဖြင့် လူတစ်ယောက်ကို သတ်ခဲ့ဖူးသည်။ ထိုသူမှာ အခြားနိုင်ငံမှ စေလွှတ်လိုက်သော သူလျှိုတစ်ဦး ဖြစ်နေသည်။
သူမသည် အလွန် လှပသည်။ ရှေးဟောင်းပန်းချီကားထဲမှ အလှမျိုးပင်။ မိုးမခကိုင်းကဲ့သို့ နွဲ့နှောင်းသော ကိုယ်လုံး၊ တောင်တန်းများကဲ့သို့ ကွေးညွှတ်နေသော မျက်ခုံး၊ နှင်းဆီဖူးကဲ့သို့ နှာတံ၊ ပန်းပွင့်ကဲ့သို့ နှုတ်ခမ်း၊ ယောက်ျားသားများ၏ စိတ်ကို လှုပ်ရှားစေနိုင်သော အလှတရားများဖြင့် ပြည့်နှက်နေ၏။
အရပ်အနည်းငယ် ရှည်သောကြောင့် သွယ်လျသည်ဟု ထင်ရသော်လည်း ကောက်ကြောင်းအလှမှာမူ ပြောစရာ မလိုအောင် ပြည့်စုံလှသည်။
သူမ စကား သိပ်မပြောသော်ငြား အေးစက်သော ပုံစံမျိုး မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေခြင်းသာ ဖြစ်သည်။ ပန်းများနှင့် နှိုင်းယှဉ်ရလျှင် သူမနှင့် တူသောပန်း မရှိပေ။ သူမသည် ထူးထူးခြားခြား လှလွန်းသူပင်။
....................
“မြို့စားမင်း... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ။ အခုက အစည်းအဝေးရဲ့ အရေးအကြီးဆုံး အချိန်လေ။” လန်ပိ အံ့ဩတကြီး မေးလိုက်၏။ “ကျွန်မ သခင်မကြီးကို စာမပို့ခိုင်းထားပါဘူး။”
“ငါ စောစော ပြန်လာခဲ့တာ။” ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။
ထပ်မံ ရှင်းပြခြင်း မရှိချေ။ သို့သော်ငြား လန်ပိ၏ ရင်ထဲတွင် ထိတ်လန့်သွားသည်။ ဤအစည်းအဝေးသည် အလွန် အရေးကြီး၏။ စောစော ပြန်လာခြင်း၏ အကျိုးဆက်သည် မည်မျှ ကြီးမားမည်ကို ခန့်မှန်း၍ ရနိုင်၏။
“ကျင်းဝူပြန်း... မရတော့ဘူးလား။” ကျင်းကျုံးယွဲ့က မေးလိုက်သည်။
သမားတော်များ အားလုံး ခေါင်းနှင့်ကြမ်းပြင် တိုက်မိမတတ် ဦးညွှတ်လိုက်ကြ၏။ “ကျုပ်တို့ အသုံးမကျလို့ပါ။”
စောစောက လေခွင်းကတော်ရှေ့တွင် မတ်မတ်ရပ်နေခဲ့ကြသော်လည်း ကျင်းကျုံးယွဲ့ ရှေ့တွင်မူ ကြောက်လန့်တကြား တုန်ယင်နေကြသည်။
ကျင်းကျုံးယွဲ့သည် နတ်ဆရာလန်ကို တစ်ချက်ကြည့်လိုက်၏။
နတ်ဆရာလန်သည် အရိုအသေပေးကာ ပြောလိုက်သည်။ “အရှင်... မရတော့ပါဘူး။ နတ်သိကြားတွေတောင် မကယ်နိုင်တော့ပါဘူး။”
“သိပြီ။” ကျင်းကျုံးယွဲ့သည် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်၏။
အားလုံး အရိုအသေပေးလျက် အခန်းထဲမှ ဆုတ်ခွာသွားကြသည်။ အခန်းအပြင်ရောက်မှ အသက်ဝဝ ရှူရဲကြသည်။ ဤအရာသည် လေခွင်းဘုရင်မ ကျင်းကျုံးယွဲ့၏ အရှိန်အဝါပင်။
လူအားလုံး ထွက်သွားပြီးနောက် ကျင်းကျုံးယွဲ့သည် မောင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
သူမ၏ လက်များ အေးစက်နေသည်ကို သတိထားမိသောကြောင့် ဖယောင်းတိုင်မီးတွင် လက်ကို ကပ်ကာ အပူပေးလိုက်သည်။ အပူကြောင့် နာကျင်မှုကို ခံစားလိုက်ရချိန်မှာတော့ မျက်ခုံးအနည်းငယ် တွန့်သွားသော်လည်း ကျေနပ်သွားပုံရ၏။
လက်များ နွေးသွားချိန်မှ မောင်ဖြစ်သူ၏ လက်ကို ပြန်လည် ဆုပ်ကိုင်ပြီး သူမ၏ ပါးပြင်ပေါ်တွင် ကပ်ထားလိုက်သည်။ မောင်လေး၏ နောက်ဆုံး ကိုယ်ငွေ့ကို ခံစားလိုသည့်အလားပင်။
သူမသည် စကားတစ်ခွန်းမှ မဆိုဘဲ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။ ကျင်းဝူပြန်း၏ နောက်ဆုံး ထွက်သက်ကို စောင့်ဆိုင်းနေလေသည်။ အခန်းထဲတွင် ဝမ်းနည်းမှုနှင့် ဖိအားများ ပြည့်နှက်နေလေသည်။
***